သုံးနှစ်ကြာ စစ်ဒဏ်ခံနေရသည့် ပြည်သူသိန်းချီပြီး နေရပ်စွန့်ခွာရသည့် အသေအပျောက်များသော ရေဘေးကို ကိုင်တွယ်ဖြေရှင်းရန် မြန်မာ စစ်ကောင်စီခေါင်းဆောင်က စနေနေ့တွင် ပြည်ပအကူအညီတောင်းခံသည်။
လွန်ခဲ့သော ရက်သတ္တပတ်ကုန်က မိုးသည်းထန်သည့် ယာဂီတိုင်ဖုန်းမုန်တိုင်း ဒေသတွင်းတွင် တိုက်ခတ်အပြီး ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများကြောင့် မြန်မာ၊ ဗီယက်နမ်၊လာအိုနှင့် ထိုင်းတွင် လူပေါင်း ၃၀၀ နီးပါးသေဆုံးကြောင်း သတင်းများက ဆိုသည်။
ရေဘေးကြောင့် လူ ၂၃၅၀၀၀ ကျော် နေအိမ်များကို စွန့်ခွာရကြောင်း စစ်ကောင်စီက သောကြာနေ့တွင် ပြောသည်။ တနင်္ဂနွေနေ့တွင် စစ်ကောင်စီက သေဆုံးသူ ၇၄ ဦးရှိပြီး ပျောက်ဆုံးသူ ၈၉ ဦးရှိကြောင်း ထုတ်ပြန်သည်။ သို့သော် စစ်ကောင်စီ လက်လှမ်းမမီသော ဒေသများတွင် သေဆုံးနှင့် ပျောက်ဆုံးသူများ ထပ်ရှိနေနိုင်သည်။ ထို့ကြောင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး စစ်ဖြစ်နေသော နိုင်ငံအတွက် နောက်ထပ် ကံဆိုးမိုးမှောင်ကျမှုဖြစ်သည်။
စစ်တပ်က တည်ဆောက်သည့် မြို့တော် နေပြည်တော် ပတ်ဝန်းကျင်သို့ ခေါက်ရိုးကျိုး စစ်ဝတ်စုံနှင့် တောက်ပြောင်နေသော ဘွတ်ဖိနပ်တို့ကို ဝတ်စားပြီး ထွက်ကြည့်လာသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရေဘေးဒဏ်ခံရသူများကို ကယ်ဆယ် အကူအညီပေးရန် ပြည်ပနိုင်ငံများနှင့် အရာရှိများဆက်သွယ်ရန် လိုအပ်နေကြောင်း ညွှန်ကြားသည်။
နိုင်ငံတကာနှင့် အိမ်နီးချင်းများအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးရန် အသင့်ရှိနေမည်မှာ သေချာသည်။ သို့သော် မြန်မာစစ်တပ်ကိုယ်နှိုက်က ပြည်ပမှ လူသားချင်းနာမှုအကူအညီများကို ပိတ်ဆို့ သို့မဟုတ် နှောင့်ယှက်နေသောကြောင့် နိုင်ငံတကာအကူအညီ မည်သို့မည်ပုံ ပေးနိုင်မည်မှာ မရေရာသောကိစ္စဖြစ်သည်။
လွန်ခဲ့သောနှစ်က နိုင်ငံအနောက်ပိုင်းကို မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်အပြီး မုန်တိုင်းဒဏ်ခံပြည်သူ တသန်းကျော်ထံရောက်ရန် ကြိုးစားသည့် အကူအညီပေးရေးအဖွဲ့များအတွက် ခရီးသွားလာခွင့်ကို စစ်ကောင်စီဆိုင်းငံ့ခဲ့သည်။ ထိုစဉ်က ထိုဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက နားလည်ရခက်ကြောင်း ဝေဖန်ရှုတ်ချသည်။
ပြည်ပမှ အကူအညီတင်မက ပြည်တွင်းက ပြည်သူအချင်းချင်းပေးသည့် တနိုင်တပိုင် အကူအညီများကိုပင် စစ်တပ်က ခွင့်မပေးပေ။
ယခု ယာဂီမုန်တိုင်းကြောင့် ရေဘေးဒဏ်ခံရသည့် ဒေသများသို့ ကယ်ဆယ်ကူညီရေး အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် သယ်ဆောင်လာသော အသက်ကယ်လှေများကို စစ်ကောင်စီက တားဆီး လုယူနေကြောင်း သိရသည်။
အသက်ကယ်လှေ ငါးစီး သယ်ယူခဲ့ရာ စစ်ဆေးရေးဂိတ်တခုက လေးစီးကို သူတို့ သွားလိုသည်နေရာအတွက် သိမ်းယူကြောင်း၊ တစီးသာ သယ်ခွင့်ပေးကြောင်း လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။
မြန်မာပြည်အောက်ပိုင်း ရေကြီးနိုင်သည်ဟု ခန့်မှန်းချက်များထွက်ပေါ်လာပြီးနောက် ပရဟိတ အသင်းတခုက ကြိုတင်ပြင်ဆင်ထားသော လှေများကိုပါ အမိန့်အရဟုဆိုကာ သိမ်းယူသွားသေးသည်။
သဘာဝဘေးသည် စစ်ခေါင်းဆောင်များ၏ ပြည်သူလူထုအပေါ် ထားသည့် စိတ်ထားကိုပေါ်လွင်စေသည်။ ဟန်ဆောင်ဖုံးကွယ်ထားသော စစ်ခေါင်းဆောင်များ၏ အတွင်းစိတ်အား သဘာဝဘေးအန္တရာယ်ကျရောက်တိုင်း ပြည်သူလူထုက မြင်ခွင့်ရကြသည်။
နာဂစ်မုန်တိုင်းသည် ပထမ သက်သေဖြစ်သည်။ ၂၀၀၈ ခုနှစ် မြန်မာတွင် နာဂစ်မုန်တိုင်းကြောင့် လူအနည်းဆုံး ၁၃၈၀၀၀ သေဆုံးပြီးနောက် ထိုစဉ်က စစ်အုပ်စုသည် အရေးပေါ်အကူအညီများကို ပိတ်ပင်ပြီး လူသားချင်း စာနာမှုအလုပ်သမားများနှင့် ထောက်ပံ့ပစ္စည်းများကို ပိတ်ပင်သည်။ ကိုယ်တိုင်လည်း မကူညီ၊ ကူညီမည့် အဖွဲ့အစည်းများအားလည်း ခွင့်မပြုခဲ့သည့်အပြင် အလောင်းရှင်းလင်း သဂြိုလ်သူများ အဖမ်းအဆီးပါ ခံခဲ့ရသည်။
အထင်ရှားဆုံး ဥပမာတခုမှာ စစ်အုပ်ချုပ်ရေးအဆက်ဆက် လူကယ်ပြန်ဟု အတိုကောက်ခေါ်သော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကို ချောင်ထိုးထားခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အရပ်သား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်မှသာ ယင်းဝန်ကြီးဌာန ရှေ့တန်းရောက်လာသည်။
သို့သော် အာဏာသိမ်းစစ်တပ်သည် သဘာဝဘေး ကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ် ဝယ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား တရားစွဲ ထောင်ချခဲ့သည်။ ထို့အပြင် NLD အစိုးရလက်ထက်က စုဆောင်းထားသော သဘာဝဘေး ရန်ပုံငွေများအားလည်း စစ်ခေါင်းဆောင်က တခြားနေရာတွင် တလွဲသုံးပစ်ခဲ့ကြသည်။
စစ်ခေါင်းဆောင်များသည် လေယာဉ် ရဟတ်ယာဉ်များအား စစ်ရေးကိစ္စနှင့် ဇိမ်ခံပစ္စည်းအဖြစ် သုံးရန် သဘောထားကြသည်ဟု အငြိမ်းစားညွန်ကြားရေးမှူးချုပ်တဦးက ဆိုသည်။ တပ်ချုပ်စီးရန် သီးသန့် ရဟတ်ယာဉ်နှင့် လေယာဉ်ရှိသည်။ ဖော်ကာ ၀၀၂ လေယာဉ်သည် စစ်ခေါင်းဆောင် ခရီးသွားသည့်အခါ စီးရန် သီးသန့်ဝယ်ယူထားသည့် လေယာဉ် ဖြစ်သည်။
NLD အစိုးရလက်ထက်တွင် သမ္မတ စီးရန် သီးသန့် ရဟတ်ယာဉ် မရှိပေ။ ထို့အပြင် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ရန် သို့မဟုတ် ကယ်ဆယ်ရေးအတွက် တာဝန်ရှိသူများ ခရီးသွားရန် ရဟတ်ယာဉ် လိုသည့်အခါ နိုင်ငံတော် သမ္မတရုံးက ကက (ကြည်း) စစ်ရုံးချုပ်အား စာတတန်ပေတတန်ဖြင့် တင်ပြတောင်းခံခဲ့ရသည်။
ထိုသို့ တောင်းသည့်အခါ စစ်တပ်မှ အကြောင်းအမျိုးမျိုးပြ၍ ငြင်းပယ်ခဲ့သည်။ မဖြစ်သာသည့်အဆုံးမှသာ ပေးလေ့ရှိသည်။ ထို့သို့ပေးသည့်အခါတွင်လည်း ရဟတ်ယာဉ် အသုံးပြုမှုအတွက် ကုန်ကျစရိတ်အား စစ်တပ်ဖက်မှ NLD အစိုးရထံ တောင်းယူတတ်သည်။
ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာသည့်အခါ အရေးပေါ် ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ရဟတ်ယာဉ် တစင်းအား ငှါးရမ်းခဲ့သည်။ ရန်ပုံငွေရရှိလာပြီးနောက်ပိုင်း ဝယ်ယူခဲ့သည်။ အဆိုပါ ရဟတ်ယာဉ် ဝယ်ယူရာတွင်လည်း သဘာဝဘေးရန်ပုံငွေအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်များ ထည့်ဝင်ထားသောအလှူငွေများမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
NLD အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကျရောက်လာသည့်အခါ ချက်ခြင်းကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေ ထူထောင်ထားခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူရာတွင် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်မညီဟု စွပ်စွဲကာ အဂတိကော်မရှင်မှ ဦးရဲထက်က တရားလို ပြုလုပ်၍ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူကယ်ပြန်ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့အား အဂတိလိုက်စားမှု ၅ မှုဖြင့် တရားစွဲဆိုခဲ့သည်။
အမှန်တကယ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘာဝဘေးကယ်ဆယ်ရန် ရဟတ်ယာဉ်ဝယ်သည့်အခါ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ထို့အချိန်က အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌအဖြစ် ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူမှ တာဝန်ယူခဲ့သည်။ ဦးဟင်နရီဗန်ထီးယူအနေဖြင့် ရဟတ်ယာဉ်ဝယ်ရန် အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြပြီး အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ရဟတ်ယာဉ် ဝယ်ယူသည့်အခါတွင်လည်း တင်ဒါစနစ်ကို ကျင့်သုံးခဲ့ပြီး ကုမ္ပဏီ ၃ ခုမှ တင်ဒါဝင်ပြိုင်ခဲ့သည်။ တင်ဒါ ဝင်ပြိုင်သည့်ကုမ္ပဏီ ၃ ခုထဲကမှ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးသူရကျော်ထင်၏ မြေးဖြစ်သူ ဦးလင်းထင် ဦးဆောင်သည့်ကုမ္ပဏီမှ တင်ဒါအောင်ခဲ့ပြီး အဆိုပါရဟတ်ယာဉ်အား ဝယ်ယူပေးခဲ့သည်။
ရဟတ်ယာဉ် ဝယ်ယူခွင့်ရသည့် ဦးလင်းထင်ကိုယ်တိုင် တရားရုံးသို့လာရောက်၍ မှန်မှန်ကန်ကန် သက်သေ ထွက်ဆိုပေးခဲ့သည်။ ထို့အပြင် ဦးဟင်နရီဗန်ထီးယူကိုယ်တိုင် တရားရုံးသို့ လာရောက်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီ အစိုးရအဖွဲ့အစည်းမှ သဘောတူသဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
သို့သော်လည်း တရားသူကြီးဦးမြင့်ဆန်းမှာ ရဟတ်ယာဉ်ဝယ်ယူရေး အဂတိမြောက်သည်ဟု တရားရေးမဏ္ဍိုင်အတွက် အမည်းစက်ဖြစ်စေခဲ့သည့် ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်။
အမှန်တကယ် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့် မညီပဲ သဘာဝဘေးအန္တရာယ်ရန်ပုံငွေများ သုံးခဲ့သည်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်သည်။
NLD အစိုးရ လက်ထက်တွင် ပြည်တွင်းပြည်ပမှ အလှူရှင်များက သဘာဝဘေးရန်ပုံငွေအတွက် ငွေကြေးများစွာ လှူဒါန်းခဲ့သည်။ စစ်တပ်က အာဏာသိမ်းသည့်နေ့တွင် ပြည်တွင်းပြည်ပမှ အလှူရှင်များလှူထားသော သဘာဝဘေး ရန်ပုံငွေတွင် မြန်မာ ကျပ်ငွေ ဘီလီယံ ၄၄၀ စွန်းစွန်း ကျန်ရှိခဲ့သည်။
ထို့အပြင် NLD အစိုးရ စတင်တာဝန်ယူသည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ ပြည်ထောင်စု ဘဏ္ဍာရံပုံငွေမှ သဘာဝဘေးကယ်ဆယ်ရေးအတွက် နှစ်စဉ်ကျပ်ဘီလီယံ ၂၀ ကို ခွဲဝေပေးခဲ့သည်။၂၀၂၀ ခုနှစ် တွင် နိုင်ငံတော်၏ အရန်ရံပုံငွေထဲမှ ကျပ်ဘီလီယံ ၁၀၀၀ ကို သဘာဝဘေးဆိုင်ရာ ရံပုံငွေအဖြစ် လွဲပြောင်းပေးခဲ့သည်ဟု ဒေါက်တာဝင်းမြတ် PVTV မီဒီယာတွင်ပြောကြားထားသည်။
“သဘာဝဘေး ရံပုံငွေဆိုတာ ဘယ်နေ့ ဘာကြုံမလဲဆိုတာ မခန့်မှန်းတတ်ဘူး၊ ရုတ်တရက်ကျလာပြီဆို ကူညီဖို့ အဆင်သင့်ပြင်ထားရမယ်၊ အရေးပေါ် ပစ္စည်းတွေ ဆောင်ထားရတယ်၊ သုံးဖို့ငွေလိုလို့ ရန်ပုံငွေထောင်ထားတာ” ဟု NLD အစိုးရလက်ထက်တွင် လူကယ်ပြန်ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့သည့် အဆင့်မြင့် အရာရှိကြီးတဦးက ဆိုသည်။
ပြည်တွင်းပြည်ပမှ သဘာဝဘေးအန္တရာယ်အတွက် လှူဒါန်းသော ငွေကြေးများအား လူကယ်ပြန်ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခံခွဲရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် (လက်ရှိလူကယ်ပြန် အတွင်းဝန်) က တာဝန်ယူထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ အရေးပေါ်ကူညီနိုင်ရန် ထူထောင်ထားသည့် ရံပုံငွေအား စစ်ခေါင်းဆောင်မှ တခြားနေရာများတွင် သုံးလိုက်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြည်နယ်/တိုင်း ဝန်ကြီးချုပ်များအား နေပြည်တော်သို့ ဖိတ်ကြား၍ စိုက်ပျိုးရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်ဟု ဆိုကာ ကျပ်ဘီလီယံ ၃၇၀ ကို ပေးအပ်ခဲ့သည်။
ထို့ပြင် ကျန်ရှိသော ဘီလီယံ ၇၀ ထဲမှ ဘီလီယံ ၃၀ အား ဆီထွက်သီးနှံများ စိုက်ပျိုးရန် အသေးစား အလတ်စား ကုမ္ပဏီများအား ထုတ်ချေးလိုက်သည်ဟု လူကယ်ပြန်ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတဦးက ဆိုသည်။
ထို့ကြောင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်သစ်တင် ရွာသွန်းသော မိုးရေချိန်ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်သည့်အခါ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ရန် ရံပုံငွေမရှိဖြစ်နေတော့သည်။ ရေရှည်အမြင်လည်း မရှိ၊ စေတနာလည်း ခေါင်းပါး၊ ရံပုံငွေလည်း မသိမ်းဆည်းထားတတ်သော စစ်ခေါင်းဆောင်များကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့်အခါ မြန်မာပြည်သူများ ဒုက္ခများစွာ ပိုမို ရောက်ရတော့သည်။
ပြည်သူအချင်းချင်း ကူညီကယ်ဆယ်၍သာ အသေအပျောက် ပိုနည်းခဲ့ရသည်။
စစ်ဗိုလ်ချုပ်များသည် သဘာဝဘေးအန္တရာယ် ကျရောက်လာသည့်အခါ ပုံမှန်လုပ်တတ်သည်တခုတော့ ရှိသည်။ ကယ်တင်ရှင်အဖြစ် ပုံဖော်ချင်ကြသည်။ ဓါတ်ပုံရိုက်ရန် ထွက်လာကြသည်။ သို့သော် ရေတစက်ပင် မဆို၊ ရွှံ့တစက်ပင် မပေကြပေ။
You may also like these stories:
နေပြည်တော်နယ်မြေ ရေကြီးပြီး ၄ ရက်မြောက်နေ့ စစ်ခေါင်းဆောင် ထွက်ပေါ်လာ
ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်း၊ မြန်မာနှင့် လာအိုတွင် ရေကြီး
ရမည်းသင်း ရေကြီးမြေပြိုမှု အလောင်း ၄၀ ကျော်တွေ့ ၁၀၀ ကျော် ပျောက်နေ
ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်
မသေသင့်တဲ့နေရာတွေ သေကြတယ် (ရုပ်/သံ)
ရေဘေးကယ်ဆယ်ရေးမှာ ပျောက်နေတဲ့ စစ်တပ် (ရုပ်/သံ)