ဆရာ မောင်ထင် တည်းဖြတ်တဲ့ “ယောမင်းကြီး ဦးဘိုးလှိုင် အတ္ထုပ္ပတ္တိနှင့် ရာဇဓမ္မသင်္ဂဟကျမ်း (၁၉၇၈)” စာအုပ်ထဲမှာ “နှလုံးရည်တော်လှန်ရေး” ဆိုတဲ့ စကားလုံးကို ဖတ်ရတော့ ဒီစကားလုံးကို ဆရာ မောင်ထင်က ခပ်စောစောကတည်းက သုံးခဲ့တာပဲလို့ သတိထားမိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ကျော် Freedom from Fear (၁၉၉၀) ဆောင်းပါးမှာတော့ ဒီစကားလုံးနဲ့ဆင်တူတဲ့ Revolution of the Spirit ဆိုတဲ့ အင်္ဂလိပ်စာ အသုံးအနှုန်းကို သုံးထားတာတွေ့ရပါတယ်။ Freedom from Fear စာအုပ်ကို ဘာသာပြန်တဲ့ ဒေါက်တာ အောင်ခင်ကတော့ Revolution of the Spirit ကို “စိတ်ဓာတ်တော်လှန်ရေး” လို့ ပြန်ဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ Revolution of the Spirit ကရော စစ်အုပ်စုရဲ့ လက်နက်ကိုင်ဝါဒအောက်မှာ ကျဆုံးသွားပြီလား။
ဆရာ မောင်ထင်ကတော့ ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့ နှလုံးရည်တော်လှန်ရေးဟာ နန်းတွင်းအရေးတော်ပုံတို့ရဲ့ လက်နက်ကိုင်ဝါဒအောက်မှာ ကွယ်ပျောက်သကဲ့သို့ ရှိခဲ့သည်လို့ ရေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Revolution of the Spirit ကရော စစ်အုပ်စုရဲ့ လက်နက်ကိုင်ဝါဒအောက်မှာ ကျဆုံးသွားပြီလား။
မြန်မာနိုင်ငံရဲ့ တော်လှန်ရေးအဆက်ဆက်မှာ အရင်းရှင်နယ်ချဲ့စနစ်ကို တော်လှန်တာဖြစ်စေ၊ တပါတီအာဏာရှင်စနစ်ကို တော်လှန်တာဖြစ်စေ၊ စစ်အာဏာရှင်စနစ်ကို တော်လှန်တာဖြစ်စေ ကျောင်းသားလူငယ်မျိုးဆက်တွေရဲ့ ဦးဆောင်မှုမပါတဲ့ တော်လှန်ရေးဆိုတာ မရှိခဲ့ဖူးပါဘူး။
အရင်းရှင်နယ်ချဲ့စနစ် ပြီးဆုံးသွားတယ်။ တပါတီအာဏာရှင်စနစ် အဆုံးသတ်သွားတယ်ဆိုတဲ့ အပြောင်းအလဲတွေဟာ တော်လှန်ရေးကြောင့် ဖော်ဆောင်နိုင်ခဲ့တဲ့ မြင်သာထင်ရှားတဲ့ အပြောင်းအလဲတွေပါပဲ။ ဒါပေမယ့် နိုင်ငံကို ဦးဆောင်သူတွေရဲ့ အရင်းရှင်ဆန်တဲ့၊ အာဏာရှင်ဆန်တဲ့ စိတ်ဓာတ်တွေ၊ အမူအကျင့်တွေကို တကယ်ပြောင်းလဲနိုင်ခဲ့သလား။
အစိုးရတရပ်ရပ်ရဲ့ပေါ်လစီနဲ့ အင်စတီကျူးရှင်းတွေ ပြောင်းလဲသွားရုံ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲတိုးတက်ရုံ သက်သက်ကို ရည်ရွယ်တဲ့ တော်လှန်ရေးမျိုးဟာ စစ်မှန်တဲ့အောင်မြင်မှုကို ထိန်းသိမ်းထားဖို့ရာ အခွင့်အလမ်း နည်းပါးတယ်။ စိတ်ပိုင်းဆိုင်ရာ အမူအကျင့်တွေကို မပြင်နိုင်သရွေ့၊ အကျင့်ဆိုး အကျင့်ဟောင်းတွေ မပြောင်းနိုင်သရွေ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်တွေမှာ အနှောင့်အယှက် အဟန့်အတားတွေ ဖြစ်နေမှာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က Freedom from Fear ထဲမှာ ရေးဖူးပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Revolution of the Spirit အတွေးအခေါ်ရဲ့ သော့ချက်တခုဖြစ်တယ်။
ယောအတွင်းဝန် ဦးဘိုးလှိုင်ဟာ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ စည်းမျဉ်းခံဘုရင်စနစ်အဖြစ် ပြောင်းလဲဖို့နဲ့ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်တဲ့ အစိုးရတရပ် ပေါ်လာစေဖို့ ရာဇဓမ္မသင်္ဂဟကျမ်းကို ပြုစုခဲ့တယ်။ ဒီကျမ်းကို သီပေါမင်းက လက်ဖျားနဲ့တောင် ထိခဲ့ပုံမပေါ်ပါဘူး။
ယောအတွင်းဝန် ဦးဘိုးလှိုင်ဟာ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ စည်းမျဉ်းခံဘုရင်စနစ်အဖြစ် ပြောင်းလဲဖို့နဲ့ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်တဲ့ အစိုးရတရပ် ပေါ်လာစေဖို့ ရာဇဓမ္မသင်္ဂဟကျမ်းကို ပြုစုခဲ့တယ်။ ဒီကျမ်းကို သီပေါမင်းက လက်ဖျားနဲ့တောင် ထိခဲ့ပုံမပေါ်ပါဘူး။ မင်းအစိုးရတရပ်ကို ပြုပြင်ဖို့ ကြိုးစားခဲ့တဲ့ ဦးဘိုးလှိုင်ရဲ့ တကိုယ်တော် နှလုံးရည်တော်လှန်ရေးဟာ သူသက်ရှိထင်ရှား ရှိနေတုန်းမှာ အောင်မြင်မှု မရခဲ့ပါဘူး။
ဒါပေမယ့် ၁၉၁၅ ခုနှစ်လောက်က သူရိယသတင်းစာတိုက်က ပုံနှိပ်ခဲ့တဲ့ ဦးဘိုးလှိုင်ရဲ့ ရာဇဓမ္မသင်္ဂဟကျမ်းဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နှောင်းလူတွေအတွက် ကိုးကားစရာ နိုင်ငံရေးကျမ်းတခုအဖြစ် ရှင်သန်နေတုန်းပါပဲ။
လွန်ခဲ့တဲ့ နှစ်၂၀၀ ကျော်က အမေရိကန်စာရေးဆရာ ဟင်နရီ ဒေးဗစ် သော်ရိုးရဲ့ Civil Disobedience ဆိုတဲ့ အာဏာဖီဆန်တဲ့ အယူအဆက မြန်မာ့နွေဦးတော်လှန်ရေးကာလမှာ ရှင်ပြန်ထမြောက်လာသလိုမျိုးပေါ့။
ဒါပေမယ့်လည်း သွေးထွက်သံယိုမရှိဘဲ အပြောင်းအလဲတရပ်ကို ဖော်ဆောင်နိုင်တဲ့ တော်လှန်ရေးက အင်မတန်မှ နည်းပါတယ်။ အပြောင်းအလဲတရပ်ကို ဖော်ဆောင်နိုင်ရင်တောင်မှ အဲဒီအပြောင်းအလဲကို ရေရှည်ထိန်းထားနိုင်တဲ့ တော်လှန်ရေးမျိုးက ပိုရှားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ Revolution of the Spirit က အကြမ်းမဖက်ဝါဒကို လက်ကိုင်ထားတဲ့အတွက် တနည်းအားဖြင့် နှလုံးရည်တော်လှန်ရေးလို့လည်း အသိအမှတ်ပြုကြပါတယ်။ ယောမင်းကြီး ဦးဘိုးလှိုင်ရဲ့ ရာဇဓမ္မသင်္ဂဟကျမ်းဟာ မင်းအစိုးရတရပ်ရဲ့ အမူအကျင့် ပြုပြင်ပြောင်းလဲဖို့ကိုသာ အဓိက ဦးတည်ခဲ့တယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ မင်းအစိုးရတရပ်တင်မကဘဲ နိုင်ငံသားတွေရဲ့ အမူအကျင့်ကိုပါ ပြုပြင်ပြောင်းလဲဖို့ သူနိုင်သရွေ့ အားထုတ်ခဲ့တာကို တွေ့ရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ တကျော့ပြန် စစ်အာဏာသိမ်းမှု ဖြစ်လာခဲ့ပြီးတဲ့နောက် တော်လှန်ရေး အခင်းအကျင်း ပြောင်းလဲသွားခဲ့ပါတယ်။ ဒီအခင်းအကျင်းကနေ ထွက်ပေါ်လာတဲ့ မေးခွန်းတခုကတော့ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရည်တော်လှန်ရေး အဆုံးသတ်သွားပြီလား” ဆိုတဲ့မေးခွန်းပါ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ တကျော့ပြန် စစ်အာဏာသိမ်းမှု ဖြစ်လာခဲ့ပြီးတဲ့နောက် တော်လှန်ရေး အခင်းအကျင်း ပြောင်းလဲသွားခဲ့ပါတယ်။ ဒီအခင်းအကျင်းကနေ ထွက်ပေါ်လာတဲ့ မေးခွန်းတခုကတော့ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရည်တော်လှန်ရေး အဆုံးသတ်သွားပြီလား” ဆိုတဲ့မေးခွန်းပါ။
လက်ရှိသွားနေတဲ့ နွေဦးတော်လှန်ရေးက မျိုးဆက်သစ်လူငယ်တွေ ဦးဆောင်တဲ့ တော်လှန်ရေးအသစ်တခုလား။ ဘယ်လို တော်လှန်ရေးမျိုးလဲ။ လက်ရုံးရည်လား၊ နှလုံးရည်လား၊ ဉာဏ်ရည်တော်လှန်ရေးလား။ ကတ္တီပါတော်လှန်ရေးလား၊ နှင်းဆီတော်လှန်ရေးလား၊ ဆေးရောင်စုံတော်လှန်ရေးလား၊ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ တောင်းဆိုနေတဲ့ တော်လှန်ရေးက ဘယ်လိုတော်လှန်ရေးမျိုးလဲ။
ဆက်ရန် ရှိသည်။
(မွန်မွန်မြတ်သည် မြန်မာနိုင်ငံမှ လွတ်လပ်ပြီး အမှီအခိုကင်းသည့် စာရေးဆရာမနှင့် သတင်းစာဆရာမ ဖြစ်သည်။ မွန်မွန်မြတ်သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ပိုင်ယပ်တက္ကသိုလ်မှ ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုင်ရာ ပါရဂူဘွဲ့ ရရှိခဲ့သည်။)
You may also like these stories:
မြန်မာ့တော်လှန်ရေး၏ ကိုယ်ပိုင်ယုတ္တိဗေဒ
တော်လှန်ရေးလမ်းဆုံ သို့မဟုတ် နိုင်ငံတော်သစ် ထူထောင်မလား ပြိုကွဲမလား
တော်လှန်ရေးအင်အားစုများ ပြန့်ကျဲသတဲ့လား
တော်လှန်ရေးအင်အားစုများက စစ်ကောင်စီ ပြိုလဲရေး ဖိအားပေးနေပြီ
တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ
လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု