မြန်မာမှ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများသည် လွန်ခဲ့သော ခြောက်လအတွင်း ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ပြီး ညှိနှိုင်းတိုက်ခိုက်မှုဖြင့် တနိုင်ငံလုံးမှ စစ်တပ်စခန်း အနည်းဆုံး ၄၀၀ နှင့် မြို့ပေါင်း ၅၀ ကို ထိန်းချုပ်လိုက်သည်။
စစ်ကောင်စီသည် ထိရောက်စွာ လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိတော့ပေ။ တချိန်တည်းတွင် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်သည် အာရှအာဏာရှင်များ၏ အကြီးမားဆုံး မကောင်းမှုကို ကျူးလွန်နေပြီး တရားဝင်မှုရရှိအောင် စွမ်းဆောင်ရည် စစ်ဆေးမှုတွင် ကျရှုံးပြီး စစ်ကောင်စီသည် နိုင်ငံသားများအတွက် အခြေခံ ဝန်ဆောင်မှုများနှင့် အကာအကွယ် မပေးနိုင်တော့ပေ။
ထိုသို့ နိုင်ငံတော်ပြိုလဲသည့် အခြေအနေတွင် ဝါရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အာဏာသိမ်းအလွန် မျိုးဆက်သစ်ဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) သည် နိုင်ငံတွင် လှုပ်ရှားရှင်သန်မှု အရှိဆုံး နိုင်ငံရေးနှင့် စစ်ရေးဇာတ်ကောင်များ ဖြစ်လာသည်။ ၎င်းတို့သည် အောက်ခြေမှ အထက်သို့ တည်ဆောက်ထားသည့် မြန်မာနိုင်ငံသစ်ကို အဓိပ္ပာယ်ဖွင့်ဆိုမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် ၎င်း၏ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန် ထိုအဖွဲ့အများအပြားနှင့် စစ်ကောင်စီကို အကူအညီ အကြီးအကျယ် ပေးသည်။ ယခုအချိန်သည် အနောက်တိုင်း အင်အားကြီးနိုင်ငံများအနေဖြင့် မြန်မာ၏ ဖြစ်ပေါ်တိုးတက်မှု နောက်တဆင့်အတွက် ကြိုတင်ပြင်ဆင်ရန် ခုခံတော်လှန်ရေး အင်အားစုများနှင့် ဆက်ဆံရေးနှင့် ထောက်ခံမှု အရှိန်မြှင့်တင်ရမည်အချိန် ဖြစ်သည်။
သို့သော် ထိုလက်နက်ကိုင်အဖွဲ့အစည်း အများစုသည် သေလုနီးပါး ပျက်စီးနေသည့် ပြည်ထောင်စု မြန်မာနိုင်ငံကို ပြန်လည်ပုံဖော်ရေး စိတ်ဝင်စားမှုနည်းပြီး ၎င်းတို့ဒေသများတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံရေးကိုသာ စိတ်ဝင်စားသည်။
မြန်မာသည် မည်သည့်အခါကမှ စနစ်ကျသည့် နိုင်ငံတခုမဖြစ်ခဲ့ပေ။ ရခိုင်၊ ရှမ်း၊ ကရင်နီနှင့် မွန် အပါအဝင် တိုင်းရင်းသားအုပ်စု အများအပြားသည် ကိုယ်ပိုင်နိုင်ငံတော် သမိုင်းများရှိပြီး ထိုသမိုင်းများကို အမျိုးသားအစိုးရအဆက်ဆက်က ဖိနှိပ်ခဲ့သည်။
မြန်မာသည် မည်သည့်အခါကမှ စနစ်ကျသည့် နိုင်ငံတခုမဖြစ်ခဲ့ပေ။ ရခိုင်၊ ရှမ်း၊ ကရင်နီနှင့် မွန် အပါအဝင် တိုင်းရင်းသားအုပ်စု အများအပြားသည် ကိုယ်ပိုင်နိုင်ငံတော် သမိုင်းများရှိပြီး ထိုသမိုင်းများကို အမျိုးသားအစိုးရအဆက်ဆက်က ဖိနှိပ်ခဲ့သည်။

ကိုလိုနီခေတ် မတိုင်မီကာလတွင် ဗမာဘုရင်များက မြန်မာဆိုသည့် အယူအဆကို ဗမာမဟုတ်သော လူနည်းစု တိုင်းရင်းသားများအပေါ် အတင်းအကျပ် သွတ်သွင်းသည်။ ထိုနောက် ဗြိတိန်က ထိုစိတ်ကူးယဉ် ဇာတ်လမ်းကို ဆက်လက် ထိန်းသိမ်းထားသလို လွတ်လပ်ရေးရပြီးခေတ်တွင်လည်း စစ်တပ်က ထိုအတိုင်း ဆက်လက် လုပ်ဆောင်သည်။
တိုင်းရင်းသား အထက်လွှာများအကြား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရည်မှန်းချက် ရှိသော်လည်း နိုင်ငံတကာအသိုက်အဝန်းက မြန်မာ၏ အငြင်းပွားဖွယ် ကိုလိုနီခေတ် နယ်နိမိတ်ကို တရားဝင်စေခဲ့သည်။ ထိုအချိန်မှစတင်ပြီး မြန်မာမှ ကွဲပြားခြားနားသည့် တိုင်းရင်းသား လူမှုအသိုက်အဝန်းများကို ဝါးမြိုကာ ညီညွတ်ရေး တည်ဆောက်ရန် ဗဟိုအစိုးရ၏ ကြိုးစားမှုများသည် ထိခိုက်နစ်နာမှုများကို ပိုမိုဆိုးရွားစေရုံသာဖြစ်သည်။
တရုတ်၊ အိန္ဒိယနှင့် ထိုင်း အပါအဝင် အိမ်နီးချင်းများသည် မြန်မာ၏ စစ်တပ်ဗဟိုပြု နိုင်ငံတော်ကို ထောက်ခံကြသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ထိုနိုင်ငံတော်ပြိုလဲမှုသည် အဖျက်သဘောဆောင်ပြီး ပြည်သူများ နေရပ်စွန့်ခွာကာ လူမှုပြဿနာများ ပျံ့နှံ့မည်ကို စိုးရိမ်သောကြောင့် ထိုသို့ ထောက်ခံခြင်းလည်း တစိတ်တပိုင်း ပါဝင်သည်။ ထို့အပြင် အိမ်နီးချင်းများသည် မြန်မာစစ်တပ် အထက်လွှာများနှင့် ပုဂ္ဂလိက စီးပွားရေး အဆက်အသွယ်လည်း ထူထောင်ထားသည်။
မြန်မာ၏ ဗဟိုနိုင်ငံတော်ကို ပယ်ချနေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည့် တိုင်းရင်းသား အမျိုးသားရေးဝါဒီများသည် အများအားဖြင့် လွတ်လပ်ရေး သို့မဟုတ် တိုင်းရင်းသားပြည်နယ်များ ကိုယ်ပိုင်အုပ်ချုပ်ရေးကို အခြေခံသည့် ပျော့ပျောင်းစွာ ချိတ်ဆက်ထားသော ဖက်ဒရယ်ပြည်ထောင်စုကို အပြင်းအထန် ပိုမိုလိုလားကြသည်။
စစ်တပ်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်များ ပြန်လည် ခေါင်းထောင်ထလာခြင်းနှင့်အတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပကတိအခြေအနေကို ငြင်းပယ်မရတော့ပေ။
စစ်တပ်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်တပ်များ ပြန်လည် ခေါင်းထောင်ထလာခြင်းနှင့်အတူ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပကတိအခြေအနေကို ငြင်းပယ်မရတော့ပေ။ အာရက္ခတပ်တော် (AA)၊ ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီတိုင်းရင်းသားများ ကာကွယ်ရေးတပ် (KNDF) နှင့် အခြားလက်နက်ကိုင် အဖွဲ့အစည်းများသည် စစ်မြေပြင်တွင် ၎င်းတို့ခက်ခက်ခဲခဲ ရရှိထားသည့် အောင်မြင်မှုများကို စိတ်လွှတ်ရန် ဆန္ဒရှိမည် မဟုတ်ပေ။

စစ်ကောင်စီအုပ်ချုပ်ရေးအောက်မှ ပိုင်နက်အများအပြားကို လွတ်မြောက်စေပြီးနောက် ထိုအဖွဲ့များသည် ကြားကာလ လွတ်လပ်ရေး ရရှိပြီးဖြစ်သည်။ ၎င်းတို့အတွက် စိန်ခေါ်မှုများမှာ အရပ်သားနှင့် လက်နက်ကိုင်များကို အလားတူ ပစ်မှတ်ထားသည့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုများ ရင်ဆိုင်ရစဉ် ၎င်းတို့၏ အနှစ်သာရအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သို့ဆက်လက် ထိန်းသိမ်းမည်နည်းနှင့် အခြားတိုင်းရင်းသားအုပ်စုများလည်း အများအပြား ရောနှောနေထိုင်ကြသည့် ဒေသများကို မည်သို့ ထိရောက်စွာ အုပ်ချုပ်မည်နည်းတို့ဖြစ်သည်။
ပိုမိုကျယ်ပြန့်သော စိန်ခေါ်မှုတခုလည်း ရှိသည်။ စစ်ကောင်စီဆန့်ကျင်ရေး အုပ်စုများသည် နောက်ထပ် ကြီးမားသည့် ခြိမ်းခြောက်မှုတခုနှင့် လိုက်လျောညီထွေဖြစ်ရေး သို့မဟုတ် လျှော့ချရေးတွင် အရေးပါသူများ ဖြစ်လာနေသည်။ ထိုခြိမ်းခြောက်မှုမှာ ကြီးထွားလာသည့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှု ဖြစ်သည်။
ခန့်မှန်းချက်များအရ လာမည့် ၁၀ နှစ် သို့မဟုတ် နှစ် ၂၀ အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသသည် လူသူ မနေနိုင်သည့် ဒေသများဖြစ်လာနိုင်မည်။ အပူချိန်မြင့်တက်ခြင်း၊ ရေလွှမ်းမိုးမှုနှင့် မြေပြိုမှု ပိုမိုများလာခြင်း၊ ပျက်စီးသွားသော မိုးရေချိန်ပုံစံများက ရိက္ခာဖူလုံမှု၊ အထူးသဖြင့် မြေနိမ့်ဒေသများတွင် ရိက္ခာဖူလုံမှုကို ပြိုလဲအောင် တွန်းအားပေးနေသည်။
မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် နေထိုင်သူ ၁၂ သန်းခန့်သည် အခြားဒေသများသို့ ရွှေ့ပြောင်းအခြေမချပါက အငတ်ဘေးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုအချက်များသည် မြန်မာကို လက်တွေ့ကျသည့် နိုင်ငံတော်အဆင့်မှ ထပ်မံ ကျဆုံးအောင် တွန်းအားပေးမည်ဖြစ်သည်။
ထိုအခြေအနေတွင် လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် လူမှုအခြေပြု အဖွဲ့အစည်းများသည် ဒေသအလိုက် လိုက်လျောညီထွေနေထိုင်ရေး လှုပ်ရှားမှု အမျိုးမျိုးကို အထောက်အကူပြုရန် လူမှုအသိုက်အဝန်းများနှင့်အတူ လုပ်ကိုင်နေကြသည်။ စစ်ကောင်စီဆန့်ကျင်ရေး နိုင်ငံရေအာဏာပိုင်များနှင့် လူမှုအခြေပြုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင် အရေးပါသော အခန်းမှ ပါဝင်မည်ဖြစ်သည်။
သစ်တောထိန်းသိမ်းရေးနှင့် သစ်တော ပြန်လည်စိုက်ပျိုးရေးသည် ကာဗွန်စုပ်ယူရာတွင် အထောက်အကူ ပြုသောကြောင့် ရာသီဥတု ပြောင်းလဲမှု လျှော့ချရေးတွင် အရေးပါသည်။ ပိုမိုများပြားသော နိုင်ငံတကာထောက်ပံ့မှုဖြင့် ထိုထက်မက များစွာ ပိုမိုလုပ်ဆောင်နိုင်သေးသည်။ ပဋိပက္ခဇုန်များမှ သန်းနှင့်ချီသော အရပ်သားများကို တိုင်းရင်းသားတပ်မတော်များက ဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးနှင့် ပညာရေးနယ်ပယ်များတွင် ရှေ့ဆောင်ဥပမာများ ရှိနေသည်။
စစ်ပွဲဆက်လက်ဖြစ်ပွားနေပြီး ရာသီဥတုပြောင်းလဲမှု စတင် သက်ရောက်လာသောကြောင့် မြန်မာပြိုလဲမည့် ပကတိအခြေအနေသည် ပိုမိုထင်ရှားလာသည်။ အိမ်နီချင်းနိုင်ငံများနှင့် ကမ္ဘာအင်အားကြီးနိုင်ငံများသည် ထိုအခြေအနေကို နှစ်သက်မည် မဟုတ်သော်လည်း နိုင်ငံရေးအရနှင့် ပထဝီအရ မြန်မာ အစိတ်စိတ်အမွှာမွှာ ကွဲခြင်းသည် စတင်နေပြီဖြစ်သည်။

နိုင်ငံကို ပြန်လည် စုစည်းနိုင်မည့် အလားအလာသည် ပျောက်ကွယ်လောက်အောင် နည်းနေသည်။ စိန်ခေါ်မှုမှာ ၎င်းတို့ထွန်းသစ်စ နိုင်ငံတော်ငယ်များတွင် ဝန်ဆောင်မှုများပေးရန်နှင့် အားလုံးအကျုံးဝင်သော အုပ်ချုပ်ရေး ပေါ်ပေါက်စေရန် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် ဒေသအာဏာချုပ်ကိုင်သူများကို ရှာဖွေဖော်ထုတ်ရေးဖြစ်သည်။ မြန်မာအလွန် နိုင်ငံရေး ယူနစ်များတွင် ဗမာအများစုနေထိုင်ရာ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့ကဲ့သို့သော ယူနစ်များပါဝင်ပြီး ထိုနေရာများသည် လက်ရှိအချိန် စစ်ကောင်စီကို တိုက်ခိုက်ရေးတွင် ရှေ့တန်းမှ ပါဝင်နေသော ဒေသများဖြစ်သည်။
သံတမန်များနှင့် အလှူရှင်များသည် အတိတ်တွင်သာ မနေထိုင်သင့်ပေ။ မြန်မာ၏ ပကတိ အခြေအနေသစ်ကို အသိအမှတ်ပြုခြင်းသည် စိတ်မသက်သာစရာ ဖြစ်သော်လည်း ပထဝီနိုင်ငံရေး အခွင့်အလမ်းများကိုလည်း ညွှန်ပြနိုင်သည်။
သံတမန်များနှင့် အလှူရှင်များသည် အတိတ်တွင်သာ မနေထိုင်သင့်ပေ။ မြန်မာ၏ ပကတိ အခြေအနေသစ်ကို အသိအမှတ်ပြုခြင်းသည် စိတ်မသက်သာစရာ ဖြစ်သော်လည်း ပထဝီနိုင်ငံရေး အခွင့်အလမ်းများကိုလည်း ညွှန်ပြနိုင်သည်။
လာမည့် ဆယ်စုနှစ်များတွင် မြန်မာပြိုကွဲပြီး ကမ္ဘာသည် ရာသီဥတု ဖရိုဖရဲအခြေအနေနှင့် ရင်ဆိုင်နေရသောအခါ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများသည် ဒေသတွင်းနှင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများအတွက် အဓိက မဟာမိတ် ဖြစ်နိုင်သည်။ အရပ်သား လူမှုအသိုက်အဝန်းများကို အကာအကွယ်နှင့် အခြေခံဝန်ဆောင်မှုများ ပေးခြင်းဖြင့် ၎င်းတို့သည် လက်နက်ကိုင်ပဋိပက္ခ၏ ရိုက်ခတ်မှုကို ကန့်သတ်နိုင်ပြီး အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်ဒေသများမှ နောက်ဆက်တွဲ မတည်ငြိမ်မှုကို ထိန်းချုပ်နိုင်သည်။
ပြင်ပပုဂ္ဂိုလ်များအတွက် အရေးပါသော ခြေလှမ်းမှာ တိုင်းရင်းသားတပ်မတော်များနှင့် ပြည်နယ်အခြေစိုက် အုပ်ချုပ်ရေး အစိုးရသစ်များ၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြု ထောက်ခံရန်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရတွင် စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများသို့ မြေပြင်အခြေစိုက် လေကြောင်း ကာကွယ်ရေးစနစ်များ အပါအဝင် စစ်ရေးအကူအညီလည်း ပါဝင်သင့်သည်။
ထိုသို့အကူအညီပေးရန် ပျက်ကွက်ပါက သေလုမျောပါးဖြစ်နေသော နိုင်ငံနှင့် မျိုးတုံးတော့မည့် စစ်ကောင်စီ၏ ပြင်းထန်သောနာကျင်မှုကို သက်ဆိုးရှည်အောင် လုပ်နေခြင်းသာဖြစ်သည်။ တခါက မြန်မာနိုင်ငံဖြစ်ခဲ့သော နေရာတွင် သစ်လွင်ပြီး ချိတ်ဆက်မှုရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာခြင်းကို ထောက်ခံရန် လိုအပ်သည်။
(Nikkei Asia ပါ Ashley South ၏ A new Myanmar is emerging from conflict and climate change ကို ဘာသာပြန်သည်။ Ashley South သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်၊ လူမျိုးစု လေ့လာရေးနှင့် ဖွံ့ဖြိုးရေးဌာနမှ ဝါရင့်သုတေသီ ဖြစ်သည်။)
You may also like these stories:
ပဋိပက္ခကြောင့် မြန်မာ့ရာသီဥတုပြောင်းလဲမှုအန္တရာယ် ပိုမိုပြင်းထန်စေ
စစ်အုပ်ချုပ်ရေးကြောင့် ရာသီဥတုပြောင်းလဲမှု ရိုက်ခတ်ချက် ပိုမိုဆိုးရွားနိုင်
စစ်ဘေးရှောင်များ စားနပ်ရိက္ခာ လိုအပ်ချက်အပြင် ရာသီဥတုဘေးပါ ရင်ဆိုင်နေရ
စစ်ကောင်စီကြောင့် မြန်မာ့ သဘာဝပတ်ဝန်းကျင် ပျက်စီးရေး ဦးတည်