ပထမဆုံး သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ် ဆန်ဂျီယန်ပွန်ဆာက သူ၏ ဦးဆောင်မှုအောက်မှ ထိုင်းနိုင်ငံခြားရေးမူဝါဒကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ သူက နိုင်ငံ၏ အားသစ်လောင်း သံတမန်ရေးလမ်းကြောင်းများ စတင်ကြောင်း ပြောကြားပြီး ရှင်းလင်းတင်ပြရန် ပါဝါပွိုင့်ပြကွက် ၄၃ ခု ပြသည်။
ပြည်တွင်းနှင့် နိုင်ငံတကာ သံတမန်ရေး အယူအဆ အားလုံးနှင့် ၎င်းတို့၏ ဆက်စပ်မှုများကို ရှင်းလင်းတင်ပြသည်။ အနှစ်ချုပ်အားဖြင့် ဆိုရပါက သူပြောလိုသည့်စကားမှာ ပြည်တွင်းနှင့်ပြည်ပ မူဝါဒများသည် ဆက်စပ်နေသောကြောင့် ပြည်တွင်းမူဝါဒကောင်းများသည် နိုင်ငံခြားရေးမူဝါဒကောင်းများ ဖြစ်သည်ဆိုသည့်အချက် ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ဧပြီလ ၃၀ ရက်နေ့က ဆာရာရွန် နန်းတော်တွင် စတင်လက်ခံပြီးနောက် လွန်ခဲ့သော တလခွဲအတွင်း မကြာခဏ မေးလေ့ရှိသောမေးခွန်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် ပတ်သက်သော မူဝါဒ ဖြစ်သည်။
ထိုင်းနိုင်ငံကို ထိခိုက်စေသည့် ပြဿနာအများအပြားကြောင့် မြန်မာသည် ထိပ်တန်းဦးစားပေးဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထပ်လောင်းပြောသည်။
ထို့နောက် မြန်မာနှင့် လက်ရှိ ထိတွေ့ဆက်ဆံမှု ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ထပ်မံအတည်ပြုသည့် အချက် ငါးချက်ပါ မူဝါဒကို ထပ်လောင်းပြောကြားသည်။
မြန်မာအကျပ်အတည်းသည် လာမည့် သီတင်းပတ်များနှင့် လများတွင် သူ၏ခေါင်းဆောင်မှု အရည်အသွေးနှင့် ပညာရှင်ပီသမှုကို တိုင်းတာသည့်ကိရိယာ ဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက် တည်ငြိမ်ငြိမ်းချမ်းရေးသည် နိုင်ငံနှင့် ဒေသတွင်း ရိုက်ခတ်မှုရှိသောကြောင့် သူ၏ ပထမဆုံးဦးစားပေး ဖြစ်ကြောင်း မစ္စတာ မာရစ်က ပြောသည်။

သက်ဆိုင်သူအားလုံး လက်ခံသည့် အဖြေတခုကို ဆက်လက်ရှာဖွေရန် ထိုင်းနှင့် အရှေ့တောင်အာရှ လုပ်ဖော်ကိုင်ဘက်နိုင်ငံများ ကြိုးစားနေစဉ် မြန်မာနှင့် နယ်စပ်ဖြတ်ကျော် ပြဿနာများသည် သူ၏ အစီအစဉ်တွင် ထိပ်ဆုံးမှ ပါဝင်သည်။
တချိန်တည်းတွင် မြန်မာနှင့် အရှည်လျားဆုံး နယ်နိမိတ် ထိစပ်နေသည့် နိုင်ငံအဖြစ် ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည်များ (စစ်ပွဲကြောင့် ထိခိုက်သေဆုံးမှုများ၊ နေရပ်စွန့်ခွာသူများ၊ ကျန်းမာရေး လုံခြုံမှု၊ ငွေကြေးလိမ်လည်မှုနှင့် အခြားကိစ္စများ) ၏ သက်ရောက်မှုကို အဓိက ခံစားရမည်ဖြစ်သည်။
လွန်ခဲ့သော အောက်တိုဘာလနှင့် တော်လှန်ရေးအင်အားစုများ ညှိနှိုင်းထိုးစစ်မှ စတင်ပြီး မလုံခြုံသော ထိုင်း-မြန်မာ နယ်စပ်တလျှောက် အခြေအနေသည် ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့် လုံခြုံရေးအတွက် ဖိစီးစရာဖြစ်နေသည်။ ယနေ့တွင် ထိုင်းနိုင်ငံသည် ပဋိပက္ခကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသည့် စစ်ဘေးရှောင် မြန်မာပြည်သူ ထောင်ပေါင်းများစွာကို တာဝန်ယူရမည် ဖြစ်သည်။
လာမည့် သီတင်းပတ်များနှင့် လများတွင် မြန်မာအကျပ်အတည်းသည် သူ၏ခေါင်းဆောင်မှု အရည်အသွေးနှင့် ပညာရှင်ပီသမှုကို တိုင်းတာသည့်ကိရိယာ ဖြစ်သည်။
နယ်စပ်အခြေအနေနှင့် ပတ်သက်ပြီး မစ္စတာ မာရစ်က ထိုင်းနိုင်ငံသည် သက်တမ်းရှည်ကြာသည့် ပြဿနာများကို ကိုင်တွယ်ရန်အတွက် ကျယ်ပြန့်သောမူဝါဒများကို အကောင်အထည်ဖော်မည်ဟု ပြောသည်။ ထိုင်းနိုင်ငံသည် မလေးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာတို့နှင့် နယ်နိမိတ်ထိစပ်နေသည်။
သို့သော် ၎င်းတို့အနက် အရှုပ်ထွေးဆုံးမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆက်စပ်နေသည့် ထိုင်း-မြန်မာ နယ်စပ်အခြေအနေ ဖြစ်သည်။ နယ်စပ်တွင် နေပြည်တော်နှင့် စစ်ဖြစ်နေသည့် ကရင်၊ ရှမ်း၊ ကယား၊ ချင်းနှင့် မွန် စသည့် တိုင်းရင်းသားလက်နက်ကိုင် အမျိုးမျိုးရှိနေသည့် ကိစ္စလည်း ပါဝင်သည်။
မကြာသေးမီက နယ်စပ်ဖြတ်ကျော်ပြီး ခိုလှုံခွင့်တောင်းသူများ၊ ဒုက္ခသည်လှိုင်းသစ်များနှင့်အတူ ထိုင်းနိုင်ငံမှ မူဝါဒချမှတ်သူများသည် စမ်းတဝါးဝါး အဖြေရှာနေကြသည်။ လက်ရှိအချိန်အထိ ၎င်းတို့သည် အမျိုးမျိုးသော နောက်ခံများ၊ ကျွမ်းကျင်မှုများ၊ ရင်းမြစ်များနှင့် ရည်မှန်းချက်များဖြင့် အသစ်ရောက်လာသူများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကျယ်ပြန့်သော သေနင်္ဂဗျူဟာများကို မဆွေးနွေး မဖော်ထုတ်ရသေးပေ။ ထိုသူများသည် ၈ လေးလုံးမျိုးဆက်နှင့် မတူပေ။
မြန်မာမှ ထိုင်းအိမ်ခြံမြေပွဲစား ခြောက်ဦးကို ရန်ကုန်တွင် စစ်ကောင်စီက မကြာသေးမီတွင် ဖမ်းဆီးခဲ့ခြင်းသည် ထိုင်းအာဏာပိုင်များကို တုန်လှုပ်စေသည်။ ထိုကိစ္စသည် မြန်မာနိုင်ငံအတွင်း ပိုမိုဆိုးရွားလာသော စီးပွားရေး အခြေအနေနှင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ၎င်းတို့အား သတိပေးနေသည်။
သို့သော် ၎င်းတို့အနက် အရှုပ်ထွေးဆုံးမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆက်စပ်နေသည့် ထိုင်း-မြန်မာ နယ်စပ်အခြေအနေ ဖြစ်သည်။ နယ်စပ်တွင် နေပြည်တော်နှင့် စစ်ဖြစ်နေသည့် ကရင်၊ ရှမ်း၊ ကယား၊ ချင်းနှင့် မွန် စသည့် တိုင်းရင်းသားလက်နက်ကိုင် အမျိုးမျိုးရှိနေသည့် ကိစ္စလည်း ပါဝင်သည်။
ထိုင်းကွန်ဒိုမီနီယံများကို မြန်မာမှ ဝယ်ယူသူ အရေအတွက်သည် လွန်ခဲ့သော နှစ်နှစ်အတွင်း သိသိသာသာ တိုးလာပြီး ရုရှားဝယ်လက်များကို ကျော်ဖြတ်ကာ ယခုအခါ တရုတ်ဝယ်လက်ပြီးလျှင် ဒုတိယအများဆုံး ဖြစ်လာသည်။
ထို့အပြင် စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းရေး မူဝါဒသစ်မှ လွတ်မြောက်ရန် ထိုင်းနိုင်ငံသို့ ထွက်ပြေးဝင်ရောက်လာသော မြန်မာလူငယ်များသည်လည်း ထောင်ပေါင်းများစွာ ရှိလာသည်။ ထိုပြဿနာသည် ထိုင်းတွင် ခိုလှုံခွင့်တောင်းရန် ရောက်နေပြီးဖြစ်သော အရေအတွက်ကို ပိုမိုဆိုးရွားစေသည်။ တတိယနိုင်ငံတခုတွင် ၎င်းတို့ ခိုလှုံခွင့်ရမည့် အလားအလာ နည်းသည်။

ထို့အပြင် မေ့မထားသင့်သည့်ကိစ္စမှာ အစိုးရသည် တာ့ခ်၊ ကန်ချနာဘူရီနှင့် မဲဟောင်ဆောင်ရှိ ဒုက္ခသည်စခန်း ကိုးခုမှ ထိုင်းနိုင်ငံတွင် ဆယ်စုနှစ် သုံးစုကြာ နေထိုင်ပြီးသော်လည်း တတိယနိုင်ငံတွင် ပြန်လည်ချထားခံရမည့် အလားအလာ မရှိသော မြန်မာနိုင်ငံသား ရှစ်သောင်းကျော်၏ ကံကြမ္မာကိုလည်း မကြာမီ ဆုံးဖြတ်ရတော့မည် ဖြစ်သည်။
ထိုသို့သော အခြေအနေတွင် မြန်မာအကျပ်အတည်းနှင့် ပတ်သက်သည့် အမျိုးသားကော်မတီသစ်ကို ထုတ်ပြန်ကြေညာခြင်း မပြုနိုင်သေးပေ။ လွန်ခဲ့သော ရက်သတ္တပတ်ကုန်က ချင်းမိုင်တွင် လက်နက်ကိုင်တပ်များ၊ လုံခြုံရေးအာဏာပိုင်များ၊ ပညာရှင်များသည် နှစ်ရက်ကြာ ဆွေးနွေးပြီး အနာဂတ် နယ်စပ်လုံခြုံရေးနှင့် စီမံခန့်ခွဲရေးကို ခြိမ်းခြောက်သည့် စိန်ခေါ်မှုသစ်များကို ကိုင်တွယ်ရန် အကြံပြုချက်များ ရှာဖွေရန်ကြိုးစားသည်။
မြန်မာအခြေအနေ မပြောင်းလဲဘဲ ခိုလှုံသူ တိုးနေသမျှ ကာလပတ်လုံး နယ်စပ်မှ လက်ရှိစနစ်များ မနိုင်မနင်း ဖြစ်မည်ကို ထိုင်းအစိုးရက စိုးရိမ်နေသည်။
မြန်မာနှင့်ပတ်သက်သည့် အရေးအကြီးဆုံးအချက်မှာ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မူဘောင်မှတဆင့် သံတမန်ရေး အဖြေများကိုရှာရန် တွန်းအားပေးမည်ဆိုသည့် အချက်ဖြစ်ကြောင်း မစ္စတာ မာရစ်က ပြောသည်။
မြန်မာနှင့်ပတ်သက်သည့် အရေးအကြီးဆုံးအချက်မှာ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မူဘောင်မှတဆင့် သံတမန်ရေး အဖြေများကိုရှာရန် တွန်းအားပေးမည်ဆိုသည့် အချက်ဖြစ်ကြောင်း မစ္စတာ မာရစ်က ပြောသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာစစ်ကောင်စီ အာဏာသိမ်းပြီးနောက် ထိုင်းနိုင်ငံသည် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရန် အာဆီယံ လုပ်ဖော်ကိုင်ဘက်များနှင့်အတူ တိတ်ဆိတ်သော သံတမန်ရေးလမ်းကြောင်းမှ ကြိုးစားနေသည်။
သို့သော် ဖွေထိုင်းအစိုးရအောက်တွင် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍကို ပိုမိုမြင်သာလာသည်။
လက်ရှိ စစ်မြေပြင်အခြေအနေအရ စစ်ကောင်စီသည် နိုင်ငံကို ၎င်းတို့ ဆက်လက် ထိန်းချုပ်နိုင်ရေးအတွက် ထွက်ပေါက် သေနင်္ဂဗျူဟာများကို စဉ်းစားနေသည်။
ပိုမိုလက်တွေ့ကျသည့် သေနင်္ဂဗျူဟာများအနက် တခုမှာ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အာဆီယံက ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ငါးချက်ကို အပြည့်အဝ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ လက်ရှိအချိန်အထိ စစ်ကောင်စီသည် ထိုဘုံသဘောတူညီချက်များကို အကောင်အထည် မဖော်သေးပေ။
အာဆီယံ နှစ်ပတ်လည် ဝန်ကြီးအဆင့် အစည်းအဝေးကို ဇူလိုင်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ လာအိုနိုင်ငံ၊ ဗီယန်ကျင်းတွင် ကျင်းပမည် ဖြစ်သောကြောင့် စစ်ကောင်စီအနေဖြင့် လာမည့်သီတင်းပတ်များအတွင်း စိတ်ကောင်းစေတနာကောင်း ပြသရန် လွန်စွာအရေးကြီးသည်။
ပြည်သူများကို အကြမ်းဖက်မှု ရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ပဋိပက္ခဒဏ်ခံရသူများအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးတွင် ပိုမို ပူးပေါင်းဆောင်ရွက်ရေးသည် အာဆီယံ၏ တောင်းဆိုမှုများ အခြေခံဖြစ်သည်။ ထိုကိစ္စသည် မြန်မာနှင့် အာဆီယံ ထိတွေ့ဆက်ဆံမှုတွင် အဆုံးအဖြတ်ပေးမည် ဖြစ်သည်။
အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံသည် နောက်ဆုံး၊ လက်ရှိနှင့် နောက်တက်မည့် ဥက္ကဋ္ဌများဖြစ်သည့် အင်ဒိုနီးရှား၊ လာအိုနှင့် မလေးရှားတို့ ပါဝင်သည့် အာဆီယံ သုံးပွင့်ဆိုင် အစည်းအဝေးကို စီစဉ်ထားပြီးဖြစ်သည်။
အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာ အလောင်ကီယို ကစ်တီခွန်သည် ထိုအစည်းအဝေးကို ဇူလိုင်လ ၂၄ ရက်နေ့တွင် ကမကထ ပြုမည်ဖြစ်သည်။
အခြား နှစ်နိုင်ငံသည် အာဆီယံ၏ ငြိမ်းချမ်းရေး အစီအစဉ် တိုးတက်ရေးအတွက် အကြံပေးများအဖြစ် ထမ်းဆောင်ပြီး သို့မဟုတ် တာဝန်တခုခုယူပြီး လက်ရှိဥက္ကဋ္ဌအား မည်သို့ ကူညီနိုင်မည်ကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။
အရေးပါသော ပြဿနာတခုလည်း ဆက်လက်ရှိနေသည်။ ဗီယန်ကျင်းတွင် ကျင်းပမည့် ဝန်ကြီးအဆင့် ညီလာခံသို့ မြန်မာမှ နိုင်ငံရေးနှင့် မသက်ဆိုင်သော ကိုယ်စားလှယ်ကို ဥက္ကဋ္ဌ လာအိုက ဖိတ်ခေါ်မည်လားဆိုသည့် ပြဿနာ ဖြစ်သည်။
လက်ရှိအချိန်တွင် နေပြည်တော်၏ အလျှော့မပေးသည့် သဘောထားကြောင့် ထိုသို့ဖြစ်ဖွယ်မရှိပေ။ ဇန်နဝါရီလကုန်တွင် လာအိုသည် မြန်မာမှ အဆင့်မြင့်ကိုယ်စားလှယ်ကို လောင်ပရာဘွန်သို့ ဖိတ်ခေါ်ခဲ့သည်။
ထိုင်းနိုင်ငံသည် မြန်မာမှ ပဋိပက္ခကြောင့် ထွက်ပြေးလာသည့် ကျေးရွာသားများကို လူသားချင်းစာနာမှု အကူအညီ ဆက်လက် ထောက်ပံ့မည်ဖြစ်ကြောင်း မစ္စတာ မာရစ်က ပြောသည်။ ဧပြီလမှ စတင်ပြီး ထိုင်းနှင့် မြန်မာသည် ထိခိုက်သည့်ကျေးရွာများသို့ လူသားချင်းစာနာမှုပေးရေး နှစ်နိုင်ငံသဘောတူစာချုပ်ကို အကောင်အထည်ဖော်နေသည်။
ပထမဆုံး အကူအညီပေးရေး အစီအစဉ်သည် ဒုတိယအဆင့် ဆက်လက်လုပ်ဆောင်ရန် လုံလောက်သော အကျိုးသက်ရောက်မှုများ ရှိသည်။ ထိုဒုတိယအဆင့်ကို မဲဟောင်ဆောင်ပြည်နယ်၊ မယ့်ဆရီယန်တွင် အချိန်မရွေး စတင်နိုင်သည်။
ထိုအစီအစဉ်သည် ပိုမိုကြီးမားပြီး နယ်ပယ် ပိုမိုကျယ်ပြန့်ကာ အကူအညီရသူ ပိုမိုများပြားနိုင်သည်။ အာဆီယံအသင်းဝင် မဟုတ်သော နိုင်ငံများမှ ထိုစီမံကိန်းတွင် ပါဝင်သည့် သက်ဆိုင်သူများထံမှ ရန်ပုံငွေ ပိုမိုရမည်ဟု မျှော်လင့်ရသည်။ ထိုစီမံကိန်းကို အာဆီယံ လူသားချင်းစာနာမှုနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာ (AHA) က အဓိက စီမံမည်ဖြစ်သည်။
စစ်ကောင်စီက အာဆီယံ၏ အစီအစဉ်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်ပါက လူသားချင်းစာနာမှု အကူအညီ ပိုမိုပေးသင့်သည်။ အခြေအနေက ခွင့်ပြုပါက မြန်မာအတွက် နိုင်ငံတကာ အလှူရှင်များ ညီလာခံတခုလည်း ကျင်းပနိုင်သည်။
စစ်ကောင်စီက အာဆီယံ၏ အစီအစဉ်နှင့် ပိုမိုပူးပေါင်းဆောင်ရွက်ပါက လူသားချင်းစာနာမှု အကူအညီ ပိုမိုပေးသင့်သည်။ အခြေအနေက ခွင့်ပြုပါက မြန်မာအတွက် နိုင်ငံတကာ အလှူရှင်များ ညီလာခံတခုလည်း ကျင်းပနိုင်သည်။
နောက်ဆုံးအချက်မှာ ထိုင်းနိုင်ငံသည် သက်ဆိုင်သူအားလုံးအကြား တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံသည်။ ဖွေထိုင်း ဦးဆောင်သော အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များ အပါအဝင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရေးတွင် ပိုမိုပွင့်လင်းသည်။ ၎င်းတို့သည် ပိုမို အဆက်အသွယ်လုပ်ရန် တောင်းဆိုသော်လည်း ထိုင်းတွင် မကြာခဏ နေထိုင်ကြသည်။
လက်ရှိ အစိုးရအောက်တွင် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုသည် ယခင်အစိုးရလောက် မများပေ။
ဖွေထိုင်းပါတီမှ သြဇာကြီးမားသူ သက်ဆင်ရှင်နာဝပ်က မြန်မာပဋိပက္ခ ရပ်စဲရေးအတွက် သူ့ကို ကြားဝင်စေ့စပ်သူခန့်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းရေး နောက်ဆုံး အားထုတ်မှုသည် ပြက်ရယ်ပြုဖွယ် ဖြစ်ခဲ့သည်။ ထိုသို့ တကိုယ်တော်လုပ်ဆောင်မှုသည် ထိုင်းနိုင်ငံနှင့် အာဆီယံ၏ သံတမန်ရေး အားထုတ်မှုများကို အကြီးအကျယ် ထိခိုက်စေနိုင်သောကြောင့် လမ်းလွဲသွားခြင်း ဖြစ်သည်။
အနာဂတ်တွင် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများသည် နယ်စပ်ရှိ မြန်မာမှ ထိခိုက်သူများအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ဆောင်ရန် ပိုမိုနေရာရလာမည် ဖြစ်သည်။
လတ်တလော မြန်မာနိုင်ငံအတွင်းတွင် အထူးပြု ကုလသမဂ္ဂ အေဂျင်စီများနှင့် ဆာဆာကာဝါ ဖောင်ဒေးရှင်းသည် ထိုသို့သော အကူအညီပေးရန် ခွင့်ပြုချက်ရသည့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) ဖြစ်သည်။ ဆိုင်ကလုန်းနာဂစ် အတွေ့အကြုံနှင့် ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကြောင့် စစ်ကောင်စီသည် နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကို အယုံအကြည် မရှိပေ။
(Bangkok Post ပါ Kavi Chongkittavorn ၏ Thailand recharges Myanmar policy ကို ဘာသာပြန်သည်။ ကဝီ ချောင်ကစ်တာဗွန်သည် ဒေသတွင်းရေးရာ ဝါရင့်သတင်းစာဆရာ ဖြစ်သည်။)
You may also like these stories:
မြန်မာပဋိပက္ခ ဖြေရှင်းရေး ထိပ်တန်းဦးစားပေးဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးသစ် ပြော
မြန်မာပြည်တွင်းစစ်ကြောင့် ထိုင်းအကူအညီ နှောင့်နှေး
မြန်မာငြိမ်းချမ်းရေး ထိုင်းအဆိုပြု အစီအစဉ် လာအိုထောက်ခံ
ငွေတန်ဖိုးပြိုလဲစဉ် ထိုင်းကွန်ဒို ဝယ်သူများနှင့် ပွဲစားများကို စစ်ကောင်စီဖမ်း
မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ကျဆင်း