အာဏာသိမ်းမှုနောက်ပိုင်း ဖရိုဖရဲအခြေအနေ သုံးနှစ်ကျော် ကြာသောအခါ မြန်မာသည် နိုင်ငံရေးနှင့် စစ်ရေးအကျပ်အတည်းတွင် ပိတ်မိနေသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်ရာတွင် အသိအမှတ်ပြုလောက်သည့် အောင်မြင်မှုများ ရလာသည်။ အထူးသဖြင့် အောက်တိုဘာလမှ စတင်၍ သိသိသာသာ အောင်ပွဲရလာသော်လည်း စစ်တပ်ကို မြို့ပြအမာခံဒေသများမှ မောင်းထုတ်ရန် ကြိုးစားရာတွင် မဖြစ်နိုင်သည် မဟုတ်သော်လည်း ခက်ခဲသော စိန်ခေါ်မှုကို ရင်ဆိုင်နေရဆဲဖြစ်သည်။
တရုတ်သည် မြန်မာမှ ဖြစ်ပေါ်တိုးတက်မှုများအပေါ် သက်ရောက်မှု အရှိနိုင်ဆုံး၊ အရေးအပါဆုံး နိုင်ငံ ဖြစ်ပုံရသည်။ မြန်မာအကျပ်အတည်း အဖြေရှာသူ အများအပြားက စစ်တပ်ကို ထိန်းချုပ်ရန်အတွက် ၎င်း၏ သြဇာသုံးရန် သို့မဟုတ် တော်လှန်ရေးကို ထောက်ခံရန် သို့မဟုတ် အနိမ့်ဆုံးအနေဖြင့် မြန်မာပြည်သူများကို ကူညီရန် တရုတ်အစိုးရကို တိုက်တွန်းသည်။
ထိုသို့သော တောင်းဆိုမှုများကို တရုတ်အစိုးရက မတုံ့ပြန်သေးဘဲ တုံ့ပြန်မည့် အလားအလာလည်း မရှိပေ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီအပေါ် တရုတ်၏ သဘောထားသည် ဒွိဟပွားစရာ ဖြစ်နေသည်။
တရုတ်အစိုးရသည် စစ်ကောင်စီကို မြန်မာ၏ တရားဝင်အစိုးရဟု တရားဝင် အသိအမှတ်ပြုခြင်း မရှိသေးပေ။ သို့သော် တရုတ်အစိုးရသည် တရုတ်တွင် တရားဝင်အစည်းအဝေးများ တက်ရန် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် စစ်ကောင်စီ၏ အဆင့်မြင့်ကိုယ်စားလှယ်များကို ဖိတ်သည်။
တရုတ်အစိုးရသည် စစ်ကောင်စီကို မြန်မာ၏ တရားဝင်အစိုးရဟု တရားဝင် အသိအမှတ်ပြုခြင်း မရှိသေးပေ။ သို့သော် တရုတ်အစိုးရသည် တရုတ်တွင် တရားဝင်အစည်းအဝေးများ တက်ရန် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် စစ်ကောင်စီ၏ အဆင့်မြင့်ကိုယ်စားလှယ်များကို ဖိတ်သည်။
တရုတ်သည် ယခင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရက ခန့်ထားသည့် ကုလသမဂ္ဂ သံအမတ် ရှိနေခြင်းကို လက်ခံသော်လည်း တရုတ်အစိုးရတွင် စစ်ကောင်စီခန့် သံမတ်သစ်ကိုလည်း ဗြောင်ကျကျ လက်ခံသည်။
တရုတ်အစိုးရသည် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဦးဆောင်သည့် တော်လှန်ရေးကို ထောက်ခံခြင်းမှ ရှောင်ဖယ်နေသော်လည်း နှစ်နိုင်ငံနယ်စပ်မှ ပိုင်နက်များကို သိမ်းယူရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တိတ်တဆိတ်ခွင့်ပြုသည်။
တရုတ်အစိုးရ၏ ဆန့်ကျင်ဘက်ဖြစ်နေသော အပြုအမူများသည် ၎င်း၏ အမျိုးမျိုးသော အကျိုးစီးပွားများနှင့် ဦးစားပေးများကို တိုက်ရိုက်ဖော်ပြချက်ဖြစ်သည်။
တရုတ်သည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူအရ မြန်မာစစ်ကောင်စီကို ဖြုတ်ချရေး မထောက်ခံပေ။ တရုတ်၏ အမြင်တွင် မြန်မာ့ပြည်တွင်း နိုင်ငံရေး မည်သို့ဖြစ်နေသည်ကို အလေးမထားဘဲ၊ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချသည်ကို အလေးမထားဘဲ အရေးပါသည့် လုပ်ဆောင်မှုကို စစ်တပ်အပါအဝင် မြန်မာပြည်သူများကသာ လုပ်သင့်သည်ဟု မြင်သည်။
NUG ကို ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ခံရသူ အနည်းငယ်ကသာ ကိုယ်စားပြုသောကြောင့် ၎င်း၏ တရားဝင်မှုသည် တရုတ်အတွက် ငြင်းခုန်ဆွေးနွေးစရာ ဖြစ်နေသည်။ တနိုင်ငံလုံး တော်လှန်ရေးစစ်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ဦးဆောင်သော အခန်းကဏ္ဍသည် NUG ၏ ပြည်သူ့ကာကွယ်တပ် (PDF) များဖြင့် အားထုတ်မှုအပေါ် အရိပ်မိုးနေသောကြောင့် NUG ၏ အစိုးရဆိုသည့် အဆင့်ကိုလည်း တရုတ်က မေးခွန်းထုတ်သည်။
NUG ပြတ်ပြတ်သားသားနိုင်ပါက တရုတ်သည် လက်ခံမည်ဖြစ်သော်လည်း ထိုရလဒ်ကို ဆုံးဖြတ်ရန် သြဇာသုံးမည် မဟုတ်ပေ။ မြန်မာတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုး ရှိခြင်းသည် တရုတ်အတွက် ပြဿနာမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ အာဏာရနေစဉ် အပြုသဘောဆက်ဆံရေးက ပြသနေသည်။
တရုတ်က ဆန့်ကျင်သည့်ကိစ္စမှာ ပြည်ပထောက်ခံမှုရ NUG က စစ်ကောင်စီအား ဆန့်ကျင်သည့် တော်လှန်ရေးကို တိုက်နေသည့်ကိစ္စ ဖြစ်သည်။ တရုတ်အစိုးရအတွက် ထိုကိစ္စသည် အနောက်တိုင်းစွက်ဖက်မှု ဖြစ်သည်။
တရုတ်က ဆန့်ကျင်သည့်ကိစ္စမှာ ပြည်ပထောက်ခံမှုရ NUG က စစ်ကောင်စီအား ဆန့်ကျင်သည့် တော်လှန်ရေး ဖြစ်သည်။ တရုတ်အစိုးရအတွက် ထိုကိစ္စသည် အနောက်တိုင်းစွက်ဖက်မှု ဖြစ်သည်။
နယ်စပ်လုံခြုံရေးသည် ထိပ်တန်းဦးစားပေးဖြစ်ပြီး ထို့ကြောင့်ပင် တရုတ်သည် ၁၀၂၇ စစ်ဆင်ရေး ဟုခေါ်သည့် အောက်တိုဘာလက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ထိုးစစ်ဆင်ကို တိတ်တဆိတ် ခွင့်ပြုခြင်းဖြစ်သည်။
တရုတ်သည် တိုင်းရင်းသားတပ်များကို သီးခြား ထောက်ခံခြင်း မရှိသော်လည်း နယ်စပ်ဒေသများမှ ဆိုက်ဘာ ငွေကြေးလိမ်လည်မှု လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းအတွက် မြန်မာစစ်တပ်ကို ဒဏ်ခတ်နေခြင်းသာ ဖြစ်သည်။ ထိုကိစ္စကို တရုတ်အစိုးရက အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဟု မြင်သည်။
တိုင်းရင်းသားမဟာမိတ်များ၏ တိုက်ခိုက်မှုများကို တရုတ်က ခွင့်ပြုခြင်းသည် စစ်ကောင်စီကို ဒဏ်ခတ် သတိပေးလိုက်ခြင်းဖြစ်သည်ဟု မြင်နိုင်သည်။ တိုင်းရင်းသားလက်နက်ကိုင်တပ်များက ပိုမိုအရေးပါသည့် အောင်ပွဲများရယူရန် ခြိမ်းခြောက်လာသောအခါ တရုတ်အစိုးရသည် ထိုအဖွဲ့အစည်းများကို ထိန်းချုပ်သည်။ ဥပမာအားဖြင့်ဆိုရပါက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဧပြီလတွင် မြန်မာစစ်တပ်ကို ထိုးစစ်တခု စတင်သောအခါ တရုတ်က နယ်စပ်တွင် ကျည်ဆံအစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုများလုပ်ပြီး ၎င်း၏ ရပ်တည်ချက်ကို ဖော်ပြသည်။
ထို့ကြောင့် မြန်မာနှင့်ပတ်သက်သည့် တရုတ်၏ သေနင်္ဂဗျူဟာသည် အဘယ်နည်း။
တရုတ်သည် အခြား နိုင်ငံများနှင့် မတူသည့် ရပ်တည်ချက်ဖြင့် ရပ်တည်ပြီး ရွေးကောက်ပွဲသစ်များသည်သာ မြန်မာ့နိုင်ငံရေးနှင့် စစ်ရေးအကျပ်အတည်းမှ တခုတည်းသော ထွက်ပေါက်ဖြစ်သည်ဟု မြင်သည်။
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကောင်စီ၏ မကြာသေးမီက ကြေညာခြင်းသည် တရုတ်အစိုးရ၏ ထိုရပ်တည်ချက်ကို ပိုမိုခိုင်မာစေသည်။ မြန်မာပြည်တွင်း ပဋိပက္ခဆယ်စုနှစ် ခုနစ်ခုသည် စစ်တပ်ကို နိုင်ငံရေးမှ ဖယ်ထုတ်မရနိုင်ဆိုသည့် စိတ်မသက်သာစရာ အမှန်တရားကို ပြသသည်။ စေ့စပ်ညှိနှိုင်းမှုလမ်းကြောင်း ဖြစ်နိုင်စေရန် မြန်မာသည် စစ်တပ်ကို ကျော်လွန်ကြည့်မြင်ရန် လိုသည်။
ထိုကိစ္စအတွက် ယခင်ကလည်း ဖြစ်ခဲ့ဖူးသည့် သာဓကတခုရှိသည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ အာဏာရသည့် ဒီမိုကရေစီအစိုးရအတု ဦးသိန်းစိန်အစိုးရသည် ညစ်ပတ်သော ရွေးကောက်ပွဲဖြင့် စစ်တပ်က ထူထောင်သည့် အစိုးရဖြစ်သော်လည်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည်။
ထိုအစိုးရသည် ၂၀၁၅ ခုနှစ် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလည်း ချုပ်ဆိုနိုင်ခဲ့ပြီး မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ရရှိခဲ့ဖူးသည့် ငြိမ်းချမ်းရေး သဘောတူညီချက်များတွင် အကြီးကျယ်ဆုံးဖြစ်နိုင်သည်။
စစ်ကောင်စီက ကျင်းပသည့် ရွေးကောက်ပွဲတွင် မသမာမှုကင်းမဲ့သည်ဟု တရုတ်က ထင်ယောင်ထင်မှား ဖြစ်ခြင်းမရှိပေ။ ထိုရွေးကောက်ပွဲသည် ကိုယ်စားပြုမှုကင်းမဲ့ပြီး မလွတ်လပ်သလို မျှတမှုလည်း ရှိမည် မဟုတ်ပေ။ သို့သော် အခြေအနေအရ မနူးမနပ် ရွေးကောက်ပွဲသည် ရွေးကောက်ပွဲ မရှိခြင်းထက် ပိုမိုကောင်းသည်ဟု တရုတ်ကမြင်ပြီး လက်ရှိ လက်နက်ကိုင် ပဋိပက္ခနှင့် စစ်ရေးအကျပ်အတည်းထက် သေချာပေါက် ပိုမိုကောင်းသည်ဟု မြင်သည်။
စစ်ကောင်စီက ကျင်းပသည့် ရွေးကောက်ပွဲတွင် မသမာမှုကင်းမဲ့သည်ဟု တရုတ်က ထင်ယောင်ထင်မှား ဖြစ်ခြင်းမရှိပေ။ ထိုရွေးကောက်ပွဲသည် ကိုယ်စားပြုမှုကင်းမဲ့ပြီး မလွတ်လပ်သလို မျှတမှုလည်း ရှိမည် မဟုတ်ပေ။ သို့သော် အခြေအနေအရ မနူးမနပ် ရွေးကောက်ပွဲသည် ရွေးကောက်ပွဲ မရှိခြင်းထက် ပိုမိုကောင်းသည်ဟု တရုတ်ကမြင်ပြီး လက်ရှိ လက်နက်ကိုင် ပဋိပက္ခနှင့် စစ်ရေးအကျပ်အတည်းထက် သေချာပေါက် ပိုမိုကောင်းသည်ဟု မြင်သည်။
တရုတ်က မြန်မာတွင် လိုလားသောအရာမှာ တည်ငြိမ်မှုဖြစ်သည်။ ထိုသို့ဆိုလျှင် တရုတ်သည် မြန်မာပြည်သူများကို ထောက်ခံသင့်သည်ဟု ဆိုနိုင်သော်လည်း ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ တည်ထောင်ပြီးနောက် စစ်တပ်သည် နိုင်ငံရေးမှ ဖယ်ထုတ်မခံရကြောင်း တရုတ်က တုံ့ပြန်မည်ဖြစ်သည်။ တရုတ်၏ အမြင်တွင် ယခုအချိန်တွင်လည်း ထိုအချက်မပြောင်းလဲဟု မြင်နိုင်သည်။
မြန်မာသည် နိုင်ငံတည်ထောင်ချိန်တွင် ပါလာသည့် သိမ်မွေ့သော ပဋိပက္ခနှင့် ဆန့်ကျင်ကွဲလွဲမှုများ ပြည့်နေသည်။ ထိုကိစ္စများတွင် ဗမာလူများစုနှင့် တိုင်းရင်းသား လူနည်းစုများအကြား၊ ဒီမိုကရက်တစ် အတိုက်အခံများနှင့် စစ်တပ်အကြားနှင့် ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာ မဟုတ်သူများအကြား ပဋိပက္ခများ ပါဝင်သည်။
တရုတ်သည် မြန်မာအတွက် အခြားမည်သည့် ရွေးချယ်စရာမှ မမြင်ဘဲ ဆက်လက်ပြီး စမ်းတဝါးဝါး လုပ်ရမည်ဟု မြင်သည်။ ထိုအချက်က တရုတ်သည် တနေ့တွင် သတိတရားရပြီး မြန်မာစစ်တပ်ကို ဖြုတ်ချမည်ဟု ထင်ယောင်ထင်မှားဖြစ်နေသည့် လေ့လာသူများနှင့် သုတေသီများကို သတိပေးသည့် ပကတိအခြေအနေ ဖြစ်သည်။
(Nikkei Asia ပါ Yun Sun ၏ Fresh elections seen as best way out of stalemated conflict ကို ဘာသာပြန်သည်။ ယွန်ဆန်သည် ဝါရှင်တန်အခြေစိုက် သုတေသနလုပ်ငန်း ဆတင်ဆွန် စင်တာမှ တရုတ်အစီအစဉ် ဒါရိုက်တာနှင့် အရှေ့အာရှအစီအစဉ် ပူးတွဲဒါရိုက်တာ ဝါရင့်သုတေသီ ဖြစ်သည်။)
You may also like these stories:
တရုတ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဆုံးရှုံးရန် စစ်ကောင်စီ အပြင်းအထန် ကြိုးစားနေ
ရှမ်းပြည်တွင် တိုက်ပွဲများပြန်စချိန် စစ်ကောင်စီကို တရုတ်သံအမတ် တွေ့
တရုတ်က ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများအရေး စစ်ကောင်စီကို စည်းရုံးနေ
ဒေါ်လာ ၈ ဘီလီယံကျော်တန် ကျောက်ဖြူစီမံကိန်းဖြင့် စစ်ကောင်စီက တရုတ်ကို အချိုသတ်
စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ
စစ်ကောင်စီက တရုတ်ထံမှ ဒေါ်လာဘီလီယံချီ အထောက်အပံ့ရနေ
စစ်ကောင်စီဘက် ဆက်ရပ်တည်နေရင် တရုတ်ဆန့်ကျင်ရေး ပိုအရှိန်မြင့်လာမယ်