မြန်မာပြည်တလွှားမှာ ပြသနာတွေက တနေ့တမျိုး မရိုးရဘူးဆိုသလို တွေ့နေ၏။ အဆီမငေါ် မတည့်လှသည့် ကိစ္စတွေကလည်း များပြားလှသည်။
မီးပျက်လျှင် အီးပီစီထက် ပိုပြောခွင့်မရှိသည့် တိုင်းပြည်တွင် တလွဲတချော်များကို ဆက်တိုက်ဆိုသလို မြင်တွေ့နေရသည်မှာ ရင်ထဲမှာတော့ ကလိကလိနှင့်ဖြစ်၍ နေပေတော့၏။ မနက်မိုးလင်း လက်ဖက်ရည်ဆိုင်ထိုင်တော့ လက်ဖက်ရည်ခွက်ကသေး၊ အီကြာကွေးက သေးသွားပေမဲ့ ဈေးကတော့ တနေ့တခြား ကြီးလာ၏။ လဘက်ရည်ဖိုး ချွေတာပြီး ပဲပြုတ်ဝယ်တော့လည်း အနည်းဆုံး ၅၀၀ ဖိုးမှ ရောင်းမည်ဆို၏။ ထို ၅၀၀ ဖိုးကလည်း တယောက်စာသာရသည်။ မိသားစု လေး၊ ငါးယောက်စာဆို ၂,၀၀၀ ဖိုးခန့် ဝယ်ရမည်။
၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းခါစက ပဲပြုတ် တမတ်ဖိုး (၂၅ ပြားဖိုး) ဝယ်လျှင် တမိသားစုလုံး လောက်သည့်ခေတ်မှ နှစ် ၆၀ ကျော်အတွင်း ပြောင်းလဲသွားသည်က ပြောမယုံ ကြုံမှသိဟု ဆိုရမည်။
ဤသို့သော နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်းများကြားတွင် မြန်မာကျပ်ငွေတန်ဖိုး တနှစ်ထက်တနှစ် ကျဆင်းလာပြီး ကုန်ဈေးနှုန်းများ ခေါင်ခိုက်နေချိန်၌ မင်းအောင်လှိုင်နှင့် စစ်ကောင်စီတို့၏ ခုတ်ရာတခြား ရှရာတခြား၊ အနာတခြား ဆေးတခြား၊ လူမိုက်သား ရမ်းကားသည့် အကြောင်းများကို မပြောချင်သော်လည်း ပြောရပေဦးမည်။
၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းခါစက ပဲပြုတ် တမတ်ဖိုး (၂၅ ပြားဖိုး) ဝယ်လျှင် တမိသားစုလုံး လောက်သည့်ခေတ်မှ နှစ် ၆၀ ကျော်အတွင်း ပြောင်းလဲသွားသည်က ပြောမယုံ ကြုံမှသိဟု ဆိုရမည်။
မြန်မာငွေကြေးဖောင်းပွခြင်း
အရပ်စကားဖြင့် ဒေါ်လာဈေးတက်သည်၊ ရွှေဈေးတက်သည်ဟု ဆိုကြသော်လည်း အမှန်တကယ်က မြန်မာငွေကြေးဖောင်းပွခြင်း ဖြစ်၏။ ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်မှုတွင် တန်ဖိုးကျနေသော မြန်မာငွေပမာဏ များလာခြင်းဖြစ်၏။ ဒေါ်လာနှင့် ထိုင်းဘတ်ငွေ လဲလှယ်ရာတွင်လည်းကောင်း၊ တရုတ်ယွမ်ငွေနှင့် လဲလှယ်ရာတွင်လည်းကောင်း ငွေလဲလှယ်နှုန်း ပြောင်းလဲမှု မရှိကြပေ။ တန်ဖိုးကျဆင်းနေသည့် မြန်မာကျပ်ငွေတခုသာ ဒေါ်လာသာမက မည်သည့်နိုင်ငံက ငွေကြေးနှင့် လဲလှယ်သည့်ဖြစ်စေ တန်ဖိုးကျဆင်းနေခြင်း ဖြစ်၏။
စစ်တပ်အာဏာသိမ်းပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ သိသိသာသာ ဝင်လာမှု မရှိခြင်း၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ကျဆင်းခြင်း၊ တိုင်းပြည်စီးပွားရေးများ သိသိသာသာ ကျဆင်းလာသည့်အပြင် စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး တပ်သားသစ်များ အတင်းဖမ်းခြင်းတို့ကြောင့် လူငယ်များ နိုင်ငံရပ်ခြားသို့ ထွက်ခွာခြင်း၊ ၎င်းလူငယ်များအား ပြုစုပျိုးထောင် ပညာသင်ကြားပေးရန် မိဘများ၏ ငွေကြေးများ နိုင်ငံရပ်ခြားသို့ စီးဆင်းခြင်းတို့ကြောင့် တိုင်းပြည်စီးပွားရေးက ပို၍ ကျဆင်းလာသည်။
တဖက်ကလည်း ပြည်တွင်းစစ်က ပို၍ ကြီးမားကျယ်ပြန့်လာသည်။ နေရာတကာ စစ်ကောင်စီတပ် ရှုံးပွဲဆင်နေရသည်။ စစ်တပ်ကို အားပေးထောက်ခံနေသည့် လော်ဘီများဘဝမှာလည်း စခန်းတခုအတိုက်ခံရ၍ အသိမ်းမခံရသေးလျှင် လက်ခုပ်ဩဘာတီး၍ အားပေးပြီး စခန်းအသိမ်းခံရလျှင် ထိုစခန်းအကြောင်း မပြောတော့ဘဲ မျက်နှာပြောင်ပြောင်နှင့် ငြိမ်နေရသည့်ဘဝဖြစ်၏။ ထိုသို့ မဟုတ်ပါက သတင်းမှားများတင်ပြီး ပွဲခံပြကြသည်။
စစ်မြေပြင်တွင် လက်နက်ငယ်နှင့် တပ်ဖွဲ့ချင်း သတ္တိဗျတ္တိနှင့် ရင်ဆိုင်ရသည့် ပွဲများတွင် အလဲလဲအကွဲကွဲ ဖြစ်နေသည့် စစ်ကောင်စီသည် လေကြောင်းမှ တိုက်ခိုက်ခြင်း၊ ပေါင် ၅၀၀ ဗုံးများ ကြဲချခြင်း၊ လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်း ဖြင့် ခံစစ်ဆင်နေရသည်။
တနိုင်ငံလုံးအနှံ့ စစ်တိုက်နေရခြင်း၊ တပ်သားသစ်များ သိမ်းသွင်းရခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးကိုသာ အဓိကအားကိုး တိုက်ခိုက်နေရခြင်း၊ မြေပြင်လမ်းကြောင်းများ ပိတ်ဆို့နေရသဖြင့် လေကြောင်းဖြင့်သာ သယ်ယူ ထောက်ပို့နေရခြင်းတို့ကြောင့် စစ်စရိတ်က များစွာတက်လာသည်။
လက်နက်ငယ် ကျည်တတောင့်ပင်လျှင် ၅,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်ဝန်းကျင်အထိ ရှိနေချိန်တွင် ပေါင် ၅၀၀ ဗုံးတလုံး၏ တန်ဖိုး၊ ၁၂၀/၁၂၂ မမ အမြောက်ဆံတလုံး၏တန်ဖိုး၊ အတွဲလိုက်ဒုံးကျည်တလုံး၏ တန်ဖိုးသည် မည်မျှရှိမည်ကို မှန်းဆကြည့်နိုင်သည်။ ကားနှင့်သွားသည့်၊ သယ်သည့် စားရိတ်၊ လေယာဉ်နှင့် သွားသည့်၊ သယ်သည့်စရိတ် မည်မျှ ကွာခြားမည်ကို တွက်ဆ၍ ရနိုင်၏။
ထို့ပြင် စစ်ကောင်စီသည် တပြည်လုံးအနှံ့ စစ်ပွဲများအတွင်း လက်နက်ကြီးငယ် မျိုးစုံ သောင်းနှင့်ချီ၍ ဆုံးရှုံးခဲ့၏။ ခဲယမ်းများစွာ ဂိုဒေါင်လိုက် ဆုံးရှုံးခဲ့သည်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) သုံးခု၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တခု၊ ခြေလျင်/ခြေမြန် တပ်ရင်း ဌာနချုပ် ၅၈ ခု၊ အမြောက်တပ်ရင်းဌာနချုပ် ခြောက်ခု၊ စစ်လက်ရုံးတပ်ဖွဲ့ ဌာနချုပ်များ အပါအဝင် စစ်တပ်အခြေစိုက် စခန်းပေါင်း ၂,၅၀၀ ကျော် ဆုံးရှုံးခဲ့သည်ဟု စစ်ရေးသုတေသီများက ထောက်ပြကြ၏။ သံချပ်ကာကား ဆယ်ဂဏန်း ဖျက်ဆီးခံရ၊ သိမ်းဆည်းခံရ၏။ လေယာဉ်နှင့် ရဟတ်ယာဉ်များ ဖျက်ဆီးခံရသည်။ ထို့အတွက် ဆုံးရှုံးသည့် ငွေကြေးပမာဏမှာ များပြားလှသည်။
တနိုင်ငံလုံးအနှံ့ စစ်တိုက်နေရခြင်း၊ တပ်သားသစ်များ သိမ်းသွင်းရခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးကိုသာ အဓိကအားကိုး တိုက်ခိုက်နေရခြင်း၊ မြေပြင်လမ်းကြောင်းများ ပိတ်ဆို့နေရသဖြင့် လေကြောင်းဖြင့်သာ သယ်ယူ ထောက်ပို့နေရခြင်းတို့ကြောင့် စစ်စရိတ်က များစွာတက်လာသည်။
သို့ဖြစ်ရာ တိုင်းပြည်စီးပွားရေး ကျနေချိန်တွင် စစ်သုံးစရိတ်က တိုးလာ၏။ သတင်းထုတ်ပြန်မှုများအရ အာဏာသိမ်းခါစ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တွင် စစ်အသုံးစရိတ်က ကျပ် ၁,၇၄၆ ဘီလီယံ (မီနီဘတ်ဂျက်)၊ ၂၀၂၂၊ ၂၀၂၃ ခုနှစ်တွင် စစ်အသုံးစရိတ် ၃,၇၀၃ ဘီလီယံဖြစ်ပြီး ၂၀၂၃၊ ၂၀၂၄ ခုနှစ် ဘတ်ဂျက်တွင် ကာကွယ်ရေးအသုံးစရိတ် ကျပ် ၅,၆၃၅ ဘီလီယံ မလောက်၍ နောက်ထပ်တဆခန့် စိုက်ရသည်။
၂၀၂၄၊ ၂၀၂၅ ခုနှစ် ဘတ်ဂျက်စာရင်းကိုပင် ထုတ်ပြန်ခြင်း မရှိတော့။ သူရဲဘောကြောင်သည့် မင်းအောင်လှိုင်သည် စစ်အသုံးစရိတ်နှင့် ဘတ်ဂျက်လိုငွေကို ဖော်ပြရဲခြင်း မရှိတော့ပေ။
ထို့ကြောင့် ဘတ်ဂျက်လိုငွေက အများအပြား ပြလာပြီး ၂၀၂၃၊ ၂၀၂၄ ခုနှစ်တွင် ဘတ်ဂျက်လိုငွေ ၇၈၁၁ ဘီလီယံအထိ ရှိလာ၏။ ဘတ်ဂျက်လိုငွေဖြည့်ရန် ငွေစက္ကူများ အများအပြား ရိုက်နှိပ်ထုတ်ရသည်။
ယခုအခါ စစ်ကောင်စီသည် မြန်မာကျပ်ငွေ ဘီလီယံ ၃၀,၀၀၀ ဖိုး ရိုက်နှိပ်ထုတ်ဝေထားသည်ဟု သိရ၏။ ထို့ကြောင့် မြန်မာကျပ်ငွေတန်ဖိုးက ထိန်းမရဘဲ အာဏာသိမ်းပြီးကတည်းက တနှစ်ပြီးတနှစ် ငွေတန်ဖိုး ထိုးကျလာသည်။
ဤအချက်က ငွေတန်ဖိုးကျသည့် အကြောင်းရင်း ဖြစ်၏။ အားလုံးအလွယ်တကူ မြင်သာသည့်အချက် ဖြစ်၏။ သို့သော် မင်းအောင်လှိုင်က ဤအချက်ကို ဝန်ခံခြင်း မပြုသည့်အပြင် တရားခံရှာသည်။ ငွေကြေးလဲလှယ်သည့် လုပ်ငန်းလုပ်သူများ၊ ငွေလွှဲလုပ်ငန်းလုပ်သူများကို တရားခံရှာသည်။ မင်းအောင်လှိုင်၏ စွပ်စွဲချက်များကြောင့် ငွေလဲသူ၊ ငွေလွှဲသူများသည်လည်း မြန်မာကျပ်ငွေတန်ဖိုးကို လိုသလို သတ်မှတ်နိုင်သူများ ဖြစ်သွား၏။
ပို၍ ဆိုးဝါးသည်မှာ ငွေလွှဲသူ၊ ငွေလဲသူများကို ဖမ်းဆီး၍ ၎င်းတို့၏ ဘဏ်စာရင်းကို သိမ်းယူသည်သာမက မိသားစုဝင်များ၏ ဘဏ်စာရင်းများကိုပါ စစ်ကောင်စီက သိမ်းယူပြီး ဥပဒေမဲ့ ရမ်းကားသည်။
ယခုအခါ စစ်ကောင်စီသည် မြန်မာကျပ်ငွေ ဘီလီယံ ၃၀,၀၀၀ ဖိုး ရိုက်နှိပ်ထုတ်ဝေထားသည်ဟု သိရ၏။ ထို့ကြောင့် မြန်မာကျပ်ငွေတန်ဖိုးက ထိန်းမရဘဲ အာဏာသိမ်းပြီးကတည်းက တနှစ်ပြီးတနှစ် ငွေတန်ဖိုး ထိုးကျလာသည်။
ရွှေဆိုင်များ
မြန်မာငွေကြေးတန်ဖိုး ကျဆင်းသည့်အပြင် ကမ္ဘာ့ရွှေဈေးကလည်း တရိပ်ရိပ်တက်နေ၍ မြန်မာ့ရွှေဈေးလည်း တက်၏။ မင်းအောင်လှိုင်တို့ စဉ်းစားသည်က ရွှေဆိုသည်မှာ မြန်မာပြည်ကထွက်၍ ဈေးတက်စရာမလိုဟု ယူဆကြသည်။ တကယ်က ရွှေဆိုသည်က ကမ္ဘာစံငွေကြေး ဖြစ်သည်။
ကမ္ဘာ့စံတန်ဖိုးထက် ပြည်တွင်းက မြင့်နေပါက ပြည်ပကရွှေ မြန်မာပြည်ထဲဝင်မည်။ ကမ္ဘာ့စံတန်ဖိုးထက် မြန်မာပြည်တွင်းက နိမ့်နေပါက ပြည်တွင်းက ရွှေပြည်ပသို့ ထွက်မည်။ ဤအခြေခံတရားမှ မသိသည့် စစ်ဗိုလ်များက ပေါက်ဈေးထက် နိမ့်ကျသည့် ရွှေတန်ဖိုးကို သတ်မှတ်သည်။ မလိုက်နာသည့် ရွှေဆိုင်ပိုင်ရှင်များကို ဖမ်းသည်။ ဝရမ်းထုတ်သည်။ အရောင်းအဝယ် လုပ်နိုင်သည့်ဈေးဖြစ်၍ ဆိုင်မဖွင့်ပါကလည်း အရေးယူမည်ခြိမ်းခြောက်ပြီး ဆိုင်ဖွင့်ခိုင်းသည်။
ကုန်ဈေးနှုန်း
ငွေကြေးဖောင်းပွမှု၏ အကျိုးဆက်အဖြစ် အခြေခံစားသောက်ကုန်၊ လူသုံးပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ဆေးစသည့် ကုန်ပစ္စည်းအားလုံး ဈေးတက်သည်။ စစ်ကောင်စီက ဈေးမတက်ရန် ဈေးများတွင် အသံချဲ့စက်နှင့် လိုက်အော်သည်။ ထုံးစံအတိုင်း အရေးယူမည်ဟု ခြိမ်းခြောက်၏။
တနှစ်ပြီးတနှစ် ပိုဆိုးလာသည့် ငွေကြေးဖောင်းပွမှုနှင့် ဘတ်ဂျက်လိုငွေပြမှုကို စစ်ကောင်စီ ထိန်းမနိုင်။ ပို၍ ဆိုးဝါးလာဖွယ်သာရှိ၏။ ယခင်နှစ်များကဲ့သို့ ဗဟိုဘဏ်က နိုင်ငံခြားငွေ ထုတ်ရောင်းပြခြင်း၊ ရွှေဟန်ပြရောင်းခြင်းပင် မလုပ်နိုင်တော့ပေ။ အရင်းအမြစ်ကို မဖြေရှင်းနိုင်ဘဲ သူတပါးကို လက်ညိုးထိုး အပြစ်ပုံချသူ စစ်တပ်၏ ခေါင်းကိုင်ဖခင်ဖြစ်သူ ဗိုလ်နေဝင်းသည်လည်း အမြတ်ကြီးစားများဟုဆိုကာ ဖမ်းလိုက်၊ ဝိသမလောဘသမားဟုဆိုကာ ဖမ်းလိုက်နှင့် နောက်ဆုံး မဆလ တဇာတ်သိမ်းသွား၏။ မင်းအောင်လှိုင်လည်း ဗိုလ်နေဝင်းနောက် မှီရာကားနှင့် လိုက်နေသည်ဟုဆိုရမည်။ စစ်ကောင်စီဇာတ်သိမ်းဖို့ မဝေးလှတော့။
ထိုင်းနိုင်ငံ ကွန်ဒိုတိုက်ခန်း
နောက်ထပ် စစ်ကောင်စီ၏ ဖမ်းဆီးရမ်းကားမှု တခုမှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ကွန်ဒိုတိုက်ခန်း ဝယ်သူများ၊ ဘဏ်စာရင်းဖွင့်သူများအား ဖမ်းဆီးမှုဖြစ်၏။ ဤအချက်သည် မြန်မာကျပ်ငွေ ကျဆင်းမှုကြောင့်အပြင် စစ်ကောင်စီ၏ ဖိနှိပ်ရမ်းကားမှုများ၊ စစ်မှုထမ်းဥပဒေများကြောင့် လူငယ်အများအပြား ပြည်ပသို့ ထွက်ခွာခြင်း၊ ပညာတတ်များ၊ လုပ်ငန်းရှင်များ ပြည်သို့ထွက်ခွာခြင်းတို့ကြောင့်ဖြစ်သည်။
ထိုသို့ ထွက်ခွာသူများသည် ထိုင်းနိုင်ငံတွင် ဘဏ်စာရင်းဖွင့်ကြသည်။ အလုပ်လုပ်ကြသည်။ ရင်းနှီးမြှုပ်နှံကြသည်။ မိမိသားသမီးကို စစ်မှုမထမ်းစေလိုသူများကလည်း ကလေးများကို ထိုင်းပို့ကြသည်။ ကလေးများကို စောင့်ရှောက်ရန် အဘိုးအဘွားများကို လိုက်ပါစေကြ၏။ သူတို့နေထိုင်ရန် ကွန်ဒိုတိုက်ခန်းများ ဝယ်ပေးကြ၏။
ဤအခြေအနေသည် စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ဖြစ်ပေါ်လာခြင်းဖြစ်၏။ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံတွင် အိမ်ယာဝယ်ယူသည့် ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ပါဝင်ခြင်း မရှိပေ။ ၂၀၂၂ ခုနှစ်တွင် ထိပ်တန်း ၅ နိုင်ငံစာရင်းသို့ ရောက်ရှိလာသည်။ ၂၀၂၃ ခုနှစ်တွင် တတိယအဆင့်သို့ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ပထမလေးလပတ်တွင် ထိပ်တန်းတန်း ၅ နိုင်ငံ၌ ဒုတိယနေရာသို့ ရောက်ရှိလာ၏။
အရင်းအမြစ်ကို မဖြေရှင်းနိုင်ဘဲ သူတပါးကို လက်ညိုးထိုး အပြစ်ပုံချသူ စစ်တပ်၏ ခေါင်းကိုင်ဖခင်ဖြစ်သူ ဗိုလ်နေဝင်းသည်လည်း အမြတ်ကြီးစားများဟုဆိုကာ ဖမ်းလိုက်၊ ဝိသမလောဘသမားဟုဆိုကာ ဖမ်းလိုက်နှင့် နောက်ဆုံး မဆလ တဇာတ်သိမ်းသွား၏။
ဤပြဿနာသည် စစ်ကောင်စီ အာဏာသိမ်းပြီး မြန်မာနိုင်ငံတွင်း ကောင်းမွန်စွာ နေထိုင်ရန်၊ ငြိမ်းချမ်းစွာ နေထိုင်ရန် ခက်ခဲလာသဖြင့် ထိုင်းကို ဒုတိယအိမ်အဖြစ် ရွေးချယ်မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်၏။ မင်းအောင်လှိုင်နှင့် စစ်ကောင်စီအတွက် ဘယ်သူမပြု မိမိမှုသာဖြစ်၏။ လူမိုက်သား ရမ်းကား၍ မြန်မာပြည်သားများ ထိုင်းသို့ ပြောင်းရွှေ့ထွက်ခွာ ကြခြင်းဖြစ်သည်။
ယခုအခါ ထိုင်းနိုင်ငံ၌ ကွန်ဒိုဝယ်သူများနှင့် အကျိုးဆောင်လုပ်သူများကို ဖမ်းဆီးပြနေသည်။ တရားမဝင်ငွေများနှင့် ဝယ်ယူနေကြ၍ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စွပ်စွဲပြောဆိုသည်ကို တွေ့ရ၏။
စစ်တပ် အာဏာမသိမ်းခင်ကတည်းက မင်းအောင်လှိုင်၏ သားနှင့်သမီးတို့၏ ထိုင်းနိုင်ငံတွင် တန်ဖိုးကြီး ကွန်ဒိုဝယ်ယူထားမှုနှင့် ထိုင်းဘဏ်တွင် စာရင်းဖွင့်လှစ်ထားမှုတို့ကို ထိုင်းရဲတပ်ဖွဲ့နှင့် တရားရုံး စစ်ဆေးချက်အရ ကမ္ဘာသိဖြစ်၏။ ဆင်သေကို ဆိတ်သားရေနှင့် ဖုံးကွယ်၍မရပေ။
ယခု ကွန်ဒိုဝယ်သူ၊ ထိုင်းဘဏ်စာရင်းဖွင့်သူတို့အား ဖမ်းမည်ဆိုပါက မင်းအောင်လှိုင်၏ သားနှင့်သမီးကို ဦးစွာဖမ်းဆီးမှ တရားမျှတပေလိမ့်မည်။ သို့မဟုတ်ပါက ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့ ဟုဆိုသည့် လူမိုက်သား ရမ်းကားနေသည်ဟုသာ ဆိုရမည်။
ဗုံးကြဲမည် သတိထား
ငွေတန်ဖိုးကျ၍၊ ဒေါ်လာတန်ဖိုးတက်၍၊ ရွှေဈေးတက်၍ ၊ ကုန်းဈေးနှုန်းများတက်၍ စသည့် အကြောင်းများကို ဖြေရှင်းရန် စစ်ကောင်စီ၏ ဖြေရှင်းနည်းမှာ ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း စသည့် အကြမ်းဖက်သည့် နည်းလမ်းများသာ ဖြစ်၏။ သေနတ်ဖြင့်ချိန်၍ ခြိမ်းခြောက်ပြီး စီးပွားတက်သည့်နိုင်ငံ ကမ္ဘာတွင် မရှိပေ။ အကြမ်းဖက်နည်းဖြင့် ချုပ်ကိုင်၍ စီးပွားပျက်သွားသည့် နိုင်ငံများသာ ကမ္ဘာတွင်ရှိ၏။
စစ်တပ် အာဏာမသိမ်းခင်ကတည်းက မင်းအောင်လှိုင်၏ သားနှင့်သမီးတို့၏ ထိုင်းနိုင်ငံတွင် တန်ဖိုးကြီး ကွန်ဒိုဝယ်ယူထားမှုနှင့် ထိုင်းဘဏ်တွင် စာရင်းဖွင့်လှစ်ထားမှုတို့ကို ထိုင်းရဲတပ်ဖွဲ့နှင့် တရားရုံး စစ်ဆေးချက်အရ ကမ္ဘာသိဖြစ်၏။ ဆင်သေကို ဆိတ်သားရေနှင့် ဖုံးကွယ်၍မရပေ။
ဘာမဆိုလုပ်ရဲပြီး ဘာမှ မလုပ်တတ်သော မင်းအောင်လှိုင်နှင့် သူ၏နောက်လိုက်များသည် နောင်တွင် ရွှေဈေး၊ ဒေါ်လာဈေး၊ ကုန်ဈေးနှုန်းများ ထပ်မံတက်ပါက ရွှေဆိုင်များ၊ ငွေလဲကောင်တာများအား ဒုံးကျည်နှင့် ပစ်ခတ်ခြင်း၊ ကုန်ဈေးနှုန်းတက်သော ဈေးများအား လေယာဉ်ဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်လာတော့မလား မေးလိုက်ချင်၏။
ဆန်ဈေးတက်သည်မှာ ထမင်းစားကြသူများကြောင့်ဟု ဆိုပြီး ထမင်းစားသူများကို ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်း ပြုလုပ်လာမည်ဟု ထင်စရာပင်။ ဆင်ခြင်တုံတရားမရှိသည့်၊ ဦးနှောက်မရှိသည့်သူများဖြစ်ရာ မလုပ်နိုင်လောက်ဟု ယူဆမထားစေလိုပါ။ ဤသို့ဆို၍ ခင်မမအား လွန်သည်ဟု မဆိုစေချင်ပါ။ မင်းအောင်လှိုင်နှင့် အပေါင်းအပါများ လုပ်တတ်သည်မှာ အကြမ်းဖက်ဖြေရှင်းခြင်းသာ ရှိပါသည်။
ထိုင်းမှာလည်း စစ်တပ်က ခဏခဏ အာဏာသိမ်းတာပဲလေဟု လက်ညိုးထိုးလေ့ရှိကြသည့် စစ်ဗိုလ်များ၊ စစ်တပ်လော်ဘီများအား သိစေလိုသည်မှာ ထိုင်းစစ်ဗိုလ်ချုပ်များသည် အာဏာသိမ်းသည် မှန်သော်လည်း ထိုင်းရွှေဆိုင်များ၊ ထိုင်းငွေလဲလုပ်လုပ်ငန်းများကို ဖမ်းဆီးခြင်း၊ ဈေးနှုန်းသတ်မှတ်ခြင်း၊ ကုန်ဈေးနှုန်း မတက်ရန် ဈေးများသို့ အသံချဲ့စက်နှင့် လိုက်အော်ခြင်းစသည့် အသိဉာဏ်နုံနဲ့သည့် ပေါကြောင်ကြောင်အလုပ်များ လုပ်လေ့မရှိပေ။ ပြောပြန်ရင်လည်း ခင်မမကို လွန်ရာကျပါမည်။
(ခင်မမသည် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
မြင့်လာနေသည့် ကုန်ဈေးနှုန်းကြား ပြည်သူများ ပို၍ ကျပ်တည်းလာ
အတက်ကြမ်းနေသော ရွှေနှင့် ဒေါ်လာဈေးကွက်ကို စစ်ကောင်စီက အဖမ်းအဆီးများဖြင့် ထိန်းချုပ်
နာမည်ကြီး ရွှေဆိုင်တချို့ လုပ်ငန်း ယာယီ ရပ်နားခံရ
စစ်မှုထမ်းဥပဒေကြောင့်ပဲ စစ်တပ်ကိုပြန်တိုက်မယ့်လူငယ်တွေများလာ (ရုပ်/သံ)
စစ်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံအထိ စစ်ကောင်စီ တိုးမြှင့်
“ဘန်ကောက်မှာ ကွန်ဒိုဝယ်တဲ့ စစ်ခေါင်းဆောင်သားသမီးတွေ အဖမ်းမခံရ” (ရုပ်/သံ)