စတုတ္ထအကြိမ်မြောက် မြန်မာ့လေ့လာမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာညီလာခံ (ICBMS) ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဩဂုတ်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဤပွဲကို ချင်းမိုင်တက္ကသိုလ်မှ မြန်မာနိုင်ငံနှင့်ပတ်သက်၍ သုတေသနများ ပြုလုပ်နေသည့် လူမှုရေးသိပ္ပံ မဟာဌာနနှင့် Regional Center for Sustainable Development (RCSD) တို့၏ ဦးဆောင်မှု၊ အခြားအဖွဲ့များ၏ မတည်မှုဖြင့် ပြုလုပ်ခြင်းဖြစ်သည်။
ဤပွဲတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ကြေညာစာတမ်းတစောင် ထုတ်ပြန်မည့်ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဤဆွေးနွေးမှုက ကမ္ဘာ့သမိုင်းတလျှောက်ရှိ ကြေညာချက်များနှင့် ယင်းတို့၏ နိုင်ငံရေးအရွေ့၊ နိုင်ငံရေးအပြောင်းအလဲ ကာလအတွင်း အခန်းကဏ္ဍကို တွေးတောမိစေပါသည်။
အမေရိကန်နိုင်ငံဟူ၍ မပေါ်ပေါက်မီတွင် ဗြိတိသျှအစိုးရ၏ အုပ်ချုပ်မှုကို မခံလိုကြသူတို့သည် မိမိတို့၏ စံနှုန်းများ၊ တောင်းဆိုချက်များ၊ အနာဂတ်နိုင်ငံတော်၏ အမှတ်လက္ခဏာများကို အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းကြီးတွင် ထည့်သွင်းကြေညာပြီးနောက်မှ တော်လှန်ရေးကြီးကို စတင်ဆင်နွှဲကာ လွတ်လပ်ရေးကိုယူခဲ့ကြသည်။
ကမ္ဘာ့သမိုင်းတလျှောက်တွင် ကြေညာစာတမ်းများသည် နိုင်ငံရေးအရ အရေးပါသောနေရာတွင် ရှိနေခဲ့၊ ရှိနေဆဲဖြစ်သည်။ အမေရိကန်နိုင်ငံဟူ၍ မပေါ်ပေါက်မီတွင် ဗြိတိသျှအစိုးရ၏ အုပ်ချုပ်မှုကို မခံလိုကြသူတို့သည် မိမိတို့၏ စံနှုန်းများ၊ တောင်းဆိုချက်များ၊ အနာဂတ်နိုင်ငံတော်၏ အမှတ်လက္ခဏာများကို အမေရိကန် လွတ်လပ်ရေးကြေညာစာတမ်းကြီးတွင် ထည့်သွင်းကြေညာပြီးနောက်မှ တော်လှန်ရေးကြီးကို စတင်ဆင်နွှဲကာ လွတ်လပ်ရေးကိုယူခဲ့ကြသည်။ ထိုကြေညာစာတမ်းတွင် ထည့်သွင်းထားသော အချက်အလက်တို့သည် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အုတ်မြစ်များ ဖြစ်လာကြလေသည်။
၂၀ ရာစုနှင့် ၂၁ ရာစုတို့တွင် လူ့အဖွဲ့အစည်းနှင့် နိုင်ငံတို့အား လွှမ်းမိုးမှုအရှိဆုံး ကြေညာစာတမ်းမှာ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးပင် ဖြစ်သည်။ ဤကြေညာစာတမ်းကို နိုင်ငံတကာမှ ကိုယ်စားလှယ်ပေါင်းများစွာက စုစည်းရေးဆွဲခဲ့ကြပြီး ၁၉၄၈ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအချိန်ကာလသည် နာဇီတို့ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကမ္ဘာလုံးက အံ့ဩတုန်လှုပ်စွာ ကြားမြင်ခဲ့ရစ အချိန်ကာလဖြစ်ပြီး လူ့အခွင့်အရေး စံနှုန်းများအား လိုက်နာသည့် လူ့အဖွဲ့အစည်းတခု တည်ဆောက်ရန် ကြိုးပမ်းနေသည့် အချိန်ကာလဖြစ်သည်။
နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းသည် လူ့အဖွဲ့အစည်းသစ်၏ အုတ်မြစ်ဖြစ်စေရန် ရည်ရွယ်ကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယခု ထိုကြေညာစာတမ်း ထုတ်ပြန်ပြီး နှစ် ၇၀ ကျော်အကြာတွင် ကမ္ဘာပေါ်၌ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက်ရှိနေသော်လည်း အဖိနှိပ်ခံတို့သည် လူ့အခွင့်အရေး ကြေညာစာတမ်းကြီးမှ စံနှုန်းများ၊ တန်ဖိုးများထံမှ စိတ်ဓာတ်ခွန်အားရယူကာ မိမိတို့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။
အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းမှ နိုင်ငံသစ်တည်ထောင်ခြင်းနှင့် ပက်သက်သည့် စံနှုန်းတို့မှာလည်း ကမ္ဘာပေါ်ရှိ နိုင်ငံသစ် တည်ထောင်လိုသူတို့ကိုလည်း စိတ်ဓာတ်ခွန်အား ပေးနိုင်နေဆဲဖြစ်သည်။
ဤသည်တို့ကို ထောက်ရှုခြင်းဖြင့် ကြေညာစာတမ်းတို့သည် လူ့အဖွဲ့အစည်းသစ်၊ နိုင်ငံသစ်တို့၏ အခြေခံဖြစ်ရုံသာမက စိတ်ဓာတ်ခွန်အား တက်ကြွဖွယ်လည်း ဖြစ်နိုင်ကြောင်း လေ့လာသိရှိရပေသည်။
ကြေညာစာတမ်း ထုတ်ပြန်ခြင်းဆိုသည်မှာ နိုင်ငံသစ်၊ လူ့အဖွဲ့စည်းသစ်ကို တည်ထောင်လိုကြသူတို့ မိမိတို့ခံယူထားသော၊ လက်ခံထားသော စံနှုန်းများ၊ တန်ဖိုးများကို စကားလုံးဖြင့် ထုတ်ဖော်ပြသခြင်း ဖြစ်လေသည်။ သာမန်အခြေအနေတွင် မိမိဘာသာမိမိ တသီးပုဂ္ဂလနေကာ မိမိ၏တသီးပုဂ္ဂလ စံနှုန်းများကို ကိုင်စွဲထားနိုင်သော်လည်း နိုင်ငံရေးအပြောင်းအလဲ၊ ခေတ်အပြောင်းအလဲကာလတွင်၊ စနစ်ဟောင်းကို ဖြိုဖျက်၍ စနစ်သစ်ကို အစားထိုးရမည့်ကာလတွင် မိမိနှင့် စံနှုန်းတူ၊ တန်ဖိုးတူ ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆွေးနွေးကာ လူ့အဖွဲ့အစည်းသစ်ကို တည်ဆောက်မည့် တန်ဖိုး၊ စံနှုန်းတို့ကို ဆွေးနွေးညှိနှိုင်းပြီး ချပြန်ရန် လိုအပ်လာသည်။ ကြေညာစာတမ်းတို့သည် ထိုဘုံတူညီသည့် စံနှုန်းများ၊ တန်ဖိုးများကို စကားလုံးများဖြင့် ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။
ကြေညာစာတမ်းများနှင့် အခြေခံဥပဒေများသည် ဆက်စပ်မှုရှိသော်လည်း ခြားနားချက်များလည်းရှိသည်။ ကြေညာစာတမ်းများသည် စံနှုန်းများ၊ တန်ဖိုးများကို ခြုံငုံဖော်ပြခြင်းဖြစ်ပြီး အခြေခံဥပဒေများသည် ၎င်းစံနှုန်းတို့ကို လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအဖြစ် အသက်သွင်းလိုက်ခြင်းပင်ဖြစ်သည်။
ကြေညာစာတမ်းများနှင့် အခြေခံဥပဒေများသည် ဆက်စပ်မှုရှိသော်လည်း ခြားနားချက်များလည်းရှိသည်။ ကြေညာစာတမ်းများသည် စံနှုန်းများ၊ တန်ဖိုးများကို ခြုံငုံဖော်ပြခြင်းဖြစ်ပြီး အခြေခံဥပဒေများသည် ၎င်းစံနှုန်းတို့ကို လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအဖြစ် အသက်သွင်းလိုက်ခြင်းပင်ဖြစ်သည်။
ဝါစဉ်အရမူ ကြေညာစာတမ်းများသည် အခြေခံဥပဒေများထက် အရင်လာလေ့ရှိပြီး အခြေခံဥပဒေတို့၏ အုတ်မြစ်များ ဖြစ်လာလေ့ရှိသည်။ ဥပဒေကြောင်းအရ ကြည့်မည်ဆိုလျှင် ကြေညာစာတမ်းများသည် တန်ဖိုး၊ စံနှုန်းများကို ချပြရုံသာဖြစ်သဖြင့် တသဝေမတိမ်း လိုက်နာရန် မလိုအပ်ဘဲ အခြေခံဥပဒေများကိုမူ အတိအကျလိုက်နာရန် လိုအပ်ပေသည်။
ထို့ပြင် ကြေညာစာတမ်းများသည် လူထုအနေဖြင့် စိတ်ဓာတ်တက်ကြွစေရန် လှုံ့ဆော်ပေးလေ့ရှိပြီး အခြေခံဥပဒေတို့သည် အုပ်ချုပ်ရေးနှင့် လူ့အဖွဲ့အစည်း လည်ပတ်နိုင်စေရန်အတွက် အခြေခံ စည်းမျဉ်းစည်းကမ်းများကို ချမှတ်ပေးလေ့ရှိသည်။ အချို့ ကြေညာစာတမ်းများသည် အခြေခံဥပဒေများ အဖြစ်လည်း အသွင်ပြောင်းလဲသွားတတ်ကြသည်။
ဤကဲ့သို့ အရေးကြီးသော ကြေညာစာတမ်းများသည် မြန်မာနိုင်ငံသမိုင်းတွင် နှစ်ကြိမ်မျှသာ အဓိကခန်းကဏ္ဍမှ ကပြအသုံးတော် ခံခဲ့ဖူးလေသည်။ ထိုကြေညာစာတမ်းများမှာ ၁၉၄၇ ပင်လုံညီလာခံမှ ထွက်ပေါ်လာသည့် ကြေညာစာတမ်းနှင့် ၁၉၄၈ လွတ်လပ်ရေး ကြေညာစာတမ်းတို့ ဖြစ်ကြသည်။ ထိုကြေညာစာတမ်းတို့မှလွဲ၍ မြန်မာနိုင်ငံ၏ အပြောင်းအလဲကာလများတွင် ကြေညာစာတမ်းတို့၏ အခန်းကဏ္ဍသည် မရှိသလောက် နည်းပါးပေသည်။
ယခုကာလသည် နွေဦးတော်လှန်ရေးကို ဆင်နွှဲနေသောကာလဖြစ်ပြီး စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်အတွေးအခေါ်တို့ အမြစ်တွယ်နေသည့် အတွေးအခေါ်များကို ဖယ်ရှားကာ လွတ်လပ်မှုအပေါ် အခြေခံသည့် လူ့အဖွဲ့အစည်းသစ်ကို တည်ဆောက်မည့် ကာလတခုဖြစ်သည်။
ယခုကဲ့သို့သော အချိန်ကာလမျိုးတွင် နိုင်ငံသစ် တည်ဆောက်လိုသူတို့အနေဖြင့် မိမိတို့တန်ဖိုးထားသော ဘုံစံနှုန်းများကို ကြေညာစာတမ်းအဖြစ် ထုတ်ဖော်ပြသင့်ပေသည်။ သို့မှသာလျှင် ထိုကြေညာချက်တွင် ပါဝင်သော အချက်အလက်တို့သည် တချိန်တွင် လူ့အဖွဲ့အစည်းသစ်၏ အုတ်မြစ်အဖြစ် အနာဂတ်လူ့အဖွဲ့အစည်းကို ထောက်ပံ့ပေးထားနိုင်ပေလိမ့်မည်။
ကြေညာစာတမ်းများကို ရှေးဦးစွာ မထုတ်ပြန်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို လက်တန်းရေးဆွဲရန် ဖြစ်နိုင်သော်လည်း အများအားဖြင့် ကြေညာစာတမ်းများသည် အခြေခံဥပဒေတို့၏ အခြေခံအုတ်မြစ်များ ဖြစ်လာကြတတ်ပေသည်။
ကြေညာစာတမ်းများကို ရှေးဦးစွာ မထုတ်ပြန်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေတခုကို လက်တန်းရေးဆွဲရန် ဖြစ်နိုင်သော်လည်း အများအားဖြင့် ကြေညာစာတမ်းများသည် အခြေခံဥပဒေတို့၏ အခြေခံအုတ်မြစ်များ ဖြစ်လာကြတတ်ပေသည်။
အချုပ်အားဖြင့် ဆိုရလျှင် မြန်မာနိုင်ငံကဲ့သို့ အခက်အခဲများဖြင့် ကြုံတွေ့နေရသည့် တိုင်းပြည်တွင် ကြေညာစာတမ်းတခု ထုတ်ပြန်ခြင်းသည် (၁) မြန်မာပြည်တွင်းရှိ မတူကွဲပြားသော လူမျိုးများအကြား ဘုံတူညီသည့် တန်ဖိုးများ ရုပ်လုံးပေါ်လာစေခြင်း၊ (၂) အနာဂတ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတွက် အုတ်မြစ်တခု ဖြစ်လာနိုင်ခြင်း၊ (၃) အစုစုကွဲပြားနေသော နိုင်ငံရေးအစုအဖွဲ့များကို စုစည်းပေးနိုင်ခြင်း၊ (၄) မြန်မာ့အရေးအတွက် နိုင်ငံတကာအာရုံစိုက်မှုနှင့် အထောက်အပံ့များ ရရှိနိုင်ခြင်းဟူသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပေသည်။
ထို့ပြင် ဤကဲ့သို့သော ကြေညာစာတမ်းမျိုးသည် လွတ်လပ်မျှတ၍ လူတိုင်း တန်းတူအခွင့်အရေးရရှိသော မြန်မာနိုင်ငံသစ်ကိုလည်း ထုဆစ်ပုံဖော်ပေးနိုင်ပေသည်။
ချင်းမိုင်ညီလာခံမှ ထွက်ပေါ်လာမည့် ကြေညာစာတမ်းသည် ယခုအချိန်တွင် ရေးဆွဲဆဲ အဆင့်သာရှိသေးဖြင့် မည်သည့်အချက်အလက်တို့ ပါဝင်မည်ကို မသိရသေးချေ။ သို့ရာတွင် ပွဲတက်ရောက်သူတို့အား ဖြန့်ဝေသည့် မူကြမ်းအရမူ ထိုကြေညာစာတမ်းတွင် မြန်မာနိုင်ငံသားတို့အပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာသင်ကြားခွင့်များ ရရှိရေးတို့ အကြမ်းဖျဉ်း ပါဝင်သည်ကို တွေ့ရသည်။
ချင်းမိုင်ညီလာခံတွင် ကြေညာစာတမ်းတခုကို ထုတ်ပြန်နိုင်ပြီး ထိုကြေညာစာတမ်းကိုသာ မြန်မာပြည်သူလူထုတို့ လက်သင့်ခံခဲ့လျှင် ကြေညာချက်ပါ စံနှုန်းများ၊ တန်ဖိုးများသည် မြန်မာပြည်သူတို့ ခံစားနေရသည့် ဒုက္ခကို ပူးပေါင်းဖြေရှင်းရန် လမ်းစတစ်ခု ဖြစ်လာပေလိမ့်မည်။
(Gustaaf Houtman သည် မနုဿဗေဒ ပညာရှင်တဦးဖြစ်ပြီး တော်ဝင်မနုဿဗေဒအသင်းမှ ထုတ်ဝေသော ယနေ့မနုဿဗေဒ (Anthropology Today) ဂျာနယ်၏ အယ်ဒီတာဖြစ်သည်။ ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ CDM ကျောင်းသားတဦးဖြစ်သည်။)
You may also like these stories:
တိုင်းပြည်လွတ်လပ်သော်လည်း နိုင်ငံသားများ မလွတ်လပ်သေး
လူနည်းစုနဲ့ တိုင်းရင်းသားအဓိပ္ပာယ် ဖွင့်ဆိုချက်ခြင်း မတူပါ
စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ
အာဏာသိမ်း စစ်အုပ်စု လက်ခုပ်ထဲက ဘာသာရေးလွတ်လပ်ခွင့်
ဂျပန်ခေတ် မြန်မာ့လွတ်လပ်ရေးနေ့