နှလုံးရည်တော်လှန်ရေးအပေါ်မှာ သံသယရှိသူတွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှ အင်္ဂလိပ်လူမျိုး စာရေးဆရာ ဂျော့ဂျ်အော်ဝဲလ်နဲ့ ဂျာမနီဖွား ဂျူးလူမျိုး သမိုင်းပညာရှင်နဲ့ ဒဿနသမား ဟာနာအားရန့်တို့ရဲ့ မှတ်ချက်တွေက သိပ်စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဂျော့ဂျ်အော်ဝဲလ်က တကယ်လို့များ မဟတ္တမ ဂန္ဒီကြီးသာ ရုရှားမှာရှိခဲ့ရင် သူ့အကြမ်းမဖက်လမ်းစဉ် ဘယ်လိုများ ဖြစ်သွားမလဲလို့ မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ဟာနာအားရန့်ကလည်း အလားတူ ပြောခဲ့ဖူးပါတယ်။
တကယ်လို့သာ ဂန္ဒီရဲ့အကြမ်းမဖက် အာဏာဖီဆန်မှုက အင်္ဂလန်နဲ့ မဟုတ်ဘဲ စတာလင်ရဲ့ရုရှားတို့၊ ဟစ်တလာရဲ့ဂျာမနီတို့၊ စစ်ကြိုခေတ်က ဖက်ဆစ်ဂျပန်တို့နဲ့သာ တွေ့ခဲ့ရင် ရလဒ်က ကိုလိုနီ အင်္ဂလိပ်တွေလို ဆုတ်ခွာသွားတာမျိုးအစား အာဏာဖီဆန်သူတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတာတို့၊ အရှုံးပေးလိုက်တာတို့ ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ သုံးသပ်ခဲ့ပါတယ်။
နှစ်ယောက်လုံးကတော့ ဂန္ဒီကြီးရဲ့ အကြမ်းမဖက်လမ်းစဉ်ဟာ အာဏာရှင်လက်အောက်မှာ အလုပ်မဖြစ်နိုင်ဘူးလို့ ယူဆကြပုံရပါတယ်။
ဒါဆိုရင် နေမဝင်အင်ပါယာကြီးကို ထူထောင်တဲ့ အင်္ဂလိပ်တွေကကျတော့ အာဏာရှင် မဟုတ်ဘူးလား။ သူတို့က လူမသတ် အကြမ်းမဖက်တဲ့ သူတော်စင် ကိုလိုနီတွေမို့လားလို့ စဉ်းစားစရာပါပဲ။ ၁၉ ရာစုနဲ့ ၂၀ ရာစု အစောပိုင်းကြားက အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲ အတွင်းမှာ အင်္ဂလိပ်တွေသတ်လို့ အစုလိုက်အပြုံလိုက် သေခဲ့ကြတဲ့ အိန္ဒိယနိုင်ငံသားတွေ အများကြီးပါပဲ။
အင်္ဂလိပ်တွေ ဗမာပြည်ထဲကို ဝင်လာတော့လည်း အာဏာဖီဆန်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ မကြာခဏ ကျူးလွန်ခဲ့တာတွေ ရှိခဲ့ဖူးပါတယ်။ ခေတ်အဆက်ဆက်မှာ လက်နက်အင်အား တောင့်တင်းသူတိုင်းဟာ အချိန်မရွေး အာဏာရှင်ဖြစ်သွားတတ်တဲ့ သာဓကတွေ အများကြီးပါပဲ။
“ဂျူးတွေအကုန်လုံး လူမျိုးတုံး သတ်ခံရတာကို ဒီအတိုင်း ထိုင်ကြည့်နေမှာလား။ ဂျာမနီကို စစ်မကြေညာဘဲနဲ့ ဂျူးလူမျိုးတွေကို ဘယ်လိုနည်းလမ်းနဲ့ ကယ်လို့ရမှာလဲ”။
အော်ဝဲလ်က အကြမ်းမဖက်လမ်းစဉ် ကိုင်စွဲတဲ့သူတိုင်း မဖြေမနေရဖြေသင့်တဲ့ မေးခွန်းတခု ထုတ်ခဲ့ဖူးတယ်။ “ဂျူးတွေအကုန်လုံး လူမျိုးတုံး သတ်ခံရတာကို ဒီအတိုင်း ထိုင်ကြည့်နေမှာလား။ ဂျာမနီကို စစ်မကြေညာဘဲနဲ့ ဂျူးလူမျိုးတွေကို ဘယ်လိုနည်းလမ်းနဲ့ ကယ်လို့ရမှာလဲ”။
“ဂန္ဒီနဲ့ စတာလင်” ဆိုတဲ့ စာအုပ်ကိုရေးတဲ့ စာရေးဆရာ လူးဝစ်ဖစ်ချာက ဂျူးလူမျိုးတွေနဲ့ ပတ်သက်တဲ့ ဂန္ဒီရဲ့သဘောထားကို မေးတဲ့အခါမှာ ဂန္ဒီက “ဂျူးလူမျိုးတွေဟာ အုပ်စုလိုက် သေကြောင်းကြံစည်တာမျိုးတောင် လုပ်သင့်တယ် (မဟုတ်ရင်လည်း ဟစ်တလာက အစုလိုက်အပြုံလိုက် သတ်လို့သေမယ့်တူတူ)။ ဒါမှ ဟစ်တလာရဲ့ ဖိနှိပ်မှုကို တကမ္ဘာလုံးက သိနိုင်မှာ” လို့တောင် ပြောခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဂန္ဒီကြီးအဖြေကတော့ အကြမ်းမဖက်လမ်းစဉ်ကိုပဲသုံးသုံး၊ လက်နက်ကိုင်လမ်းစဉ်ကိုပဲသုံးသုံး မတရားတဲ့အာဏာကို ဖီဆန်တဲ့အခါ အဆုံးစွန်သော အနစ်နာခံမှု (the ultimate sacrifice for humanity) တော့ ရှိရလိမ့်မယ်လို့ ဆိုပါတယ်။
နှလုံးရည်တိုက်ပွဲနဲ့ လက်ရုံးရည်တော်လှန်ရေးကြား ငြင်းခုန်မှုတွေရှိခဲ့ကြတာ အခုမှ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးတဲ့နောက် ၁၉၉၅ ခုနှစ်လောက်မှာ စာရေးဆရာ အလန်ကလီးမန့်နဲ့ တွေ့ဆုံမေးမြန်းခန်းတခု လုပ်ခဲ့ပါတယ်။
မစ္စတာ ကလီးမန့်က ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းမဖက်လမ်းစဉ် အောင်မှ အောင်မြင်ပါ့မလားဆိုတဲ့ သံသယ မရှိဘူးလားလို့မေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကတော့ လုံးဝ သံသယမရှိဘူးလို့ ပြောခဲ့ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကလွဲပြီး ရွေးချယ်စရာလမ်းမရှိဘူးဆိုတဲ့ အယူအဆကိုတော့ သူက အားမပေးဘူး၊ အဲဒီလိုသာ အားပေးမယ်ဆိုရင် အကြမ်းဖက်သံသရာက ဘယ်တော့မှ ဆုံးမှာမဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးပါတယ်။
လက်နက်ကိုင်လမ်းစဉ်ကြောင့် အကြမ်းဖက်သံသရာ မဆုံးနိုင်ဘူးဆိုတာကိုတော့ လက်ခံပါရဲ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက် နှလုံးရည်တော်လှန်ရေးကကျတော့ရော အောင်မြင်ခဲ့လို့လားလို့ စောဒကတက်မယ်ဆို တက်စရာရှိပါတယ်။
ဂန္ဒီကြီးရဲ့ အကြမ်းမဖက်လမ်းစဉ်ဟာ အင်္ဂလိပ်တွေ အိန္ဒိယက ဆုတ်ခွာသွားဖို့ရာအတွက် အောင်မြင်တဲ့လမ်းစဉ် ဖြစ်ခဲ့တယ်လို့ ပညာရှင်တွေက မြင်ကြပါတယ်။ ပညာရှင် ရစ်ချတ်ဂရက်ကတော့ အကြမ်းမဖက်လမ်းစဉ်ကို သုံးတဲ့အတွက် အိန္ဒိယနိုင်ငံသား ၈ ထောင်ထက်မနည်း သေဆုံးခဲ့တယ်လို့ ခန့်မှန်းပါတယ်။ ဒီအရေအတွက်ဟာ အိန္ဒိယလွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်တုန်းက ကျဆုံးခဲ့တဲ့ အရေအတွက်နဲ့စာရင် အင်မတန်နည်းပါးတဲ့ အရေအတွက်ပဲလို့ ဆိုပါတယ်။
ရစ်ချတ်ဂရက်လိုမျိုး ခန့်မှန်းကြည့်မယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ထောက်ခံသူများရဲ့ နှလုံးရည်တော်လှန်ရေးကာလ နှစ် ၃၀ (၁၉၉၀-၂၀၁၀) အတွင်းမှာ ဖမ်းဆီးခံရသူ အရေအတွက်ဟာ ၂ ထောင်ကျော်ရှိပြီး သေဆုံးသူ ရာဂဏန်းလောက် ရှိခဲ့ပါတယ်။
နှလုံးရည်တော်လှန်ရေးရဲ့ ထင်ရှားတဲ့ပြယုဂ်တွေကို ၁၉၉၀၊ ၂၀၁၂ ကြားဖြတ်၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေမှာ မြင်ခဲ့ရပါတယ်။ ပြည်သူတွေက ကိုယ်လိုချင်တဲ့အစိုးရကို အကြမ်းမဖက်တဲ့နည်းနဲ့ ရွေးကောက်တင်မြှောက်ပြီး သက်သေပြခဲ့ကြပါတယ်။
ဒါပေမယ့် ၂၀၂၁ ခုနှစ် တကျော့ပြန် အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်အတွင်းမှာ သေဆုံး၊ ပျောက်ဆုံး၊ ဖမ်းဆီးခံရသူတွေအရေအတွက်က ထောင်သောင်းချီပြီး ရှိနေပါပြီ။ နိုင်ငံလူဦးရေရဲ့ သုံးပုံတပုံလောက်ဟာ စစ်ပွဲတွေရဲ့ ရိုက်ခတ်မှုဒဏ်ကို အနည်းနဲ့အများ ခံစားနေကြရပါပြီ။
ဒီအနေအထားမျိုးက ၂၀၀၀ ပြည့်နှစ် ပတ်ဝန်းကျင်မှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အမြစ်ပြတ်ချေမှုန်းရေး စီမံချက်နဲ့ ပါတီဝင်တွေကိုဖမ်း၊ ပါတီရုံးတွေကို ပိတ်သိမ်းတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဟောကိန်းထုတ်ခဲ့ဖူးတဲ့ အနေအထားမျိုးပါပဲ။
နအဖနဲ့ ပြည်သူကြားမှာ အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ဆွေးနွေးညှိနိုင်းပေးဖို့ လုပ်နေတဲ့ NLD လို နိုင်ငံရေးပါတီကြီးတခုကို အမြစ်ပြတ်ချေမှုန်းလိုက်မယ်ဆိုရင် နိုင်ငံဟာ ထိန်းမနိုင်သိမ်းမရ ကမောက်ကမ အခြေအနေမျိုးကို အချိန်မရွေး ဆိုက်ရောက်သွားနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ဖူးပါတယ်။
နအဖနဲ့ ပြည်သူကြားမှာ အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ဆွေးနွေးညှိနိုင်းပေးဖို့ လုပ်နေတဲ့ NLD လို နိုင်ငံရေးပါတီကြီးတခုကို အမြစ်ပြတ်ချေမှုန်းလိုက်မယ်ဆိုရင် နိုင်ငံဟာ ထိန်းမနိုင်သိမ်းမရ ကမောက်ကမ အခြေအနေမျိုးကို အချိန်မရွေး ဆိုက်ရောက်သွားနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့ဖူးပါတယ်။
NLD ကို ဖျက်သိမ်းလိုက်တာ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားလိုက်တာနဲ့ပဲ နှလုံးရည်တော်လှန်ရေးက အဆုံးသတ်သွားပြီလား။ ဒါမှမဟုတ် နှလုံးရည်တော်လှန်ရေးကို ဘယ်သူတွေက လက်ဆင့်ကမ်း သယ်ဆောင်နေသလဲ။ နောက်တပိုင်းမှာ ဆက်လက်ရေးသားပါဦးမယ်။
(ဆက်လက်ဖော်ပြပါမည်)
(မွန်မွန်မြတ်သည် မြန်မာနိုင်ငံမှ လွတ်လပ်ပြီး အမှီအခိုကင်းသည့် စာရေးဆရာမနှင့် သတင်းစာဆရာမ ဖြစ်သည်။ မွန်မွန်မြတ်သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ပိုင်ယပ်တက္ကသိုလ်မှ ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုင်ရာ ပါရဂူဘွဲ့ ရရှိခဲ့သည်။)
You may also like these stories:
နှလုံးရည်တော်လှန်ရေး အဆုံးသတ်ပြီလား အပိုင်း ၁
ဟာနာအားရန့်ပြောတဲ့ အာဏာရှင်စနစ်
မြန်မာ့တော်လှန်ရေး၏ ကိုယ်ပိုင်ယုတ္တိဗေဒ
တော်လှန်ရေးလမ်းဆုံ သို့မဟုတ် နိုင်ငံတော်သစ် ထူထောင်မလား ပြိုကွဲမလား
တော်လှန်ရေးအင်အားစုများ ပြန့်ကျဲသတဲ့လား
တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ
လူထုတော်လှန်ရေးတွင် လိုအပ်နေသော ခိုင်မာသည့် နိုင်ငံရေးသဘောတူညီမှုနှင့် နားလည်မှု