မြန်မာမှ ကုလသမဂ္ဂအေဂျင်စီများသည် ၎င်းတို့၏မူများနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုကို စမ်းသပ်ခံနေရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ကုလသမဂ္ဂအေဂျင်စီများသည် စစ်တပ်က စနစ်တကျ ပစ်မှတ်ထားပြီး ခြိမ်းခြောက်ခံနေရသည့် မြန်မာပြည်သူများကို ကူညီရန် လွန်စွာ ပျက်ကွက်သည်။ ယခုအခါ ထိုအေဂျင်စီများသည် ၎င်းတို့၏ မှတ်တမ်းကို တိုးတက်စေရန် အခွင့်အလမ်းသစ်ရကြသည်။ ထိုသို့မဟုတ်ပါက ၎င်းတို့သည် ဆင်ခြေမပေးဘဲ နောက်တကြိမ် ထပ်မံ ပျက်ကွက်မည်ဖြစ်သည်။
မြန်မာသည် တရုတ်နိုင်ငံတောင်ပိုင်း၊ ဗီယက်နမ်၊ ထိုင်းနှင့် လာအိုတို့နှင့်အတူ ယာဂီ တိုင်ဖွန်းမုန်တိုင်းနှင့် နောက်ဆက်တွဲ ရေလွှမ်းမိုးမှုများ အကြီးအကျယ် ခံရသည့် နိုင်ငံတနိုင်ငံဖြစ်သည်။ စက်တင်ဘာလ ၁၉ ရက်နေ့အထိ လူ ၂၉၃ ဦး သေဆုံးပြီး ၈၉ ဦး ပျောက်ဆုံးနေသည်ဟု စစ်ကောင်စီက ကြေညာသော်လည်း အခြား ခန့်မှန်းချက်များအရ မန္တလေးနှင့် ပဲခူးတိုင်းတို့နှင့် ရှမ်း၊ ကရင်နီ (ကယား) ပြည်နယ်များတွင် အရပ်သား အနည်းဆုံး ၁,၀၀၀ သေဆုံး သို့မဟုတ် ပျောက်ဆုံးနေကြောင်း ပြသနေသည်။
တိုင်းနှင့်ပြည်နယ် ကိုးခုမှ မြို့နယ် ၅၉ မြို့နယ်တွင် လူပေါင်း ၇ သိန်းကျော် ထိခိုက်သည်။ ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများတွင် အိမ်များ၊ လမ်းများ၊ တံတားများ၊ လယ်မြေများနှင့် ကျွဲနွားတိရစ္ဆာန်များ ပျက်စီးဆုံံးရှုံးသည်။ အစားအစာ၊ သောက်ရေ၊ ဆေးဝါး၊ အဝတ်အထည်နှင့် ယာယီခိုလှုံရန်နေရာ အရေးပေါ် လိုအပ်နေသည်။
အဓိကအားဖြင့် စစ်ကောင်စီက ရွာများကို သုံးနှစ်ခွဲကျော်ကြာ မီးရှို့ခြင်း၊ မြို့များကို ဗုံးကြဲခြင်းနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းများကို ဖျက်ဆီးခြင်းတို့ကြောင့် လူ ၃ သန်းကျော် ပြည်တွင်းနေရပ်စွန့်ခွာရပြီး စုစုပေါင်း လူဦးရေ ၅၅ သန်း၏ ၃ ပုံ ၁ ပုံသည် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် နေထိုင်နေရချိန်တွင် အထက်ပါဖြစ်ရပ် ဖြစ်ပွားသည်။ မြန်မာစစ်အာဏာရှင်စနစ် စကားလုံးဖြင့် ပြောရပါက ထိုဖြစ်ရပ်ကို “ဖြတ်လေးဖြတ်” ဟု ခေါ်သည်။ အခြားဒေသများသည် ထိုဖြစ်ရပ်ကို ပြည်သူများက “မြေလှန်စနစ်” ဟု ခေါ်သည်။
မြန်မာတွင် ဖြစ်နေကျ ထုံးစံအတိုင်း အောက်ခြေလူမှုအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာလူမှု အသိုက်အဝန်းများနှင့် စေတနာ့ဝန်ထမ်းများသည် ၎င်းတို့တွင်ရှိသော ရင်းမြစ်အနည်းငယ်ဖြင့် အသက်ကယ်ရန်၊ ကယ်ဆယ်ရေးပစ္စည်း ပေးရန်နှင့် ပြန်လည် နာလန်ထအောင် ကူညီရန်အတွက် ချက်ချင်းလှုပ်ရှားကြသည်။
မြန်မာတွင် ဖြစ်နေကျ ထုံးစံအတိုင်း အောက်ခြေလူမှုအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာလူမှု အသိုက်အဝန်းများနှင့် စေတနာ့ဝန်ထမ်းများသည် ၎င်းတို့တွင်ရှိသော ရင်းမြစ်အနည်းငယ်ဖြင့် အသက်ကယ်ရန်၊ ကယ်ဆယ်ရေးပစ္စည်း ပေးရန်နှင့် ပြန်လည် နာလန်ထအောင် ကူညီရန်အတွက် ချက်ချင်းလှုပ်ရှားကြသည်။
တချိန်တည်းတွင် စစ်တပ်သည် မြို့များနှင့်ရွာများကို ဆက်လက် ဗုံးကြဲနေပြီး သတ်ဖြတ်စီးနင်းမှုများ ဆက်လက် ဆောင်ရွက်နေသည်။ စစ်ကောင်စီသည် အိန္ဒိယမှဖြစ်စေ၊ အာဆီယံမှဖြစ်စေလာနိုင်သော ပြင်ပအကူအညီ သို့မဟုတ် ပြည်တွင်းမှ စုဆောင်းသည့် လူသားချင်းစာနာမှု အကူအညီများကို ၎င်းတို့၏ဝါဒဖြန့်ချိရေး စစ်ရေးနှင့် နိုင်ငံရေးအစီအစဉ်များအတွက် အသုံးချရန် အလျင်အမြန် အမိအရ ဆုပ်ကိုင်သည်။ စစ်ကောင်စီသည် နိုင်ငံတကာအကူအညီ တရားဝင် တောင်းခံသည်။
၂၀၀၈ ခုနှစ်တွင် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းက လူ ၁ သိန်းကျော် သတ်ပြီးနောက် စစ်အုပ်စုသည် အလားတူ တောင်းဆိုမှု ပြုလုပ်ကြောင်း စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာက ထောက်ပြသည်။ စစ်အုပ်စုသည် အခြားနိုင်ငံများကပေးသော အကူအညီများကို လက်နက်အဖြစ် အသုံးပြုသည်ဟု ဒေါက်တာ ဆာဆာက France 24 သတင်းဌာနသို့ ပြောသည်။
ယခုအခါ စစ်ကောင်စီကြောင့်နှင့် သဘာဝဘေးအန္တရာယ်များ ပေါင်းဆုံမှုကို နောက်တကြိမ် ထပ်မံရင်ဆိုင်ရသောအခါ ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ အကူအညီပေးရေး အသိုက်အဝန်းအတွက် အရေးပါသည့် ရွေးချယ်စရာများ ရှိသည်။ အရေးပေါ် လိုအပ်ချက်များ လွန်စွာကြီးမားပြီး ရရှိနိုင်သော ဘဏ္ဍာရေး ရင်းမြစ်များသည် လိုအပ်သည်ထက် များစွာ နိမ့်ကျနေသည်။
ဖြစ်နိုင်ခြေရှိသော ရွေးချယ်စရာတခုမှာ စစ်ကောင်စီနှင့် ဆက်လက် ထိတွေ့ဆက်ဆံပြီး စစ်ကောင်စီက ခွင့်ပြုသည့် ဟိုနေရာ သည်နေရာတွင် အကူအညီ အနည်းငယ်ပေးကာ စစ်ကောင်စီ မသိစေဘဲ ဒေသဆိုင်ရာ အဖွဲ့အစည်းများကို အကူအညီ အနည်းငယ် လျှို့ဝှက်ပေးရေး၊ စစ်ကောင်စီလက်အောက်ခံများက ၎င်းတို့ ဝါဒဖြန့်ချိရေးအတွက် သို့မဟုတ် အကျိုးအမြတ်အတွက် သို့မဟုတ် နှစ်ခုလုံးအတွက် အကူအညီကို အသုံးပြုခွင့်ပေးရေး၊ အကူအညီပေးရေး ရန်ပုံငွေများကို ဈေးကွက်ပေါက်ဈေးထက် လွန်စွာနည်းသည့် စစ်ကောင်စီ သတ်မှတ်ငွေလဲနှုန်းဖြင့် လဲလှယ်စေရေးနှင့် ပိုမိုကျယ်ပြန့်သော လူသားချင်းစာနာမှု အကူအညီပေးခွင့် ရရေးအတွက် ကျိုးနွံစွာစောင့်နေရေး ဖြစ်သည်။ တနည်းအားဖြင့်ဆိုပါက စစ်ကောင်စီက အကူအညီကို လက်နက်အဖြစ်သုံးခြင်းကို အဆင်ပြေ ချောမွေ့အောင် လုပ်ဆောင်ပေးရေးဖြစ်သည်။
အခြား ချဉ်းကပ်ပုံနည်းလမ်းတခုမှာ လက်ရှိ သမားရိုးကျ လုပ်ငန်းလည်ပတ်သည့် နည်းလမ်းသည် အလုပ်မဖြစ်ကြောင်း၊ စစ်ကောင်စီနှင့် မည်သည့်ဆက်ဆံရေးမဆိုနှင့် အလျှော့ပေးခြင်းများသည် လူသားချင်းစာနာမှု အကူအညီပေးရေးကို တိုးတက်စေသည်ဟု ဆက်လက် စဉ်းစားခြင်းက လက်တွေ့မကျကြောင်း ဝန်ခံရေး ဖြစ်သည်။
မြန်မာတွင် တနိုင်ငံလုံးမှ လူမှုအသိုက်အဝန်းများကို နှစ်ပေါင်း ၃၀ ကျော်ကြာနှင့် တော်လှန်ရေးအတွင်း ထောက်ပံ့နေသည့် ရပ်ရွာလူမှုအသိုက်အဝန်းအခြေပြု အဖွဲ့အစည်းများ (CBOs) များ လူအဖွဲ့အစည်းအခြေပြု အဖွဲ့အစည်းများ (CSOs) အများအပြား ရှိသည်။ နိုင်ငံတကာ အကူအညီပေးရေးလုပ်ငန်းသည် ရိုးသားဖြူစင်ပါက ဒေသခံ အကူအညီပေးရေးစနစ် တည်ဆောက်ပုံများသည် ပိုမိုထိရောက်ပြီး အကုန်အကျသက်သာကာ ပိုမိုများပြားသော အထောက်အပံ့များ စစ်ကောင်စီထံ မရောက်ဘဲ အလိုအပ်ဆုံးသူများထံ ရောက်ကြောင်း သိရမည်ဖြစ်သည်။
နိုင်ငံတကာအဖွဲ့အစည်းများသည် ၎င်းတို့လုပ်ငန်းများ၏ ဗဟိုချက်ကို ရန်ကုန်နှင့် နေပြည်တော် ပြင်ပသို့ ရွှေ့ပြောင်းရန် လိုအပ်သည်။ ရန်ကုန်နှင့် နေပြည်တော်တွင် ၎င်းတို့သည် အကူအညီပေးခွင့်၊ နားလည်မှုစာချွန်လွှာများနှင့် ပြည်ပ ဝန်ထမ်းများအတွက် ပြည်ဝင်ခွင့်အတွက် စစ်ကောင်စီ၏ ဓားစာခံ လုပ်ခံထားရသည်။
အကူအညီပေးရေး ရန်ပုံငွေများကို တနိုင်ငံလုံးတွင် လုပ်ကိုင်နေသည့် ဒေသခံအဖွဲ့အစည်းများသို့သာမက နယ်စပ်လမ်းကြောင်းများမှလည်း တိုက်ရိုက်ပေးသင့်သည်။ လိုအပ်သောအခါ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) သည် မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်းကို အထောက်အကူဖြစ်စေရန် အလှူရှင်ကြီးများနှင့် ဒေသခံအဖွဲ့အစည်းများ၊ ကွန်ရက်များအကြား ကြားခံအဖြစ် ဆောင်ရွက်ပေးနိုင်သည်။
အကူအညီပေးရေး ရန်ပုံငွေများကို တနိုင်ငံလုံးတွင် လုပ်ကိုင်နေသည့် ဒေသခံအဖွဲ့အစည်းများသို့သာမက နယ်စပ်လမ်းကြောင်းများမှလည်း တိုက်ရိုက်ပေးသင့်သည်။ လိုအပ်သောအခါ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) သည် မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံခြင်းကို အထောက်အကူဖြစ်စေရန် အလှူရှင်ကြီးများနှင့် ဒေသခံအဖွဲ့အစည်းများ၊ ကွန်ရက်များအကြား ကြားခံအဖြစ် ဆောင်ရွက်ပေးနိုင်သည်။
ထိုသို့လုပ်ဆောင်ခြင်းသည် နိုင်ငံတကာအဖွဲ့အစည်းများ၏ လုပ်ငန်းလည်ပတ်မှု အသုံးစရိတ်ကို လျှော့ချမည်ဖြစ်ပြီး နိုင်ငံတွင်းတွင် ၎င်းတို့ ခြေရာလက်ရာများကို လျှော့ချစေနိုင်မည်ဖြစ်သည်။ ထိုအချက်ကို အများအပြားက ဆန့်ကျင်ကြမည် ဖြစ်သော်လည်း ၎င်းတို့အများစု လက်မှတ်ရေးထိုးထားသည့် Grand Bargain သဘောတူစာချုပ်၏ အစိတ်အပိုင်းဖြစ်သည်။
ထိုသဘောတူညီချက်မှာ ၂၀၁၆ ခုနှစ်၊ မေလက အစ္စတန်ဘူလ်တွင် ကျင်းပသည့် ကမ္ဘာ့လူသားချင်းစာနာမှု ထိပ်သီးဆွေးနွေးပွဲတွင် စတင်သည့် လူသားချင်းစာနာမှု စွမ်းဆောင်ရည်နှင့် ထိရောက်မှု တိုးတက်ရေးအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့အစည်းများနှင့်အလှူရှင်များအကြား သဘောတူညီချက် ဖြစ်သည်။
ထို့ထက် ပိုမိုအရေးကြီးသောကိစ္စမှာ အဓိကကျသည့် နိုင်ငံတကာအလှူရှင်များသည် နောက်ဆုံးတွင် ရဲရင့်သော ဆုံးဖြတ်ချက်တခု ချမှတ်ပြီး NUG နှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၏ ဝန်ဆောင်မှုပေးရေးစနစ်များသို့ ရန်ပုံငွေထောက်ပံ့မှု အကြီးအကျယ် တိုးမြှင့်ရေး ဖြစ်သည်။ ၎င်းတို့သည်သာ အမှန်တကယ် စစ်မှန်တရားဝင်မှုရှိသည့် အဖွဲ့များဖြစ်သည်။ ၎င်းတို့သည်သာ ပြည်သူလူထုက ယုံကြည် ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းများ ဖြစ်သည်။ ၎င်းတို့သည်သာ အရပ်သား ပြည်သူများကို ဖိနှိပ်ခြောက်လှန့်ရန် လိုအပ်သည့် ရန်သူဟု မမြင်ဘဲ ကာကွယ်စောင့်ရှောက်ရမည့် နိုင်ငံသားများဖြစ်သည်ဟု မြင်သည့် အဖွဲ့အစည်းများ ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနှင့် တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်များကို ထိန်းချုပ်ထားသည်မှာ တော်လှန်ရေးအင်အားစု အများအပြား ဖြစ်သည်။ ထို့ကြောင့် နယ်စပ်ဖြတ်ကျော် အကူအညီသည် စစ်ကောင်စီကို မှီခိုစရာ မလိုပေ။ အတားအဆီးဖြစ်နေသောကိစ္စမှာ လူသားချင်းစာနာမှု အကူအညီ သယ်ယူပို့ဆောင်ရေးအတွက် အိမ်နီးချင်းများကို တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ (EROs) နှင့် သဘောတူညီချက် လိုအပ်သည့် ၎င်းတို့နယ်စပ်များကို အသုံးပြုခွင့်ပေးရန် စိတ်အားထက်သန်မှု မရှိခြင်းဖြစ်သည်။
အဓိကကျသည့် နိုင်ငံတကာအလှူရှင်များသည် ထိုကိစ္စကို စူးစမ်းလေ့လာရန်အတွက် အထက်ဖော်ပြပါ အိမ်နီးချင်း လေးနိုင်ငံနှင့် ဆွေးနွေးပွဲ အများအပြား ကျင်းပခြင်း ဖြစ်သည်။ တရုတ်နှင့် အောင်မြင်မှုရရန် ဖြစ်နိုင်ဖွယ် မရှိသော်လည်း ထိုင်းနိုင်ငံသည် အကူအညီပေးရေးအတွက် EROs ညှိနှိုင်းမှုကို ဆွေးနွေးနေပြီး ဖြစ်သည်။ မြန်မာသို့ အကူအညီ ပိုမိုပေးခြင်းသည် ဒုက္ခသည် အရေအတွက် ပိုမိုနည်းစေနိုင်သောကြောင့် ထိုသို့ဆွေးနွေးခြင်းသည် အဓိပ္ပာယ်ရှိသည်။
အာရက္ခတပ်တော် (AA) က ချင်းပြည်နယ်ရှိ ပလက်ဝကို သိမ်းပိုက်လိုက်ပြီးနောက် အိန္ဒိယသည် ရပ်ဆိုင်းနေသည့် ကုလားတန် အဝေးပြေးလမ်း စီမံကိန်းအတွက် AA နှင့် ဆွေးနွေးနေပြီး ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည်များကို ထပ်မံ လက်မခံလိုတော့သည့် ပိုမို လူသားချင်းစာနာသော ခေါင်းဆောင်တဦး ရှိလာသည်။
အိန္ဒိယဖြစ်စေ၊ ထိုင်းဖြစ်စေ၊ ဘင်္ဂလားဒေ့ရှ်ဖြစ်စေ မည်သည့်အိမ်နီးချင်းနိုင်ငံမဆိုမှ အကူအညီများ စတင် စီးဆင်းသောအခါ အခြား အိမ်နီးချင်း နှစ်နိုင်ငံသည်လည်း ထိုသို့လုပ်ရန် ပိုမို စိတ်အားထက်သန်လာမည် ဖြစ်သည်။
အိန္ဒိယဖြစ်စေ၊ ထိုင်းဖြစ်စေ၊ ဘင်္ဂလားဒေ့ရှ်ဖြစ်စေ မည်သည့်အိမ်နီးချင်းနိုင်ငံမဆိုမှ အကူအညီများ စတင် စီးဆင်းသောအခါ အခြား အိမ်နီးချင်း နှစ်နိုင်ငံသည်လည်း ထိုသို့လုပ်ရန် ပိုမို စိတ်အားထက်သန်လာမည် ဖြစ်သည်။
ထိုသုံးနိုင်ငံအနက် အနည်းဆုံး နှစ်နိုင်ငံက နိုင်ငံတကာအကူအညီအတွက် ၎င်းတို့နယ်စပ်များကို ဖွင့်ပေးပါက တရုတ်သည်လည်း ကာလကြာမြင့်စွာ နောက်ကောက်ကျစေလိုမည် မဟုတ်ဟု စာရေးသူ ယူဆသည်။ တရုတ်သည် နိုင်ငံတကာနှင့် ဒေသတွင်းအကူအညီ အာဏာအပျော့စားက မောင်းနှင်သည့် ထွက်ခွာသွားသာ ရထားပေါ် ခုန်တက်မည် ဖြစ်သည်။
စာရေးသူ ယခုရေးသားနေသည်များသည် ကုလသမဂ္ဂအေဂျင်စီများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အားလုံး ရန်ကုန်နှင့် နေပြည်တော်မှ ထွက်ခွာသွားရမည်ဟု မဆိုလိုပေ။ အချို့နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများသည် ရန်ကုန်တွင် ဆက်လက်နေထိုင်ကာ စစ်ကောင်စီကို အလျှော့ပေးခြင်းဖြင့် လုပ်ငန်း ဆက်လက်လည်ပတ်ရန် အားထုတ်သင့်သော်လည်း ထိုပမာဏသည် ရနိုင်သည့် နိုင်ငံတကာ အကူအညီပေးရေး ရန်ပုံငွေ၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းထက် မကျော်သင့်ပေ။ အကူအညီပေးရေး ရန်ပုံငွေ၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းခန့်ကို နှောင့်နှေးခြင်းမရှိဘဲ ထုတ်ယူကာ INGOs များမှတဆင့် ကုန်ကျစရိတ် အလွန်အကျွံများစေဘဲ ဒေသခံ အဖွဲ့အစည်းများသို့ ပေးသင့်သည်။
ထိုသို့ အခိုင်အမာ စတင်ဖြစ်ပေါ်လာသောအခါ စစ်ကောင်စီသည် အကူအညီရန်ပုံငွေကို ဆက်လက် ထိန်းချုပ်နိုင်ခြင်း မရှိတော့ကြောင်း သဘောပေါက်လာပြီး ဗိုလ်ချုပ်များသည် ၎င်းတို့ ထိန်းချုပ်ဒေသများမှ လူမှုအသိုက်အဝန်းများသို့ အကူအညီပေးခွင့် ပိုမိုခွင့်ပြုလာမည် ဖြစ်သည်။
ပြင်းထန် အဓိပ္ပာယ်ပြည့်ဝသည့် ယှဉ်ပြိုင်မှု ဖြစ်လာသောအခါ စစ်ကောင်စီသည် အကူအညီပေးရေး ရန်ပုံငွေကို ၎င်းတို့ ဆက်လက် ထိန်းချုပ်နိုင်ဆဲ ပိုင်နက်အတွင်း ထိန်းသိမ်းထားရန် ကြိုးစားမည်ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ကုလသမဂ္ဂအေဂျင်စီများနှင့် INGOs များ မြန်မာတွင် ဆက်လက် လုပ်ကိုင်ရေးအတွက် စစ်ကောင်စီသည် ထိုငွေကို အကူအညီပေးရေးတွင် အသုံးပြုခွင့် ပေးရမည်ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Igor Blazevic ၏ Flood Crisis Offers Chance of Redemption for UN Agencies in Myanmar ကို ဘာသာပြန်သည်။ အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။)
You may also like these stories:
မြစ်သားနှင့်ကူမဲရှိ ရေဘေးသင့်ဒေသခံတို့ အကူအညီများလိုအပ်နေ
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရေဘေးအကူအညီ တောင်းသတဲ့လား
မြန်မာလေတပ်က အရပ်သားများကို ဗုံးကြဲနေစဉ် ထိုင်းလေတပ်က အကူအညီများ ချပေးနေ
စစ်ဖြစ်နေသော မြန်မာသို့ အကူအညီစင်္ကြံဖွင့်ရေး ICRC တွန်းအားပေးနေ
ရေဘေးသင့် ဒုက္ခသည်များ စစ်တပ်အကူအညီ မဖြစ်စလောက်သာ ရ
ပိတ်ဆို့အရေးယူမှု၊ လူသားချင်းစာနာမှု အကူအညီ၊ ပြီးတော့ ဘာလဲ