ပဲခူးမြို့ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် အရှင် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ စီးနင်းလာသည့် မော်တော်ယာဉ်ကို ဇွန်လ ၁၉ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်သုံး ဖော (Faw) ကား ပေါ်မှ ပစ်ခတ်သည့် ကျည်ထိမှန်၍ ပျံလွန်တော်မူသည်။
တံတားဦးလေဆိပ် လုံခြုံရေး တာဝန်ကျ စစ်သားများ လိုက်ပါလာသည့် စစ်တပ်သုံး ဖောကားပေါ်မှ သေနတ်ဖြင့် ၇ ချက်ခန့် ပစ်ခတ်သည့်အတွက် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ကြောင်းကို အတူလိုက်ပါလာသည့် ကန်သုံးဆင့် ဆရာတော်က ဇွန် ၂၀ ရက်တွင် ထုတ်ဖော်မိန့်ကြားလိုက်သည်။
ကန်သုံးဆင့်ဆရာတော်ကြီး ထုတ်ဖော် မပြောကြားခင်အထိ စစ်ကောင်စီက PDF များ ပစ်ခတ်သဖြင့် ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပျံလွန်တော်မူရသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ဖုံးဖိ၍ မရသည့်အဆုံး စစ်ကောင်စီက ဝင်းနိမ္မိတာရုံကျောင်းသို့ သွားရောက် တောင်းပန်ခဲ့သည်။ တောင်းပန်ရာတွင်လည်း သူတို့ အမှားလုပ်ခဲ့ခြင်း မဟုတ်သလို ရေးသားထားသည်ကို တွေ့ရသည်။ စစ်ကောင်စီအနေဖြင့် ဤဖြစ်စဉ်တွင် တကယ်ပဲ အမှား မလုပ်ခဲ့သည်လား ဆိုသည်ကို လေ့လာကြည့်ပါမည်။
ဖြစ်စဉ်အား အသေးစိတ် လေ့လာကြည့်သည့်အခါ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးသည် မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသနှင့်အတူ ဇွန်လ ၂၀ ရက်နေ့တွင် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင် နိကာယဗဟိုဌာန) ၌ ပြုလုပ်မည့် ရွှေကျင်နိကာယ ဗဟိုဌာန၏ အစည်းအဝေးသို့ တက်ရောက်ရန် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်ခဲ့ကြောင်း သိရသည်။
တံတားဦးလေဆိပ်သို့ ရောက်ရှိပြီး ကန်သုံးဆင့်ဆရာတော်၏ ဇာတိဖြစ်သော တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာသို့ ကားဖြင့် သွားရောက်စဉ် မြို့သာနှင့် ပန်းချီကမ္မရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တားသည်ကို ရပ်တန့် မပေးဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်သည် အခင်းဖြစ်ရာ နေရာတွင် ပျံလွန်တော်မူခဲ့ပြီး ကန်သုံးဆင့်ဆရာတော်နှင့် ကားသမားတို့ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်သည်။
ဖုံးဖိ၍ မရသည့်အဆုံး စစ်ကောင်စီက ဝင်းနိမ္မိတာရုံကျောင်းသို့ သွားရောက် တောင်းပန်ခဲ့သည်။ တောင်းပန်ရာတွင်လည်း သူတို့ အမှားလုပ်ခဲ့ခြင်း မဟုတ်သလို ရေးသားထားသည်ကို တွေ့ရသည်။
တံတားဦးလေဆိပ်နှင့် ဖြစ်စဉ်ဖြစ်ပွားရာ နေရာကြားတွင် စစ်ဆေးရေးဂိတ်များရှိသည်။
စစ်ဆေးရေးဂိတ်များသည် တခုနှင့်တခု အမြဲဆက်သွယ်မှု ရှိနေသလို အထက်က တပ်နယ်မှူးရုံး၊ စစ်ဗျူဟာမှူးရုံးများသို့ ယာဉ်ဖြတ်သန်းမှု အခြေအနေများအား အချိန်နှင့်တပြေးညီ တင်ပြနေရမည် ဖြစ်သည်။
ထိုဂိတ်များမှဖြစ်စေ၊ အထက်က တပ်နယ်မှူးရုံးမှဖြစ်စေ ဆရာတော်ကြီး၏ ယာဉ်ဖြတ်သန်းမှု အခြေအနေသည် Faw ကားပေါ်မှ စစ်သားအဖွဲ့ထံ တနည်းမဟုတ်တနည်း ရောက်ရှိနိုင်သည်။ သို့သော် ထိုကဲ့သို့ သတင်းရနိုင်သည့် အနေအထားဖြစ်သည့်တိုင်အောင် ကနဦး သတင်းထုတ်ပြန်ချက်မှာ PDF က ပစ်သည်ဟု ဘာကြောင့် ကွဲလွဲရပါသနည်း။ လေ့လာကြည့်ရအောင်ပါ။
(ငါးဇွန်ဘက်က တော်လှန်ရေး အင်အားစုများကလည်း အဆိုပါနေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သတင်းထုတ်ပြန်ထားသေးသည်။)
ဆရာတော်ကြီး စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်မောင်းမှာ မောင်းနေကျ မဟုတ်၍ ကားမောင်း မကျွမ်းကျင် မပါးနပ်လို့ ဆိုပါကလည်း သေအောင်တော့ ကားတည့်တည့်ကို သေနတ်ဖြင့် ပစ်စရာ မလိုပေ။
ယာဉ်အား မသင်္ကာသည့်တိုင် လူကိုသေစေသည်အထိ ကားအတွင်း တိုက်ရိုက် ပစ်ခတ်စရာ မလိုပေ။ အဓိကရုဏ်းများကို နှိမ်နင်းသည့်အခါ သုံးသည့် နည်းအရ ဆိုလျှင် မသင်္ကာသည့်လူ သို့မဟုတ် ယာဉ်အား ရပ်တန့်ရန် ပထမဦးစွာ အော်ဟစ် သတိပေးတားမြစ်ရမည်။
အသံမကြား၍ဖြစ်စေ၊ ရပ်တန့်ခြင်း မပြု၍ဖြစ်စေ ရပ်တန့်ရန်အတွက် ထပ်မံ သတိပေးခြောက်လှန့်သည့်ပုံစံဖြင့် မိုးပေါ်ထောင်၍ ပစ်ရမည်။
ဆရာတော်ကြီး စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်မောင်းမှာ မောင်းနေကျ မဟုတ်၍ ကားမောင်း မကျွမ်းကျင် မပါးနပ်လို့ ဆိုပါကလည်း သေအောင်တော့ ကားတည့်တည့်ကို သေနတ်ဖြင့် ပစ်စရာ မလိုပေ။
ထိုသို့ လုပ်ဆောင်သည့်တိုင် ရပ်တန့်ခြင်းမပြုပါက ခါးအောက်ပိုင်း ခြေထောက်နှင့် ယာဉ်ဖြစ်ပါက ယာဉ်၏ဘီးအား ပစ်ဖောက်၍ ရပ်တန့်စေခြင်းမျိုး ဆောင်ရွက်လျှင် ရသည်။ ယခုက ထိုနည်းများအတိုင်း မသုံးဘဲ ရည်ရွယ်ချက်ရှိရှိ ကားအတွင်း တိုက်ရိုက် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။ ရည်ရွယ်ချက် မရှိပါဟု ပြော၍မရနိုင်တော့ပေ။ ဒါကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မှားခဲ့သည်ကို ထင်ရှားစွာ တွေ့ရမည် ဖြစ်သည်။
ဒုတိယ အချက်အနေဖြင့် ဖြစ်စဉ်သည် နံနက် ၁၀ နာရီခွဲက ဖြစ်ခဲ့သည့်ဖြစ်စဉ် ဖြစ်သော်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ချက်ချင်း ဆေးကုသ မပေးဘဲ ပါလာသည့် ဖုန်းများကို သိမ်းကြောင်း၊ အတူပါလာသူများကို ယာဉ်နား မကပ်ရန် ပြောကြောင်း၊ ညနေ ၄ နာရီ၊ ၅ နာရီခန့်မှသာ ဆရာတော်၏ ဇာတိရွာမှ ဒကာ၏ ကားများဖြင့် တံတားဦးဆေးရုံသို့ သွားရကြောင်း ကန်သုံးဆင့်ဆရာတော်၏ မိန့်ဆိုချက်တွင် ပါရှိသည်။

တံတားဦးဆေးရုံတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကန်သုံးဆင့်ဆရာတော်နှင့် ယာဉ်မောင်းအား အကြိမ်ကြိမ် စစ်ဆေးခဲ့သလို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေး နန်းတွင်းသို့ပင့်၍ ထပ်မံ စစ်ဆေး မေးမြန်းခြင်းများ လုပ်ဆောင်ကြောင်းနှင့် ဦးခေါင်းဒဏ်ရာကို သုံးချက် ချုပ်ပေးခဲ့ကြောင်း ဆရာတော်က မိန့်ဆိုထားသည်။
ထို့ကြောင့် အောက်ခြေက အမှန်အတိုင်း မတင်ပြခဲ့ကြသဖြင့် အပေါ်က မသိတာဟုဆိုခြင်းက မဖြစ်နိုင်ပေ။ ဖြစ်စဉ်ဖြစ်ပြီးဆိုပါက မြေပြင်အဖွဲ့တွင် လိုက်ပါလာသည့် ခေါင်းဆောင် အရင်သိပါမည်။ ထို့နောက် မြေပြင်အဖွဲ့ကို ကွပ်ကဲရသည့် တပ်နယ်မှူးကို သတင်းပို့ရသည်။
တပ်နယ်မှူးက တာဝန်ခံ စစ်ဗျူဟာမှူး (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) ထံ သတင်းပို့ရသည်။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးကတဆင့် ကစထမှူးနှင့် ကကကြည်း စစ်ရုံးတို့ကို သတင်းပို့ တင်ပြရသည်။ စစ်ရုံးက စစ်ဦးစီးဗိုလ်မှူးချုပ်မှ ဒုတပ်ချုပ်နှင့် တပ်ချုပ်ထံ တင်ပြပြီး ညွှန်ကြားချက် နာခံရသည်။
ထို့ကြောင့် ဖြစ်စဉ်ဖြစ်သည့် ညနေတွင် မန္တလေးတိုင်း စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် သီတဂူဆရာတော်တို့ တွေ့ဆုံခြင်းသည် စစ်ရုံး၏ ညွှန်ကြားချက် ဖြစ်သည်။ နောက်တရက်တွင် သီတဂူဆရာတော်သည် ပဲခူးကို ကြွကာ သံဃာတော်များအား အုံကြွမှု မဖြစ်စေရန် သည်းခံကြပါဟု ရွှေပြည်အေးတရား ဟောရခြင်း ဖြစ်နိုင်ပါသည်။ ကန်သုံးဆင့်ဆရာတော်သည်လည်း ပါးပါးနပ်နပ် ဖြေဆိုနိုင်ခဲ့လို့သာ ဖြစ်စဉ်မှန်ကို သံဃာထုနှင့်ပြည်သူတို့ သိခွင့်ရခြင်း ဖြစ်သည်။
အောက်ခြေက အမှန်အတိုင်း မတင်ပြခဲ့ကြသဖြင့် အပေါ်က မသိတာဟုဆိုခြင်းက မဖြစ်နိုင်ပေ။ ဖြစ်စဉ်ဖြစ်ပြီးဆိုပါက မြေပြင်အဖွဲ့တွင် လိုက်ပါလာသည့် ခေါင်းဆောင် အရင်သိပါမည်။ ထို့နောက် မြေပြင်အဖွဲ့ကို ကွပ်ကဲရသည့် တပ်နယ်မှူးကို သတင်းပို့ရသည်။
သုံးသပ်ရပါက အမှန်အတိုင်း သိထားသည့်တိုင် ဖြစ်စဉ်ကို လိမ်လည်ပြီး ဝါဒဖြန့်ရန် ကြိုးစားသည်။ ဖြစ်စဉ်အမှန်ကို သိလျက်နှင့် ဖုံးကွယ်ရန် ဆောင်ရွက်ခြင်းက စစ်ကောင်စီ၏ ကျူးလွန်သော ဒုတိယ အမှားတခု ဖြစ်သည်။
စစ်ကောင်စီဥက္ကဋ္ဌ၏ တောင်းပန်စာအား သာသနာရေးဝန်ကြီးက ဖတ်ကြားရာတွင် အရှိန်ပြင်းစွာ မောင်းလာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လုံခြုံရေးအရ စစ်ဆေးရန်နှင့် မှန်ချမောင်းနှင်ရန်၊ ရပ်တန့်ရန် တားဆီးဆောင်ရွက်ခဲ့ကြပါသော်လည်း ဆက်လက် မောင်းနှင်သွားခြင်းကြောင့် ပစ်ခတ်ရသည်ဟု ရေးသားထားသည်။

သို့သော် မသင်္ကာသော ယာဉ်တစီးအား ရပ်တန့်ရန် လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက မလုပ်ဆောင်ခဲ့သည်ကို ဖုံးကွယ်ကာ ပစ်ခတ်သူမှာ အပြစ်မရှိသည့်ပုံစံ လျှောက်ထားသည်ကို တွေ့ရပါသည်။ မသင်္ကာရုံနှင့် သေလောက်အောင် ပစ်ခတ်ခြင်းသည် အမှားကို ကျူးလွန်ခြင်းဖြစ်သည်။
သီလ သမာဓိ ပညာရှိသော ဆရာတော်က အမှန်အတိုင်းရှင်းပြတော့မှ လက်အောက်က အမှန်အတိုင်း မတင်ပြလို့ဟုဆိုကာ ဖြစ်စဉ်အား စိစစ်ပါမည်ဟုဆိုသည်။ PDF ကို ဗီလိန်ဇာတ်သွင်းရန် စီစဉ်သော စစ်ကောင်စီအနေဖြင့် ကိုယ့်ဇာတ်ကိုမနိုင်သည့်အဆုံး ဗီလိန်လုံးလုံး ဖြစ်သွားရတော့သည်။
သီလ သမာဓိ ပညာရှိသော ဆရာတော်က အမှန်အတိုင်းရှင်းပြတော့မှ လက်အောက်က အမှန်အတိုင်း မတင်ပြလို့ဟုဆိုကာ ဖြစ်စဉ်အား စိစစ်ပါမည်ဟုဆိုသည်။ PDF ကို ဗီလိန်ဇာတ်သွင်းရန် စီစဉ်သော စစ်ကောင်စီအနေဖြင့် ကိုယ့်ဇာတ်ကိုမနိုင်သည့်အဆုံး ဗီလိန်လုံးလုံး ဖြစ်သွားရတော့သည်။
သံဃာကိုသတ်ပြီးမှ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောနေသေး၏။
(စွယ်တော်သည် CDM စစ်သည်တဦး ဖြစ်သည်။)
You may also like these stories:
ဝင်းနိမ္မိတာရုံ ဆရာတော် အသတ်ခံရမှု မဟနတို့ နှုတ်ဆိတ်နေဟု သံဃာများ ဝေဖန်
တရားခံဟာ စစ်တပ်မဟုတ်ရင် သီတဂူဆရာတော် ဘာမိန့်မလဲ (ရုပ်/သံ)
ကန်သုံးဆင့်ဆရာတော် ထွက်ဆိုချက် မြေပြင်နှင့် ကွဲလွဲဟု စစ်ကောင်စီပြော
နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ
ဝင်းနိမ္မိတာဆရာတော်အား စစ်တပ် ပစ်ခတ်ဟု အတူလိုက်ပါသည့် ဆရာတော် မိန့်
စစ်တပ်က ပစ်ခဲ့ကြောင်း အာဏာသိမ်းခေါင်းဆောင် ဝန်ခံ (ရုပ်/သံ)