မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက ကချင်နဲ့ ရခိုင်မှာ ကြီးမားတဲ့ အဆုံးအရှုံးတွေနဲ့ ရင်ဆိုင်လာရတယ်။ မကြာခင်ကလည်း ကရင်မှာလည်း အရေးကြီးတဲ့ နယ်စပ်မြို့ မြဝတီဘက်မှာ အဆုံးအရှုံးတွေ ရှိခဲ့ပါတယ်။
အဲဒီ အရှုံးတွေဟာ
၁) အရှက်ကွဲစရာဖြစ်ပါတယ်။ စစ်တပ်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို များစွာ ကျဆင်းစေပါတယ်။ တပ်ကို ထောက်ခံသူတွေထဲမှာရော၊ တပ်ထဲမှာပါ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ယုံကြည်မှုတွေ ပျက်ပြားလာနိုင်ပါတယ်။
၂) တော်လှန်ရေးအတွက် မဟာဗျူဟာကျတဲ့ အောင်ပွဲတွေ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ထောက်ပို့ လမ်းကြောင်းတွေနဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ရလိုက်ပါတယ်။ အရေးကြီးတဲ့ နယ်စပ်ဖြတ်ကျော် ဂိတ်တွေ ထိန်းချုပ်နိုင်တဲ့ အနေအထားတွေကို တော်လှန်ရေးအဖွဲ့တွေ ရရှိ လာခဲ့ပါတယ်။
တော်လှန်ရေးအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ရနိုင်ဖို့ ပိုပြီး လမ်းကြောင်းတွေ ပေါ်လာပါတယ်။ စစ်ကောင်စီဟာ နိုင်ငံကို ဆက်ထိန်းချုပ်ထားနိုင်ပါ့မလား ဆိုတာနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ ဒေသအတွင်း အမြင်တွေကို သိသိသာသာ ပြောင်းလဲနိုင်တဲ့ အနေအထားကို ရောက်လာပါတယ်။ ဒီလို အကြောင်းရင်းတွေ ရှိနေတာမို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ စစ်တပ်မှာ ရွေးစရာ သိပ်မရှိတော့ဘဲ အောက်ပါ လုပ်ရပ်တွေဘက်ကို တိုးဝင်သွားဖို့ ရှိပါတယ်။
မီဒီယာနဲ့ ပြည်သူ့တွေရဲ့ အာရုံကိုဖမ်းစားဖို့ တခုခုကို ချက်ချင်းဆောင်ရွက်ကြမှာပါ။
ကချင်နဲ့ မြဝတီမှာ ဖြစ်ပျက်နေတဲ့ ရှုံးနိမ့်မှုတွေဟာ တပ်ဘက်က လူတွေအတွက် အပျက်အစီးများစွာ နာကျင်မှုများစွာ ရှိနေပေမယ့် ဒါတွေအပေါ် လူအာရုံမစိုက်အောင် တနည်းနည်းနဲ့ လုပ်ကြမှာပါ။
ထောက်ပို့လမ်းကြောင်းတွေ ပျက်စီးပြတ်တောက်ပြီး ပထဝီဝင် အနေအထားကလည်း တပ်တွေအတွက် မျက်နှာသာ မပေးတာမို့ စစ်ကောင်စီဟာ ကချင်မှာ ထိုးစစ်တွေကို ကြီးကြီးမားမား လုပ်နိုင်တဲ့ အနေအထား မရှိတော့ပါဘူး။
ထောက်ပို့လမ်းကြောင်းတွေ ပျက်စီးပြတ်တောက်ပြီး ပထဝီအနေအထားကလည်း တပ်တွေအတွက် မျက်နှာသာ မပေးတာမို့ စစ်ကောင်စီဟာ ကချင်မှာ ထိုးစစ်တွေကို ကြီးကြီးမားမား လုပ်နိုင်တဲ့ အနေအထား မရှိတော့ပါဘူး။ ဒီလိုပဲ ရခိုင်မှာလည်း ထပ်ကာ ထပ်ကာ ကျဆုံးမှုတွေပဲ ကြုံနေရပြီး စစ်သားတွေရဲ့ အရှက်တကွဲ အလင်းဝင်၊ ထွက်ပြေးတဲ့ ကိစ္စတွေပဲ တောက်လျှောက်ဖြစ်နေလို့ တပ်တွေ ထပ်မပို့နိုင်တော့ပါဘူး။
စစ်တပ်ရဲ့ အနေအထားနဲ့ နယ်မြေလွှမ်းမိုးမှု၊ ပါဝါဖွဲ့စည်းပုံတွေအရ မြဝတီကပဲ စစ်ကောင်စီက တန်ပြန် ထိုးစစ်ဆင်နိုင်တဲ့ တခုတည်းသော နေရာဖြစ်ပါလိမ့်မယ်။ ဒီလို တန်ပြန် ထိုးစစ်ဆင်တဲ့ အခါမှာလည်း သူတို့ရဲ့ ရည်ရွယ်ချက်ဟာ နယ်စပ်မြို့ကို အရင်လို ပြန်လည် ထိန်းချုပ်နိုင်ဖို့ အတွက် မဟုတ်နိုင်တော့ပါဘူး။ လက်ရှိ စစ်တပ်ရဲ့ အင်အား အခြေအနေနဲ့ ပါဝါဖွဲ့စည်းပုံက အဲဒီလို မြဝတီကို ပြန်သိမ်းပြီး နယ်မြေကို စိုးမိုးနိုင်ဖို့၊ မြို့ပြကို သူတို့လက်ထဲမှာ ထားဖို့တွေကို လုပ်နိုင်တဲ့ အနေအထား မရှိတော့ပါဘူး။
သူတို့ လုပ်ကြမှာကတော့ မြို့ကို ဖျက်ဆီးဖို့ပါပဲ။ ဒါကိုပဲ သူတို့အားထုတ် လုပ်ကိုင်ကြမှာပါ။ စစ်ကောင်စီမှာ လုပ်နိုင်ကိုင်နိုင်စွမ်း သိပ်မရှိတော့ပါဘူး။ နောက်ဆုံးလက်ကျန် အင်အားတွေကိုပဲ ဖြန့်ကြက်ထားရတဲ့ အနေအထားမှာရှိပြီး ဒီလို မြို့ကို ပြန်သိမ်းပြီး ကလဲ့စားချေ ဖျက်ဆီးဖို့ ဆောင်ရွက်မယ့် စစ်ဆင်ရေးမျိုးမှာလည်း သူတို့ဟာ တပ်တွေကို အလျင်စလိုနဲ့ ပြန်လည် စုဖွဲ့ဖို့ များပါတယ်။ စစ်တပ်အတွက်တော့ ဒါဟာ တုံးတိုက်တိုက် ကျားကိုက်ကိုက် အခြေအနေမျိုးပဲ ဖြစ်ပါတယ်။
တန်ပြန် စစ်ဆင်ရေးတွေ လုပ်ပေမယ့် သူတို့ဟာ တကယ်လို့များ မအောင်မြင်တော့ဘူး၊ စစ်ကားတွေနဲ့ တပ်ဖွဲ့တွေကို မြဝတီဆီ ဘားအံ၊ မော်လမြိုင်တို့ဘက်ကနေ အလျင်စလို ပို့နေတာက အလုပ်မဖြစ်တော့ဘဲ သွေးထွက်သံယို အရှုံးနဲ့ပဲ ရင်ဆိုင်ရဦးမယ်ဆိုရင် တော်လှန်ရေးမှာ အလွန်အရေးကြီးတဲ့ ကစားပွဲတခုလုံး ပြောင်းသွားနိုင်တဲ့ အချိုးအကွေ့တခုကို ရောက်လာမှာပါ။
ပြင်ပ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီတပ်ဟာ ဘယ်လောက်အထိ ပြိုလဲနေတယ် ဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်ရမှာဖြစ်ပါတယ်။ မြဝတီ အတက်လမ်းမှာ ပျက်စီးနေတဲ့ စစ်ကားတွေနဲ့ သေဆုံးနေတဲ့ စစ်သားတွေပါတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေဟာ စစ်တပ်ကိုတောင် အများကြီး တုန်လှုပ်သွားစေနိုင်တဲ့ ပုံရိပ်တွေပါ။ အရင်တုန်းက ချင်းနဲ့ ရခိုင်မှာ မြင်ခဲ့ရတဲ့ ပုံတွေလိုပဲ ပျက်စီးနေတဲ့ စစ်တပ် ကားတန်းတွေရဲ့ ဓာတ်ပုံဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အရှိုက်ထိစေတဲ့ ဓာတ်ပုံတွေပါ။
ဒါပေမယ့် ပြဿနာတခုက မော်လမြိုင်၊ ဘားအံနဲ့ မြဝတီတို့ရဲ့ ပထဝီနယ်မြေ အနေအထားက ချင်းတို့၊ ရခိုင်တို့နဲ့ မတူပါဘူး။ စစ်တပ်ဟာ သူ့အင်အားကို လွယ်လွယ်ကူကူ စစ်ကူပေး အင်အားဖြည့်နိုင်တဲ့ အနေအထားပါ။ မြဝတီနဲ့ အတက်လမ်းတွေမှာရှိတဲ့ ပြည်သူ့တော်လှန်ရေးတပ်တွေကို ပိုပြီးဖျက်အား ကောင်းကောင်းနဲ့ ထိုးနှက် တိုက်ခိုက်နိုင်ပါတယ်။ သို့သော်လည်း စစ်တပ်ရဲ့ တန်ပြန်စစ်ဆင်ရေးတွေက အရှုံးနဲ့ ရင်ဆိုင်ရနိုင်စရာ နည်းလမ်းတွေ အများကြီး ရှိနေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မဟာမိတ် PDF တွေဟာ တပ်အထိုင် အများကြီး ချထားနိုင်ပါပြီ။ မဟာဗျူဟာ ကျတဲ့နေရာတွေမှာ တော်လှန်ရေး အင်အားစုတွေ ရှိပါတယ်။ KNU နဲ့ မဟာမိတ်တွေဟာ စစ်တပ်ကားတန်းတွေရဲ့ စစ်ချီစစ်တက် လှုပ်ရှားမှုတွေကို နှေးသွားအောင် ဖြတ်တိုက်နေပါပြီ။ မိုင်းထောင်တာတွေ၊ ချုံခိုတိုက်ခိုက်တာတွေ၊ တခြားနည်းနဲ့ အနှောင့်အယှက် ပေးနိုင်အောင် လုပ်ထားတဲ့ အစီအမံတွေ ရှိပြီးဖြစ်နိုင်ပါတယ်။
ဒါပေမယ့် စစ်တပ်က ကြိုးစားနေတဲ့ တန်ပြန်စစ်ဆင်ရေးကို မဖြစ်မနေ ကျရှုံးရလေအောင် လုပ်ကြဖို့ ဒီထက်ပိုပြီး အကူအညီတွေ လိုအပ်ပါတယ်။ သိပ်မကြာသေးခင်က နယ်ခြားစောင့်တပ် (BGF) ကနေ အသွင်ပြောင်းလိုက်တဲ့ ကရင်အမျိုးသားတပ်မတော် (KNA) အပေါ်မှာလည်း အခြေအနေတွေ အများကြီးက မူတည်နေပါတယ်။
ဒါပေမယ့် စစ်တပ်က ကြိုးစားနေတဲ့ တန်ပြန်စစ်ဆင်ရေးကို မဖြစ်မနေ ကျရှုံးရလေအောင် လုပ်ကြဖို့ ဒီထက်ပိုပြီး အကူအညီတွေ လိုအပ်ပါတယ်။ သိပ်မကြာသေးခင်က နယ်ခြားစောင့်တပ် (BGF) ကနေ အသွင်ပြောင်းလိုက်တဲ့ ကရင်အမျိုးသားတပ်မတော် (KNA) အပေါ်မှာလည်း အခြေအနေတွေ အများကြီးက မူတည်နေပါတယ်။
သူတို့အနေနဲ့ တိတ်တိတ်ကျိတ်ပြီး KNU ကို ကူညီပေးရင်း စစ်တပ်ရဲ့ မြဝတီကို တက်လာမယ့် စစ်ကားတန်းတွေကို တိုက်ထုတ်ပေးမှာလား ဆိုတဲ့အပေါ် အများကြီး မှီတည်နေပါတယ်။ KNA မှာ တကယ့်ကို ဒီတိုက်ပွဲအတွက် အဆုံးအဖြတ် ဖြစ်နိုင်လောက်တဲ့ ပါဝါလည်း ရှိနေပါတယ်။
အဲဒီထဲမှာမှ နောက်ထပ် အရေးကြီးတဲ့ အချက်တခုကလည်း ကရင်ပြည်နယ်က စစ်တပ်ရဲ့ တန်ပြန်စစ်ဆင်ရေးတွေကို အများကြီး ထိခိုက်စေနိုင်ပါတယ်။
စစ်တပ်ဟာ အင်မတန် အင်အားနည်းလာတဲ့ သူ့လက်ကျန် တပ်အင်အားကို တန်ပြန် စစ်ဆေးရေးထဲ ပုံပြီးသုံးနေပါတယ်။ အဲဒီကိုပဲ အများကြီး အားစိုက်ထည့်နေတာပါ။ စစ်တပ်ရဲ့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်ကို ဒီနေရာမှာ တာဝန်ပေးထားတာကို ကြည့်ရင် စစ်တပ်ရဲ့ သွေးပျက်နေတဲ့ အနေအထားကို မြင်နိုင်ပါတယ်။ ဒါကလည်းပဲ တနိုင်ငံလုံးမှာရှိနေတဲ့ စစ်တပ်ကို ဒီအချိန်မှာ ဝိုင်းထိုးနှက်ကြဖို့ အခွင့်အရေးတခု ဖြစ်နိုင်ပါတယ်။
စစ်တပ်ကို တော်လှန်နေတဲ့ အင်အားစုတွေဟာ အခုဆိုရင် မဟာဗျူဟာကျကျ အချိန်ကိုက် ညှိပြီး တိုက်ခိုက်ရေးကို လုပ်ဆောင်ကြဖို့ အခွင့်အရေး ရနေပါတယ်။ အခုချိန်မှာ ကျယ်ဝန်းလှတဲ့ တပြည်လုံးအနှံ့က စစ်တပ်စခန်းချရာ ပစ်မှတ်တွေနဲ့ တပ်ရင်း တပ်ဖွဲ့တွေကို အဆက်မပြတ် တိုက်ခိုက်တာရော တိုက်ချင်ယောင်ပြုပြီး ပရိယာယ်သုံးတာကိုရော တတ်နိုင်သလောက် များနိုင်သမျှများများ ဆောင်ရွက်ဖို့ အခြေအနေ ပေးနေပါတယ်။
ဒီလို တပြိုင်နက် တိုက်ခိုက်မှုတွေ ပေါ်ထွက်လာခြင်းက မြဝတီအပေါ် ကျရောက်လာနိုင်တဲ့ တပ်ရဲ့ တန်ပြန် စစ်ဆင်ရေးကို အများကြီး အနှောင့်အယှက် ပေးနိုင်ပါလိမ့်မယ်။ စစ်တပ်ဟာ နောက်တန်းမှာ တရစပ် တိုက်ခိုက်ခံနေရပြီလို့ အသိရှိနေပြီး စိတ်မလုံခြုံမှုတွေ ဖြစ်နေဖို့ လိုပါတယ်။ ဒီလိုဖြစ်နေတာနဲ့ တပြိုင်နက် ကရင်ကို ဆက်ပြီး ဖိဖို့ အရှိန်လျော့သွားနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ အရေးကြီးတာတခုကို စဉ်းစားရမှာကတော့ ထိုင်းရဲ့ အခန်းကဏ္ဍပါ။ တကယ်လို့ စစ်တပ်ရဲ့ တန်ပြန် စစ်ဆင်ရေးတွေဟာ မြဝတီကို ရောက်လာပြီဆိုရင် ထိုင်းနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်လာမှာ ဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးမြို့က အရောင်းအဝယ်တွေပျက်ပြီး မြို့ရွာတွေနဲ့ နှစ်နိုင်ငံကူးသန်းနေကြတဲ့ အရပ်သားပြည်သူတွေ ပျက်စီးဆုံးရှုံးမှုတွေ ကြုံတွေ့ကြရပါမယ်။ တကယ်လို့ စစ်တပ်ရဲ့ တန်ပြန် စစ်ဆင်ရေးတွေက သံတမန် ရေးရာဆွေးနွေးမှု ဝင်လုပ်ပေးရုံနဲ့ မရပ်သွားဘူးဆိုရင် ထိုင်းဟာ သူ့နယ်မြေထဲကို ဒုက္ခသည် ၅ သောင်းနဲ့အထက် ရောက်လာတဲ့အဖြစ်နဲ့ ကြုံရမှာပါ။
KNU နဲ့ တခြားတော်လှန်ရေး တပ်ဖွဲ့တွေဟာ မြေပြင်မှာ စစ်တပ်ရဲ့ ရှေ့တိုးလာမယ့်လမ်းကို ဖြတ်ပြီး နှောင့်နှေးအောင်လုပ်ကြမှာ အသေအချာပါ။ ဒီအချိန်မှာ ထိုင်းအစိုးရ၊ ထိုင်းသံတမန်တွေ၊ ထိုင်းစစ်တပ်တွေအနေနဲ့ ဘာတွေ ဖြစ်နေတယ်ဆိုတာကို လေ့လာဖို့ အပြည့်အဝ နားလည်ရေး အချိန်ရနိုင်ပြီး စစ်တပ်ကို ရပ်တန်းကရပ်အောင်လုပ်ဖို့ ဖိအားပေးနိုင်ပါတယ်။
ထိုင်းနိုင်ငံမှာ ဒီလို ဟန့်တားနိုင်တဲ့ အနေအထားတွေရှိသလို လုပ်နိုင်ကိုင်နိုင်စွမ်းလည်း ရှိပါတယ်။ စစ်တပ်ရဲ့ အဓိကဝင်ငွေဟာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ နိုင်ငံပိုင်ကုမ္ပဏီဟာ စစ်တပ်လက်အောက်က MOGE ကို သဘာဝဓာတ်ငွေ့ဖိုး ငွေတွေပေးနေပါတယ်။
ထိုင်းနိုင်ငံမှာ ဒီလို ဟန့်တားနိုင်တဲ့ အနေအထားတွေရှိသလို လုပ်နိုင်ကိုင်နိုင်စွမ်းလည်း ရှိပါတယ်။ စစ်တပ်ရဲ့ အဓိကဝင်ငွေဟာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ နိုင်ငံပိုင်ကုမ္ပဏီဟာ စစ်တပ်လက်အောက်က MOGE ကို သဘာဝဓာတ်ငွေ့ဖိုး ငွေတွေပေးနေပါတယ်။
ထိုင်းရဲ့ အကျိုးစီးပွားတွေကို ဆိုးဆိုးရွားရွား ထိခိုက်နိုင်တာတွေကို ရပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဆီကို သတိပေးစကားပြောနိုင်တဲ့ ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်ကြားက လျှို့ဝှက် ဆက်သွယ်ပြောဆိုနေတဲ့ လမ်းကြောင်းတွေလည်း အများကြီး ရှိပြီးသားပါ။ မြန်မာစစ်တပ်ကို သူတို့အနေနဲ့ ပြင်းပြင်းထန်ထန် သတိပေးရမှာ ဖြစ်ပါတယ်။
တရုတ်ဟာ စစ်တပ်ကိုရော မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ကိုရော သံတမန်ရေးအရ အပေါ်စီးကနေ အပစ်အခတ် ရပ်ကြဖို့ ကြားဝင် ဖိအားပေးခဲ့ပါတယ်။ ထိုင်းအရပ်သားအစိုးရနဲ့ အာဆီယံရဲ့ အပြုသဘော ဆောင်တဲ့ဆက်ဆံရေး မူဝါဒဟာ တရုတ်လို အစွမ်းထက်၊ မထက် မသေချာလှပါဘူး။ ဒီလိုလုပ်ဖို့ အစွမ်းရှိချင်လည်း ရှိနိုင်ပါတယ်။
မြဝတီကို တန်ပြန် စစ်ဆင်ရေးလုပ်တဲ့ စစ်တပ်ကို ဟန့်တားဖို့ လိုပါတယ်။ မြန်မာပြည်ဘက်က မြို့တမြို့ကို နောက်ထပ် ဖျက်ဆီးတာတွေ မလုပ်ရသေးခင်မှာ၊ စစ်တပ်က အပြည့်အဝ ပြန်ပြီး မစုစည်းနိုင်သေးခင်မှာ လက်ဦးမှုယူပြီး ရပ်တန့်နိုင်ဖို့ လိုပါတယ်။ ခွေးရူးတကောင်လိုဖြစ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နောက်ထပ် ဘေးအန္တရာယ် အကြီးကြီးတခု မဖန်တီးနိုင်ခင်မှာ ရပ်တန့်ပစ်ကြရမှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ကို ရှေ့တိုးလို့ မရအောင် လုပ်ရမှာပါ။
ထိုင်းနဲ့ အာဆီယံထဲက မဟာမိတ်တွေမှာ ဒီလို ဘေးဒုက္ခများလှတဲ့ အဖြစ်အပျက်တခု မပေါ်လာခင် ဟန့်တားကြဖို့ လမ်းစရှိသလို လုပ်ကိုင်နိုင်တဲ့ အနေအထားမှာလည်း ရှိပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Igor Blazevic ၏ Spotlight on Thailand as Cornered Myanmar Junta Threatens Disaster on Border ကို ဘာသာပြန်သည်။ အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။)
You may also like these stories:
မြဝတီမြို့ဒေသခံတွေ ထိုင်းဘက်ကို အလုံးအရင်း တိမ်းရှောင်
မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း
မြဝတီမြို့ကို စစ်ကောင်စီက ဗုံးကြဲနိုင်တယ်လို့ KNU သတိပေး