၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံကို ဝါးမြိုလိုက်သည့် ဖျက်အားပြင်းသော အကြမ်းဖက်မှုကို အနောက်တိုင်း လေ့လာသူများက “ဒီမိုကရေစီနှင့် အာဏာရှင်စနစ်အကြား တိုက်ပွဲ” အဖြစ် အများအားဖြင့် ဖွင့်ဆိုကြသည်။
ထိုနားလည်မှုသည် ပဋိပက္ခကို ဖော်ပြကြသော သတင်းသမားများ၊ သုတေသီများနှင့် မူဝါဒချမှတ်သူများအကြား တွေ့ရများသည့် နားလည်မှု ဖြစ်သည်။ ဒီမိုကရေစီအရေးတိုက်ပွဲသည် မြန်မာ၏ ဒုက္ခရောက်နေသော နိုင်ငံရေးကို ဝါရှင်တန်၊ လန်ဒန်၊ ဘရပ်ဆဲလ်နှင့် ကင်ဘာရာတို့တွင် ဖွင့်ဆိုသည့် အဓိက သရုပ်ခွဲလေ့လာရေး ရှုထောင့် ဖြစ်နေသည်မှာ ကြာမြင့်ပြီဖြစ်သည်။
သို့သော် မြန်မာ၏နိုင်ငံရေးစနစ်ကို ထိုသို့ အသားပေး ဖော်ပြခြင်းသည် အကျပ်အတည်း၏ အရင်းခံ အကြောင်းရင်းများနှင့် အဓိက မောင်းနှင်အားကို ထည့်သွင်းစဉ်းစားမှု ကင်းမဲ့နေသည်။ ထိုအကျပ်အတည်းသည် အုပ်ချုပ်ရေးပုံစံအပေါ် ပဋိပက္ခမျှသာမက အမျိုးသားရေးလက္ခဏာနှင့် နိုင်ငံဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ အခြေခံတိုက်ပွဲလည်း ဖြစ်သည်။
ပို၍ ပြဿနာရှိသည်မှာ ဒီမိုကရေစီ ရှုထောင့်များသည် ပဋိပက္ခ၏ အရင်းခံအကြောင်းများကို မမြင်နိုင်အောင် ဖြစ်စေသည်။ နိုင်ငံကို နိုင်ငံရေးဖွဲ့စည်းမှု သဘာဝပုံစံအဖြစ် ရှုမြင်ခြင်းဖြင့် ထိုသို့ မမြင်နိုင်အောင် ဖြစ်စေခြင်းဖြစ်သည်။
သို့သော် မြန်မာ၏ နိုင်ငံတော် ဖွဲ့စည်းမှုသည် လွန်စွာအားပြိုင်နေသည်။ မြန်မာမှ နိုင်ငံတော်ဖွဲ့စည်းမှုသည် လူမျိုးစုကို အခြေခံသည့် အကြမ်းဖက်မှုနှင့်လည်း ခွဲခြားမရပေ။ ကိုလိုနီခေတ်သစ်က လူမျိုးစု ပြဿနာများကို နိုင်ငံတော်တည်ဆောက်ခြင်း လမ်းကြောင်းတွင် ခပ်နှိပ်ပေးလိုက်သည့် ဒေသတခု၌ လူမျိုးစုအမျိုးသားရေး နိုင်ငံရေးသည် မြန်မာ၏ လက်ရှိအကျပ်အတည်းကို သိမ်မွေ့နက်နဲသော နည်းလမ်းပုံစံတမျိုးဖြင့် ပုံဖော်ပေးသည်။
ထိုကြောင့် လူမျိုးစုအမျိုးသားရေး နိုင်ငံရေးသို့ ပြောင်းလဲအာရုံစိုက်ခြင်းသည် ပဋိပက္ခ အဓိက မောင်းနှင်အားများကို နားလည်ရန် သော့ချက်ဖြစ်ပြီး ထိုမှတဆင့် နိုင်ငံတွင် ပိုမိုငြိမ်းချမ်းသော အနာဂတ်ကို မူဝါဒက မည်သို့ အထောက်အကူပြုနိုင်ကြောင်း နားလည်ရန် သော့ချက်ဖြစ်သည်။
စစ်၏ မောင်းနှင်အားများကို ပြန်လည် စဉ်းစားသုံးသပ်ခြင်း
မြန်မာတွင် ငြိမ်းချမ်းရေးအတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ နိုင်ငံမှ စစ်တပ်နှင့် စစ်တပ်က ပြည်သူများ အညံ့ခံအောင် အကြောက်တရား ဖန်တီးသည့် အားထုတ်မှုဖြစ်သည်။ ဗိုလ်ချုပ်များသည် နိုင်ငံကို ချောက်အတွင်းသို့ ဆွဲချရာတွင် အဓိကအားဖြင့် တာဝန်ရှိသော်လည်း မြန်မာ၏ နိုင်ငံတော် တည်ဆောက်ပုံဆိုင်ရာ အခြေခံသွင်ပြင်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။ ထိုနိုင်ငံတော် တည်ဆောက်ပုံဆိုင်ရာ သွင်ပြင်များသည် ဗြိတိသျှ ကိုလိုနီအုပ်ချုပ်သည့် ကာလကတည်းက နိုင်ငံကို ခြောက်လှန့်နေသည်။
မြန်မာ၏ နိုင်ငံတော် ဖွဲ့စည်းမှုသည် လွန်စွာအားပြိုင်နေသည်။ မြန်မာမှ နိုင်ငံတော်ဖွဲ့စည်းမှုသည် လူမျိုးစုကို အခြေခံသည့် အကြမ်းဖက်မှုနှင့်လည်း ခွဲခြားမရပေ။ ကိုလိုနီခေတ်သစ်က လူမျိုးစု ပြဿနာများကို နိုင်ငံတော်တည်ဆောက်ခြင်း လမ်းကြောင်းတွင် ခပ်နှိပ်ပေးလိုက်သည့် ဒေသတခု၌ လူမျိုးစုအမျိုးသားရေး နိုင်ငံရေးသည် မြန်မာ၏ လက်ရှိအကျပ်အတည်းကို သိမ်မွေ့နက်နဲသော နည်းလမ်းပုံစံတမျိုးဖြင့် ပုံဖော်ပေးသည်။
လွတ်လပ်ရေး မရမီ ၁၉၄၇ ခုနှစ် လူမျိုးစုများအကြား အာဏာခွဲဝေရေး ညှိနှိုင်းရန် အားထုတ်မှုများ မအောင်မြင်သောအခါ နိုင်ငံတော်သည် လူမျိုးစု လူနည်းစုများ၏ နစ်နာမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိ သို့မဟုတ် ညီညွတ်သော အမျိုးသားရေးလက္ခဏာကို မတည်ဆောက် နိုင်တော့ပေ။
ဆယ်စုနှစ်ပေါင်းများစွာ လူမျိုးစုသွေးကွဲရေးနှင့် အကြမ်းဖက်မှုမျိုးစေ့ချခဲ့သော နိုင်ငံခေါင်းဆောင်များက လူမျိုးစုအမျိုးသားရေး ပဋိပက္ခကို ပိုမိုဆိုးရွားစေသည်။ ဗိုလ်ချုပ်များသည် “နိုင်ငံကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်သူများ” အဖြစ် သရုပ်ဖော်ရန် လူမျိုးစုခွဲထွက်ရေး ခြိမ်းခြောက်မှုကို အသုံးချပြီး စစ်တပ်က နိုင်ငံကို ရှည်ကြာစွာ ချုပ်ကိုင်ထားသည်။
ထိုဗိုလ်ချုပ်များသည် မြန်မာကို လူမျိုးကြီး လွှမ်းမိုးချုပ်ကိုင်ပြီး နိုင်ငံလူဦးရေ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိသော လူမျိုးစု လူနည်းစုများ သို့မဟုတ် လူမျိုးစု တိုင်းရင်းသားများကို ခွဲခြားဆက်ဆံသည့် နိုင်ငံတော်ဖြစ်အောင် ပြောင်းလဲပစ်ကြသည်။ ထို့ကြောင့် လူမျိုးစုပဋိပက္ခသည် ကိုလိုနီခေတ်လွန် နိုင်ငံတော်ကို ဖွင့်ဆိုသည့် သွင်ပြင်တခုအဖြစ် ဆက်လက်ရှိနေသည်။
လူမျိုးစုတိုင်းရင်းသား အများအပြားသည် ဗဟိုနိုင်ငံတော်ကို လက်နက်ကိုင် တိုက်ခိုက်ခြင်း အပါအဝင် အဖွဲ့အစည်းလိုက် အမြစ်တွယ်နေသည့် ခွဲခြားဆက်ဆံမှုကို ဆယ်စုနှစ်များစွာ ခုခံတွန်းလှန်သည်။ စစ်တပ်က လူမျိုးစုတိုင်းရင်းသားများကို စစ်ပွဲဆင် တုံ့ပြန်ပြီး နိုင်ငံ၏ အတွင်းရန်များအဖြစ် သတ်မှတ်သည်။
ထိုသေနင်္ဂဗျူဟာသည် စစ်တပ်က နိုင်ငံကို တည်ဆောက်သည့် အဓိကနည်းလမ်း ဖြစ်လာသည်။ ထို့ကြောင့် စစ်တပ်သည် သွေးခွဲအုပ်ချုပ်သော နည်းဗျူဟာများဖြင့် လူမျိုးစုတင်းမာမှု မြင့်မားရေးကို မီးထိုးပေးသည်။ စစ်တပ်သည် လက်ရှိစစ်ပွဲတွင်လည်း ထိုသို့ ဆက်လက် လုပ်ဆောင်ပြီး ဆိုးရွားသော အကျိုးဆက်များ ဖြစ်စေသည်။
စစ်တပ်၏ သွေးခွဲသော နည်းဗျူဟာများကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ဟု ခေါ်သည့် လူမျိုးစုအမျိုးသားရေး ပုန်ကန်မှုများ နိုင်ငံတဝန်းတွင် ပေါ်ပေါက်လာသည်။ ၎င်းတို့၏ ဒေသအသီးသီးတွင် ပိုမို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးအတွက် တိုက်ခိုက်ခြင်းအပြင် EAOs တို့သည် စစ်တပ်က မည်သည့်အခါကမှ သီးခြားထိန်းချုပ်နိုင်ခြင်း မရှိသော ပိုင်နက်များတွင် နိုင်ငံတော်အတွင်း ပြည်နယ်သဖွယ် ပိုင်နက်များ ထူထောင်ကြသည်။
EAO များသည် စစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်သည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) များ ဖွဲ့စည်းပေးခြင်း အပါအဝင် လက်ရှိ တနိုင်ငံလုံး လက်နက်ကိုင် လှုပ်ရှားမှုတွင် အရေးပါသော အခန်းမှ ပါဝင်ကြသည်။
ကရင်၊ ချင်း၊ ကရင်နီ (ကယား) နှင့် ကချင်ကဲ့သို့သော EAOs အချို့သည် နွေဦးတော်လှန်ရေး အစဦးကပင် ပူးပေါင်းကြပြီး တော်လှန်ရေးအင်အားစုများကို ခိုလှုံခွင့်ပေး၊ လေ့ကျင့်ပေး၊ လက်နက်ကိုင်တပ်များ အကြီးအကျယ် ဖွဲ့စည်းပေးကြသည်။
တနိုင်ငံလုံး ဒီမိုကရေစီလှုပ်ရှားမှုနှင့် ခပ်ကင်းကင်းနေသည့် တအာင်း၊ ကိုးကန့်၊ အာရက္ခ၊ ဝ စသည့် လှုပ်ရှားမှုများသည်ပင် နိုင်ငံတဝန်း လက်နက်ကိုင်အုံကြွမှုတွင် အရေးပါကြသည်။ ၎င်းတို့၏ နိုင်ငံတော် မဟုတ်သည့် ပိုင်နက်များနှင့် ပြောက်ကျား လှုပ်ရှားမှုသည် နိုင်ငံတဝန်းမှ လက်နက်ကိုင် အတိုက်အခံ အင်အားစုများ၏ စစ်ရေးစွမ်းရည်ကို မြှင့်တင်ပေးသည်။
EAO များသည် စစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်သည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) များ ဖွဲ့စည်းပေးခြင်း အပါအဝင် လက်ရှိ တနိုင်ငံလုံး လက်နက်ကိုင် လှုပ်ရှားမှုတွင် အရေးပါသော အခန်းမှ ပါဝင်ကြသည်။
၂၀၂၃ ခုနှစ်နှောင်းပိုင်း နိုင်ငံနယ်စပ်ဒေသများမှ မြို့ပြများအပါအဝင် ကျယ်ပြန့်သော ပိုင်နက်များတွင် စစ်တပ်ထိန်းချုပ်မှု အလျင်အမြန် ပြိုလဲခြင်းသည် ယခင် မကြုံဖူးသည့် EAO ထိုးစစ်များ၏ တိုက်ရိုက် အကျိုးဆက်ဖြစ်သည်။
မကြာသေးမီက ညှိနှိုင်းဆောင်ရွက်မှုများ ရှိသော်လည်း EAO တို့သည် မတူကွဲပြားသည့် သေနင်္ဂဗျူဟာများကို ကျင့်သုံးကြသည်။ လက်တွေ့တွင် အထက်ဖော်ပြပါ စစ်ပွဲများ၌ နွေဦးတော်လှန်ရေးကို သံသယရှိသည့် EAO များက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးနှင့် ပတ်သက်သည့် ၎င်းတို့၏ သဘောထား မည်သို့ရှိသည်ဖြစ်စေ EAO များ အားလုံး၏ အဓိက ရည်ရွယ်ချက်မှာ ၎င်းတို့၏ လူမျိုးစုဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ဖြစ်သည်။ EAO များ၏ အဓိက ကွဲပြားခြားနားမှုမှာ အချို့သည် တနိုင်ငံလုံး ကျယ်ပြန့်သည့် ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးရရန် ကြိုးစားခြင်းနှင့် အချို့သည် ကိုယ်ပိုင်အုပ်ချုပ်ရေးရရန် သီးခြား လုပ်ဆောင်ကြခြင်း ဖြစ်သည်။
နိုင်ငံတွင် အင်အားအကြီးမားဆုံး EAO များအနက် တခုဖြစ်သော အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ထိုသို့ သီးခြားလုပ်ဆောင်သည့် သဘောထားကို ၂၀၂၂ ခုနှစ်က သတင်းသမားများကို ပြောကြားခဲ့သည်။
သူ၏လှုပ်ရှားမှုသည် နွေဦးတော်လှန်ရေးနှင့် မည်သည့်အတွက် လက်မတွဲသည်ကို ရှင်းပြရာတွင် သူက “ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်က ရက္ခိတ လမ်းစဉ်ပဲ။ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာ ပြန်လည်ရရှိဖို့ပဲ။ ရခိုင်ပြည်နယ်က အရင်မျိုးဆက်ဟောင်းတွေဟာ ဗမာတွေနောက်ကို လိုက်ထောက်ခံပြီး အချိန်တွေ အများကြီး ဖြုန်းတီးခဲ့တယ်။ ရခိုင်ပြည်နယ်ဟာ ဒီမိုကရေစီ ပြန်လည် ထိန်းသိမ်းရေး ၁၉၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့တယ်။ ဒါပေမယ့် ဘာအကျိုးအမြတ်မှ မရဘူး” ဟု ၎င်းက ပြောသည်။
“အဲဒီလို အတွေ့အကြုံတွေကြောင့် ဗမာတွေနောက်ကို ကျနော်တို့ မလိုက်ချင်တော့ဘူး။ ကျနော်တို့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ပဲ ကျနော်တို့ လုပ်ချင်တယ်။ ဒါဟာ ဗမာမှာ လက်ရှိ ပေါ်ပေါက်နေတဲ့ ဒီမိုကရေစီတိုက်ပွဲနဲ့ ခပ်ကင်းကင်းနေတဲ့ ကျနော်တို့ရဲ့ သေနင်္ဂဗျူဟာ သဘောထားဖြစ်တယ်” ဟုလည်း ဆက်လက် ပြောကြားသည်။
သို့သော် အရေးကြီးသည့် အချက်မှာ ထိုသဘောထားများသည် တရားသေများ မဟုတ်ကြဘဲ အလျင်အမြန် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေနှင့် ဆက်လက် ဆင့်ကဲဖြစ်ပေါ် တိုးတက်နေသည်။ ထို့ကြောင့်ပင် EAO များကို အုပ်စု နှစ်ခုအဖြစ် မခွဲနိုင်ခြင်းဖြစ်သည်။
EAO တို့၏ အုပ်ချုပ်ရေးများသည် ပဋိပက္ခကြောင့် ထိခိုက်ရသည့် ပြည်သူ သိန်းပေါင်းများစွာအတွက် ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုများ ပေးရာတွင် အရေးပါသည်။ ၎င်းတို့သည် အရေးပါသော နိုင်ငံတကာ မိတ်ဖက်များလည်းဖြစ်ကြောင်း လူသားချင်းစာနာမှုအကူအညီပေးရေး၊ ဒုက္ခသည်ကာကွယ်ရေးနှင့် ဒေသဆိုင်ရာ ကပ်ရောဂါ တုံ့ပြန်မှုများတွင် ၎င်းတို့၏ အရေးပါသော အခန်းကဏ္ဍက ပြသနေသည်။
ဥပမာအားဖြင့်ဆိုပါက တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သည် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပိုမိုနီးကပ်သည့် မဟာမိတ်ဖွဲ့ရေးကို အပြင်းအထန် စိုးရိမ်ကြောင်း ၂၀၂၂ ခုနှစ်တွင် ပြောသည်။
ထိုနောက်ပိုင်းတွင် TNLA သည် NUG လက်အောက်ခံ PDF များနှင့် လျင်မြန်စွာ မဟာမိတ်ဖွဲ့လိုက်သည်။ လက်ရှိအချိန်တွင် TNLA သည် လွန်ခဲ့သော အောက်တိုဘာလက ၎င်းတို့၏ ထိုးစစ်တွင် သိမ်းပိုက်ထားသည့် ဒေသများတွင် အများပြည်သူ ဝန်ဆောင်မှုများ ပြန်လည် ထိန်းသိမ်းရေးအတွက် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) နှင့် ပူးပေါင်းရန် ကြိုးစားနေသည်။
မကြာသေးမီက တွေ့ဆုံ မေးမြန်းမှုတခုတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က အခြားတော်လှန်ရေး အင်အားစုများနှင့် ဆင့်ကဲ ဖြစ်ပေါ်တိုးတက်နေသော ဆက်ဆံရေးက လွန်ခဲ့သော နှစ်နှစ်အတွင်း သူ၏အမြင်ကို မည်သို့ပုံဖော်ပေးသည်ကို ရှင်းပြခဲ့သည်။
မဟာမိတ်များနှင့် မိတ်ဖက်များ ပိုမိုဖွဲ့စည်းရန်၊ ပြည်ထောင်စုတခုလုံးနှင့် ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားသည့် ခြုံငုံသောအမြင် ချမှတ်ရန် လိုအပ်ချက်ကို သူက အရေးထားပြောသည်။ သူ၏အမြင်အရ ထိုသို့ ပြောကြားခြင်းသည် ဖက်ဒရယ်ပြည်ထောင်စု မဟုတ်ဘဲ ရခိုင်က တောင်းဆိုနေသည့် ကွန်ဖက်ဒရေးရှင်းနှင့် မကိုက်ညီသည် မဟုတ်ပေ။
အရေးကြီးသည့် အချက်မှာ ထိုသဘောထားများသည် တရားသေများ မဟုတ်ကြဘဲ အလျင်အမြန် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေနှင့် ဆက်လက် ဆင့်ကဲဖြစ်ပေါ် တိုးတက်နေသည်။ ထို့ကြောင့်ပင် EAO များကို အုပ်စု နှစ်ခုအဖြစ် မခွဲနိုင်ခြင်းဖြစ်သည်။
ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းရှာခြင်း
မြန်မာမှ လူမျိုးစုအမျိုးသားရေးနိုင်ငံရေးသည် စစ်ဖြစ်စေသည့် တွန်းအားသာမက ဒေသတည်ငြိမ်ရေးအတွက် အဓိကကျသည့် အတားအဆီးများအနက် တခုဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ နိုင်ငံတော်သည် ၎င်း၏ပိုင်နက်ကို မည်သည့်အခါကမှ သီးခြား မအုပ်ချုပ်သောကြောင့် EAO များသည် နိုင်ငံတော်မဟုတ်သည့် အစိုးရအဖြစ် အုပ်ချုပ်နေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်သည်။
ထိုသို့ အခြားပုံစံ နိုင်ငံရေးစနစ်များသည် မြန်မာနှင့် တရုတ်၊ ထိုင်းနယ်စပ်များတွင် ပိုမိုရှုပ်ထွေးသည်။ ထိုဒေသများတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ကဲ့သို့သော အဖွဲ့အစည်းများသည် သြဇာကြီးမားသည့် အစိုးရများဖြစ်နေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။
၎င်းတို့၏ အုပ်ချုပ်ရေးများသည် ပဋိပက္ခကြောင့် ထိခိုက်ရသည့် ပြည်သူ သိန်းပေါင်းများစွာအတွက် ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုများ ပေးရာတွင် အရေးပါသည်။ ၎င်းတို့သည် အရေးပါသော နိုင်ငံတကာ မိတ်ဖက်များလည်းဖြစ်ကြောင်း လူသားချင်းစာနာမှုအကူအညီပေးရေး၊ ဒုက္ခသည်ကာကွယ်ရေးနှင့် ဒေသဆိုင်ရာ ကပ်ရောဂါ တုံ့ပြန်မှုများတွင် ၎င်းတို့၏ အရေးပါသော အခန်းကဏ္ဍက ပြသနေသည်။
EAO အုပ်ချုပ်ရေးနှင့် ပတ်သက်သည့် အဓိက မှတ်တမ်းမှတ်ရာများသည် EAO အုပ်ချုပ်ရေးများ၏ အမျိုးမျိုးသော လုပ်ငန်းဆောင်တာများကို ဖော်ပြနိုင်ခြင်း မရှိပေ။ EAO အုပ်ချုပ်ရေးသည် ဒေသဆိုင်ရာ ထောက်ခံမှုနှင့် တရားဝင်မှုရရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက အများပြည်သူ ဝန်ဆောင်မှုများပေးသည့် အာဏာထူထောင်ရန် နည်းလမ်းမျှသာ မကပေ။
အများပြည်သူတည်ငြိမ်မှု ထိန်းသိမ်းရေးကို အလေးထားသည့် လုပ်ထုံးလုပ်နည်း အမြင်သက်သက်သည်လည်း လုံလောက်ခြင်း မရှိပေ။ EAO အုပ်ချုပ်ရေးသည် အခြေခံအားဖြင့် လူမျိုးစုတိုင်းရင်းသား လူမှုအသိုက်အဝန်းများတွင် အမျိုးသား အချုပ်အခြာအာဏာ တည်ဆောက်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် ဆိုပါက EAO အုပ်ချုပ်ရေးသည် နိုင်ငံတည်ဆောက်ခြင်း ဖြစ်သည်။
ထိုကိစ္စသည် မြန်မာ၏ အနာဂတ်နှင့် ငြိမ်းချမ်းရေးအတွက် အလားအလာရှိသော နည်းလမ်းများအတွက် မည်သို့အဓိပ္ပာယ် သက်ရောက်သနည်း။
အမျိုးမျိုးသော EAO များသည် ၎င်းတို့၏ ပိုင်နက်နယ်မြေများကို အကြီးအကျယ် ချဲ့ထွင်ကြသောအခါ ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားများနှင့် နိုင်ငံတည်ဆောက်ရေး ရည်မှန်းချက်များသည်လည်း ကျယ်ပြန့်လာသည်။
ထိုသို့သော နယ်မြေချဲ့ထွင်မှုများသည် အာဏာမသိမ်းမီကပင် ရှိနေသော်လည်း EAO များ အလျင်အမြန် ချဲ့ထွင်ခြင်းနှင့်အတူ ပိုမိုထိရှလွယ်လာသည်။ ထိုကြောင့် နယ်မြေချဲ့ထွင်မှုများနှင့် ပတ်သက်သည့် EAO အချင်းချင်းအကြား ပဋိပက္ခအန္တရာယ် တိုးလာသည်။ (ထိုသို့ဆိုသော်လည်း EAO များသည် ၎င်းတို့အကြား ထိုသို့သော ပဋိပက္ခဖြေရှင်းရာတွင် အများအားဖြင့် လက်တွေ့ကျကြောင်း EAO အချင်းချင်းအကြား ဆက်ဆံရေး တင်းမာနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည့် ရှမ်းပြည်မြောက်ပိုင်းက ပြသနေသည်။)
ပိုမိုအရေးပါသော ပြဿနာများမှာ အားလုံး အကျုံးဝင်မှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဖြစ်သည်။ EAO များသည် လူမျိုးစုအရ ရောထွေးနေသော ပြည်သူများကို အုပ်ချုပ်ကြပြီး ထိုရောထွေးမှုသည် လက်ရှိ နယ်မြေသိမ်းပိုက်နိုင်မှုများကြောင့် ပိုမို များပြားလာသည်။ ထိုအခြေအနေသည် လတ်တလော အကျပ်အတည်း မတိုင်မီကပင် လူမှုအသိုက်အဝန်းများအကြား ပဋိပက္ခရှိသော ဒေသများတွင် ပိုမိုစိုးရိမ်ဖွယ်ဖြစ်လာသည်။
ဥပမာအားဖြင့်ဆိုပါက ရိုဟင်ဂျာ လူမှုအသိုက်အဝန်းများကို AA က တိုက်ခိုက်သည်ဆိုသည့် သတင်းများ၊ ရိုဟင်ဂျာဆန့်ကျင်ရေး ပြင်းထန်သော စကားများနှင့် လူမှုအခြေပြု အဖွဲ့အစည်းများကို ခြိမ်းခြောက်မှုများသည် အချက်ပေးခေါင်းလောင်း တီးလိုက်ခြင်းပင် ဖြစ်သည်။
သို့သော် EAO အားလုံးကို မိမိတို့ ထိုသို့ အပြစ်မတင်နိုင်ပေ။ EAO များသည် အကြီးအကျယ် ကွဲပြားစုံလင်သော အဖွဲ့အစည်းများဖြစ်ပြီး အတွေးအခေါ်လေ့လာမှုမျိုးစုံ၊ သမိုင်းအတွေ့အကြုံမျိုးစုံ၊ အတွင်းပိုင်း အုပ်ချုပ်ရေး ယန္တရားမျိုးစုံနှင့် ရုပ်ဝတ္တုအခြေအနေမျိုးစုံရှိသော အဖွဲ့အစည်းများ ဖြစ်ကြသည်။
EAO အချို့သည် အခြား EAO များထက် ဒေသခံလူမှုအသိုက်အဝန်းများနှင့် ပိုမိုတာဝန်ခံပြီး အများအကျုံးဝင်သော ဆက်ဆံရေး ရှိကြသည်။ ဥပမာအားဖြင့်ဆိုပါက KNU နှင့် KIO သည် လူမှုအခြေပြုအဖွဲ့အစည်း ဆက်စပ်သူများနှင့် ထိတွေ့ဆက်ဆံသည့် ရှည်လျားသော အစဉ်အလာ ရှိကြသည်။ ထိုသူများသည် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ကဲ့သို့ တာဝန်ခံမှုရှိသော အုပ်ချုပ်ရေး ပုံစံသစ်များကို ဦးဆောင်ရာတွင် အရေးပါသောအခန်းမှ ပါဝင်သည်။
သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ဆိုသည်မှာ ကရင်တက်ကြွလှုပ်ရှားသူများနှင့် KNU တို့ ပူးပေါင်းဆောင်ရွက်သော မြေယာအခွင့်အရေးနှင့် ထိန်းသိမ်းရေး စီမံချက်ဖြစ်သည်။
KNU နှင့် KIO တို့သည် လူမျိုးစု ကွဲပြားစုံလင်ခြင်းကို အားပေးသည့် အစိုးရပညာရေး မဟုတ်သည့် ကျယ်ပြန့်သော စနစ်များကိုလည်း ကျင့်သုံးကြသည်။ သင်ရိုးညွှန်းတမ်းများသည် မိခင်ဘာသာစကား အခြေပြု ပညာရေးကို အလေးပေးသော်လည်း ထိုအဖွဲ့ နှစ်ခုလုံးသည် ၎င်းတို့၏ ပညာရေးစနစ်များတွင် လူမျိုးစုံ လူမှုအသိုက်အဝန်းများ အားလုံး ပိုမိုအကျုံးဝင်ရေးအတွက် ကြိုးစားနေသည်။ ဥပမာ KIO သည် ၎င်းတို့ပိုင်နက်တွင် အခြားလူမျိုးစုနှင့် ဘာသာရေးအုပ်စုများက ပုဂ္ဂလိကကျောင်းများ ထူထောင်ခြင်းကို အားပေးကြောင်း မကြာသေးမီက ကြေညာသည်။
ထိုသို့လုပ်ဆောင်ခြင်း ပြီးပြည့်စုံခြင်း မရှိသော်လည်း ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော စစ်ပွဲတွင် ပြီးပြည့်စုံံရန် မည်သို့ ဖြစ်နိုင်မည်နည်း။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည် ပိုမိုငြိမ်းချမ်းသော အနာဂတ်တခုအတွက် အာမခံချက်ရှိသော ဖြစ်နိုင်ခြေများကို ဖော်ပြနေသည်။ ထိုသို့သော အနာဂတ်အတွက် သော့ချက်မှာ အားလုံးအကျုံးဝင်ပြီး တာဝန်ခံမှုရှိသော EAO အုပ်ချုပ်ရေးကို အားပေးသည့် အစီအစဉ်များကို တောင့်တင်းကြံ့ခိုင်အောင် လုပ်ဆောင်ပေးရေး ဖြစ်သည်။
လက်နက်ကိုင်အဖွဲ့အစည်းတခု၏ လုပ်ရပ်ကြောင့် EAO များ အားလုံးကို ရှောင်ရှားခြင်းထက် အလှူရှင်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများသည် ထိုအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်းကို အရှိန်အဟုန် မြှင့်တင်သင့်သည်။ ထိုအဖွဲ့အစည်းများသည် မြန်မာမှ အုပ်ချုပ်ရေးအရေးကြီး ပုဂ္ဂိုလ်များအဖြစ် အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာမည့် အဖွဲ့အစည်းများသာဖြစ်သည်။
အလားတူစွာပင် အမေရိကန်မူဝါဒ ချမှတ်သူများ မြန်မာအတွက် ထောက်ခံမှု မြှင့်တင်ရန် ကြိုးစားနေစဉ် အသစ်ဖွဲ့စည်းလိုက်သည့် Congressional Burma Caucus သည် EAO အုပ်ချုပ်ရေး သဘောသဘာဝကို မဆန့်ကျင်ဘဲ ပူးပေါင်းဆောင်ရွက်သင့်သည်။ အခိုင်အမာဆိုရပါက ထိုသို့လုပ်ရန် EAOs များနှင့် လူသားချင်းစာနာမှု အကူအညီထက်မက ကျော်လွန် ပူးပေါင်းဆောင်ရွက် ရမည်ဟု အဓိပ္ပာယ်သက်ရောက်သည်။
အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအေဂျင်စီများသည် ၂၀၂၂ ခုနှစ် Burma Act မှ ကတိများကို အကောင်အထည် ဖော်သင့်ပြီး မြန်မာမှ တော်လှန်ရေးတွင် ပါဝင်သူများကို လက်နက် မဟုတ်သော အကူအညီပေးရေးကို အရှိန်မြှင့်တင်သင့်သည်။
အခြား အလှူရှင်များလည်း အလားတူ လုပ်ဆောင်သင့်သည်။ ထိုအကူအညီ၏ တစိတ်တပိုင်းကို ပညာရေး၊ ကျန်းမာရေး၊ တရားမျှတမှုနှင့် မြေယာအခွင့်အရေး စသည့် ပူးပေါင်းဆောင်ရွက်ရေးနှင့် တည်ငြိမ်မှုကို အားပေးသည့် နယ်ပယ်များမှ EAO အုပ်ချုပ်ရေးကို ထောက်ကူရန် အသုံးပြုသင့်သည်။
ထိုသို့လုပ်ရန် အလှူရှင်များသည် ကွဲပြားစုံလင်သော လူမျိုးစုတိုင်းရင်းသား လူမှုအသိုက်အဝန်းများမှ ဒေသခံ လူမှုအခြေပြုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အားထုတ်သင့်သည်။ အားလုံး အကျုံးဝင်ပြီး တာဝန်ခံမှုရှိသော အုပ်ချုပ်ရေးပုံစံများ အားကောင်းစေမည့် အစီအစီများသို့ ထောက်ပံ့မှုများ ရောက်ရှိစေရေးတွင် ထိုပုဂ္ဂိုလ်များသည် အဓိကကျသည်။
ပြီးပြည့်စုံခြင်း မရှိသော်လည်း ဆယ်စုနှစ်များစွာ ကြာပြီဖြစ်သော စစ်ပွဲတွင် ပြီးပြည့်စုံံရန် မည်သို့ ဖြစ်နိုင်မည်နည်း။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည် ပိုမိုငြိမ်းချမ်းသော အနာဂတ်တခုအတွက် အာမခံချက်ရှိသော ဖြစ်နိုင်ခြေများကို ဖော်ပြနေသည်။ ထိုသို့သော အနာဂတ်အတွက် သော့ချက်မှာ အားလုံးအကျုံးဝင်ပြီး တာဝန်ခံမှုရှိသော EAO အုပ်ချုပ်ရေးကို အားပေးသည့် အစီအစဉ်များကို တောင့်တင်းကြံ့ခိုင်အောင် လုပ်ဆောင်ပေးရေး ဖြစ်သည်။
ထိုသို့ထောက်ပံ့ရန် ပစ်မှတ်ထားဆောင်ရွက်သည့် နည်းလမ်းသည် အားလုံး အကျုံးဝင်မှုနှင့် တာဝန်ခံမှုကို အားပေးသည့် အုပ်ချုပ်ရေး အလေ့အထများကို ကျင့်သုံးရန် EAO များ အားလုံးကို စေ့ဆော်ပြီး မြန်မာတွင် ငြိမ်းချမ်းရေးအတွက် ရေရှည်လမ်းကြောင်း ဖောက်ပေးသည့် အကောင်းဆုံး နည်းလမ်းဖြစ်သည်။
EAO အုပ်ချုပ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ပဋိပက္ခကြောင့် ထိခိုက်သော အခြေအနေများတွင် နိုင်ငံတကာ ကြားဝင် ဆောင်ရွက်မှုများကို ပိုမိုယေဘုယျကျစွာ ပြန်လည်စဉ်းစားသုံးသပ်ရန် အသုံးဝင်သော တွန်းအားဖြစ်သည်။ ဒေသခံ အုပ်ချုပ်ရေးပုဂ္ဂိုလ်များနှင့် ပိုမိုနီးကပ်စွာထိတွေ့ဆက်ဆံရန် တောင်းဆိုခြင်းသည် အသစ်အဆန်းမဟုတ်သည်မှာ သေချာသည်။
အရေးပါသော ငြိမ်းချမ်းရေးတည်ဆောက်ရေး သုတေသနနှင့် အလေ့အထတွင် “ဒေသန္တရကို အလှည့်ပေးခြင်း” သည် အဓိက ဖြစ်လာသည်။ သို့သော် ထိုလုပ်ငန်း၏ ကြီးမားသော အစိတ်အပိုင်းသည် နိုင်ငံတော်နှင့် ဒေသ သို့မဟုတ် နိုင်ငံရေးအရ ထောက်ခံသင့်သည်ဟု ယူဆသည့် ဒေသခံပုဂ္ဂိုလ်များအပေါ် ဥရောပဗဟိုပြု နားလည်မှုများနှင့် ဆက်စပ်နေသည်။
ထို့ကြောင့် လူမျိုးစုနိုင်ငံရေး လက်နက်ကိုင်လှုပ်ရှားမှုများကို ဒေသခံငြိမ်းချမ်းရေး တည်ဆောက်ရေး မိတ်ဖက်များဟု လက်ရှိအချိန်အထိ မမြင်သည်မှာ အံသြစရာ မဟုတ်ပေ။ လူမျိုးစုအမျိုးသားရေး အတွေးအခေါ်များ ဖယ်ထုတ်ရေး တိမ်းညွှတ်မှုများအား မိမိတို့အနေဖြင့် စိတ်ကူးမယဉ်သင့်သည့် တပြိုင်နက်တည်း ထိုလူမျိုးစုအမျိုးသားရေး အတွေးအခေါ်များအား မြန်မာနိုင်ငံကဲ့သို့ နိုင်ငံရေးနောက်ခံရှိသည့် အခြေအနေတွင် လူမျိုးစုအခြေပြု နိုင်ငံတော် ဖွဲ့စည်းသည့် ကိုလိုနီခေတ်လွန် နိုင်ငံရေးအခြေအနေနှင့် ကိုက်ညီအောင် လုပ်ဆောင်ရန် လိုအပ်သည်။
ထိုသို့လုပ်ခြင်းသည် ပဋိပက္ခမောင်းနှင်အားများကို ပိုမိုကွဲပြားခြားနားစွာ နားလည်မှုဖြစ်စေပြီး ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းသစ်များကို ပြသနေသည်။
(New Mandala ပါ David Brenner ၏ Ethnonationalism and Myanmar’s future ကို ဘာသာပြန်သည်။ ဒေးဗစ် ဘရင်နာသည် Sussex တက္ကသိုလ်ရှိ ကမ္ဘာလုံဆိုင်ရာ မလုံခြုံမှုများလေ့လာရေးမှ ဝါရင့်ကထိက ဖြစ်သည်။ မြန်မာ၏ လူမျိုးစုအမျိုးသားနိုင်ငံရေးနှင့် EAOs များအကြောင်း ၂၀၁၂ ခုနှစ်ကတည်းက လေ့လာခဲ့ပြီး “Rebel Politics: A Political Sociology of Armed Struggle in Myanmar’s Borderlands” စာအုပ်ကိုလည်း ရေးသားခဲ့သည်။)
You may also like these stories:
EAO အဓိပ္ပာယ် ပြန်လည် ဖွင့်ဆိုချိန်တန်ပြီ
တိုင်းရင်းသားတပ်တွေ နေပြည်တော်မသိမ်းနိုင်ဘူးတဲ့လား
စစ်ကောင်စီ ချိနဲ့လာပြီး တိုင်းရင်းသားတပ်များ အင်အားတောင့်လာဟု အစီရင်ခံ
စစ်ရှိန်မြှင့်နေသည့် တိုင်းရင်းသား ပြည်နယ်များ
၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်းတိုင်းရင်းသားများ သဘောထား
၂၀၂၄ သည် စစ်ကောင်စီပြိုလဲမည့်နှစ်ဟု တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များပြော
NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း