တရုတ်တို့က မြန်မာအရေးတွင် ပါဝင်ပတ်သက်နေခြင်း၊ ဖိအားပေးနေခြင်းများနှင့် ပတ်သက်၍ တွေ့ရသည့် တရုတ်တို့၏ အကြောင်းပြချက်နှစ်ခုမှာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ပေးရေးဖြစ်၏။
တရုတ်၊ မြန်မာနယ်စပ်ဒေသတည်ငြိမ်ရေး
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ တရုတ်-မြန်မာနယ်စပ် လေးနေရာတွင် တရုတ်စစ်တပ်က ကျည်အစစ်ဖြင့် လေ့ကျင့်ခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် စစ်ကောင်စီအစိုးရ ဝန်ကြီးပေါင်းစုံနှင့် လိုက်လံ တွေ့ဆုံနေသည့် တဦးတည်းသော နိုင်ငံခြားသံတမန်ဖြစ်သည့် တရုတ်သံအမတ်သစ် မစ္စ မာကျားသည် နယ်စပ်လုံခြုံရေးနှင့် ပူးတွဲ စစ်သင်တန်းပေးရန် စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးသည်ဟု စစ်ကောင်စီသတင်းမီဒီယာတွင် ဖော်ပြသည်ကို တွေ့ရ၏။
ထို့ပြင် တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တုန်ကျွင်း၏ ဖိတ်ကြားချက်အရ ၁၁ ကြိမ်မြောက် ပေကျင်း ရှန်ကျန်းဖိုရမ် တက်ရောက်ရန် စက်တင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံသို့သွား ရောက်ခဲ့သည့် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၏ ခရီးစဉ်အတွင်း တရုတ်ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဟဲဝေတုန်းနှင့် တွေ့ဆုံရာတွင် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ကာကွယ်ရေးဆိုင်ရာ နယ်ပယ်ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ရေး၊ လေ့ကျင့်ရေးနှင့် သင်တန်းသားများ စေလွှတ်ရေး၊ ဒေသတွင်းနှင့် မြန်မာနိုင်ငံ၏ လတ်တလော အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
လက်တွေ့မြေပြင်တွင် ကချင်ပြည်နယ် လိုင်ဇာမှသည် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလား ထိန်းချုပ်ရာ တရုတ်၊ မြန်မာ၊ လာအိုနယ်စပ်အထိ မိုင်ထောင်ချီသည့် တရုတ်နယ်စပ် အားလုံးနီးပါးကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် NDAA မိုင်းလား စသည့် တိုင်းရင်းသားတပ်ဖွဲ့ ငါးဖွဲ့က ထိန်းချုပ်ထား၏။
မူဆယ်တွင် စစ်တပ်ရှိနေခြင်းမှာလည်း ကိုယ်စွမ်းကိုယ်စနှင့် မဟုတ်ဘဲ အရှက်မဲ့စွာ၊ ဂုဏ်သိက္ခာမဲ့စွာ တရုတ်တို့၏ အကာကွယ်ပေးမှုအောက်တွင် ရပ်တည်နေရခြင်းဖြစ်သည်ကို အားလုံးအသိဖြစ်၏။
ခြွင်းချက်အနေဖြင့် မူဆယ်မြို့တမြို့သာ စစ်တပ်ထိန်းချုပ်မှုအောက်တွင် ရှိသည်။ မူဆယ်တွင် စစ်တပ်ရှိနေခြင်းမှာလည်း ကိုယ်စွမ်းကိုယ်စနှင့် မဟုတ်ဘဲ အရှက်မဲ့စွာ၊ ဂုဏ်သိက္ခာမဲ့စွာ တရုတ်တို့၏ အကာကွယ်ပေးမှုအောက်တွင် ရပ်တည်နေရခြင်းဖြစ်သည်ကို အားလုံးအသိဖြစ်၏။
ထို့ပြင် မူဆယ်မှအပ ကျန် မိုင်ထောင်ချီသည့် နယ်စပ်တလျှောက် အမြောက်တကမ်းအကွာတွင်ပင် စစ်တပ် မရှိတော့ပေ။ တရုတ်နယ်စပ်နှင့် အနီဆုံးတွင်ရှိသည့် စစ်တပ်သည် ကချင်ပြည်နယ်တွင် ဝိုင်းမော်နှင့် ဗန်းမော်၊ ရှမ်းမြောက်တွင် တန့်ယန်း၊ မိုင်းရယ်၊ TNLA ဝိုင်းရံတိုက်ခိုက်ဆဲဖြစ်သည့် သီပေါ၊ မန္တလေးတိုင်းတွင် မတ္တရာနှင့် ပြင်ဦးလွင်၌သာရှိသည်။ မူဆယ်မြို့မှအပ ကျန်မိုင်ထောင်ချီနှင့် တရုတ်နယ်စပ်ကို စစ်တပ်ထိန်းသိမ်းနိုင်ခြင်း လုံးဝ မရှိတော့ပေ။ တရုတ်နယ်စပ် သာမက ထိုင်းနယ်စပ်၊ အိန္ဒိယနယ်စပ်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ အများစုကိုလည်း စစ်တပ် ထိန်းသိမ်းနိုင်ခြင်း မရှိတော့ပေ။
သို့ဖြစ်ရာ တရုတ်နယ်စပ် တည်ငြိမ်ရေးအတွက် အစိုးရချင်း ဆွေးနွေး၍ မည်သည့်ရလဒ်မှ မရှိပေ။ ထိန်းချုပ်ထားနိုင်သော defacto အာဏာချုပ်ကိုင်ထားသည့် တိုင်းရင်းသားအဖွဲ့များနှင့် ဆွေးနွေးရန်သာ ရှိသည်။
ထို့ပြင် နယ်စပ်နှင့် အမြောက်တကမ်းအကွာတွင် တိုက်ပွဲမရှိသဖြင့် လက်နက်ကြီး၊ လက်နက်ငယ် ကျည်ကျစရာလည်း မရှိပေ။ မြေပြင်တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကြဲနေသော စစ်ကောင်စီတပ်ကိုသာ ကန့်ကွက်ရန်ရှိသည်။
နယ်စပ်တလျှောက် ထိန်းချုပ်ထားသော တိုင်းရင်းသားတပ်ဖွဲ့များသည် တရုတ်အပါအဝင် မည်သည့်နိုင်ငံကိုမှ ခြိမ်းခြောက်နိုင်စွမ်း မရှိပေ။ ထိုသို့သော အခြေအနေအောက်တွင် အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် စသည့် မည်သည့်နိုင်ငံကမှ နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်လေ့ကျင့်သည် မရှိပေ။ ဤအနေအထားတွင် တရုတ်တို့ စစ်လေ့ကျင့်အင်အားပြခြင်းသည် တိုင်းရင်းသားလက်နက်ကိုင်များကိုခြိမ်းခြောက်ရန်အတွက်သာ ဖြစ်လိမ့်မည်။ ထိုင်းနိုင်ငံကမူ စစ်လေ့ကျင့်မှု မပြုသည့်အပြင် စစ်ဘေးဒုက္ခသည်များ၊ ရေဘေးဒုက္ခသည်များကို အကူအညီပေးရေး ဆောင်ရွက်နေသည်ကို တွေ့မြင်နိုင်၏။
မူဆယ်ရှိ စစ်တပ်သည် နယ်စပ်တည်ငြိမ်ရေး ထိန်းသိမ်းနိုင်ပါ၏လော။ ယခုနှစ်ဆန်းအတွင်း မူဆယ်တွင် တရုတ်ငွေလိမ်ဂိုဏ်းများ၊ ကာစီနိုများနှင့် ရာဇဝတ်မှုများ များပြားနေ၏။ စစ်ကောင်စီတပ် ထိန်းချုပ်မှုအောက်ရှိ မူဆယ်တွင် ငွေကြေးချမ်းသာသူများအား ဖမ်းဆီးပြီး ပြန်ပေးငွေတောင်းခြင်း၊ ပြန်ပေးငွေ မရပါက ပစ်သတ်ခြင်း၊ ဓားပြတိုက်ခြင်း စသည့် ရာဇဝတ်မှုများ များပြားလာသဖြင့် မူဆယ်ရှိ ငွေကြေးချမ်းသာသူများ ထွက်ပြေးနေရ၏။
လူများ ပြစ်တင်ဝေဖန်မှု များလာသဖြင့် ဖမ်းဆီးရာတွင် ဂိုဏ်းခေါင်းဆောင်များမှာ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး၊ ဗိုလ်မှူးစသည့် အရာရှိများ ဖြစ်နေသည်ကို တွေ့ရ၏။ ထို့ပြင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့များမှာလည်း အဖွဲ့များကြား ပြဿနာဖြစ်ပွားပြီး မူဆယ်မြို့တွင်း၌ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားနေ၏။
ရာဇဝတ်မှုများ များပြားနေကာ တည်ငြိမ်အောင် မထိန်းသိမ်းနိုင်သည့်အပြင် လူပြန်ပေးဆွဲမှုများတွင်ပါ ပါဝင်နေသည့် စစ်တပ်နှင့် နယ်စပ်တည်ငြိမ်ရေးအတွက် တရုတ်တို့ ဆွေးနွေးနေခြင်း၊ နယ်စပ်တည်ငြိမ်ရေး အကြောင်းပြချက်နှင့် စစ်လေ့ကျင့်နေခြင်းတို့မှာ အဓိပ္ပာယ်ကင်းမဲ့နေသည်။
ထိုသို့သော မိုင်ထောင်ချီသည့် တရုတ်နယ်စပ်တွင် မူဆယ်တမြို့သာ တရုတ်အကာအကွယ်နှင့် ထိန်းချုပ်နိုင်ပြီး ထိုမြို့တွင်လည်း ရာဇဝတ်မှုများ များပြားနေကာ တည်ငြိမ်အောင် မထိန်းသိမ်းနိုင်သည့်အပြင် လူပြန်ပေးဆွဲမှုများတွင်ပါ ပါဝင်နေသည့် စစ်တပ်နှင့် နယ်စပ်တည်ငြိမ်ရေးအတွက် တရုတ်တို့ ဆွေးနွေးနေခြင်း၊ နယ်စပ်တည်ငြိမ်ရေး အကြောင်းပြချက်နှင့် စစ်လေ့ကျင့်နေခြင်းတို့မှာ အဓိပ္ပာယ်ကင်းမဲ့နေသည်။ မူဆယ်၌ စစ်တပ် ဆက်လက်ရှိနေပါက နယ်စပ်တည်ငြိမ်မှုထက် တရုတ်ပိုင် ကျယ်ဂေါင်နှင့် ရွှေလီရှိ သူဌေးများပင် ပြန်ပေးဆွဲခံရနိုင်ပြီး မတည်မငြိမ် ပို၍ဖြစ်နိုင်ပါသေးသည်။
တရုတ်ရင်းနှီးမြှုပ်နှံများ ကာကွယ်ပေးရေး
စစ်တပ်အာဏာသိမ်းပြီး နွေဦးတော်လှန်ရေးစကတည်းက တရုတ်တို့ အမြဲလိုလို အထူးပြုပြောနေသည်မှာ တရုတ်ရင်းနှီးမြှုပ်နှံများ မထိခိုက်ရေး၊ တရုတ်လူမျိုးများ မထိခိုက်ရေးဖြစ်သည်။ ဤပြဿနာမှာ စစ်တပ်အာဏာသိမ်းပြီး လူထုဆန္ဒပြပွဲများကာလ၊ လူထုလှုပ်ရှားမှုများအတွင်း ရန်ကုန်၊ လှိုင်သာယာတွင် တရုတ်ပိုင်စက်ရုံများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှုများစွာရှိသော တရုတ်တို့ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများအတွက် စိုးရိမ်သည်မှာ သဘာဝကျပါသည်။
သို့သော် ထိုကာလသည် လူထုလှုပ်ရှားမှုကာလဖြစ်၍ အခြေအနေအားလုံးကို ထိန်းသိမ်းရန် ခက်ခဲသည်ကို နားလည်ရန် လိုပါသည်။ ထိုကာလ လွန်ပြီးနောက် လက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းပြီး အများစုကို ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအပါအဝင် PDF များ၊ နွေဦးအင်အားစုများသည် စစ်တပ်လက်ထက်ကထက် လူထုစည်းကမ်းလိုက်နာမှု ကောင်းသည်ကို တွေ့မြင်နိုင်၏။
လက်ရှိကာလတွင် မြေပြင်အခြေအနေကို ကြည့်ပါက အရပ်သား အိုးအိမ်များ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖျက်ဆီးနေသည်မှာ စစ်ကောင်စီတပ်သာ ဖြစ်၏။ မည်သည့် တော်လှန်ရေးတပ်ဖွဲ့ကမှ ပုဂ္ဂလိကပိုင်ပစ္စည်းများကို မဖျက်ဆီးပေ။ သို့ဖြစ်ရာ ဤသတိပေးချက်ကို တရုတ်တို့အနေနှင့် စစ်ကောင်စီတပ်ကိုသာ အလေးပေးပြောရမည်သာဖြစ်၏။
မိမိထက် အင်အားကြီးသည့် စစ်တပ်ကို ကြံ့ကြံ့ခံတိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များသည် ရန်သူ မများစေရန်အတွက် မည်သည့်နိုင်ငံခြားသား ပိုင်ဆိုင်မှုကိုမှ တိုက်ခိုက်ခြင်း မရှိပေ။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုတခုဖြစ်သည့် တကောင်း နီကယ်စက်ရုံရှိ စစ်တပ်နှင်ရဲများက PDF များထံ လက်နက်ချသွား၍ တကောင်းနီကယ်စက်ရုံ လုံခြုံရေးကို PDF တို့ တာဝန်ယူထားသည်ကို တွေ့မြင်နိုင်၏။
အလားတူပင် မြင်းခြံခရိုင်၊ နွားထိုးကြီး၊ တောင်သာမြို့နယ်များတွင် စစ်တပ်ကို တိုက်ခိုက်ခဲ့သော်လည်း ရေနံနှင့်သဘာဝဓာတ်ငွေ့ တွန်းအားပေးရုံများကို တိုက်ခိုက်ဖျက်ဆီးခြင်း မရှိပေ။
တကောင်းနီကယ်စက်ရုံသည် NUG/PDF တို့၏ ထိန်းချုပ်မှုအောက်တွင် ရှိ၏။ တရုတ်ပိုက်လိုင်းဖြတ်သန်းရာ ရခိုင်၊ မကွေး၊ မန္တလေးနှင့် ရှမ်းမြောက်ဒေသအများစုအား PDF နှင့် တိုင်းရင်းသားတပ်ဖွဲ့များ ထိန်းချုပ်ထား၏။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် PDF များ လှုပ်ရှားဝိုင်းရံထားသည့် နယ်မြေထဲတွင်ရှိသည်။
တကောင်းနီကယ်စက်ရုံသည် NUG/PDF တို့၏ ထိန်းချုပ်မှုအောက်တွင် ရှိ၏။ တရုတ်ပိုက်လိုင်းဖြတ်သန်းရာ ရခိုင်၊ မကွေး၊ မန္တလေးနှင့် ရှမ်းမြောက်ဒေသအများစုအား PDF နှင့် တိုင်းရင်းသားတပ်ဖွဲ့များ ထိန်းချုပ်ထား၏။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် PDF များ လှုပ်ရှားဝိုင်းရံထားသည့် နယ်မြေထဲတွင်ရှိသည်။ သို့ဖြစ်ရာ တရုတ်ရင်းနှီးမြှုပ်နှံများ လုံခြုံရေးနှင့်ပတ်သက်၍ တရုတ်တို့အနေဖြင့် စစ်ကောင်စီနှင့် ဆွေးနွေးရုံသက်သက်သည် လက်တွေ့မကျတော့ပေ။
တရုတ်နယ်စပ် ငြိမ်းချမ်းရေး
ထို့ပြင် တရုတ်တို့က တရုတ်နယ်စပ်ဒေသ ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုသည်ကို ပြောလေ့ရှိ၏။ သို့သော် မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ၂၀၁၅ ခုနှစ်က အပစ်အခတ်ရပ်စဲရေး NCA လက်မှတ်ရေထိုးခြင်းကို ငြင်းပယ်ခဲ့သည်မှာ စစ်တပ်ဖြစ်၏။ လက်နက်ကိုင်အင်အားမရှိက ဆွေးနွေးပွဲပင် တက်ခွင့်မပြုသည့်အပြင် နှိမ့်ချဆက်ဆံလေ့ရှိသည့် စစ်တပ်၏ သဘောထားကို မြောက်ပိုင်းသုံးဖွဲ့သာမက မြန်မာလူထုပါ ယခုအခါ ကောင်းစွာ သိရှိနေပြီဖြစ်၏။
ထို့ပြင် စစ်တပ်သည် သူတို့အားသာသည်နှင့် တိုင်းရင်းသားတပ်ဖွဲ့အား တိုက်ခိုက်ချေမှုန်းသည်ကို MNDAA ၏ ခါးသီးသော အတွေ့အကြုံအရ ကောင်းစွာသိပြီးဖြစ်၏။
ထို့ပြင် တရုတ်နယ်စပ်ဆိုသည်မှာ မြန်မာပြည် ပြည်ထောင်စု၏ အစိတ်အပိုင်းသာ ဖြစ်သည်သာမက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဆိုသည်မှာလည်း ပြည်ထောင်စုတခုလုံး ပါဝင်ပတ်သက်နေသည်ဖြစ်ရာ မြန်မာ့ပြည်တွင်း ပြဿနာများမှ ခွဲထုတ်၍ နယ်စပ်ပြသနာသက်သက်ကို စဉ်းစား၍မရပေ။
ထို့အတူ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေး အင်အားစုများ ပေါ်ပေါက်လာသည့်အချိန်တွင် တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသာမက တပြည်လုံးရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား နွေဦးတော်လှန်ရေး အင်အားစုနှင့် ခွဲထုတ်စဉ်းစား၍ မဖြစ်နိုင်ပေ။
မြန်မာပြည်ငြိမ်းချမ်းရေးနှင့် တရုတ်
မြန်မာပြည်ငြိမ်းချမ်းရေးကို အာဆီယံ၊ ကုလသမဂ္ဂတို့သာမက တရုတ်တို့ပါ ဝင်ရောက် ကြိုးစားနေသည်မှာ ပြဿနာ မရှိပါ။ တရုတ်တို့သည် မြန်မာပြည်အရေးနှင့် ပတ်သက်ပြီး ပို၍ ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မည်ဟု နိုင်ငံတကာက ယူဆကြသည်မှာလည်း အမှန်ပင်ဖြစ်၏။ တရုတ်က သူ၏ ဩဇာအာဏာကိုသုံး၍ ဖျောင်းဖျနိုင်မည်ဟု ယူဆကြသည်။
တရုတ်တို့၏ ဖိအားပေး ဖျောင်းဖျခြင်းသည် မျှတရန် လိုသကဲ့သို့ အဓိကဘက်ကို ဦးတည်ရန် လိုပါသည်။ လက်ရှိ နွေဦးတော်လှန်ရေး ပေါ်ပေါက်လာပြီး တပြည်လုံးအနှံ့ လက်နက်ကိုင်တိုက်ပွဲများ ကျယ်ပြန့်နေခြင်းမှာ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်း၍ ဖြစ်ပေါ်လာခြင်းဖြစ်၏။
သို့သော် တရုတ်တို့၏ ဖိအားပေး ဖျောင်းဖျခြင်းသည် မျှတရန် လိုသကဲ့သို့ အဓိကဘက်ကို ဦးတည်ရန် လိုပါသည်။ လက်ရှိ နွေဦးတော်လှန်ရေး ပေါ်ပေါက်လာပြီး တပြည်လုံးအနှံ့ လက်နက်ကိုင်တိုက်ပွဲများ ကျယ်ပြန့်နေခြင်းမှာ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်း၍ ဖြစ်ပေါ်လာခြင်းဖြစ်၏။
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားနိုင်ပြီး ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်ဟူသည့် ၂၀၀၈ ခုနှစ်အခြေခံ ဥပဒေပါ ပြဌာန်းချက်ကို ဖောက်ဖျက်ပြီး အာဏာသိမ်းခဲ့သည်မှာ စစ်တပ်ဖြစ်၏။ ထို့နောက် ဆန္ဒပြသူများအား ရက်ရက်စက်စက် ပစ်သတ် ဖမ်းဆီးနှိပ်စက်ခဲ့သဖြင့် တပြည်လုံးအနှံ့ လက်နက်ကိုင်တိုက်ပွဲ ကျယ်ပြန့်ခဲ့သည်ဖြစ်ရာ လက်ရှိမြန်မာပြည်၏ လက်သည်တရားခံသည် စစ်တပ်ဖြစ်၏။
ထို့ပြင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာခြင်း မပြုသည်မှာလည်း စစ်တပ်ဖြစ်သဖြင့် အာဆီယံအစည်းအဝေးပင် တက်ခွင့်မရပေ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေး၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာသံတမန်များနှင့် တွေ့ဆုံခွင့်ပေးရေးတို့ကို ငြင်းပယ်နေသည်မှာ စစ်ကောင်စီသာဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး ရရှိရေးအတွက် အဓိက ဖိအားပေးရမည်မှာ စစ်တပ်သာဖြစ်၏။
လက်ရှိ တွေ့ဆုံဆွေးနွေးရေးဆိုရာတွင် မြန်မာစစ်တပ်၏ အရပ်ဘက်ပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုများ၊ အရပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို တရုတ်တို့ ဖိအားတောင်းဆိုမှု ရှိပါ၏လောဟု ဆိုပါက ရှိပုံမရပေ။
တရုတ်က မြောက်ပိုင်းအဖွဲ့များ တဖက်သတ် အပစ်ရပ်ရန် ဖိအားပေးစဉ် စစ်ကောင်စီတပ်က လားရှိုး၊ ကွတ်ခိုင်၊ သိန္နီ၊ ကျောက်မဲ၊ နမ့်ဆန်၊ မန်တုန် စသည့် မြို့များသာမက တပြည်လုံးရှိ PDF နှင့် တိုင်းရင်းသားတပ်ဖွဲ့များ ထိန်းချုပ်ရာဒေသရှိ အရပ်သားပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်နေသည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ထိုသို့သော အခြေအနေအောက်တွင် မြောက်ပိုင်းအဖွဲ့များအား ဖိအားပေး၍ အပစ်ရပ်ခိုင်းသည်မှာ တဖက်သတ်ဖြစ်နေသည်ဟု ဆိုရပါမည်။
ထို့ပြင် စက်တင်ဘာ ၁၁ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၏ ခရီးစဉ်အတွင်း ဘေဂျင်းမြို့အခြေစိုက် အဆင့်မြင့်စက်မှုနည်းပညာဆိုင်ရာ ကုမ္ပဏီများသို့ သွားရောက်ပြီး လေကြောင်းနည်းပညာဆိုင်ရာ ခေတ်မီထုတ်ကုန်များ၊ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်မှုများ၊ အီလက်ထရောနစ် စစ်ဆင်ရေးနှင့် လေကြောင်းရန် ကာကွယ်ရေးနည်းပညာဆိုင်ရာ စစ်လက်နက်ပစ္စည်းများအား လေ့လာကြည့်ရှုခဲ့ပြီး နည်းပညာ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကို ကုမ္ပဏီတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်ကို တွေ့ရ၏။
အရပ်သားပစ်မှတ်များကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေသည့် စစ်ကောင်စီလေတပ်အား တားဆီးမှု မပြုသည့်အပြင် နည်းပညာပူးပေါင်းဆောင်ရွက်ရန် တရုတ်တို့က ညှိနှိုင်းနေသော်လည်း မြန်မာနယ်စပ်ဒေသ တိုင်းရင်းသားပြည်သူများကို ရိက္ခာ၊ ဆေးဝါး၊ ဆက်သွယ်ရေး၊ လောင်စာဆီတို့ ဖြတ်လေးဖြတ် ပြုလုပ်နေသည့် တရုတ်တို့၏ လုပ်ဆောင်ချက်မှာ မြန်မာငြိမ်းချမ်းရေးအတွက် သမာသမတ်ကျသည့်လုပ်ရပ် မဟုတ်ပေ။
အရပ်သားပစ်မှတ်များကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေသည့် စစ်ကောင်စီလေတပ်အား တားဆီးမှု မပြုသည့်အပြင် နည်းပညာပူးပေါင်းဆောင်ရွက်ရန် တရုတ်တို့က ညှိနှိုင်းနေသော်လည်း မြန်မာနယ်စပ်ဒေသ တိုင်းရင်းသားပြည်သူများကို ရိက္ခာ၊ ဆေးဝါး၊ ဆက်သွယ်ရေး၊ လောင်စာဆီတို့ ဖြတ်လေးဖြတ် ပြုလုပ်နေသည့် တရုတ်တို့၏ လုပ်ဆောင်ချက်မှာ မြန်မာငြိမ်းချမ်းရေးအတွက် သမာသမတ်ကျသည့်လုပ်ရပ် မဟုတ်ပေ။ မြန်မာပြည်သူများအား မျက်နှာမူသည့်လုပ်ရပ်လည်း မဟုတ်ပေ။
လက်ရှိတွင် စစ်ကောင်စီတပ်က မြောက်ပိုင်းသုံးဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန် သဘောထားမရှိပေ။ အကြောင်းမှာ မြောက်ပိုင်းသုံးဖွဲ့ သိမ်းထားသည့် နယ်မြေများကို အသိအမှတ် မပြုနိုင်၍ဖြစ်ပြီး ထိုနယ်မြေများအား နေ့နေ့ညည လေကြောင်းမှ တိုက်ခိုက်ပြီး တည်ငြိမ်သည့် အုပ်ချုပ်ရေး ဖော်ဆောင်မရစေရန် လူထုအားလေကြောင်းဖြင့် တိုက်ခိုက်ခြောက်လှန့်ရန် ရည်ရွယ်ထား၍ ဖြစ်၏။ ထို့ကြောင့်လည်း တရုတ်က မြောက်ပိုင်းအဖွဲ့များကို အပစ်ရပ်ရန် ဖိအားပေးနေစဉ်မှာပင် စစ်ကောင်စီက မြောက်ပိုင်းသုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းကြေညာ၍ သူ၏တင်းမာသော သဘောထားကို ပြခဲ့၏။
တကယ်တမ်း မြန်မာပြည်ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ဆိုလျှင် PDF များ၊ EAO များဘက်က ပြဿနာ မဟုတ်ပေ။ စစ်တပ်ဘက်မှ မင်းအောင်လှိုင်၊ ရဲဝင်းဦး၊ ထွန်းအောင် စသည့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး တာဝန်ရှိသူများနှင့် သူတို့၏ဩဇာခံများကို ဖယ်ရှားပြီး အလယ်အလတ် ခေါင်းဆောင်များ တက်လာမှသာ ဖြစ်နိုင်ပေလိမ့်မည်ကို တရုတ်တို့ လက်တွေ့ကျကျ မှန်မှန်ကန်ကန် ကြည့်မြင်ရန် လိုအပ်ပေလိမ့်မည်။
ချုပ်၍ဆိုရလျှင် မြန်မာပြည်ပြဿနာနှင့် ပတ်သက်ပြီး တရုတ်တို့၏ အကျိုးစီးပွားများ မထိခိုက်ရေးအတွက် အမြန်ဆုံး ဖြေရှင်းနိုင်ရေးသည် တရုတ်တို့ အဖြစ်ချင်ဆုံးဆန္ဒဖြစ်သည်ကို တွေ့ရ၏။ လက်တွေ့ကျကျ တရုတ်တို့ ကြည့်မြင်ရန် လိုအပ်သည်မှာ မြန်မာပြည်အရေးကို တရုတ်အကျိုးစီးပွား အခြေခံပေါ်က ကြည့်မြင်ဖြေရှင်း၍ မရနိုင်ပေ။ မြန်မာပြည်သူများ၏ အကျိုးစီးပွားကို အဓိကထား အခြေခံပြီး ကြည့်မြင်ဖြေရှင်းမှသာ ဖြေရှင်းနိုင်လိမ့်မည်ဖြစ်၏။ သို့မှသာ တရုတ်အကျိုးစီးပွားပြဿနာသည် ကျွဲကူးရေပါ ဖြေရှင်းနိုင်ပေလိမ့်မည်။
ထိုသို့မဟုတ်ဘဲ တရုတ်အကျိုးစီးပွားပေါ် ရှေးရှုပြီး စစ်ကောင်စီအား အသက်ဆက်ပေးရန် စဉ်းစားလုပ်ဆောင်ပါက မြန်မာပြည်စစ်ပွဲနှင့် ပဋိပက္ခများသည် ပိုမိုရှည်ကြာသွားရန်သာ ရှိပေလိမ့်မည်။
(သက်ထားမောင်သည် မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ချိနဲ့လာသည့် စစ်ကောင်စီကို တရုတ်က နေရာပေးရန် ကြိုးစားနေ
နယ်စပ်လုံခြုံရေးနှင့် ပူးတွဲစစ်သင်တန်းပေးရန် တရုတ်က မြန်မာစစ်ကောင်စီနှင့်ဆွေးနွေး
စစ်ကောင်စီ ရွေးကောက်ပွဲက တရုတ် အကျိုးစီးပွား ရှေးရှုနေ
တရုတ်နယ်စပ်ကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးလိုက်ရပြီ
Airbus က တရုတ်နဲ့ပေါင်းပြီး စစ်ကောင်စီကို လူသတ် ဂျက်လေယာဉ်ရောင်း
စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး တရုတ်လုံခြုံရေး ဖိုရမ်တက်
မြန်မာနယ်စပ်နားက တရုတ် စစ်ရေးလေ့ကျင့်မှု ဘာသဘောလဲ