ထိုင်းရှိ စင်ထရယ်ဝေါလ်တွင် သူငယ်ချင်းနှင့် ချိန်းပြီးဆုံတော့ စကားတွေက ပြောမကုန်အောင် ရှိလှသည်။ အထူးသဖြင့် ကိုယ့်တိုင်းပြည်က အခြေအနေ၊ ဒီက အခြေအနေတွေ ဖြစ်သည်။ တိုင်းပြည်က စစ်အာဏာသိမ်းပြီးကတည်းက ပျက်သွားလိုက်သည်မှာ ပြောစရာ မရှိတော့။ ပြောပြောနေသည့် ကျဆုံးနိုင်ငံ (failed state) ဆိုသည်ထက် ချောက်ကမ်းပါးထဲ ရောက်သွားသည်။
မြန်မာပြည်ထဲမှ လွတ်ရာကျွတ်ရာ ထွက်ပြေးကြသူ သန်းနှင့်ချီသည့် လူများသည် သမိုင်းတွင် မကြုံဖူးသော အစုလိုက်အပြုံလိုက် ထွက်ခွာမှု exodus လည်း ဖြစ်သည်။ စစ်အာဏာရှင် ခေါင်းဆောင် မင်းအောင်လှိုင်သည် တချက်လွှတ် ပါးစပ်အမိန့်ဖြင့် ဥပဒေတွေ တခုပြီးတခု ထုတ်ပြန်ခဲ့ရာ သမိုင်းတွင် မရှိခဲ့သော ‘စစ်မှုမထမ်းမနေရ ဥပဒေ’ အသက်သွင်းမှုလည်း ပါဝင်သည်။ ထိုဥပဒေထုတ်ပြန်အပြီးတွင်မူ နဂိုကတည်းက အနာဂတ်ပျောက်နေသော လူငယ်များကို နိုင်ငံထဲမှ မောင်းထုတ်လိုက်သလိုမျိုး ပြည်ပနိုင်ငံများကို အလုံးအရင်းနှင့် ထွက်ပြေးဖို့ရန် ဖြစ်လာသည်။
ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ ပြည်ပမှာ ဒုက္ခအမျိုးမျိုးနှင့် နိုင်ငံကို စွန့်ခွာလာရသည့် အကြောင်းများကို ပြောဖြစ်ကြသည်။ တဖြည်းဖြည်းနှင့် အိမ်နီးချင်းနိုင်ငံထဲမှာ ကိုယ့်ဆီကလူတွေ များသည်ထက် အများကြီး ရောက်လာကြပုံများကို ပြောဖြစ်ကြသည်။ နယ်စပ်မြို့တွင် ခလုတ်တိုက်မလွဲ မြန်မာတွေချည်း ဖြစ်နေပုံ၊ မြန်မာအစားအစာ၊ မြန်မာအသုံးအဆောင်၊ မြန်မာဆိုင်တွေ တဖြည်းဖြည်း များလာပုံကို ပြောဖြစ်ကြသည်။
ယခင်က ဒုက္ခသည်တွေ၊ နိုင်ငံရေးခိုလှုံခွင့် ရှာဖွေသူတွေ၊ အောက်ခြေ ရွှေ့ပြောင်းအလုပ်သမားတွေလောက်ပဲ အခြေချလာရာက ယခုတော့ လူလတ်တန်းစားတွေ၊ ပညာတတ်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေပါ တိမ်းရှောင် ရောက်ရှိလာသည်။ ထိုင်းနိုင်ငံသည် ကိုယ့်နိုင်ငံက လူတွေအတွက် လွတ်မြောက် လုံခြုံ နိဗ္ဗာန်ဘုံ (safe haven)
ယခင်က ဒုက္ခသည်တွေ၊ နိုင်ငံရေးခိုလှုံခွင့် ရှာဖွေသူတွေ၊ အောက်ခြေ ရွှေ့ပြောင်းအလုပ်သမားတွေလောက်ပဲ အခြေချလာရာက ယခုတော့ လူလတ်တန်းစားတွေ၊ ပညာတတ်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေပါ တိမ်းရှောင် ရောက်ရှိလာသည်။ ထိုင်းနိုင်ငံသည် ကိုယ့်နိုင်ငံကလူတွေအတွက် လွတ်မြောက် လုံခြုံ နိဗ္ဗာန်ဘုံ (safe haven)။
တဆက်တည်းမှာပဲ သူငယ်ချင်းနှင့် ပြောဆိုဖြစ်သည့် အကြောင်းအရာက “စရိုက်” တွေ ဖြစ်သည်။ ကိုယ်လူမျိုးအကြောင်း မကောင်းမပြောလိုသော်လည်း အရိုင်းအစိုင်း အာဏာရှင်စနစ်အောက်က လာသူတွေဖြစ်လို့လား မသိ။ လူတွေက ရိုင်းကြသည်။ စည်းနှင့်ကမ်းနှင့် နေသောနိုင်ငံမှာ ပရမ်းပတာ မြန်မာအမူအကျင့်တွေနှင့် နေသည်။
ဒီကို ရောက်လာသူအားလုံးကို မဆိုလိုသော်လည်း မနေ့တနေ့ကမှ ရောက်လာသူတချို့ အပါအဝင် မြန်မာအများစုသည် ဒီနိုင်ငံ၏ စည်းကမ်းတွေကို ရလျှင်ရသလို ချိုးဖောက်ချင်ကြသည်။ လူပုံအလယ်မှာ စကားကို အကျယ်ကြီး ပြောသည်။ ပတ်ဝန်းကျင်ကို အလေးမထား။
“ဟိုတနေ့က Big C ဘက်က စတားဘတ်ဆိုင်မှာဗျာ၊ မြန်မာတွေ တအုပ်ကြီး စားပွဲဝိုင်းမှာ ဟောင်ဖွာဟောင်ဖွာနဲ့ စကားတွေ များနေလိုက်ကြတာ၊ ဆူညံနေတာပဲ။ ဒီမှာ ထိုင်းတွေက သူတို့လို အသံကျယ်ကျယ် စကားမပြောကြဘူး။ တိုးတိုးပဲပြောတယ်” ဟု သူငယ်ချင်းက သူတွေ့လာပုံကို ပြောသည်။ ဆင်းရဲပြီး စာရိတ္တချို့ယွင်းသောနိုင်ငံက လာသူများ၏ စရိုက်ဟု ဆိုရမည်။ ဒီကို ရွှေ့ပြောင်းခိုလှုံလာသူတွေ ဘယ်လောက်များနေပြီလဲပင် မသိ။
ဟိုတရက်ကလည်း ချင်းမိုင်မြို့က လမ်းဘေးအုတ်နံရံတခုပေါ်တွင် မြန်မာဘာသာနှင့် ပေါက်ကရစာတွေ ရေးသွားသည်။ ညဘက် အရက်စုသောက်ကြ၊ သီချင်းဆိုကြ၊ ဂစ်တာတီးကြတော့ ပတ်ဝန်းကျင်က နားမခံသာဖြစ်။ တိုင်တာ တောတာတွေ ရှိလာသည်။
မြောက်ပိုင်း ချင်းမိုင်က ဘန်ကောက်နှင့် လုံးဝကွဲပြားပြီး တိတ်ဆိတ်အေးချမ်းသော မြို့တမြို့ဖြစ်သည်။ တနေကုန် အဆောင်အခန်းထဲမှာနေလို့ ပတ်ဝန်းကျင်က ဘာအသံမှ မကြားရ။ တိတ်ဆိတ်ငြိမ်သက်နေသည်။ ဘန်ကောက်လို အထပ်မြင့်အဆောက်အဦးကြီးတွေ အများကြီး ရှိမနေတာ၊ စမ်းလန်းသော သဘာဝပတ်ဝန်းကျင် ရှိနေတာကိုက ချင်းမိုင်၏ ထူးခြားမှုဖြစ်သည်။
မြို့၏ ဘယ်နေရာကပဲကြည့်ကြည့် အနောက်ဘက်တွင် အပြာရောင် တောင်တန်းကြီးတခုကို အမြဲလိုလို မြင်တွေ့ရမည်။ မိုးအုံ့သော ရာသီတွေမှာ မြူနှင့်တိမ်တွေဆိုင်းပြီး တောင်တန်းကြီးကို ဖုံးအုပ်ထားတတ်သော်လည်း နေသာသောရက်တွေမှာတော့ တောင်ပြာတန်းကို ထင်းခနဲ မြင်ရသည်။ မော်တော်ဆိုင်ကယ်တွေ၊ မော်တော်ကားတွေ တစုတဝေးကြီး ဖြတ်သန်းသွားသော လမ်းမကြီးနောက်ခံနှင့် တောင်တန်းကြီးက လွမ်းစရာဖြစ်အောင် အမြဲဖန်တီးထားသည်။ ဒီမြို့မှာလည်း အခုတော့ မြန်မာတွေ အတော်များလာခဲ့ပါပြီ။ ဒီမြို့မှာ ဘယ်လောက်ပဲ လမ်းမပေါ်မှာ မော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေ ရှုပ်ထွေးနေပါစေ၊ ဟွန်းတီးသံ မကြားရ။ ယာဉ်ကြော အတင်းလု မဝင်ကြ။
ပြောင်းရွှေ့အခြေချလာသူ အများစုကမူ ဒီက ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေဖြစ်အောင် နေကြတာ များပါသည်။ သို့သော် မြန်မာစရိုက်၊ မြန်မာအကျင့်တွေကတော့ မပျောက်။ မြန်မာတွေ များလာတော့ မြန်မာအစားအစာ ချက်ပြုတ်ရောင်းချသည့် ဆိုင်တွေလည်း ပေါ်လာသည်။ ဈေးနှုန်းတွေက ပုံမှန်ထိုင်းအစားအစာတွေထက်ပင် ပိုပြီးယူထားသည်။
ပြောင်းရွှေ့အခြေချလာသူ အများစုကမူ ဒီက ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေဖြစ်အောင် နေကြတာ များပါသည်။ သို့သော် မြန်မာစရိုက်၊ မြန်မာအကျင့်တွေကတော့ မပျောက်။ မြန်မာတွေ များလာတော့ မြန်မာအစားအစာ ချက်ပြုတ်ရောင်းချသည့် ဆိုင်တွေလည်း ပေါ်လာသည်။ ဈေးနှုန်းတွေက ပုံမှန်ထိုင်းအစားအစာတွေထက်ပင် ပိုပြီးယူထားသည်။
ဒီကလူတွေနှင့် မြန်မာက ယဉ်ကျေးမှုချင်းရော၊ ကိုးကွယ်သည့်ဘာသာရော၊ ဓလေ့ထုံးစံတွေရော အားလုံးနီးပါး တူကြသည်။ မတူတာက သူတို့တတွေ အေးအေးချမ်းချမ်း၊ ပေါ့ပေါ့ပါးပါး၊ သာသာယာယာ၊ ပျော်ပျော်ရွှင်ရွှင် နေတတ်သလောက် ကိုယ့်မြန်မာတွေက လောဘ၊ ဒေါဟ၊ မောဟ၊ ဣသာ မစ္ဆရိယတွေနှင့် ပူလောင်နေသလို ရှိခြင်းဖြစ်သည်။
ထိုင်းမြောက်ပိုင်းက ရှမ်းလူမျိုးစုနွယ်ဝင်တွေ အများဆုံးနေသော နေရာဖြစ်သည်။ မြန်မာပြည်က ရှမ်းလူမျိုးတွေလိုပင် အေးချမ်းပြီး လောဘ၊ ဒေါသ နည်းကြသည်။ သဘောကောင်းကြသည်။ ဗုဒ္ဓဘာသာအပေါ် သက်ဝင်ယုံကြည်မှုက ထေရဝါဒ အတူတူပင် ဖြစ်သော်လည်း မသိမသာ ကွဲပြားသည်။
မြန်မာတွေက ဘုရားတွေ၊ ကျောင်းတွေကို ရွှေအထပ်ထပ်ဆင့်၊ အလှူအထပ်ထပ်ဆင့်ပြီး ပြုပြင်မွမ်းမံ ကမ္ဗည်းထိုးတတ်ကြသည်။ စေတီဟောင်းတွေ့လျှင် ပြင်ဆင်မွမ်းမံ ထီးတင်တတ်ကြသည်။ ထိုင်းတွေက ဒီလို မဟုတ်။ စေတီ၊ ဘုရားကျောင်းကန်တွေကို မွမ်းမံလှူဒါန်းကြသော်လည်း လိုသလောက်ပဲ လုပ်ကြသည်။
ချင်းမိုင်မြို့လယ်တွင် ၁၄၊ ၁၅ ရာစုလောက်က စေတီဟောင်းများကို ခြံစည်းရိုးကာပြီး ဒီအတိုင်း ထိန်းသိမ်းထားသည်ကို တွေ့ရသည်မှာ အရသာရှိလှသည်။ သူတို့က စေတီမြင်တိုင်း မပြင်၊ ရွှေမချ၊ ထီးမတင်၊ ရှေးဟောင်း အုတ်ချပ်နီနီတွေအတိုင်း ထားရှိသည်။ ရှေးဟောင်း ဘုန်းကြီးကျောင်းတွေ၊ စေတီတွေကို ရှေးမူမပျက် ထိန်းသိမ်းတတ်ကြသည်။ နတ်ကိုးကွယ်မှုလို ယုံကြည်မှုကို အလေးထားလေ့ရှိပြီး မဟာပိန္နဲလို ဟိန္ဒူယဉ်ကျေးမှုဓလေ့ သက်ဝင်ယုံကြည်မှုလည်း ရှိကြသည်။
သူတို့က တသက်လုံး အေးအေးချမ်းချမ်းနှင့် နေလာကြသူတွေလို့ ပြော၍ရသည်။ စစ်တပ်က အာဏာသိမ်းမှုတွေ ရှိသော်လည်း ဖက်ဆစ်စစ်အာဏာရှင်စနစ်မျိုးနှင့် မကြုံတွေ့ရ။ ထိုင်းတွေ ဂုဏ်ယူတတ်တာတခုရှိသည်။ သူတို့သည် မည်သည့်နိုင်ငံတခု၏ ကိုလိုနီလက်အောက်မှ မကျရောက်ခဲ့ခြင်း ဖြစ်သည်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး တောက်လျှောက် တည်ငြိမ်ခဲ့သော ဒီနိုင်ငံကလူတွေက ဘာလုပ်လုပ် လောဘတကြီး မရှိ။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်။
ဒီနိုင်ငံထဲကို အခု အိမ်နီးချင်း ဧည့်သည်တွေ အများကြီး ဝင်နေထိုင်နေကြပြီ။ စစ်ဘေးသင့် မြန်မာနိုင်ငံသာမက လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်က လူတွေပါ ဒီမှာ လာရောက်အခြေချ သက်မွေးဝမ်းကြောင်း ပြုလာကြသည်။
ဒီအထဲမှာ သုံးနှစ်တာအတွင်း တရားဝင်ရော တရားမဝင်ပါ ဝင်ရောက်နေထိုင်သူ မြန်မာတွေက စာရင်းဇယားအရ အများဆုံးဟု ဆိုသည်။ စစ်အာဏာသိမ်းအပြီး ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးတိမ်းရှောင်လာသူ ၂ သိန်းကျော် ရှိသည်ဟု ဆိုသည်။ တနိုင်ငံလုံးအတိုင်းအတာအရ မြန်မာရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်း ၇ သန်းကျော် ရှိသည်ဟုဆိုသည်။ ထိုအရေအတွက်က ထိုင်းလူဦးရေ၏ ၇ ပုံ ၁ ပုံ ရှိသည်ဟု ဆိုနိုင်သည်။
ထိုင်း-မြန်မာ နယ်စပ်တလျှောက်ကိုပဲ ကြည့်ကြည့် ဘန်ကောက်၊ ချင်းမိုင်၊ ဖူးခက် စသည့် မြို့ကြီးတွေကိုပဲ ကြည့်ကြည့်၊ ထိုင်းနိုင်ငံ တနံတလျားတွင် ရွှေ့ပြောင်းအခြေချလာသော မြန်မာနိုင်ငံသား အများအပြားကို တွေ့ရမည်။
ထိုင်းနိုင်ငံ၏ ကုန်ထုတ်စွမ်းအားစုတွင် ရွှေ့ပြောင်းလုပ်သားများက မောင်းနှင်အားတခု ဖြစ်သော်လည်း ထိုင်းဥပဒေက အလုပ်အကိုင်အခွင့်အလမ်းတိုင်းကို လုပ်ကိုင်ခွင့်မပြု။ မြန်မာအပါအဝင် ရွှေ့ပြောင်း နိုင်ငံခြားသားများကို လုပ်ကိုင်ခွင့်မပြုသည့် အလုပ်အကိုင် ၂၇ မျိုး ကန့်သတ်ထားသည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်က လာရောက်သူများမှာ စက်ရုံအလုပ်ရုံများ၊ ငါးဖမ်းလုပ်ငန်း၊ ပင်လယ်စာ ပြုပြင်ရေးလုပ်ငန်းများတွင် ကြမ်းတမ်း ညစ်ပေသော အလုပ်များကိုသာ လုပ်ကိုင်ကြရသည်။
ဘန်ကောက်လို မြို့ပြတွင်မူ စားသောက်ဆိုင်စားပွဲထိုး၊ ချက်ပြုတ်သူ၊ သန့်ရှင်းရေး၊ လုံခြုံရေးအစောင့်လို အောက်ခြေအလုပ်များ လုပ်ကြပြီး လမ်းဘေးဈေးရောင်းသူများလည်း နေရာတိုင်းတွင် တွေ့ရသည်။
၁၉၉၀ ပြည့်နှစ်များက ထိုင်းနိုင်ငံတဝန်းတွင် မြန်မာလူမျိုးများ ယခုလောက် များများစားစား မတွေ့ရသေး။ လူနည်းစုလောက်သာ အခြေချနေထိုင်ခဲ့ရာက ယခုတော့ ဘယ်နေရာသွားသွား၊ မြန်မာလူမျိုး မရှိသောနေရာ၊ မတွေ့ရသောနေရာ မရှိသလောက်ဖြစ်သွားပြီ။ အထူးသဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပိုမို များပြားလာသည်။
သိပ်မကြာခင်ကပင် ဘန်ကောက်မြို့တွင် လမ်းဘေးဈေးရောင်းနေသူများကို ထိုင်းနိုင်ငံသား မဟုတ်လျှင် ရောင်းချခွင့် မပြုတော့ဟု ဘန်ကောက်မြို့တော်ဝန်က ကြေညာခဲ့သည်။ ရွှေ့ပြောင်းမြန်မာများ နေရာအနှံ့ များပြားလာသောအခါ ထိုင်းလူမှုကွန်ရက်တချို့တွင် မြန်မာများနှင့်ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများလည်း ရှိလာသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့ကမူ ဘန်ကောက်မြို့၊ မြန်မာသံရုံးရှေ့တွင် ထိုင်းအမျိုးသားရေး လှုပ်ရှားသည့်အဖွဲ့များက ထိုင်းနိုင်ငံရောက် မြန်မာများနှင့်ပတ်သက်ပြီး ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့သည်။ သူတို့က ထိုင်းလူမျိုးတို့၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်ပေးရန်၊ ထိုင်းရောက် မြန်မာနိုင်ငံသားများကြောင့် ဖြစ်ပွားလာသည့် ပြဿနာများကို ဖြေရှင်းပေးရန်၊ ထိုင်းနိုင်ငံသို့ လာရောက်အခြေချသူ များလာသည့်အပေါ် မြန်မာသံရုံးက တာဝန်ယူပေးရန်နှင့် ထိုင်းလူမျိုးတို့၏ အမျိုးသားလုံခြုံရေးအတွက် သံရုံးက တာဝန်ယူပေးရန် တောင်းဆိုခဲ့ကြသည်။
ဘန်ကောက်၊ မြန်မာသံရုံးရှေ့ ဆန္ဒပြပွဲအပြီး နောက်တနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ထိုင်းနိုင်ငံ ကွန်ဒိုတိုက်ခန်းဝယ်ယူသူ နိုင်ငံခြားသားများအနက် မြန်မာက ဒုတိယအများဆုံးဖြစ်ကြောင်း သတင်းတပုဒ် ဖော်ပြလာသည်ကို တွေ့ရသည်။
၂၀၂၄ ခုနှစ် နှစ်ဝက်အတွင်း မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်း စုစုပေါင်း ၆၃၈ ခန်း၊ တန်ဖိုးပမာဏအားဖြင့် ဘတ် သန်းပေါင်း ၃,၂၄၀ ဖိုး ဝယ်ယူခဲ့ပြီး တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်ကြောင်း၊ ထိုပမာဏသည် ၂၀၂၃ ခုနှစ်က မြန်မာများ ဝယ်ယူခဲ့သည့် ကွန်ဒို ၅၆၄ ခန်းထက် ပိုများပြီး တန်ဖိုးပမာဏ ဘတ် သန်း ၃,၇၀၀ ရှိကြောင်း၊ ၂၀၂၁ ခုနှစ် ရှေ့ပိုင်းက တနှစ်လုံး ကွန်ဒို ၃၀ ခန့်သာ အဝယ်ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်အတွင်း ကွန်ဒိုဝယ်ယူသည့် ထိပ်တန်း ၁၀ နိုင်ငံစာရင်းဝင်လာကာ ၂၀၂၂ ခုနှစ်တွင် တရုတ်၊ ရုရှား၊ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့ပြီးလျှင် ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု အများဆုံး အဆင့် ၆ နေရာသို့ ရောက်ရှိလာခဲ့ကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအခြေချနေထိုင်သူ များပြားလာခြင်းနှင့်အတူ ထိုင်းအစိုးရ၏ တားဆီးမှု၊ ကန့်သတ်မှုများလည်း ရှိလာသည်။ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများအတွက် ဖွင့်လှစ်ပေးထားသည့် စာသင်ကျောင်းအချို့တွင် ထိုင်းနိုင်ငံတော်သီချင်းအပြင် မြန်မာနိုင်ငံတော်သီချင်းကိုပါ သီဆိုမှုကြောင့်ဟုဆိုကာ မကြာသေးမီက စာသင်ကျောင်း ခြောက်ကျောင်း ပိတ်ပင်ခဲ့သည်။
စစ်အာဏာရှင်၏ ဖိနှိပ်မှုအောက်က လွတ်မြောက်ရာလွတ်မြောက်ကြောင်း ရွှေ့ပြောင်းခိုလှုံလာကြသူများ၊ ဆင်းရဲခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းတွက် ရွှေ့ပြောင်းအခြေချလာကြသူများ၊ စစ်မက်ဘေးကြောင့် တိမ်းရှောင်လာကြသူ မြန်မာများအားလုံး ထိုင်းနိုင်ငံထဲတွင်မူ “ဧည့်သည်” များသာ ဖြစ်သည်။
စစ်အာဏာရှင်၏ ဖိနှိပ်မှုအောက်က လွတ်မြောက်ရာလွတ်မြောက်ကြောင်း ရွှေ့ပြောင်းခိုလှုံလာကြသူများ၊ ဆင်းရဲခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းတွက် ရွှေ့ပြောင်းအခြေချလာကြသူများ၊ စစ်မက်ဘေးကြောင့် တိမ်းရှောင်လာကြသူ မြန်မာများအားလုံး ထိုင်းနိုင်ငံထဲတွင်မူ “ဧည့်သည်” များသာ ဖြစ်သည်။
စဉ်းစားကြည့်လျှင် အိမ်နီးချင်းနိုင်ငံတွေ အများကြီးရှိသည့်အနက် ထိုင်းသည် မည်သည့် အခြေအနေမျိုးတွင်ဖြစ်ဖြစ် မြန်မာနိုင်ငံသားများကို အိမ်ရှင်ပီပီ လက်ခံထားပေးကြသည်။ အိမ်နီးချင်းတွေထဲက ဒါမျိုး တရုတ်လည်း လက်မခံ၊ လာအိုလည်း လက်မခံ၊ အိန္ဒိယလည်း လက်မခံ။
ကိုယ်က ဧည့်သည်ဆိုလျှင် အနေအထိုင်တတ်ဖို့လိုသည်။ အိမ်ရှင် စိတ်အနှောင့်အယှက်ဖြစ်အောင်၊ အိမ်ရှင်စိတ်ငြိုငြင်စရာ ဖြစ်အောင်တော့ မလုပ်သင့်။
ပြီးခဲ့သည့် ဇွန်လ ပထမပတ်က မြန်မာအလုပ်သမားတဦး ထိုင်းဆေးရုံတခုပေါ်တွင် သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် သတင်းတပုဒ်ကို ဖတ်လိုက်ရသည်။ ခွန်ခမ်းမြို့ဆေးရုံတွင် ခွဲစိပ်ကုသမှု ခံယူရန် စောင့်ဆိုင်းနေသည့် မြန်မာအလုပ်သမား ကိုကျော်စွာအောင်ကို မည်သူမည်ဝါမှန်း မသိရသည့် လူတဦးက ဆေးရုံပေါ်တက်လာပြီး သေနတ်နှင့် ပစ်ခတ်သွားခြင်းဖြစ်သည်။
ငါးဖမ်းပိုက်စက်ရုံလုပ်သား ကိုကျော်စွာအောင်မှာ မည်သူနှင့်မှ ရန်ငြှိုးရန်စမရှိဘဲ ပစ်ခတ်ခံရပြီး သေဆုံးသွားသည့်အတွက် ပဟေဠိဖြစ်နေစဉ် နောက်တနေ့တွင် ခွန်ခမ်းရဲစခန်းမှ ရဲတပ်ကြပ် ဗီရာဖောင်က ရဲစခန်းသို့ လာရောက်အဖမ်းခံပြီး သူပစ်သတ်လိုက်ကြောင်း ဝန်ခံသွားခဲ့သည်။
ရဲတပ်ကြပ် ဗီရာဖောင်၏ ထွက်ဆိုချက်အရ ဆေးရုံတင်ထားရသော ဖခင်ဖြစ်သူကို သွားရောက်ကြည့်ရှုစဉ် ဖခင်၏ကုတင်နှင့်ကပ်လျက် ဘေးကုတင်တွင် လူငယ်တဦးကို တွေ့ရကြောင်း၊ ထိုလူငယ်မှာ တညလုံး ဖုန်းဖြင့် ဆူညံစွာ ဂိမ်းဆော့နေရာ ဖခင်မှာ အိပ်မရဘဲ အလွန်စိတ်ညစ်နေကြောင်းပြောရာ ဒေါသပေါက်ကွဲပြီး သေနတ်နှင့် ပစ်ခတ်လိုက်ခြင်း ဖြစ်သည်ဟု ဝန်ခံခဲ့သည်။
ရဲတပ်ကြပ် ဗီရာဖောင်မှာ စိတ်ကျရောဂါ ခံစားနေရသူတဦးဟုလည်း သိရသည်။ ယခုဖြစ်ရပ်မှာ သာမာန်အသေးအဖွဲဟု ဆိုနိုင်သော်လည်း သတိထားလိုက်နာရမည့် ကျင့်ဝတ်ဆိုင်ရာ ကိစ္စတခုဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်သည်အထိ မလိုအပ်သော်လည်း စိတ်ကျရောဂါအခံရှိနေသူ ရဲတပ်ကြပ်ကြောင့် မြန်မာအလုပ်သမားတဦး သေဆုံးသွားခဲ့ရသည်။
ထိုင်းနိုင်ငံတဝန်း မြန်မာများ တနေ့တခြား များလာသည်နှင့်အမျှ အိမ်ရှင်ထိုင်းများနှင့် ပဋိပက္ခမဖြစ်အောင်၊ စိတ်အနှောက်အယှက်ဖြစ်စရာ မဖြစ်အောင် ဧည့်သည်ပီပီ ရှောင်ရှား ဆင်ခြင် နေထိုင်တတ်ရန် လိုပြီဖြစ်သည်။
(နွေနေသည် မြန်မာသတင်းစာဆရာတဦးဖြစ်သည်။)
You may also like these stories:
စစ်ဆေးမည့်သတင်းကြောင့် မဲဆောက်ရှိ မြန်မာရွှေ့ပြောင်းကျောင်းတချို့ ယာယီပိတ်
စစ်မီးတောက်များကြားက ရွှေ့ပြောင်းဘဝများ
မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး
မဲဆောက်ရောက် မြန်မာဒုက္ခသည်များထံ သွားလည်ခြင်း
ထိုင်းကွန်ဒို ရောင်းချမှု မြန်မာဝယ်လက် စံချိန်ကျော်လွန် မြင့်တက်
စစ်အုပ်စု အဆက်ဆက် မြန်မာပြည်သူ သန်းပေါင်းများစွာကို မောင်းထုတ်ခဲ့သည်