တကယ်တော့ နွေဦးတော်လှန်ရေးကို နှလုံးရည်နဲ့ စခဲ့တာပါပဲ။ NLD နာယက ဦးဝင်းထိန်နဲ့ မီဒီယာတွေ နောက်ဆုံးလုပ်ခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က အင်တာဗျူးမှာ စစ်အာဏာသိမ်းမှုကို ပြည်သူတွေက တတ်နိုင်သမျှ ဆန့်ကျင်ကြဖို့ ပြောခဲ့ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ချမှတ်တဲ့ အကြမ်းမဖက်တဲ့နည်း Civil Disobedience နဲ့ ဆန့်ကျင်ဖို့” ဆိုပြီး ဦးဝင်းထိန်က တိုက်တွန်းခဲ့ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေက ကိုဗစ်ကာကွယ်ရေး ဝတ်စုံဖြူတွေရဲ့ နောက်ကျောမှာ Save Myanmar! We want elected NLD government only လို့ ရေးပြီး ဆန္ဒဖော်ထုတ်မှု စလုပ်တာကို အာဏာသိမ်းပြီး နောက်တရက် ဖေဖော်ဝါရီလ ၂ ရက်နေ့က စပါတယ်။
ညဘက်တွေမှာ ဖယောင်းတိုင်ထွန်း ဆန္ဒပြတာတွေ၊ ကားဟွန်းတီး ဆန္ဒပြတာတွေ၊ သံပုံးတီး ဆန္ဒပြတာတွေကလည်း အဲဒီနေ့ကတည်းက စတာပါပဲ။ ဆိုရှယ်မီဒီယာ အင်တာနက် ဖြတ်တောက်ခံထားရပေမယ့်လည်း တယောက်စကား တယောက်နားနဲ့ ရပ်ကွက်တိုင်း လုပ်ခဲ့ကြတာ အားလုံး မှတ်မိကြမှာပါ။
နိုင်ငံအနှံ့က အစိုးရဝန်ထမ်းတွေရဲ့ ဖဲကြိုးနီလှုပ်ရှားမှုက ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ စပါတယ်။ သူတို့ရဲ့သတင်းစကားက Say No to Military Coup ပါပဲ။ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ မြို့နယ် ၇၉ မြို့နယ်မှာရှိတဲ့ အစိုးရဆေးရုံ ၉၁ ရုံ၊ တက္ကသိုလ်နဲ့ကောလိပ် ၁၈ ခုနဲ့ အစိုးရဋ္ဌာနပေါင်း ၁၂ ခုက ဝန်ထမ်းတွေ၊ ကျောင်းသူကျောင်းသားတွေဟာ CDM လှုပ်ရှားမှု စတင်နေခဲ့ပြီ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ရန်ကုန်တက္ကသိုလ်ရှေ့မှာ ဆန္ဒစပြခဲ့ကြတဲ့ လူလေးယောက်လက်ထဲမှာ ကိုင်ထားတဲ့ စာတမ်းတခုကလည်း ရိုးရိုးရှင်းရှင်းလေးပါပဲ။ “We Against Military Coup” လို့ရေးထားပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ရန်ကုန်တက္ကသိုလ်ရှေ့မှာ ဆန္ဒစပြခဲ့ကြတဲ့ လူလေးယောက်လက်ထဲမှာ ကိုင်ထားတဲ့ စာတမ်းတခုကလည်း ရိုးရိုးရှင်းရှင်းလေးပါပဲ။ “We Against Military Coup” လို့ရေးထားပါတယ်။
ဖေဖော်ဝါရီ ၆ ရက်နေ့ကစပြီး အလုပ်သမားတွေ၊ လူငယ်ကျောင်းသားတွေ ဦးဆောင်မှုနဲ့ တနိုင်ငံလုံးက စစ်အာဏာရှင်ဆန့်ကျင်တဲ့သူတွေ လမ်းပေါ်ထွက်လာကြပါပြီ။ လူငယ်ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ကျောင်းသူကျောင်းသားတွေ တီထွင်ဖန်တီးမှုမျိုးစုံနဲ့ နှလုံးရည်တိုက်ပွဲမှာ ပါဝင်ခဲ့ကြတယ်။ စစ်တပ်ထုတ်ကုန်တွေကို သပိတ်မှောက်ကြတယ်။ စစ်အစိုးရလက်အောက်မှာ ဆက်လက် တာဝန်မထမ်းဆောင်နိုင်လို့ ပြည်သူ့ဝန်ထမ်းပေါင်း သိန်းချီပြီး အလုပ်ထွက်ခဲ့ကြတယ်။
အာဏာသိမ်းပြီး ၁၀ ရက် မပြည့်ခင်မှာဘဲ စစ်အုပ်စုရဲ့သရုပ်မှန် ပေါ်လာခဲ့တယ်။ ပထမဆုံး မမြသွဲ့သွဲ့ခိုင်၊ နောက်တော့ မကြယ်စင်၊ နောက်တော့ နောက်တော့ ခေါင်းကိုပစ်မှ ခေတ်ပြောင်းမယ်ဆိုပြီး လူငယ်လေးတွေကို ပစ်မှတ်ထားလာခဲ့တယ်။
ဆန္ဒပြသူတွေ အသတ်ခံ၊ အဖမ်းဆီးခံ၊ အနှိပ်စက်ခံ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခံရပြီးတဲ့နောက်မှာ လူငယ်လေးတွေ တသုတ်ပြီးတသုတ် နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ရှိရာဆီ ထွက်ခွာလာခဲ့ကြတယ်။ အွန်လိုင်းပေါ်မှာပဲ စစ်တိုက်တတ်တဲ့ လူငယ်လေးတွေဟာ စစ်မြေပြင်ဆီ တွန်းပို့ခံခဲ့ရတယ်။
အားလုံးသိကြတဲ့အတိုင်း ၂၀၂၁ ခုနှစ်၊ မေလကစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပေါ်လာခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးတခု စတင်ဖို့ ဖြစ်လာခဲ့တယ်။
၂၀၂၁ အာဏာသိမ်းမှုကြောင့် ပေါ်ထွက်လာတဲ့ တော်လှန်ရေးအခင်းအကျင်း အသစ်က နှလုံးရည်တခုတည်း မဟုတ်တော့ပါဘူး၊ လက်ရုံးရည်နဲ့ ဉာဏ်ရည်ပါ ပေါင်းစပ်လာခဲ့ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးမှုက ၂၁ ရာစု တော်လှန်ရေးအခင်းအကျင်း အသစ်ရဲ့ အားသာချက်တခု ဖြစ်လာတယ်။ တပြိုင်နက်တည်းမှာပဲ လက်နက်ကိုင်တော်လှန်ရေး ပါဝင်လာပြီဆိုကတည်းက ဘေးထွက်ဆိုးကျိုးတွေလည်း အတူကပ်ပါလာခဲ့တယ်။
အင်တာနက်သုံးပြီး အုပ်စုလိုက် စစ်တိုက်တမ်း ဆော့နေတဲ့ လူငယ်လေးတွေက စစ်မြေပြင်အစစ်ကို ရောက်လာတယ်။ လူအစစ်တွေနဲ့ တိုက်ခိုက်ဖို့ ဖြစ်လာတယ်။ လူငယ်လေးတယောက်ရဲ့ ပထမဆုံး စစ်မြေပြင်အတွေ့အကြုံက သူ့အဖေလောက်ရှိတဲ့ စစ်သားကြီးတယောက်နဲ့ ရင်ဆိုင်တိုးရတဲ့ အတွေ့အကြုံပဲ။
သူ့အဖေအရွယ် စစ်သားကြီးကို ပစ်ဖို့ မဝံ့မရဲဖြစ်နေတုန်း စစ်သားကြီးက သူ့ကို စပစ်လိုက်တဲ့အတွက် သူ့ကိုယ်သူ ကာကွယ်ဖို့ ပစ်ချလိုက်ရတဲ့ ဖြစ်ရပ်မျိုးလည်း ရှိခဲ့တယ်။ စစ်တိုက်နေရတာကို ဂိမ်းဆော့တယ်ထင်ပြီး သတ်ကွင်းထဲမှာ တယောက်တည်း အားရပါးရပစ်နေတဲ့ လူငယ်လေးတယောက်လည်း ရှိခဲ့တယ်။
“သူတို့ပစ်လိုက်လို့ ကိုယ့်လာမှန်လည်း Undo ပြန်လုပ်လို့ရတယ် ထင်နေတာ” ဆိုတဲ့ Gamer တော်လှန်ရေး လူငယ်တယောက်အကြောင်းကို တဆင့်စကားနဲ့ ကြားရတယ်။
ဒီကနေ့ သူတို့ လူသိရှင်ကြား ကစားနေတဲ့ မိုင်းရှာတဲ့ဂိမ်းတွေ၊ သေနတ် အမြန်ပစ်တဲ့ဂိမ်းတွေ၊ ဒရုန်းမစ်ရှင်တွေကို YouTube ပေါ်မှာ တွေ့နိုင်တယ်။ ရှေ့တန်းမှာ တနှစ်ခွဲလောက် တာဝန်ထမ်းပြီးမှ နောက်တန်း ပြန်ရောက်လာတဲ့ မိန်းကလေးငယ်တယောက်က ပြောတယ်။
“သမီးတို့က လက်နက်နဲ့ မစိမ်းဘူး။ PUBG ဂိမ်းတွေမှာ ဘယ်လက်နက်က ဘယ်လိုပစ်လို့ရတယ်ဆိုတာ ပါပြီးသား။ တကယ်လက်တွေ့ ပစ်ရတဲ့အခါကျတော့ သေနတ်ဒင်ရဲ့ ကန်အားက ကြီးတော့ ပခုံးအဆစ်တွေ ဘာတွေ လွဲသွားတာမျိုးတွေ ရှိတတ်တယ်။ သမီး ပစ်ဖူးတာက တူမီးလို သေနတ်မျိုး”
“သမီးတို့က လက်နက်နဲ့ မစိမ်းဘူး။ PUBG ဂိမ်းတွေမှာ ဘယ်လက်နက်က ဘယ်လိုပစ်လို့ရတယ်ဆိုတာ ပါပြီးသား။ တကယ်လက်တွေ့ ပစ်ရတဲ့အခါကျတော့ သေနတ်ဒင်ရဲ့ ကန်အားက ကြီးတော့ ပခုံးအဆစ်တွေ ဘာတွေ လွဲသွားတာမျိုးတွေ ရှိတတ်တယ်။ သမီး ပစ်ဖူးတာက တူမီးလို သေနတ်မျိုး”။
၂၁ ရာစု လက်နက်ကိုင် တော်လှန်ရေးမှာ သေနတ်ပစ်တဲ့ စစ်သည်ရဲမေတင် မကဘူး၊ ဒရုန်းမောင်းကျွမ်းကျင်တဲ့ စစ်သည်ရဲမေတွေလည်း ရှိလာတယ်။
လက်နက်ကိုင်အဖွဲ့တွေဟာ လက်နက်ရှားပါးမှု ပြဿနာကြောင့် လက်လုပ်လက်နက်တွေ၊ အဝေးထိန်းမိုင်းတွေ တီထွင်စမ်းသပ်ကြတယ်။ တူမီးတွေ၊ လက်လုပ်ဗုံးတွေ လုပ်လာတယ်။ ကုန်းကြောင်းကနေ လေကြောင်းအထိ စစ်ကောင်စီကို အံတုနိုင်ဖို့ မြေမြှုပ်မိုင်းတွေ၊ စနိုက်ပါတွေ၊ ဒရုန်းတွေ သုံးလာကြတယ်။
ဘေးထွက်ဆိုးကျိုးတွေက လက်နက်ကိုင်တော်လှန်ရေးနဲ့ အနီးဆုံးနေရာက လူငယ်တွေဆီ အရင်ဆုံး ရောက်လာခဲ့တယ်။ လက်နက်စမ်းသပ်ရင်း ထိခိုက်ကြသူတွေ၊ ရှေ့တန်းစစ်မြေပြင်က နေ့မြင်ညပျောက် လူငယ်လေးတွေ၊ လက်နက်ကြီးထိမှန်တဲ့ အရပ်သားတွေ၊ လေယာဉ်ဗုံးကြဲခံရလို့ သေဆုံး ဒဏ်ရာရသူတွေ တစတစ ပိုများလာခဲ့တယ်။ အတည်တကျ မရှိသေးတဲ့ ကိန်းဂဏန်းတွေကို (သုတေသနလုပ်သူတချို့က ကောက်ယူနေဆဲမို့) ထည့်ရေးလို့ မရသေးပါဘူး။
စစ်အုပ်စုဘက်မှာလည်း လက်ရှိရင်ဆိုင်နေရတာက စစ်မျက်နှာတခုတည်း မကတော့ဘူး၊ အရပ်ရှစ်မျက်နှာမှာ စစ်မျက်နှာပေါင်းစုံ ဖွင့်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအပြင် သူတို့နောက်ကျောကနေ အလစ်အငိုက် ဝင်တိုက်နိုင်တဲ့ ဖရဲသီးတွေ၊ အရပ်သား ပြောက်ကျားတွေကိုပါ ရင်ဆိုင်နေရတယ်။
နှလုံးရည်တော်လှန်ရေးကို နာလန်မထူနိုင်အောင် ရိုက်ချိုးဖို့ ကြိုးစားခဲ့တဲ့ စစ်အုပ်စုဟာ သူတို့လို လက်နက်တွေ အလားတူကိုင်စွဲပြီး ပြန်တိုက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးကြောင့် အရေးနိမ့်မှုတွေ ရှိနေခဲ့ပါပြီ။
နယ်မြေတချို့က ဆုတ်ခွာပေးလိုက်ရပြီ။ သူတို့ရဲဘော်တွေ ထောင်သောင်းချီပြီး ဆုံးရှုံးခဲ့ရပြီ။ အဲဒီအပြင် သူတို့က တသွေးတသံတမိန့်နဲ့ ထိန်းချုပ်တဲ့ နယ်ရုပ်စစ်သားတွေ ရင်ဆိုင်နေရတာက ဉာဏ်ရည်ထက်မြက်တဲ့၊ နည်းပညာကျွမ်းကျင်တဲ့၊ အကြောက်တရားမဲ့တဲ့ “လူငယ်ခြေတက်” တွေ၊ စစ်နည်းဗျူဟာ ကျွမ်းကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်အုပ်စုကို အသွေးထဲ အသားထဲက မုန်းတဲ့ အရပ်သားပြည်သူတွေ ဖြစ်နေတယ်။
အဲဒီတော့ နှလုံးရည်တော်လှန်ရေး အဆုံးသတ်သွားပြီလားဆိုတဲ့ ဒီဆောင်းပါးရဲ့ အဓိက မေးခွန်းကို ဖြေရရင် အဆုံးမသတ်သေးပါဘူး။ နှလုံးရည်တော်လှန်ရေးကို အားသန်တဲ့သူတွေက အကြမ်းမဖက်မူဝါဒကို ဆုပ်ကိုင်ပြီး သူ့နည်းသူ့ဟန်နဲ့ ဆက်သွားနေတုန်းပါပဲ။
အဲဒီတော့ နှလုံးရည်တော်လှန်ရေး အဆုံးသတ်သွားပြီလားဆိုတဲ့ ဒီဆောင်းပါးရဲ့ အဓိက မေးခွန်းကို ဖြေရရင် အဆုံးမသတ်သေးပါဘူး။ နှလုံးရည်တော်လှန်ရေးကို အားသန်တဲ့သူတွေက အကြမ်းမဖက်မူဝါဒကို ဆုပ်ကိုင်ပြီး သူ့နည်းသူ့ဟန်နဲ့ ဆက်သွားနေတုန်းပါပဲ။
စစ်အုပ်စုထုတ်ကုန် မသုံးစွဲရေးသပိတ်၊ အသံတိတ်သပိတ်၊ ပန်းသပိတ်၊ မြို့ပြသပိတ်၊ တောက သပိတ် စသဖြင့် တော်လှန်သပိတ်မျိုးစုံက တနေ့တမျိုး မရိုးရအောင် ရှိနေတုန်းပါပဲ။ လက်နက်ကိုင်တော်လှန်ရေးကိုမှ ယုံကြည်တဲ့သူတွေကတော့ လက်နက်စွဲကိုင် တိုက်ပွဲဝင်နေကြပြီ။
ဒဏ်ရာရပြီး ရှေ့တန်း မထွက်နိုင်တဲ့ လူငယ်လေးတွေဆီက မကြာခဏ ကြားရလေ့ရှိတဲ့စကားက “ကျနော်တို့ ဘယ်တော့မှ နောင်တမရဘူး။ မသေမချင်း ဆက်တိုက်သွားမယ်” ဆိုတဲ့စကားပါပဲ။
ဟန်ပြစရာ လက်နက်ပဲရှိပြီး စိတ်ဓာတ်ရော စည်းကမ်းပါ ပျက်ပြားနေတဲ့ မာဖီးယားစစ်အုပ်စုအတွက်တော့ သူ့ကတုတ်ကျင်းထဲမှာပဲ စစ်ရေးပြနေရမယ့် နေ့ရက်တွေ တဖြည်းဖြည်း နီးကပ်လာပါပြီ။
ဒီကနေ့ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ တော်လှန်ရေး အခင်းအကျင်းအသစ်ကတော့ နှလုံးရည်တော်လှန်ရေးနဲ့ လက်နက်ကိုင်တော်လှန်ရေး တပြိုင်တည်းသွားနေတဲ့ “ပေါင်းစပ်တော်လှန်ရေး” ဖြစ်ပါတယ်။ တဦးတယောက် သို့မဟုတ် တစုတဖွဲ့က ဦးဆောင်တဲ့ တော်လှန်ရေးမဟုတ်ဘဲ လူထုလူတန်းစား အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ “ပေါင်းစည်းတော်လှန်ရေး” ဖြစ်ပါတယ်။
ဒီကနေ့ စစ်အုပ်စုအနေနဲ့ စီးပွားရေး၊ နိုင်ငံရေးမှာတင်မကဘဲ စစ်ရေးအရပါ အရေးနိမ့်နေတာဟာ ပေါင်းစပ်တော်လှန်ရေးနဲ့ ပေါင်းစည်းတော်လှန်ရေးရဲ့ ရလဒ်ဖြစ်ပါတယ်။
ဒီ ပေါင်းစပ်တော်လှန်ရေးနဲ့ ပေါင်းစည်းတော်လှန်ရေးရဲ့ ဦးတည်ချက်က စစ်အာဏာရှင်စနစ်ကို အဆုံးသတ်အောင် တိုက်မယ်ဆိုတာနဲ့ ပြီးမသွားသင့်ပါဘူး။ ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းတိုင်းဟာ စစ်အာဏာရှင်အဖြစ်ကို အချိန်မရွေး ပြောင်းလဲသွားနိုင်တဲ့အတွက် လူတဦးတယောက်ချင်းစီရဲ့ အာဏာရှင်ဆန်တဲ့ စိတ်ဓာတ်တွေ၊ အမူအကျင့်တွေကိုပါ ပြောင်းလဲနိုင်တဲ့ “စိတ်ဓာတ်တော်လှန်ရေး” ဖြစ်မှသာလျှင် တကယ့်အပြောင်းအလဲ အစစ်အမှန်ကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။
“စိတ်ဓာတ်တော်လှန်ရေး” မှာ အဆုံးသတ်ရယ်လို့ မရှိပါဘူး။ တစုံတယောက် သို့မဟုတ် တစုတဖွဲ့က ဦးဆောင်မှ စတင်ရမယ့် တော်လှန်ရေးမျိုးလည်း မဟုတ်ပါဘူး။ တဦးချင်းတယောက်ချင်းစီမှာ အမြဲသယ်ဆောင်သွားရမယ့် အာဏာရှင်အကျင့်စရိုက်မှန်သမျှ လက်မခံဘူးဆိုတဲ့ စိတ်ဓာတ်သာဖြစ်တယ်။
“စိတ်ဓာတ်တော်လှန်ရေး” အတွက် ခေါင်းဆောင်လည်း မလိုအပ်ပါဘူး။ တဦးချင်း တယောက်ချင်းစီက ပြောင်းလဲကျင့်ကြံနိုင်ဖို့ပဲ လိုပါတယ်။ အာဏာရှင်ဆန်တဲ့ စိတ်ဓာတ်တွေ အမူအကျင့်တွေကို အသွေးအသားထဲက လက်မခံတဲ့ ပြည်သူများကသာလျှင် ပြည်သူ့အာဏာကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။
ဒီဆောင်းပါးကို ကဗျာဆရာ မောင်ငြိမ်းချမ်းရဲ့ ကဗျာလေးတပုဒ်နဲ့ အဆုံးသတ်ပြီးတော့ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း လူမသိ သူမသိပျောက်ဆုံးသွားရတဲ့ လူငယ်မျိုးဆက်တိုင်းကို မှတ်မှတ်ရရ မော်ကွန်းတင်ချင်ပါတယ်။
လူငယ်လေးတစု
ခေတ်တိုင်းမှာ သူတို့ရှိတယ်။
ဆေးလိပ်ကြိုက်တယ်
ကဗျာကြိုက်တယ်
လက်ဖက်ရည်ကြိုက်တယ်
စာအုပ်ကြိုက်တယ်
ဂန္တဝင်ဂီတကြိုက်တယ်
နောက်ပြီး
နိုင်ငံရေးကြိုက်တယ် ။
လူတွေက သူတို့ကို အရူးလို့ထင်ကြတယ်။
ကျောက်တောင်ကို
ကြက်ဥနဲ့ပေါက်တဲ့အကောင်တွေတဲ့။
တချို့ကလည်း သူပုန်လောင်းလေးတွေတဲ့။
ဟိုလူကြီးကတော့ ဆူပူသူကျောင်းသားဆိုးတွေတဲ့။
ရွယ်တူတွေက အပေါင်းအသင်းမလုပ်ချင်ကြဘူး
လူကြောင်တွေတဲ့
ဝေးဝေးကရှောင် အမှုပတ်မယ်တဲ့။
မာက့်စ်ဝါဒကို သည်းခြေကြိုက်တယ်
ဖောက်ပြန်ရေးသမားတွေကို မုန်းတယ်
မူးလာရင် အင်တာနေရှင်နယ် ဆိုတယ်
အချစ်ရေးတော့ ကံခေကြတယ်ဗျ။
အချိန်တန်တော့သူတို့တွေဟာ
သံတိုင်တွေ နောက်မှာ
တောတောင်လျှိုမြောင်တွေကြားမှာ
ဘာဆုလာဘ်မှမရဘဲ
ပျောက်ဆုံးကုန်ကြတယ်။
လူမသိသူမသိ ပျောက်ကွယ်သွားတဲ့
လူငယ်လေးတစုဟာ
ခေတ်တိုင်းမှာ ရှိခဲ့ဖူးတယ်။
(မွန်မွန်မြတ်သည် မြန်မာနိုင်ငံမှ လွတ်လပ်ပြီး အမှီအခိုကင်းသည့် စာရေးဆရာမနှင့် သတင်းစာဆရာမ ဖြစ်သည်။ မွန်မွန်မြတ်သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ပိုင်ယပ်တက္ကသိုလ်မှ ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုင်ရာ ပါရဂူဘွဲ့ ရရှိခဲ့သည်။)
You may also like these stories:
နှလုံးရည်တော်လှန်ရေး အဆုံးသတ်ပြီလား အပိုင်း ၁
နှလုံးရည်တော်လှန်ရေး အဆုံးသတ်ပြီလား အပိုင်း ၂
နှလုံးရည်တော်လှန်ရေး အဆုံးသတ်ပြီလား အပိုင်း ၃
ဟာနာအားရန့်ပြောတဲ့ အာဏာရှင်စနစ်
မြန်မာ့တော်လှန်ရေး၏ ကိုယ်ပိုင်ယုတ္တိဗေဒ