ရခိုင်ပြည်နယ်ရှိ မောင်ရွှေလေး ရေတပ်စခန်း (ခေါ်) စစ်ကောင်စီ၏ ပင်မရေငုပ်နှင့် ဆယ်ယူရေး တပ်စခန်းဌာနချုပ် (Central Naval Diving and Salvage Deport – CNDSD) ကို စက်တင်ဘာလ ၅ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း စက်တင်ဘာလ ၆ ရက်နေ့တွင် အာရက္ခတပ်တော် (AA) က တရားဝင် ကြေညာခဲ့သည်။
မောင်ရွှေလေး ရေတပ်စခန်းကို လက်လွှတ်လိုက်ရခြင်းသည် သံတွဲမြို့နယ်အတွင်း တခုတည်းသာ ကျန်ရှိသည့် စစ်ကောင်စီစခန်းကို စွန့်လွှတ်ခဲ့ရခြင်းဖြစ်သလို စစ်ကောင်စီအတွက် ရေတပ်ဌာနချုပ်တခု ပထမဆုံး ကျဆုံးခဲ့ခြင်းလည်း ဖြစ်ခဲ့ရသည်။
AA အနေဖြင့် ဩဂုတ်လ ၇ ရက်နေ့တွင် စတိုက်ခဲ့ပြီး စစ်ကောင်စီဘက်က မောင်ရွှေလေး ရေတပ်စခန်း မကျစေရေးအတွက် ဌာနချုပ်ဝန်းကျင်နှင့် မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာတို့မှ အဆင့်ဆင့် ခံစစ်ဆင်၍ ခုခံခဲ့ကြသည်။
အမ်း အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တပ်များ၊ ပြည်တွင်း တပ်မများမှ ထုတ်နုတ်တပ်များကို အသုံးပြု တိုက်ခိုက်ခဲ့သလို ထိုတပ်များတွင် အခြေခံ တပ်သားသစ် သင်တန်းဆင်းခါစ စစ်သားသစ် အများအပြားကို ပါဝင်တိုက်ခိုက်စေခဲ့သည်။ ထို့ကြောင့်လည်း ၁ လနီးပါးကြာ တိုက်ခိုက်ပြီးမှသာ AA အနေဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ရေတပ်ဌာနချုပ်တခု ပထမဆုံး စွန့်လွှတ်ခဲ့ရသည့် စစ်ကောင်စီရေတပ်သည် ယခု ၂၀၂၄ ခုနှစ်အတွင်း ရေချုပ်နေရာအတွက် သုံးဦးအထိ အပြောင်းအလဲ ဖြစ်ခဲ့သည်။
ရေတပ်ဌာနချုပ်တခု ပထမဆုံး စွန့်လွှတ်ခဲ့ရသည့် စစ်ကောင်စီရေတပ်သည် ယခု ၂၀၂၄ ခုနှစ်အတွင်း ရေချုပ်နေရာအတွက် သုံးဦးအထိ အပြောင်းအလဲ ဖြစ်ခဲ့သည်။
အပြောင်းအလဲနှင့်အတူ ရေတပ်စခန်းတခုကို ပထမဆုံးအကြိမ်အဖြစ် စွန့်လွှတ်ခဲ့ရသည်။
စစ်တပ်က အကြမ်းဖက် အာဏာသိမ်းလိုက်ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ရေချုပ် (ကာကွယ်ရေးဦးစီးချုပ်- ရေ) ဖြစ်သူ ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို စစ်ကောင်စီဝင် အဖြစ် ရော၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး အဖြစ်ပါ အစိုးရရာထူး ပေးလိုက်၏။ မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီး မိုးအောင် (DSA အပတ်စဉ် ၂၈) ကို သူ့နေရာတွင် အစားထိုးခန့်ထားလိုက်သည်။
ဗိုလ်ချုပ်ကြီး မိုးအောင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ဗဟိုကော်မတီဝင်ဖြစ်ခဲ့သူ ဦးအောင်သောင်း (ကွယ်လွန်) ၏ သားဖြစ်သည်။ စီနီယာ ရေချုပ်ဟောင်းများ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး သူရသက်ဆွေနှင့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့သည် DSA အပတ်စဉ် ၂၂ နှင့် DSA အပတ်စဉ် ၂၃ ဖြစ်သဖြင့် ဗိုလ်လောင်းအမှတ်စဉ် ကပ်လျက်ဖြစ်သည်။
ဗိုလ်ချုပ်ကြီး မိုးအောင်က DSA အပတ်စဉ် ၂၈ က ဖြစ်သဖြင့် ယခင် ရေချုပ်နှင့် အမှတ်စဉ် ငါးခုအထိ ကွာ၏။ သူ့ကို ဦးအောင်သောင်း၏ သားဖြစ်သည့်အပြင် အိန္ဒိယ၊ ရုရှားနိုင်ငံတို့နှင့် ရေငုပ်သင်္ဘောများ ဝယ်ယူခြင်းဆိုင်ရာများ၊ အရာရှိများ စေလွှတ် လေ့ကျင့်ပေးခြင်းဆိုင်ရာများကြောင့်ပါ ရေချုပ်နေရာ စောစောပေးခဲ့ခြင်းဟု ဆိုကြသည်။
သို့သော် သူ့အနေဖြင့် ရေချုပ်ရာထူးကို အာဏာသိမ်းကာလအတွင်း သုံးနှစ်တာ ကာလသာ တာဝန်ထမ်းဆောင်ခဲ့ရသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လလောက်ကတည်းက သူ့ကို ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
သတင်းထွက်ပြီး လေးလကျော်အကြာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်မှသာ ရေချုပ်တာဝန်က အနားပေးခံခဲ့ရ၏။ သူ့နေရာကို ဗိုလ်လောင်းအမှတ်စဉ် နှစ်ခုကွာသည့် စစ်ဦးစီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် (DSA အပတ်စဉ် ၃၀) နှင့် အစားထိုးလိုက်သည်။
ရေချုပ်ရာထူးမှ အနားပေးလိုက်သော်လည်း ဗိုလ်ချုပ်ကြီး မိုးအောင်ကို စစ်ကောင်စီ ဥက္ကဋ္ဌရုံး (၁) ပြည်ထောင်စုဝန်ကြီးနေရာနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်သည်။
တနည်းအားဖြင့် တပ်မဲ့ခေါင်းဆောင်အဖြစ်ထားကာ အရပ်ဘက်ရာထူးများ ဆက်ပေးခြင်းဖြင့် နှစ်သိမ့်လိုက်ခြင်း ဖြစ်၏။ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း စစ်ရှုံးပြီးနောက်ပိုင်းတွင် မင်းအောင်လှိုင်အနေဖြင့် သူ့ဆီက အာဏာပြန်လုနိုင်သည်ဟု ထင်သောသူများကို မျက်ခြည်မပြတ် စောင့်ကြည့်ခဲ့သည်။
တနည်းအားဖြင့် တပ်မဲ့ခေါင်းဆောင်အဖြစ်ထားကာ အရပ်ဘက်ရာထူးများ ဆက်ပေးခြင်းဖြင့် နှစ်သိမ့်လိုက်ခြင်း ဖြစ်၏။ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း စစ်ရှုံးပြီးနောက်ပိုင်းတွင် မင်းအောင်လှိုင်အနေဖြင့် သူ့ဆီက အာဏာပြန်လုနိုင်သည်ဟု ထင်သောသူများကို မျက်ခြည်မပြတ် စောင့်ကြည့်ခဲ့သည်။
သူ့ထံမှ အာဏာပြန်လုနိုင်သူသည် တပ်တွင်းက လက်ရှိ ခံစားရသည့် ကြောက်ရွံ့မှုများကို ချက်ချင်း ရပ်တန့်နိုင်သူ ဖြစ်နိုင်သလို၊ နိုင်ငံရေးတွင်လည်း သူရဲကောင်းသဖွယ် ဖြစ်သွားနိုင်သည်။ ထိုလူမျိုး ပေါ်ထွက်ရန် စစ်ကောင်စီ တပ်တွင်းက ကြိတ်၍ မျှော်လင့်နေကြ၏။
ထို့ကြောင့်လည်း တပ်ချုပ် မင်းအောင်လှိုင်အနေဖြင့် USDP ၏ ကျောထောက်နောက်ခံရှိပြီး အငြိမ်းစား ဗိုလ်ချုပ်ကြီးများနှင့် နီးစပ်သော ရေချုပ် မိုးအောင်ကို အနားပေးလိုက်ခြင်းဟု ယူဆရသည်။
ဗိုလ်ချုပ်ကြီး မိုးအောင်အား လက်ကိုင်တပ် မဲ့သွားအောင်လုပ်သည့်အကြောင်း သုံးသပ်နေကြဆဲမှာပင် သူ့အနောက်က ရေချုပ် ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်သည် ခြောက်လကျော်အကြာမှာပင် အနားပေးခံရပြန်၏။
သူ့နေရာတွင် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းကို ရေချုပ်အဖြစ် အစားထိုးလိုက်ပြန်သည်။ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်သည် သူ့ရှေ့က ရေချုပ်အဟောင်းများကဲ့သို့ အရပ်ဘက်ရာထူးပင် မရတော့ဘဲ ဖြုတ်ချခံလိုက်ခြင်း ဖြစ်သည်။ သူ့ကိုဖြုတ်အပြီးတွင် စစ်ကောင်စီက ခေါ်ယူ စစ်ဆေးနေကြောင်း၊ နုတ်ထွက်စာတင်လိုက်ပြီး နုတ်ထွက်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေး၏။
နုတ်ထွက်စာတင်ခြင်း ဆိုသည်မှာ မဖြစ်နိုင်ပေ။ စစ်အာဏာသိမ်းစဉ်အချိန် နုတ်ထွက်စာတင်ပါက တင်သည့် အရာရှိကြီးသည် စစ်ပုန်ကန်မှုနှင့် သေဒဏ်ပင် ကျသွားနိုင်သည်။ (ဥပမာ စစ်ဖက်ရေးရာလုံခြုံရေး အကူတပ်မှ တပ်မှူးသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး မကြာမီ ထွက်ခွင့်တင်သဖြင့် အကျယ်ချုပ် ချက်ချင်းချခံခဲ့ရသည်။)
တကယ်တမ်းတွင် ရခိုင်ဒေသ တိုက်ပွဲစဉ်များ၌ AA က တပ်မတော် (ရေ) ထက် ပိုမို အရေးသာခဲ့ခြင်း၊ ကျောက်ချ ရပ်နားနေသည့် သင်္ဘောနေရာများကိုပင် AA က ထိရောက်အောင် ပစ်ခတ်လာနိုင်ခြင်းတို့က ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ကံဆိုးသွားစေခြင်း ဖြစ်သည်။
သူ ရေချုပ်ဖြစ်ပြီး မကြာမီ ၂၀၂၄ ခုနှစ်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီးတွင် စစ်သင်္ဘော နှစ်စီးနှင့် ဇက်သင်္ဘော တစီးကို AA က နှစ်မြှုပ်ပစ်လိုက်သည်။
ထို့နောက် စစ်သင်္ဘောများသည် ရခိုင်ရေပြင်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်း၊ ဒရုန်းယာဉ်များဖြင့် drop ဗုံးချ တိုက်ခိုက်ခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများခဲ့သည်။ သူရေချုပ်ဖြစ်လာပြီး နောက်ပိုင်းတွင် ရေတပ်သည် ကံမကောင်း အကျိုးမပေးဟု မင်းအောင်လှိုင်က ယူဆပုံရသည်။
AA က ဒရုန်းဖြင့် စစ်ရေယာဉ်များကို တိုက်ခိုက်ရာတွင် ရေတပ်စစ်သင်္ဘောများ၌ အဆင့်မမီသော ဒရုန်းကာကွယ်ရေးစနစ် (drone guard system) နှင့် ဒရုန်းဖြိုခွင်းရေးစနစ် (drone gun system) များမှာ ဒရုန်းများကို တားဆီးနိုင်ခြင်း မရှိခဲ့ပေ။
ဟန်ပြသက်သက် ရေတပ်အထူးတပ်ဖွဲ့ Navy Seal များက ကမ်းတက်စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ခြင်း မရှိမှုအပေါ်လည်း အပြစ်တင်ခံရကြောင်း၊ ဇွဲဝင်းမြင့်က ကမ်းတက်တိုက်ပွဲတိုက်ရန် ငြင်းဆန်ခဲ့သည့်တိုင် အမိန့်အရ သံတွဲကမ်းခြေ တိုက်ပွဲများတွင် Navy Seal တပ်ဖွဲ့များစွာကို ထုတ်သုံးခဲ့သဖြင့် ထိခိုက်ကျဆုံးခဲ့မှုက အမျက်တော်ရှစရာ ဖြစ်ခဲ့သည်။
ဟန်ပြသက်သက် ရေတပ်အထူးတပ်ဖွဲ့ Navy Seal များက ကမ်းတက်စစ်ဆင်ရေးများ ဆောင်ရွက်နိုင်ခြင်း မရှိမှုအပေါ်လည်း အပြစ်တင်ခံရကြောင်း၊ ဇွဲဝင်းမြင့်က ကမ်းတက်တိုက်ပွဲတိုက်ရန် ငြင်းဆန်ခဲ့သည့်တိုင် အမိန့်အရ သံတွဲကမ်းခြေ တိုက်ပွဲများတွင် Navy Seal တပ်ဖွဲ့များစွာကို ထုတ်သုံးခဲ့သဖြင့် ထိခိုက်ကျဆုံးခဲ့မှုက အမျက်တော်ရှစရာ ဖြစ်ခဲ့သည်။
‘ငါကလွဲရင် ကျန်တဲ့ကောင် အသုံးမကျ’ ဆိုသည့် တပ်ချုပ် မင်းအောင်လှိုင် မူဝါဒအရ မည်သို့ပင်ဖြစ်စေ ရေတပ်လုံခြုံရေး စနစ်တကျ ဆောင်ရွက်နိုင်ခြင်း မရှိဆိုသည့် ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်၏ ရေချုပ်ရာထူး တခန်းရပ်သွားခြင်း ဖြစ်သည်။
သူ့ဆွေမျိူး အသိုင်းအဝိုင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ထောက်ခံသူ အမာခံများရှိသဖြင့် ရာထူးက ရုတ်တရက် ရပ်နားလိုက်သည်ဟု အရေးယူ အပြစ်ပေးသည့် မင်းအောင်လှိုင်က သူ့အပြစ် မဖြစ်အောင် ရေတပ်တွင်း၌ ဝါဒဖြန့် ပြောဆိုမှုများလည်းရှိကြောင်း သိရသည်။
စစ်တပ်တွင် တော်ရုံအကြောင်းပြချက်ဖြင့် ရေချုပ်၊ လေချုပ်နေရာများကို အချိန်တိုအတွင်း ပြောင်းလဲလေ့ မရှိတတ်ပေ။ လေချုပ်၊ ရေချုပ်များသည် တပ်ချုပ်၏ သက်တော်ရှည် အမတ်များသဖွယ် အချိန်အတိုင်းအတာ တခုအထိ ရှိနေတတ်ကြသည်။
မင်းအောင်လှိုင် တပ်ချုပ်ဖြစ်သည့် လက်ထက်တွင် သူမှလွဲ၍ မည်သူမှ အသုံးမကျဆိုသည့် အချိုးဖြင့် အရာရှိကြီးများစွာကို အလွယ်တကူပင် ဖြုတ်ချနေ၏။ ရေချုပ်ရာထူး အပြောင်းအလဲ ဖြစ်ခဲ့သော်လည်း တိုက်ပွဲရလဒ်က ပြောင်းလဲခဲ့ခြင်း မရှိပေ။
တကယ်တမ်း ရေကြောင်းစစ်ဆင်ရေးများတွင် စစ်တိုက်နေရသည်မှာ အောက်ခြေမှ ရေတပ်အရာရှိ၊ စစ်သည်များပင် ဖြစ်သည်။ စစ်ပွဲနှင့်ဝေးခဲ့သည်မှာ ကြာမြင့်ပြီးမှ နဖူးတွေ့ ဒူးတွေ့ ကြုံနေကြရသည့် ရေတပ်သားတို့၏ စိတ်ဓာတ်ကို ထည့်မတွက်ခဲ့ပေ။
တိုက်နည်းစနစ်နှင့် နည်းပညာ မြင့်မားသည့် စစ်ပွဲများကို တန်းတူ ဝင်ရောက်ဆင်နွှဲနိုင်ခြင်း မရှိသည်ကို မပြုပြင်ဘဲ တခုခုဆိုလျှင် ခေါင်းဆောင်ဟောင်းကို အရေးယူ၊ ခေါင်းဆောင်သစ် အစားထိုးခန့်ရင်း ဆေးမြီးတိုဖြင့် ကုသခြင်း၏ ရလဒ်ဖြစ်သည်။ ဤကဲ့သို့ စဉ်းစားမျှော်မြင် တွေးတောဆင်ခြင်မှုနည်းသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကြောင့်လည်း တော်လှန်ရေး အရွေ့တခု ရောက်စေခဲ့သည်ဟု ပြောရမည်လား မသိပေ။
လက်ရုံးတပ်ဖွဲ့မှ အရာရှိကြီးများသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူး မရရှိနိုင်သဖြင့် လက်ရုံးတပ်ဖွဲ့ အသီးသီးက ဦးစီးချုပ်များ၊ အရာရှိချုပ်များ၊ ညွှန်ကြားရေးမှူးများကို တပ်ချုပ်အဆက်ဆက်က စာနာ နားလည်သောစိတ်၊ လေးစားသော အပြုအမူဖြင့် ဆက်ဆံပေးခဲ့သည်။
မင်းအောင်လှိုင် လက်ထက်တွင် ဗိုလ်ချုပ်ကြီးများ ဒုဗိုလ်ချုပ်ကြီးများအနေဖြင့် တခုခု အမှားအယွင်းဖြစ်ပါက ဂုဏ်သိက္ခာမဲ့စွာဖြင့် ရာထူးက ဖြုတ်ချခံရမည့်ရက်ကို ထိုင်စောင့်နေကြရသည်။
ရခိုင်ဒေသ ရေကြောင်းတိုက်ပွဲများတွင် ရှုံးနိမ့်မှုများနှင့်ပတ်သက်၍ ရေတပ်ဦးစီးချုပ်ကို အပြစ်ပုံချ အရေးယူခဲ့သော်လည်း တိုက်ပွဲအဖြေက ပြောင်းမသွားခဲ့သည်ကို တွေ့ရမည်။
ရခိုင်ဒေသ ရေကြောင်းတိုက်ပွဲများတွင် ရှုံးနိမ့်မှုများနှင့်ပတ်သက်၍ ရေတပ်ဦးစီးချုပ်ကို အပြစ်ပုံချ အရေးယူခဲ့သော်လည်း တိုက်ပွဲအဖြေက ပြောင်းမသွားခဲ့သည်ကို တွေ့ရမည်။
တကယ် တိုက်နေခိုက်နေရသော အရာရှိ၊ စစ်သည်များရင်ထဲတွင် အပေါ်ကအဆင့်များပင် ထိုးကျွေးနေကြတာ၊ ငါတို့အဆင့်ဆို မပြောနဲ့ဆိုသည့် အတွေးက ရှိနှင့်ပြီးသားဖြစ်သည်။
တာဝန်ရှိ၍ လူပြောင်းကြစတမ်းဆိုပါက တကယ်ပြောင်းရမည့်သူမှာ တယောက်တည်းရှိသည်။
ထိုသူမှာ ယနေ့ခေတ် တော်လှန်မှုများကို ဖြစ်ပေါ်အောင် လမ်းကြောင်းပေါ် ဆွဲတင်ခဲ့သလို စစ်တပ်ကို ရန်များအောင် တွန်းပို့ခဲ့သည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပင် ဖြစ်တော့သည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ဆုံးရှုံးနယ်မြေ ပြန်စစ်ဆင်မည်ဟု ကြွေးကြော်နေချိန် ရေတပ်စခန်းကြီးတခု လက်လွှတ်လိုက်ရ
သံတွဲ မောင်ရွှေလေး ရေတပ်စခန်း သွားရာလမ်းမှ တံတားများ စစ်တပ် မိုင်းခွဲ
ကျိန္တလီမြို့ကို ကြည်းတပ်နှင့် ရေတပ်ပေါင်း၍ ဆက်တိုက်ပစ်နေ
သံတွဲ ရေတပ်စခန်းကို AA ဝင်တိုက် (ရုပ်/သံ)
ငပလီ ခလရ ၅၅ မှ စစ်သားများ သပြုချိုင်ရေတပ်သို့ ထွက်ပြေး
ရေတပ်ဦးစီးချုပ် နှစ်ဦးကြားက တယ်လီနောမြန်မာ အရောင်းအဝယ်