ရခိုင်မှာ လက်ရှိဖြစ်နေတာတွေနဲ့ ပက်သက်ပြီး ရိုးရှင်းလွန်းတဲ့ ဇာတ်ကြောင်းတွေ အများကြီးကို ကြားရလိမ့်မယ်။ အများအားဖြင့် ရခိုင်မှာ မနေဖူးတဲ့သူတွေက တဆင့်စကားနဲ့ ပြန်ကြားရတဲ့ အခါမှာပေါ့။ ရိုဟင်ဂျာတွေသည် အကြမ်းဖက်စစ်အုပ်စုကို အားပေးပြီး အာရက္ခတပ်တော် AA နဲ့ နွေဦးတော်လှန်ရေးကို ဆန့်ကျင်နေတယ်လို့ ရခိုင်တွေနဲ့ ဗမာတွေ အထူးသဖြင့် ပြည်ပမှာရှိသူတွေက တွေးကောင်းတွေးနေလိမ့်မယ်။ တကယ်တော့ ဒါတွေက သတင်းမှားတွေပါ။ ရိုဟင်ဂျာ အများစုဟာ AAကို ထောက်ခံပြီး ရခိုင်တွေနဲ့ ပြဿနာမရှိပါ၊ ဒါ့အပြင် ၂၀၁၆-၂၀၁၇ မှာ ကြုံခဲ့ရတဲ့ ဖြစ်ရပ်ဆိုးတွေကြောင့် ရိုဟင်ဂျာအများစုဟာ စစ်ကောင်စီ (စကစ) အကြမ်းဖက်စစ်အုပ်စုကို မုန်းတီးကြတယ်လို့ ကျနော်ယုံကြည်ပါတယ်။
ရိုဟင်ဂျာမိတ်ဆွေ တစ်ယောက်က ယခုလို ပြောခဲ့ပါတယ်။ “ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမှာ ရိုဟင်ဂျာနဲ့ ရခိုင်တွေရဲ့ ခင်မင်မှုဟာ ခိုင်မာတယ်၊ စည်းလုံးတယ်၊ ပဋိပက္ခတွေလည်း မရှိဘူး။ ရှေ့လျှောက် ပိုပြီးခိုင်မာဖို့ စည်းလုံးဖို့ပဲ ရှိတယ်။ လက်ရှိ စကစဟာ ဒီစည်းလုံးမှုကို ဖျက်ဖို့ ကြိုးစားနေသလို တချို့မြို့တွေမှာ ပဋိပက္ခတွေ ဖြစ်ဖို့ ဖန်တီးနေပါတယ်။ ဒါပေမယ့် ရခိုင်နဲ့ ရိုဟင်ဂျာ အရေးတက်ကြွလှုပ်ရှားသူတွေက ဆိုရှယ်မီဒီယာမှာ စကစရဲ့ ပလန်တွေ အကြံတွေကို တိုက်ထုတ်ဖို့ အားစိုက်မယ်ဆိုရင် ဒါက ခင်မင်မှုကိုပိုပြီး ခိုင်မာစေပါလိမ့်မယ်” တဲ့။
အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန်ရိုဟင်ဂျာ တပ်မတော် (ARA) စတဲ့ ရိုဟင်ဂျာတချို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုဘက်ကနေ တိုက်ခိုက်ပေးနေကြတယ်ဆိုတာလည်း မှန်ပါတယ်။ ဒီအဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်မှာ ရှိတဲ့ ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်မှုတွေ ဆောင်ရွက်ခဲ့တဲ့အတွက် ရိုဟင်ဂျာ အများစုဟာ ဒီအဖွဲ့တွေကိုလည်း မုန်းတီးကြတယ်။(တကယ်တော့ တချို့သော ARSA နဲ့ RSO အဖွဲ့ဝင်တွေက စစ်အုပ်စုကို ပြန်တိုက်နေကြတာလည်း ရှိပါတယ်)။
ရိုဟင်ဂျာတချို့ တလေကတော့ အကြမ်းဖက်စစ်အုပ်စုဆီ ကိုယ်တိုင်ကိုယ်ကျ သွားပူးပေါင်းကြတာရှိပေမယ့် ဒါကလည်း မများပါဘူး။ သူတို့တွေအတွက် နည်းနည်းလောက်ဖြည့်တွေးကြည့်ကြရအောင်ပါ။ အကယ်၍ မင်းဟာ ငယ်ရွယ်ပြီး ပညာမတတ်တဲ့ ရိုဟင်ဂျာလူငယ် ဖြစ်ပြီး ဘယ်ဘက်ကနေမဆို တိုက်ခိုက်ခံနေရမယ်ဆိုရင် မင်းအနေနဲ့ တော်လှန်ရေးနဲ့ သက်ဆိုင်တယ်လို့ ခံစားနေမှာမဟုတ်သလို အရမ်းကြီးလည်း ထောက်ခံနေမယ် မထင်ဘူး။ “ဘာတော်လှန်ရေးလဲ” ရိုဟင်ဂျာလူငယ်တယောက်က ကျနော့်ကို ပြောခဲ့ပါတယ်။ ရိုဟင်ဂျာတွေကို လူတိုင်းနီးပါးက ဖယ်ထုတ်ထားတာတဲ့နောက် သူတို့ရဲ့ သစ္စာရှိမှုက ဘယ်မှာရှိသင့်သလဲ။လူမျိုးတုံးသတ်ဖြတ်မှုကို ထောက်ခံသူတွေနဲ့လား ဒါမှမဟုတ် နှုတ်ဆိတ်နေတဲ့သူတွေနဲ့လား။ အကြမ်းဖက်စစ်အုပ်စုက သူတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြား၊ စားနပ်ရိက္ခာ၊ ပိုက်ဆံနဲ့ မျှားတဲ့အတွက် တချို့လည်း သွားပူးပေါင်းပါတယ်။
ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာအရေးသုံးသပ်သူတွေဟာ အကြမ်းဖက်စစ်အုပ်စုအတွက် စစ်တိုက်ပေးနေတဲ့သူတွေကို ပြတ်ပြတ်သားသား ပြစ်တင်ရှုတ်ချသင့်တယ်။ AA နဲ့ အကြမ်းဖက်စစ်အုပ်စုတို့ကို တူညီတဲ့ရန်သူတွေအဖြစ် သဘောထားပုံရပြီး ဒီကိစ္စမှာ နှုတ်ဆိတ်နေပုံပဲ။ တကယ်တော့ ဒီနှစ်ခု မတူညီပါဘူး။ အကြမ်းဖက်စစ်အုပ်စုဟာ ရိုဟင်ဂျာတွေအတွက် အန္တရာယ် ပိုများပါတယ်။ AA ကို လူမျိုးတုံးသတ်ဖြတ်မှုလို့ အော်ဟစ်နေမည့်အစား ရိုဟင်ဂျာကိုယ်စားလှယ်တွေက AA နဲ့ သေချာဆွေးနွေးဖို့ လိုအပ်တယ်။ AA သည် ရခိုင်ပြည်နယ်မှာ အောင်နိုင်ဖို့ ရှိတယ်၊ စစ်ရာဇဝတ်မှုဆိုင်ရာ တရားရုံးတော်စီရင်ချက်က နှစ်နဲ့ချီ ကြာမြင့်နိုင်ပြီး မြေပြင်အခြေအနေမှာ သက်ရောက်မှုက အကန့်အသတ်ရှိတယ်။
ကံမကောင်းစွာပဲ နိုင်ငံတကာအသိုက်အဝန်းက AAနဲ့ စေ့စပ်ဆွေးနွေးနိုင်ဖို့ ဒါမှမဟုတ် AA နဲ့ ထောက်ပံ့ကူညီရေးအတွက် တွဲအလုပ်လုပ်တာ စတဲ့ အသုံးဝင်နိုင်တဲ့အရာတွေကို လုပ်ဆောင်နေတဲ့ပုံမပေါ်ဘူး။ စင်စစ် တချို့ အလှူရှင်တွေက NGO တွေကို စစ်အုပ်စုနဲ့ လက်တွဲလုပ်ဆောင်ဖို့ တောင်းဆိုကြပြီး ကုလသမဂ္ဂရဲ့ အတွင်းပိုင်းဆက်သွယ်မှုတွေဟာ AA နဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ ဘက်လိုက်မှုတွေကို ပြသလေ့ရှိတယ်။ နိုင်ငံတကာအသိုက်အဝန်းက ၂၀၁၃ ခုနှစ်မှ စတင်ကာ ရိုဟင်ဂျာများကိုသာ အာရုံစိုက်နေခြင်းသည် ရခိုင်ပြည်နယ်တွင် နာကြည်းမှုများစွာကို ဖြစ်စေခဲ့ပါတယ်။
Asia Times မှာ စာရေးသူ David Mathieson က “Rashomon effect ရှုထောင့်ကွဲပြားမှု” ဟာ ရခိုင်မြောက်ပိုင်းမြေပြင်အခြေအနေနဲ့ပတ်သက်ပြီး ရှုပ်ထွေးမှုတွေ ဖြစ်စေကြောင်း ဖော်ပြပါတယ်။ “လက်တွေ့ဖြစ်ရပ်များစွာက တချိန်တည်းမှာ တည်ရှိနိုင်ပါတယ်။ AA တပ်ဖွဲ့တွေက အရပ်သားများကို နေရာအနှံ့ ကူညီပေးနေစဉ် ရက်စက်ကြမ်းကြုတ်မှုတွေကို နေရာတခုမှာလည်း ကျူးလွန်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာလက်နက်ကိုင်စစ်တပ်ကတော့ မြန်မာနိုင်ငံတဝှမ်းလုံးမှာရှိတဲ့ လူမှုအသိုက်အဝန်း အသီးသီးအပေါ် မှာ အလားတူ ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်းကို လေ့လာသူများ မမေ့သင့်ပါ” လို့ သူရေးပါတယ်။
ဥပမာအားဖြင့် AA အချို့သည် ရိုဟင်ဂျာများကို စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီနှင့် ဘေးကင်းလုံခြုံစွာ ဖြတ်သန်းနိုင်ရန် ကူညီဆောင်ရွက်ပေးနေစဉ်အတွင်းမှာ AA တချို့သည် ရိုဟင်ဂျာများအပေါ် ရာဇဝတ်မှုများ ကျူးလွန်လျက် ရှိနိုင်ပါတယ်။
ယခုလို ရှုပ်ထွေးနေပေမယ့်လည်း UN Genocide Convention အပိုဒ်ခွဲ (၂) မှာ ဖော်ပြထားတဲ့အတိုင်း AA သည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ရန် ကြံရွယ်နေတယ်လို့ ကျနော် မထင်ပါ။ လူမျိုးတုံးသတ်ဖြတ်မှု ဆိုရာမှာ “နိုင်ငံသား၊ လူမျိုးစု၊ မျိုးနွယ်စု သို့မဟုတ် ဘာသာရေးအုပ်စုကို တခုလုံး သို့မဟုတ် တစိတ်တပိုင်းဖြစ်စေ ဖျက်ဆီးရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်ခဲ့သည့် အောက်ပါလုပ်ရပ်များ ပါဝင်သည်။ (က) အုပ်စုဝင်များကို သတ်ဖြတ်ခြင်း၊ (ခ) အုပ်စုဝင်များအား ပြင်းထန်သော ခန္ဓာကိုယ် သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှု၊ (ဂ) တခုလုံး သို့မဟုတ် တစိတ်တပိုင်း ရုပ်ပိုင်းဆိုင်ရာ ပျက်စီးစေရန် တွက်ချက်ထားသော အုပ်စုဘဝအခြေအနေများကို တမင်တကာ ထိခိုက်စေခြင်း၊ (ဃ) အုပ်စုအတွင်း မွေးဖွားခြင်းကို တားဆီးရန် ရည်ရွယ်သည့် အစီအမံများ ချမှတ်ခြင်း၊ (င) အုပ်စုတခုမှ ကလေးများကို အခြားအုပ်စုသို့ အတင်းအဓမ္မ လွှဲပြောင်းပေးခြင်းတို့ ပါဝင်ပါသည်” လို့ ဖွင့်ဆိုပါတယ်။
AA အဖွဲ့ဝင်အချို့က ရိုဟင်ဂျာတွေအပေါ် စစ်ရာဇဝတ်မှုဆိုင်ရာ ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ပြီး အဲဒီအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိသင့်တယ်လို့ ကျနော် ယုံကြည်ပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးစုတခုအနေနဲ့ ဖျက်ဆီးဖို့ AA မှာ ရည်ရွယ်ချက်ရှိနေတယ်လို့ ကျနော် မထင်ပါဘူး။ တဖက်မှာတော့ ၂၀၁၇ ခုနှစ်တုန်းက မြန်မာစစ်တပ်ရဲ့ ရည်ရွယ်ချက်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ဖို့ ဖြစ်ပါတယ်။ (၁၉၅၆ ခုနှစ်မှာ Genocide Convention ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားခဲ့ပါတယ်။)
တကယ်လို့ ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင်ပိုင်းက မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM) ကို ဝင်ရောက် စုံစမ်းခွင့်ပေးပြီး အခြေအနေမှန်ကို အစီရင်ခံခွင့်ပြုခဲ့ရင် ထင်မြင်ယူဆချက်တွေ၊ မျက်ကွယ်က ပြောဆိုမှုတွေ၊ ဘေးက ဝေဖန်နေမှု အများစုက လျော့နည်းသွားစေနိုင်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ နှစ်ဘက်လုံးက အပြစ်တင်ဝေဖန်စွပ်စွဲမှုတွေဟာ လူမျိုးရေးနဲ့ ဘာသာရေးခွဲခြားမှုဖြစ်စေချင်တဲ့ စစ်အုပ်စုရဲ့ ဆိုက်ဝါးနဲ့စိတ်ဓာတ်စစ်ဆင်ရေးတွေ အောင်မြင်နေတယ်ဆိုတာ ပြသနေတာပါ။
ဒါကြောင့် မင်းရဲ့ ရန်သူကို သိပါ။ မင်းရဲ့ ရန်သူဟာ ရိုဟင်ဂျာမဟုတ်သလို ရခိုင်လည်း မဟုတ် ဗမာလည်း မဟုတ်ပါဘူး။ မင်းရဲ့ရန်သူဟာ အကြမ်းဖက်စစ်တပ်ပဲ ဖြစ်ပါတယ်။
(Paul Greening သည် အာရှနိုင်ငံ ခြောက်နိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသော ကုလသမဂ္ဂ အကြီးတန်း အရာရှိဟောင်း တစ်ဦးဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) တွင် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရခိုင်ပြည်နယ် စစ်တွေမြို့ ၌ တာဝန်ထမ်းဆောင်ခဲ့သည်။)
You may also like these stories:
ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်း အကြမ်းဖက်မှုများကို မေ့မထားရန် လိုအပ်နေ
ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ
မောင်တောတိုက်ပွဲနှင့် မွတ်စလင် ပျူစောထီးများ အပိုင်း ၁
မောင်တောတိုက်ပွဲနှင့် မွတ်စလင် ပျူစောထီးများ အပိုင်း ၂
ရိုဟင်ဂျာများကို ဒရုန်းဖြင့် မတိုက်ခိုက်ဟု AA ငြင်းဆို