အခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် စစ်ရုံးချုပ်ရှိရာ နေပြည်တော်ကောင်စီနယ်မြေ တဝိုက်က ရေကြီးရေလျှံမှု သတင်းများကိုကြည့်ကာ စစ်တပ်နှင့် သဘာဝဘေးဆိုင်ရာ ကိစ္စရပ်များအကြောင်း နှိုင်းယှဉ် စဉ်းစားမိပါသည်။
သဘာဝဘေးသည် တောတောင်ထူထပ်သော တိုင်းစွန်ပြည်ဖျားမှသည် တိုင်းပြည်၏ အလယ်ဗဟိုချက်ကို တံခါးခေါက်ခဲ့ပေပြီ။ တနည်းအားဖြင့် အစွန်အဖျားမှ တောတွေတောင်များကို ပြုန်းတီးအောင် သစ်ထုတ်ခြင်း၊ သတ္တုတူးခြင်းများဖြင့် စည်းကမ်းမဲ့ ကိုယ်ကျိုးရှာခဲ့ပြီး တိုင်းပြည်ဗဟို အချက်အချာတွင် မိန့်မိန့်ကြီး အနားယူနေကြသည့် စစ်ခေါင်းဆောင်ဟောင်းများရော၊ လက်ရှိ စစ်ခေါင်းဆောင်များကိုပါ သဘာဝဘေးက လှုပ်နှိုးလိုက်ခြင်းဖြစ်၏။
စစ်ခေါင်းဆောင်များသည် သဘာဝဘေးနှင့် ပတ်သက်လာလျှင် အသိဉာဏ်နည်းကြသည်။ သစ်ကား ဖြတ်သွားလျှင်ဖြစ်စေ၊ သတ္တုကား ဖြတ်သွားလျှင်ဖြစ်စေ၊ ယုတ်စွအဆုံး မီးသွေးကား ဖြတ်သွားလျှင်ပင် ဆက်ကြေး ပိုက်ဆံရသည်ဟုသာ အမြင်ရှိကြသည်။
စစ်ခေါင်းဆောင်များသည် သဘာဝဘေးနှင့် ပတ်သက်လာလျှင် အသိဉာဏ်နည်းကြသည်။ သစ်ကား ဖြတ်သွားလျှင်ဖြစ်စေ၊ သတ္တုကား ဖြတ်သွားလျှင်ဖြစ်စေ၊ ယုတ်စွအဆုံး မီးသွေးကား ဖြတ်သွားလျှင်ပင် ဆက်ကြေး ပိုက်ဆံရသည်ဟုသာ အမြင်ရှိကြသည်။
သစ်တောကြီးများ၊ တောင်တန်းကြီးများကို စစ်ခေါင်းဆောင် အစဉ်အဆက်က လက်ညှိုးထိုး ရောင်းစားခြင်း၏ အကျိုးဆက်ကြောင့် သဘာဝဘေးဒဏ် ခံစားရပါသည် ဆိုသည်အထိ အတွေးက မရောက်ပေ။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကြောင်း သိဖို့နေနေသာသာ သဘာဝဘေး ဖြစ်လာလျှင် မည်ကဲ့သို့ တုံ့ပြန်မည်ဆိုသည့် စီမံခန့်ခွဲမှု အသိပင် မရှိသလောက် အားနည်းလေသည်။
ဦးသန်းရွေ၏ စစ်အစိုးရလက်ထက်တွင် တည်ဆောက်ရေးလုပ်ငန်းများတွင်ဖြစ်စေ၊ သဘာဝဘေးကြုံ၍ ကူညီကယ်ဆယ်ရေးအတွက် လိုအပ်လျှင်ဖြစ်စေ ပြည်သူကို လုပ်အားပေးခေါင်းစဉ်တပ်၍ အဓမ္မခိုင်းစေမှုမှသည် နီးရာ စစ်တပ်ကို ကြုံသလို ဆွဲထုတ်တတ်သည့် စနစ်မကျသော စီမံမှုများကိုလည်း အမှတ်ရမိ၏။
၂၀၀၈ နာဂစ် အလွန်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကဲ့သို့ အဖွဲ့များ အနည်းငယ် အားကောင်းမှသာ လုပ်အားပေးခေါ်သည့်အကျင့်က လျော့နည်းသွားခဲ့သည်။ သို့သော် လုံးလုံး ပျောက်သွားသည်တော့ မဟုတ်ပေ။ နီးစပ်ရာ စစ်တပ်ကို ကြုံသလိုခိုင်းသည်ကတော့ ယနေ့တိုင်ဖြစ်သည်။
စစ်တပ်အတွင်း တပ်အလိုက်၊ တပ်နယ်အလိုက် သဘာဝဘေး၊ မီးဘေးဆိုင်ရာ လုံခြုံရေး စီမံချက်များ ရေးဆွဲထားသော်လည်း စီမံချက်စာအုပ်များတွင်သာ အဆုံးသတ်သွားရသည်က များသည်။ တကယ်ဖြစ်လာသည့်အခါ ထိရောက်သော တုံ့ပြန်မှု မလုပ်နိုင်သည်ကို တွေ့ရသည်။
တောင်ကုန်းတောင်တန်း ထူထပ်သောဒေသတွင် ရေကြီးရေလျှံမှု ကယ်ဆယ်ရေးကို ဇာတ်တိုက်လေ့ကျင့်ခိုင်းပြီး မြေပြန့်ဒေသတွင် မြေပြိုသည့် သဘာဝဘေးအတွက် ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခိုင်းသည်ကို ကြုံဖူးသည်။ ကူညီကယ်ဆယ်ရေးအတွက် အသုံးပြုနိုင်သည့် အထောက်အကူပစ္စည်းများ မရှိခြင်း၊ စက်ယန္တရားများ မမောင်းတတ်ခြင်းတို့ကို ကြုံရသည်။
အပေါ်က ဘယ်လိုအထောက်ပံ့ပေးမည် မရှိဘဲ အနီးစပ်ဆုံးတပ်မှူးကို ဖိအားပေး၍ “မပြီးသေးဘူးလား” သာ မေးတတ်သည်။ “ကကကြည်းက မေးနေပြီ”၊ “အခုထိ လမ်းမပွင့်သေးဘူးလား”၊ “အခုထိ မီးမငြိမ်းသေးဘူးလား” ဆိုတာက အပိုဆောင်း ပါတတ်သေးသည်။
လုပ်လို့က မပြီးသေး၊ မှတ်တမ်းဓာတ်ပုံ အရင်ပို့ဆိုတာက ပါသေးသည်။ ပိုဆိုးသည်မှာ ရွံ့ထဲဗွက်ထဲ မိုးထဲရေထဲ ကယ်ဆယ်ရေးလုပ်ရသည့် စစ်သားများကို ယူနီဖောင်း အပြည့်အစုံဝတ်ပြီး ဓာတ်ပုံရိုက်ခိုင်းခြင်းဖြစ်သည်။ အနီးကပ်ကြီးကြပ်ရသူများက ဓာတ်ပုံပဲ ရိုက်ရမှာလိုလို၊ ကယ်ဆယ်ရေးပဲ လုပ်ရမှာလိုလိုနှင့် အတော်ဒုက္ခရောက်ကြရသည်။
သဘာဝဘေးဆိုင်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ တပ်နယ်အလိုက် အထက်အမိန့် စောင့်စရာမလိုဘဲ ကူညီရမည်ဆိုသည့် ညွှန်ကြားချက် ရှိခဲ့ပါသည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင် မင်းအောင်လှိုင်က စစ်တပ်ကို ပေးသည့်အမိန့် ဖြစ်သည်။
သဘာဝဘေးဆိုင်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာသည့်အခါ တပ်နယ်အလိုက် အထက်အမိန့် စောင့်စရာမလိုဘဲ ကူညီရမည်ဆိုသည့် ညွှန်ကြားချက် ရှိခဲ့ပါသည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင် မင်းအောင်လှိုင်က စစ်တပ်ကို ပေးသည့်အမိန့် ဖြစ်သည်။
ပြဿနာက တပ်နယ်ကွပ်ကဲမှု နယ်မြေအတွင်း မှန်သော်လည်း အလှမ်းဝေး၍ သတင်းမရသည့်အခါ အချို့သဘာဝဘေးဒဏ်နှင့် ပတ်သက်သည့်သတင်းများကို မသိနိုင်ခြင်း ဖြစ်သည်။ ဥပမာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း အဟောင်းတခု ပြိုကျမှု ဖြစ်ခဲ့သည်။ မနက်က ပြိုကျသည်ကို ညနေမှ တပ်နယ်မှူးရုံးက သိသည်။ ကက ကြည်းကို သတင်းတင်ပြသည့်အခါ ကူညီကယ်ဆယ်ရေးလုပ်သည့် မှတ်တမ်းဓာတ်ပုံ တောင်းသည်။
ထို့ကြောင့် အရာရှိ၊ စစ်သည်များအား စုစည်း၍ အပြေးအလွှား သွားရသည်။ ဟိုရောက်တော့ ဘုရားကျောင်း ကော်မတီက ရှင်းလင်းထားပြီး ဖြစ်နေသည်။ တည်ဆောက်ထားသည့်နှစ် အတန်ကြာ၍လည်းဖြစ်သလို ပြုပြင် ထိန်းသိမ်းရေး စနစ်တကျ မလုပ်နိုင်၍ မိုးများသည့်ရက်တွင် ပြိုကျခြင်းဖြစ်၏။
သင်းအုပ်ဆရာက “ရပါတယ်၊ နောက်မှ ပြန်ဆောက်မှာပါ” ပြောသည့်တိုင် အုတ်ပုံကြီးသာ ကျန်နေသည့် နေရာတွင် အုတ်တလုံးချင်း လက်ဆင့်ကမ်းကာ ဟိုမှဒီ ရွှေ့ခဲ့ရသေးသည်။ စစ်တပ်အာဘော် မြဝတီသတင်းတွင် ဖော်ပြရန်ဖြစ်လေ၏။
နားလည် တတ်ကျွမ်းသူများနှင့် ပြန်ဆောက်ရမည်ဖြစ်သော်လည်း အချိန်ကုန် လူပင်ပန်းခံကာ ဓာတ်ပုံရိုက်ခဲ့ရသည်။ ကူညီကယ်ဆယ်ရေးထက် “စည်းရုံးရေး”ကိုသာ ဦးစားပေးနေသည်။ ကိုယ့်အလုပ်သာကိုယ် တာဝန်ကျေအောင် လုပ်နေလျှင် စည်းရုံးရေးလုပ်ရန် သီးခြားလိုနေမည် မဟုတ်ပေ။
နိုင်ငံအနေဖြင့်ကြည့်ပါက စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ဦးသိန်းစိန်၏ ယူနီဖောင်းချွတ် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ရှိသော်လည်း လက်တွေ့ ထိရောက်လောက်အောင်အထိ အလုပ်မဖြစ်ခဲ့ပေ။
လူကယ်ပြန် ပထမဆုံးဝန်ကြီးကို အမျိုးသမီးဝန်ကြီးအဖြစ် ဒေါ်မြတ်မြတ်အုန်းခင်ကို ခန့်သည်။ အမျိုးသမီးကို နေရာပေးသည်ဆိုသော်လည်း သူ့ဝန်ကြီးဌာနကတော့ အလုပ်သိပ်မဖြစ်ခဲ့ပေ။ ကယ်ဆယ်ရေးကို စစ်တပ်ကသာ လုပ်တတ်သည့်ပုံ ဖမ်းချင်၍လား၊ စစ်တပ် မပါလျှင်လည်း ဘာတွေများ ရှေ့ဆက်ဖြစ်ကြမယ်ဆိုပြီး ဘာမှ မလုပ်တတ်အောင် စနစ်တကျ ဖျက်ဆီးချင်၍လားတော့ မသိပေ။
အရေးအကြောင်းဆို စစ်တပ်သုံး လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်သာ ကယ်ဆယ်ရေး လုပ်နေခဲ့ရသည်။ နီးရာ စစ်တပ်က လူတွေ ထုတ်သည်။ ကယ်ဆယ်ရေး အတွေ့အကြုံ မရှိသဖြင့် စစ်သားများ အသက်ဆုံးရှုံးမှုများပင် မကြာခဏ ဖြစ်ပေါ်ရသည်။
အရေးအကြောင်းဆို စစ်တပ်သုံး လေယာဉ်၊ ရဟတ်ယာဉ်များဖြင့်သာ ကယ်ဆယ်ရေး လုပ်နေခဲ့ရသည်။ နီးရာ စစ်တပ်က လူတွေ ထုတ်သည်။ ကယ်ဆယ်ရေး အတွေ့အကြုံ မရှိသဖြင့် စစ်သားများ အသက်ဆုံးရှုံးမှုများပင် မကြာခဏ ဖြစ်ပေါ်ရသည်။
ဦးသိန်းစိန် အစိုးရ လက်ထက်တွင် အစိုးရခရီးစဉ်ဖြစ်စေ၊ သဘာဝဘေးအတွက် လိုအပ်၍ဖြစ်စေ စစ်တပ်သုံး လေယာဉ်၊ ရဟတ်ယာဉ်များ ငှားရမ်းလိုသည့်အခါ အလွယ်တကူရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် အစိုးရက စစ်တပ်ကို လေယာဉ်၊ ရဟတ်ယာဉ် အသုံးပြုခွင့် ပြန်တင်ပြရသလိုမျိုး တောင်းရပြီး စစ်တပ်အတွင်း အဆင့်ဆင့် တင်ပြနေရသဖြင့် နှောင့်နှေးကြန့်ကြာမှုများ ရှိခဲ့သည်။
ထို့ကြောင့်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဘာဝဘေးအတွက် ရဟတ်ယာဉ်ကို အမိအရ ဝယ်ယူခဲ့ခြင်းဖြစ်မည် ထင်သည်။ သူ့အစိုးရလက်ထက်တွင် လက်တလော ကြုံတွေ့ရသည့် သဘာဝဘေးလောက် မဆိုးဝါးသည့်တိုင် သဘာဝဘေးများတွင် စနစ်တကျ စီမံနိုင်ခဲ့သည်ကို တွေ့ရသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်လည်း ပို၍ ထင်သာမြင်သာရှိခဲ့သည်ကို တွေ့ရ၏။
စစ်အစိုးရအဆက်ဆက်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရတို့သည် သဘာဝဘေးကို နိုင်ငံတော်ဘဏ္ဍာသုံးကာ စည်းရုံးရေးအတွက်သက်သက် အသုံးချခဲ့ကြသည်။
ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ကလေးဒေသဘက်၌ ရေဘေးတွင် ကယ်ဆယ်ရေးလုပ်နေသည့် စစ်သည်တဦးကို သမ္မတ ဦးသိန်းစိန်နှင့် မင်းအောင်လှိုင်တို့က မိုးကာခြုံပေးသည်ကို ဝေဝေဆာဆာ ဖော်ပြခဲ့ကြသည်။ သဘာဝဘေးကို စနစ်တကျ တုံ့ပြန် ကူညီကယ်ဆယ်ရေးထက် စည်းရုံးရေးအတွက်သာ အသုံးချရသည်ကို မြင်သာစေခဲ့သည်။
နဝတ၊ နအဖ လက်ထက် မြောင်းဖော်၊ လမ်းခင်း၊ တံတားဆောက်ရာတွင် စစ်သားများကို အမိန့်ပေးစေခိုင်းခဲ့သလို ပြည်သူများကိုပါ အဓမ္မ လုပ်အားပေး စေခိုင်းခဲ့သည်ကို တွေ့ရသည်။ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ လျာထား ဘဏ္ဍာငွေများ ရှိသော်လည်း လုပ်အားကို အမြတ်ထုတ်ခဲ့ကြသည်။ အကျိုးဆက်အနေဖြင့် တပ်တွင်း ဝင်ရောက်စစ်မှုထမ်းလိုသည့်နှုန်း သိသိသာသာ ကျသွားခဲ့သည်။ ရေဆိုးမြောင်းဖော်သည့် ကိစ္စအတွက် စစ်ယူနီဖောင်းဝတ်ပြီးလုပ်ပြရန် စစ်တပ်ထဲဝင်ဖို့ မသင့်ဟု ယူဆသွားကြသည် ထင်၏။
NLD အစိုးရသက်တမ်းက ဖြစ်ရပ်တခုကို သတိထားမိသည်။ မိုးများသည့် နှစ်တစ်နှစ်ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်တွင် ထိုစဉ်က ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်အတူ တပ်ချုပ် မင်းအောင်လှိုင်တို့သည် ဆွာချောင်း ရေလှောင်တမံရှိ ပင်မရေပိုလွှဲ နိမ့်ကျပျက်စီးမှု ဖြစ်ပွားပြီး ရေတာရှည်မြို့နယ်အတွင်း ရေဝင်ရောက်မှု၊ အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၅ မိုင် ၁ ဖာလုံရှိ ဆွာချောင်းတံတား ရန်ကုန်မှ မန္တလေးဘက်အခြမ်း အလယ်ထောက်တိုင် နှစ်တိုင် နိမ့်ကျမှု အခြေအနေများနှင့် အမြန်လမ်းမကြီး ရေတိုက်စား၍ မြေပြိုကျမှု အခြေအနေများအား ရဟတ်ယာဉ်များဖြင့် သွားရောက်ကြည့်ရှုခဲ့ကြသည်။
မင်းအောင်လှိုင်အနေဖြင့် ထိုခရီးစဉ်တွင် အစိုးရစီမံမှုအားနည်း၍ သူကိုယ်တိုင် ဝင်ပါရသည့် သဘောပြချင်သည်ကို တွေ့ရသည်။
ထိုစဉ်က အနည်းငယ်လှမ်းသည့် ရေဘေးနေရာကို ချက်ချင်းရောက်ခဲ့သည့် တပ်ချုပ်သည် သူ့အိမ်ဘေးလောက်တွင်သာရှိသည့် နေပြည်တော်တဝိုက် ယခုကာလ ရေကြီးမှုများကို ရက်အတန်ကြာမှသာ သွားကြည့်ခဲ့သည်။ တကယ့်စိတ်ရင်းနှင့် စိတ်ဝင်စားသလား သိသာစေသည်။
ရုပ်ထွက်ပြပြီး ‘ပြည်ပအားကိုး ပုဆိန်ရိုး’ ဂါထာရွတ် စစ်ဗိုလ်ချုပ်က ပြည်ပအကူအညီ တောင်းခဲ့သေးသည်။ လေသံပစ်ရုံဖြစ်မည်။ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များကို ခရီးပင် လွတ်လွတ်လပ်လပ် သွားခွင့်မပေးထား။
ယခင်ကတော့ ငါမပါလျှင်မပြီး အချိုး၊ အခုကတော့ ငါစီမံမှု မကောင်းတာ လူသိမှာစိုးသည့်အချိုးဟု ဆိုရပေမည်။ ရုပ်ထွက်ပြပြီး ‘ပြည်ပအားကိုး ပုဆိန်ရိုး’ ဂါထာရွတ် စစ်ဗိုလ်ချုပ်က ပြည်ပအကူအညီ တောင်းခဲ့သေးသည်။ လေသံပစ်ရုံဖြစ်မည်။ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့များကို ခရီးပင် လွတ်လွတ်လပ်လပ် သွားခွင့်မပေးထား။
မြန်မာနှင့် တပြိုင်တည်းလိုလို ရေကြီးခဲ့သည့် ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ် မစ္စ ပေတောင်တန် ရှင်နာဝပ်က ဗွက်တောထဲ လမ်းလျှောက်ပြီး ရေဘေးကို စစ်ဆေးနေချိန်တွင် မင်းအောင်လှိုင်သည် ရူးဖိနပ်ပင် ဗွက်မပေနိုင်သည့် နေရာများကိုသာ ဟန်ပြသွားကြည့်ခဲ့၏။
ပိုဆိုးသည်မှာ ထိုင်းစစ်တပ်၏ လေတပ်က ရဟတ်ယာဉ်များဖြင့် ပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံ့နေချိန်တွင် မြန်မာလေတပ်က ပြည်သူများနေထိုင်ရာ အရပ်သားပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်နေလေသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ရေဘေးသင့် ဒုက္ခသည်များ စစ်တပ်အကူအညီ မဖြစ်စလောက်သာ ရ
မြန်မာလေတပ်က အရပ်သားများကို ဗုံးကြဲနေစဉ် ထိုင်းလေတပ်က အကူအညီများ ချပေးနေ
နေပြည်တော်နယ်မြေ ရေကြီးပြီး ၄ ရက်မြောက်နေ့ စစ်ခေါင်းဆောင် ထွက်ပေါ်လာ
ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်
ရမည်းသင်း ရေကြီးမြေပြိုမှု အလောင်း ၄၀ ကျော်တွေ့ ၁၀၀ ကျော် ပျောက်နေ