ကရင်နီနှင့် ချင်းပြည်နယ်သည် လူဦးရေအရ မတိမ်းမယိမ်းရှိသော ပြည်နယ်နှစ်ခု ဖြစ်သည်။ ကရင်နီက ဖယ်ခုံ၊ မိုးဗြဲနှင့်ပါဆိုလျှင် လူဦးရေ ၄ သိန်းခန့်ရှိပြီး ချင်းက လူဦးရေ ၅ သိန်းခန့်ရှိ၏။ ချင်းပြည်နယ်က ကရင်နီထက် သုံးဆခန့် ကျယ်သော်လည်း တောတောင် ပိုမိုထူထပ်သည်။ ကရင်နီတွင် မျိုးနွယ်စု ၇ ခု ရှိပြီး ချင်းက မျိုးနွယ်စု ၅၃ စုရှိသည်ဟု ဆိုပါသည်။
ကရင်နီနှင့်ချင်း တူသည်က အမျိုးသားနိုင်ငံရေးသည် ၎င်းတို့၏ မျိုးနွယ်စု ကိုယ်ပိုင်လက္ခဏာနှင့်ပါ သက်ဆိုင်နေသည်။ ထိုမျိုးနွယ်စုများ အားကောင်းမှုကို ၎င်းတို့နိုင်ငံရေးကိုယ်စားပြုမှုတွင် တွေ့မြင်ကြရ၏။
ကရင်နီ နိုင်ငံရေးနှင့် စစ်ရေး
သို့ဖြစ်ရာ ကရင်နီနှင့် ချင်းတွင် မျိုးနွယ်စုအလိုက်သာမက မတူသော နိုင်ငံရေးအမြင်များကြောင့်ပါ ကရင်နီကိုယ်စားပြု လက်နက်ကိုင် အဖွဲ့အစည်းများကို တွေ့ရ၏။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် အစောဆုံး ပေါ်ပေါက်လာသည့် ကရင်နီ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်သည်။ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ကမူ KNPP မှ ၁၉၇၈ ခုနှစ်ခန့်တွင် KNPP မှ ခွဲထွက်ခဲ့သည့်အဖွဲ့ ဖြစ်၏။ ကယန်းပြည်သစ်ပါတီသည် ကယန်းအမျိုးသားရေး ကြွေးကြော်သံနှင့် ၁၉၆၄ ခုနှစ်တွင် သီးခြား ပေါ်ပေါက်လာသည့် အဖွဲ့ဖြစ်၏။
KNPP သည် ကရင်နီတွင် သက်တမ်းအရင့်ဆုံး အဖွဲ့အစည်းဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်တွင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပေ။ KNPP သည် စစ်အင်အား နည်းသော်လည်း တိုက်ရည်ခိုက်ရည်ရှိပြီး ရပ်တည်နိုင်ခဲ့သည့် အဖွဲ့အစည်းဖြစ်၏။ ၂၀၀၉ ခုနှစ်တွင် ကလလတသည် နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ကယန်းပြည်သစ်ပါတီသည်လည်း ပြည်သူ့စစ် (ပသစ) အဖြစ် သတ်မှတ်ပြောင်းလဲ ဖွဲ့စည်းခဲ့ရသည်။
၂၀၂၁ စစ်တပ် အာဏာသိမ်းသောအခါ ကရင်နီ လူငယ်များသည် KNPP ၏ အကူအညီဖြင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကို ဖွဲ့စည်းခဲ့ကြ၏။ ကလလတနှင့် ကယန်းပြည်သစ်သည် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် ဖြစ်နေကြသော်လည်း KNPP နှင့် KNDF ကို တိုက်ခိုက်ခြင်း မပြုဘဲ အကူအညီပေးခဲ့ကြသည်ဟု သိရ၏။
၂၀၂၁ စစ်တပ် အာဏာသိမ်းသောအခါ ကရင်နီ လူငယ်များသည် KNPP ၏ အကူအညီဖြင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကို ဖွဲ့စည်းခဲ့ကြ၏။ ကလလတနှင့် ကယန်းပြည်သစ်သည် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ် ဖြစ်နေကြသော်လည်း KNPP နှင့် KNDF ကို တိုက်ခိုက်ခြင်း မပြုဘဲ အကူအညီပေးခဲ့ကြသည်ဟု သိရ၏။

သို့ဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီတွင် KNDF ပေါ်ပေါက်လာသကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) အားကောင်းခဲ့သော မြို့နယ်များတွင် PDF တပ်ရင်း ၁၀ ရင်းခန့် ပေါ်ပေါက်လာသည်ကို တွေ့ရ၏။ အခြားအမည်နှင့် အင်အားစုအချို့လည်း ပေါ်ပေါက်ခဲ့သည်။ ကရင်နီတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ / ကရင်နီတပ်မတော် (KNPP/KA) တခုတည်း ရှိရမည်ဟု KNPP က မကြွေးကြော်ခဲ့ပေ။
ဤသို့သော အခြေအနေတွင် ကရင်နီ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်အမတ်များ၊ အရပ်ဖက်အဖွဲ့အစည်းများ စသည့် စစ်ကောင်စီကို တော်လှန်သည့် အင်အားစုများသည် ကရင်နီပြည် အတိုင်ပင်ခံကောင်စီတွင် စုစည်းခဲ့ကြသည်။ ထို့နောက် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းခဲ့ကြသည်။
နယ်ခြားစောင့်တပ်အဖြစ်မှ စစ်ကောင်စီကို ပြန်လည်တော်လှန်သည့် ကလလတ သည်လည်းကောင်း၊ ပသစ မှ ပြန်လည်တော်လှန်သည့် ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့သည်လည်းကောင်း ကရင်နီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ စစ်ကောင်စီက ပြည်သူ့စစ် သတ်မှတ်ထားသည့် ကယန်းပြည်သစ်ကဲ့သို့ ယခုတိုင် ကြားနေသည်ဟု ဆိုရမည့်အဖွဲ့နှင့်လည်း ပြဿနာ မဖြစ်ခဲ့ကြပေ။
ကရင်နီတွင် ကွဲပြားသောအဖွဲ့များသည် နိုင်ငံရေးအရ တန်းတူရည်တူ စုစည်းပြီး စစ်ရေးအရ ပူးပေါင်းတိုက်ပွဲဝင်ကြသည်ကို တွေ့ရ၏။ ကချင်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှအပ အခြား လက်နက်ကိုင်အဖွဲ့အစည်း မရှိရ၊ ရခိုင်တွင် အာရက္ခတပ်တော် (AA) မှလွဲ၍ အခြားအဖွဲ့အစည်း မရှိရဟု သတ်မှတ်ထားသည့် ပြည်နယ်များနှင့် ကွဲပြားသည်။
ကချင်နှင့် ရခိုင်သည် သူနှင့်သင့်လျော်သည့်ပုံစံကို ရွေးသည်ဆိုပါက ကရင်နီသည်လည်း သူနှင့်သင့်လျော်သည့်ပုံစံကို ရွေးချယ်ခြင်း ဖြစ်၏။
ကရင်နီတွင် KNPP, KNDF, ကလလတ, PDF ဟူ၍ လက်နက်ကိုင်တပ်ဖွဲ့ အနည်းဆုံးလေးခုရှိပြီး အတူတကွ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေကြ၏။ ကရင်နီ ကြားကာလအစိုးရအောက်တွင် အုပ်ချုပ်ရေးနယ်မြေများကိုလည်း အပြန်အလှန် အသိမှတ်ပြု ပူးပေါင်းတည်ဆောက်ထားသည်။ ကရင်နီသည် ဖက်ဒရယ်ထဲက ဖက်ဒရယ်ပုံစံ ဖြစ်၏။
ကရင်နီတွင် KNPP, KNDF, ကလလတ, PDF ဟူ၍ လက်နက်ကိုင်တပ်ဖွဲ့ အနည်းဆုံးလေးခုရှိပြီး အတူတကွ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နေကြ၏။ ကရင်နီ ကြားကာလအစိုးရအောက်တွင် အုပ်ချုပ်ရေးနယ်မြေများကိုလည်း အပြန်အလှန် အသိမှတ်ပြု ပူးပေါင်းတည်ဆောက်ထားသည်။ ကရင်နီသည် ဖက်ဒရယ်ထဲက ဖက်ဒရယ်ပုံစံ ဖြစ်၏။ မတူကွဲပြားသော အဖွဲ့များ ပဋိပက္ခမဖြစ်ဘဲ ပေါင်းစည်းနိုင်သည့် ပုံစံဖြစ်၏။ မတူကွဲပြားမှုရှိသော အဖွဲ့အစည်းအချင်းချင်း ပဋိပက္ခမဖြစ်ပွားဘဲ အာဏာခွဲဝေသည့်ပုံစံနှင့် စုပေါင်း၍ စစ်ကောင်စီကို ဦးတည် တိုက်ခိုက်နိုင်သောပုံစံ ဖြစ်၏။
ချင်းပြည်နယ် နိုင်ငံရေးနှင့် စစ်ရေး
ချင်းပြည်နယ်တွင် မျိုးနွယ်စု ၅၃ စု ရှိသည်ဟု ဆိုကြသည်။ အချို့က ထိုအရေအတွက်ထက် နည်းနိုင်သည်ဟု ဆိုကြသည်။ မျိုးနွယ်စုများ ကွဲပြားသကဲ့သို့ ဘာသာစကားလည်း ကွဲပြားမှုရှိကြသည်။ ချင်းပြည် (Chinland) ဟူသော ဝေါဟာရကိုပင် ဇိုမီးတို့က လက်ခံခြင်း၊ သုံးနှုန်းခြင်း မပြုဘဲ Zoland ဟုသာ သုံးစွဲသည်ကိုလည်း တွေ့ရသည်။
ချင်းအမျိုးသားတပ်ဦး (CNF) သည် ၁၉၈၈ ခုနှစ်ကတည်းက စဖွဲ့သည့်အဖွဲ့ဖြစ်၍ ချင်းလက်နက်ကိုင် အဖွဲ့များတွင် ဝါရင့်အဖွဲ့ဖြစ်သည်။ CNF အဖွဲ့သည် လက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ရပ်တည်ခြင်း၊ လက်နက်ကိုင်တိုက်ခိုက်ရန် ပြင်ဆင်လေ့ကျင့်စုဖွဲ့ခြင်း၊ လှုံ့ဆော်ခြင်းများ ပြုလုပ်ခဲ့သည့် အဖွဲ့ဖြစ်သော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းသည်အထိ လက်နက်ကိုင်အင်အား များများစားစား မရှိသည့်အပြင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းသည်အထိ လက်နက်ကိုင်တိုက်ပွဲ ကြီးကြီးမားမား ရှိခဲ့သည်ကို မတွေ့ရပေ။
တကယ်တမ်း ချင်းလက်နက်ကိုင် တော်လှန်ပုန်ကန်မှုများ ချင်းပြည်နယ်အနှံ့ ပေါ်ပေါက်လာခြင်းသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှ ဖြစ်သည်။ နွေဦးတော်လှန်ရေးတွင် ချင်းပြည်နယ်၌ မြို့နယ်အလိုက်၊ မျိုးနွယ်စုအလိုက် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ အဖွဲ့ ၂၀ ကျော် ပေါ်ပေါက်လာခဲ့သည်။
အစောပိုင်းက ချင်းပြည်နယ်တွင်လည်း ကြားကာလအတိုင်ပင်ခံကောင်စီ (ICNCC) ဖွဲ့စည်းခြင်း၊ စစ်ရေးပူးပေါင်းဆောင်ရွက်ရန် ချင်းပြည်ကာကွယ်ရေးပူးတွဲကော်မတီ (CJDC) ဖွဲ့စည်းခြင်းများ ပြုလုပ်ခဲ့၏။ CJDC တွင် ချင်းလက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့အထိ ပါဝင်ခဲ့သည်ကို တွေ့ရ၏။ ချင်းပြည်နယ် အစောပိုင်းကာလသည် ကရင်နီကဲ့သို့ပင် မတူသည့်အဖွဲ့အစည်းများ စုစည်းရာတွင် ကျယ်ပြန့်သော တပ်ပေါင်းစု မူဝါဒရှိခဲ့၏။
သို့သော်လည်း ချင်းအမျိုးသားတပ်မတော် (CNA) သို့ CDF များ ဝင်ရောက်ပါက အမိန့်တခုတည်းအောက်တွင် တော်လှန်ရေး ပိုမိုထိရောက်မည်ဟု CNF ခေါင်းဆောင်ပိုင်းက စဉ်းစားသည်ကို ၂၀၂၂ နှစ်ကုန်ပိုင်းတွင် စတင်တွေ့ရ၏။ တသွေးတသံတမိန့်သည် အဖွဲ့အစည်းကို ပိုမိုကျစ်လစ်စေပြီး စစ်ရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ပိုမိုလွယ်ကူသည်ဟူသည့် ကြည့်မြင်မှုများ၊ စဉ်းစားမှုများမှ လာသည်ဟု ဆိုရမည်။
၂၀၂၃ နှစ်ကုန်ပိုင်းတွင် CNF ဦးဆောင်၍ ချင်းပြည်နယ်ကောင်စီ ဖွဲ့စည်းပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ချင်းပြည်နယ်အစိုးရကို ဖွဲ့စည်းခဲ့၏။ ကြားကာလအတိုင်ပင်ခံကောင်စီမှ CNF နှင့် ချင်းကောင်စီ ထွက်သွားပြီး CJDC အခန်းကဏ္ဍလည်း ပျောက်သွား၏။ CNF အဖို့ဆိုလျှင် ချင်းပြည်အတွက် တစုတစည်းတည်း အဖွဲ့အစည်းနှင့် ခေါင်းဆောင်မှု ဖွဲ့စည်းလိုက်ပြီဟု ယူဆကြပုံရသည်။
သို့သော် ထိုသို့ ချင်းကောင်စီဖွဲ့သည်ကို သို့မဟုတ် ဗဟိုချုပ်ကိုင်သည့်စနစ်ကို လက်မခံသည့်၊ သဘောမတူသည့် အဖွဲ့များလည်း ရှိသည်။
သို့သော် ထိုသို့ ချင်းကောင်စီဖွဲ့သည်ကို သို့မဟုတ် ဗဟိုချုပ်ကိုင်သည့်စနစ်ကို လက်မခံသည့်၊ သဘောမတူသည့် အဖွဲ့များလည်း ရှိသည်။ ထိုအဖွဲ့များဖြစ်ကြသည့် ဇိုမီး ဖက်ဒရယ်အစည်းအရုံး (ZFU/PDF) Zoland, ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ချင်းအမျိုးသားကောင်စီ – မင်းတပ် (CNC – Mindat)၊ CDF -မင်းတပ် တို့က ချင်းအမျိုးသားရေး၊ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ရန် ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းကြောင်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့၏။

CDF-မတူပီ တပ်မဟာ ၁ သည်လည်း ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့၏။ ထိုထုတ်ပြန်ချက်အရ ချင်းညီနောင်အဖွဲ့တွင် ZFU/PDF, CNO/CNDF, CNC-မင်းတပ်/CDF, CDF – မတူပီ တပ်မဟာ ၁ အပြင် မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် ဟူ၍အဖွဲ့ ခြောက်ဖွဲ့ပါဝင်သည်။
ထိုအဖွဲ့များက ချင်းပြည်နယ် ကြားကာလအတိုင်ပင်ခံကောင်စီ ICNCC ကို ဆက်လက်ထားပြီး ၎င်းတို့အဖွဲ့များအား ချင်းညီနောင်ဟု ဖွဲ့စည်းခဲ့သည်။ ချင်းပြည်နယ် လက်နက်ကိုင်တော်လှန်ရေးတွင် ချင်းကောင်စီ/ချင်းပြည်နယ်အစိုးရ (CC/CG) နှင့် ချင်းပြည်နယ် ကြားကာလအတိုင်ပင်ခံကောင်စီ/ချင်းညီနောင် (ICNCC/CB) ဟူသည့် စင်ပြိုင်အဖွဲ့အစည်းနှစ်ခု ပေါ်ပေါက်လာသည်။
သို့ဖြစ်ရာ ယေဘုယျအားဖြင့် CJDC တွင်ပါဝင်သည့် ၁၈ ဖွဲ့မှ ၁၂ ဖွဲ့မှာ CC/CG တွင်ပါပြီး ငါးဖွဲ့မှာ ICNCC/CB တွင် ပါဝင်သည်ဟု ဆိုရမည်။
မတူပီကမူ နှစ်ခြမ်းကွဲသွားသည်။ ကလေး၊ ကဘော်ဒေသတွင် လှုပ်ရှားသည့် CDF/KKG နှင့် CDF/Siyin မပါပါက ချင်းတောင်တန်းပေါ်မှ ၁၀ ဖွဲ့သည် CC/CG တွင် ပါဝင်သည်ကို တွေ့ရသည်။ ထို့ပြင် ၂၀၂၀ လွှတ်တော် ကိုယ်စားလှယ်များသည်လည်း CC/CG တွင် ပါဝင်သွားကြ၏။
နယ်မြေအရ CC/CG လွှမ်းမိုးရာ နယ်မြေတွင် ဟားခါးမြို့နယ်ရှိ ဆူရ်ခွားမြို့၊ ထန်တလန်မြို့နယ်ရှိ နှာဟရိန်မြို့၊ တွန်းဇံမြို့နှင့် ကျီးခါးမြို့၊ ဖလမ်းမြို့နယ်ထဲမှ ရိဒ်ခေါရ်ဒါ၊ ဝေဘူလမြို့၊ မတူပီမြို့နယ်ထဲမှ ရေဇွာ၊ လိုင်လင်းပီမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထား၏။ ဟားခါး၊ ထန်တလန်တို့က CC/CG လှုပ်ရှားနယ်မြေဖြစ်၏။
ICNCC/CB လွှမ်းမိုးရာနယ်မြေတွင် ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့၊ မင်းတပ်မြို့နယ်ရှိ မကွီအိမ်နူးမြို့နှင့် မတူပီမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထား၏။ တီးတိန်၊ ခိုင်ကမ်း၊ မင်းတပ်နှင့် ဖလမ်းမြို့တို့က ချင်းညီနောင်အဖွဲ့တို့၏ လှုပ်ရှားနယ်မြေဖြစ်၏။
သို့ဖြစ်ရာ ထိုနှစ်ဖွဲ့ကြား အင်အားနှင့် ထိန်းချုပ်နယ်မြေ အချိုးအစားကို ကြည့်ရှုပါက CC/CG က ICNCC/CB ထက် အနည်းငယ် ပိုများသည်ဟု ဆိုနိုင်သည်။ ချင်းပြည်နယ်မြောက်ပိုင်းတွင် တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့အား ICNCC/CB က လွှမ်းမိုးထားပြီး ကျန်နယ်မြေများအများစုကို CC/CG က လွှမ်းမိုးထား၏။ ချင်းတောင်ပိုင်းတွင် မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မတူပီမြို့တို့အား ICNCC/CB က လွှမ်းမိုးထားပြီး မတူပီမြို့နယ်အတွင်းရှိ လိုင်လင်းပီနှင့် ရေဇွာအား CC/CG က ထိန်းချုပ်ထား၏။
ချင်းနှစ်ဖွဲ့ကြားအဓိက ပြဿနာ
၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်း ဖြစ်ပွားသည့် မတူပီတိုက်ပွဲကာလတွင် ချင်းနှစ်ဖွဲ့ကြား အပြန်အလှန် တိုက်ခိုက်ကြသည်အထိ စိတ်မသက်သာဖွယ်ရာဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ မတူပီမြို့ရှိ စစ်တပ်ဗျူဟာနှင့် တပ်ရင်းနှစ်ရင်းကို သိမ်းပိုက်ပြီးသော်လည်း ချင်းနှစ်ဖွဲ့ကြား တိုက်ပွဲများ မရပ်တန့်နိုင်သေးပေ။ ကျင်ဒွေးနှင့် မတူပီတိုက်ပွဲများတွင် ချင်းညီနောင်နှင့်အတူ ပါဝင်တိုက်ခိုက်သည့် AA နှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေသော်လည်း အဓိကပြဿနာမှာ ထိုပြဿနာမဟုတ်ပေ။
အဓိကပြဿနာမှာ ချင်းတော်လှန်ရေး အင်အားစုများကိုလည်းကောင်း၊ ချင်းပြည်နယ်ကိုလည်းကောင်း မည်သို့ စုစည်းမည်ဆိုသည့်အချက်တွင် အဓိက ကွဲလွဲခြင်းဖြစ်၏။ ပြည်မ၏ ဗဟိုချုပ်ကိုင်မှု တပြည်ထောင်စနစ်ကို ဆန့်ကျင်ကြသည့် တိုင်းရင်းသားတပ်ဖွဲ့ အများစုသည် မိမိပြည်နယ်၊ မိမိဒေသတွင် ဗဟိုချုပ်ကိုင်မှု စနစ်ထူထောင်ရန် ပြန်လည်ကြိုးစားကြ၏။
ဤသည်မှာလည်း အကြောင်းမဲ့ ဖြစ်ပေါ်လာသည် မဟုတ်ပေ။ တစုစည်းတည်း ခေါင်းဆောင်မှုရှိမှ အင်အားတောင့်တင်းပြီး စစ်ကောင်စီကို အနိုင်တိုက်နိုင်မည်ဟူသည့် အယူအဆမှ လာခြင်းဖြစ်၏။
ပြဿနာမှာ အာဏာကို ဗဟို၌ စုစည်းခြင်းနှင့် စုပေါင်းခေါင်းဆောင်ခြင်း၊ အာဏာခွဲဝေခြင်းတို့ကြား ပြဿနာဖြစ်သည်။ လက်ရှိ ကရင်နီတွင်လည်း စုပေါင်းခေါင်းဆောင်မှုနှင့် အာဏာခွဲဝေမှုကို ကျင့်သုံးနေ၏။ သို့ဖြစ်ရာ ယခုအထိ ကရင်နီတော်လှန်ရေးအင်အားစုများ ကြီးကြီးမားမား ပြဿနာပေါ်ပေါက်သည်ကို မတွေ့ရပေ။ ပြောရလျှင် ပြည်မဗဟိုအစိုးရထံမှ ဖက်ဒရယ်ရယူလိုသည့် ကရင်နီသည် သူ၏ ပြည်နယ်တွင်းတွင်လည်း ဖက်ဒရယ်စနစ်၊ အာဏာခွဲဝေသည့်စနစ် ကျင့်သုံးသည်ဟုဆိုရမည်။
ချင်းပြည်နယ် နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေးအင်အားစုများအတွက် ကရင်နီပုံစံသည် စဉ်းစားဖွယ်ရာဖြစ်၏။ ကရင်နီတွင် ကြားကာလ အတိုင်ပင်ခံကောင်စီမှာ ကြားကာလ ကရင်နီအစိုးရသို့ ကူးပြောင်းခဲ့သော်လည်း တစုံတရာ ပဋိပက္ခဖြစ်ပွားခြင်းမရှိပေ။ ချင်းပြည်နယ်၏ အစအဖွင့်သည် ကရင်နီနှင့်အတူ ဖြစ်ခဲ့သော်လည်း ဗဟိုချုပ်ကိုင်မှုပုံစံသို့ ပြောင်းသွားပြီးနောက် ချင်းပြည်တွင် ပဋိပက္ခများ ပေါ်ပေါက်လာခြင်း ဖြစ်၏။
ချင်းပြည်နယ်တွင် မတူပီ၌ ဗျူဟာရုံးနှင့် ခလရ ၃၀၄၊ ခလရ ၁၄၀၊ မင်းတပ်၌ ခလရ ၂၇၄၊ ဟားခါး၌ ဗျူဟာရုံးနှင့် ခလရ ၂၆၆၊ ဖလန်း၌ ခလရ ၂၆၈၊ တီးတိန်၌ ခလရ ၂၆၉ တို့ အခြေစိုက်သည်။ ယခုအခါ မတူပီ ဗျူဟာရုံးနှင့် ခလရ ၃၀၄၊ ခလရ ၁၄၀ တို့ကို သိမ်းပိုက်ပြီဖြစ်ရာ ဗျူဟာရုံးတခုနှင့် တပ်ရင်းဌာနချုပ် လေးခုသာ ကျန်တော့သည်။
ယခုအခါ ရှမ်းမြောက်၊ ကချင်၊ ရခိုင်တို့တွင် စစ်ပူနေသည့်အပြင် ချင်းပြည်နယ်တွင် စစ်ကောင်စီ ကာကွယ်ရန် အကျိုးစီးပွား မရှိပေ။ ထို့ပြင် ပထဝီအနေအထားအရ ကရင်နီကဲ့သို့ နေပြည်တော်ကို တိုက်ရိုက် ခြိမ်းခြောက်နေသည့် ပြည်နယ်လည်း မဟုတ်ပေ။ သို့ဖြစ်ရာ ချင်းပြည်နယ်သို့ စစ်အင်အား အလွယ်တကူ ထပ်ဖြည့်ရန် ဖြစ်နိုင်ခြေနည်း၏။ သို့ဖြစ်ရာ ချင်းတော်လှန်ရေးအင်အားစုများ ညီညွတ်ပါက ချင်းပြည်နယ်ရှိ စစ်ကောင်စီတပ်များကို သိမ်းပိုက်ရန် မခက်ခဲလှပေ။ ချင်းပြည်နယ်ကို စစ်ကောင်စီ ကင်းစင်နယ်မြေ ပြုလုပ်ရန် မခက်ခဲလှပေ။
သို့ဖြစ်ရာ ချင်းတော်လှန်ရေး အင်အားစုများအနေဖြင့် လက်ရှိ ချင်းအဖွဲ့များကြား ပဋိပက္ခကို ပြန်လည်သုံးသပ်ပြီး ချင်းတော်လှန်ရေး အင်အားစုများကို စုစည်းရေးအတွက် အလုပ်ဖြစ်သည့်ပုံစံကို ကျင့်သုံးကြရန်လို၏။
မတူပီရှိ စစ်တပ်ဗျူဟာရုံးနှင့် တပ်ရင်းနှစ်ရင်းအား ချေမှုန်းသိမ်းပိုက်ပြီး စစ်တပ်ကင်းစင်သည့် နောက်တွင်လည်း ချင်းနှစ်ဖွဲ့ကြား တိုက်ပွဲဆက်လက်ဖြစ်ပေါ်နေခြင်းသည် ချင်းလူမျိုးတို့အတွက်ရော ချင်းပြည်နယ်အတွက်ပါ အကျိုးမရှိပေ။ ထိုအခြေအနေကို အမြန်ဆွေးနွေးဖြေရှင်းရန် လိုအပ်သည်။
မတူပီရှိ စစ်တပ်ဗျူဟာရုံးနှင့် တပ်ရင်းနှစ်ရင်းအား ချေမှုန်းသိမ်းပိုက်ပြီး စစ်တပ်ကင်းစင်သည့် နောက်တွင်လည်း ချင်းနှစ်ဖွဲ့ကြား တိုက်ပွဲဆက်လက်ဖြစ်ပေါ်နေခြင်းသည် ချင်းလူမျိုးတို့အတွက်ရော ချင်းပြည်နယ်အတွက်ပါ အကျိုးမရှိပေ။ ထိုအခြေအနေကို အမြန်ဆွေးနွေးဖြေရှင်းရန် လိုအပ်သည်။
ချင်းမျိုးနွယ်စုများ၏ ကွဲပြားမှု၊ ထူးခြားချက်ကို အသိအမှတ်ပြုရန် လိုသည်။ မတူသော မျိုးနွယ်စုများ၊ နိုင်ငံရေးအင်အားစုများ စုစည်းနိုင်ရေးအတွက် ကရင်နီအင်အားစုများ၏ စုစည်းပေါင်းစပ်ပုံသည် ချင်းတို့အတွက် စဉ်းစားဖွယ်ရာ ဖြစ်ပေလိမ့်မည်။
ဗဟိုချုပ်ကိုင်မှု အားကောင်းသည့် တပြည်ထောင်စနစ်ကို လက်မခံကြ၍ ပြိုကွဲနေသည့်တိုင်းပြည်တွင် အာဏာခွဲဝေမှု ကျင့်သုံးပြီး ဖက်ဒရယ်စနစ် ကျင့်သုံးခြင်းသည်လည်း မတူကွဲပြားသော အင်အားများကို စုစည်းနိုင်သည်၊ မလိုလားအပ်သည့် ပဋိပက္ခများကို ရှောင်ရှားနိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
ကရင်နီပြည် လွတ်မြောက်ဒေသဆီသို့ ခရီးနှင်ခြင်း
မိုဒီအစိုးရအတွက် ချင်းတောင်တန်းက အချက်ပေးသံ
ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ
နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၁)
ကရင်နီစစ်မျက်နှာကို ဆန်းစစ်ခြင်း အပိုင်း (၁)