အိန္ဒိယသည် ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကို “နိုင်သူဘက် ပေါင်းရေး” (နိုင်မြင်း လောင်းရေး) မူဝါဒဖြင့် မြန်မာနိုင်ငံ၏ အခြေအနေ အပြောင်းအလဲတခုကို စောင့်ကြည့်နေခဲ့သည်။ ထိုကဲ့သို့ အိန္ဒိယသည် မြန်မာအပေါ် စောင့်ကြည့်နေရခြင်း အကြောင်းရင်းသည် ရှုပ်ထွေးသော မြန်မာအရေးကို မည်ကဲ့သို့ ချဉ်းကပ်ရမည်ဟူသော နည်းလမ်းများ အိန္ဒိယတွင် ရှင်းရှင်းလင်းလင်း မရှိခဲ့ခြင်းကြောင့် ဖြစ်ပုံရသည်။ သို့သော် လက်ရှိတွင် အိန္ဒိယအနေဖြင့် မြန်မာအပေါ် မည်ကဲ့သို့ ချဉ်းကပ်ရမည်ဟူသော ရှင်းလင်းပြတ်သားသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။
ထို့ပြင် အိန္ဒိယ၏ ဖယ်ဒရယ်စနစ်သည် မူဝါဒအသစ်တခုကို ချမှတ်ရာတွင် ရှည်လျားသော ဖြစ်စဉ်များကို ဖြတ်သန်းရကာ ကြန့်ကြာလေ့ရှိသည်။ ထို့ကြောင့် အိန္ဒိယ၏ မြန်မာအပေါ် မူဝါဒအပြောင်းအလဲများသည် နှေးကွေးနေခဲ့သည်။ အာရက္ခတပ်တော် (AA) ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် ဧရာဝတီ သတင်းဌာန အင်တာဗျူးတွင် “မြန်မာအရေးနှင့် ပတ်သက်ပြီး အိန္ဒိယသည် တရုတ်ကဲ့သို့ ဖန်တီးရယူခြင်း (Proactive) မဖြစ်ဘဲ အင်မတန် နှေးကွေးနေသည်” ဟု ထောက်ပြဝေဖန်ခဲ့သည်။
အိန္ဒိယသည် ယခင်နှစ်များစွာက ၈၈ အရေးအခင်းကာလ အပါအဝင် မြန်မာဒီမိုကရေစီ လှုပ်ရှားမှုများကို ကူညီထောက်ပံ့ပေးခဲ့သော်လည်း အလုပ်မဖြစ်ခဲ့သော အတွေ့အကြုံများရှိခဲ့ရာ လက်ရှိ မြန်မာ့တော်လှန်ရေး အင်အားစုများကို ကူညီပေးမည်ဆိုပါက အတိတ်က ပုံစံအတိုင်းသာ ဖြစ်လာမည်ဖြစ်ပြီး အိန္ဒိယအတွက် အကျိုးမရှိဟု ယုံကြည်ထားပုံရသည်။
မကြာသေးခင်တွင် အိန္ဒိယသည် မြန်မာအပေါ် ပုံစံအသစ်များဖြင့် ပြောင်းလဲချဉ်းကပ်လာခဲ့သည်ကို တွေ့ရသည်။ အိန္ဒိယအနေဖြင့် မြန်မာ့ဒီမိုကရေစီ အင်အားစုများကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် တွေ့ဆုံညှိနှိုင်းရန် ကမ်းလှမ်းမှုများ ရှိလာခဲ့သည်။ ယခုကဲ့သို့ အိန္ဒိယက မြန်မာ့တော်လှန်ရေး အင်အားစုများအပေါ် ကမ်းလှမ်းလာမှုသည် အိန္ဒိယ၏ ကြီးမားသော မူဝါဒအပြောင်းအလဲ ဖြစ်သည့်အပြင် မြန်မာတော်လှန်ရေးအပေါ် ကြီးမားသော အပြောင်းအလဲများ ဖြစ်စေနိုင်ပါသည်။
အိန္ဒိယက မြန်မာ့တော်လှန်ရေးအပေါ် ကမ်းလှမ်းလာမှု အကြောင်းရင်းများ
ဖိတ်ကြားခံရသော အုပ်စုများမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ AA၊ စစ်ကိုင်းဖိုရမ်၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်းညီနောင် (Chin Brotherhood-CB) တို့ ဖြစ်ကြသည်။
ဖိတ်ကြားခံရသော အုပ်စုများမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ AA၊ စစ်ကိုင်းဖိုရမ်၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်းညီနောင် (Chin Brotherhood-CB) တို့ ဖြစ်ကြသည်။
ချင်းညီနောင်ကို Chin National Organization (CNO)/Chin National Defense Force (CNDF)၊ Zomi Federal Union (ZFU)/People Defense Force-Zoland (PDF-Zoland)၊ Chin National Council (CNC)/Chinland Defense Force – Mindat (CDF– Mindat) တို့ဖြင့် ကနဦး ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် Maraland Territorial Council (MTC)/Maraland Defense Force (MDF)၊ Chinland Defense Force– Kanpelet (CDF-Kanpalet) နှင့် Chinland Defense Force– Matupi (CDF–B 1) တို့ ပါဝင်လာခဲ့ရာ လက်ရှိတွင် အဖွဲ့ ခြောက်ဖွဲ့ပါဝင်နေသည့် အဖွဲ့အစည်းဖြစ်သည်။
ထိုအုပ်စုများအပြင် အခြားအုပ်စုများလည်း ပါဝင်ကြောင်း ပြောဆိုမှုများ ထွက်ပေါ်နေသည်။ သို့သော် တိကျသော အချက်အလက်များ ထွက်မလာသေးပေ။ မြန်မာနိုင်ငံတွင် တော်လှန်ရေးအင်အားစုများစွာ ရှိသည့်အနက် အထက်ဖော်ပြပါ အုပ်စုများကို ရွေးပြီး ဖိတ်ခေါ်ရခြင်း အကြောင်းရင်းရှိပါသည်။ အိန္ဒိယက မြန်မာတော်လှန်ရေး အင်အားစုများကို ကမ်းလှမ်းမှုကို လေ့လာကြည့်ပါက အဓိကအကြောင်းရင်း သုံးခုရှိသည်ဟု ဆိုနိုင်ပါသည်။
၁။ အိန္ဒိယ-မြန်မာ နယ်စပ်ရေးရာများ
ပထမအချက်အနေဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်ကိစ္စများကို ဆွေးနွေးညှိနှိုင်းရန် ဖြစ်နိုင်ပါသည်။ လက်ရှိတွင် အိန္ဒိယ-မြန်မာနယ်စပ် တလျှောက်ကို တော်လှန်ရေးအင်အားစုများကသာ ထိန်းချုပ်ထားပြီ ဖြစ်သည်။ ထို့ကြောင့် နယ်စပ်ရေးရာနှင့်ပတ်သက်ပြီး အိန္ဒိယအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်တော့ပေ။ နယ်စပ်ရေးရာဟုဆိုရာတွင် ကျယ်ပြန့်လှပါသည်။ နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေး၊ ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါးမှောင်ခိုမှု စသည်ဖြင့် များစွာပါဝင်သည်။
အိန္ဒိယမှ ဖိတ်ကြားသော တော်လှန်ရေးအင်အားစုများကို လေ့လာကြည့်ပါက ကချင် KIO ဒေသသည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အပြင် အိန္ဒိယ-မြန်မာ နယ်စပ်ရေးရာတွင် အဓိကကျသော အင်အားစုတခု ဖြစ်သည်။
စစ်ကိုင်းဖိုရမ်သည် လက်ရှိ အိန္ဒိယ၏ ပဋိပက္ခဖြစ်ပွားရာ မဏိပူရပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်သည်။ AA သည် ပလက်ဝမှတဆင့် အိန္ဒိယနှင့် ထိစပ်နေသည်။ CNF နှင့် ချင်းညီနောင် (CB) အဖွဲ့သည် မီဇိုရမ်ပြည်နယ်နှင့် မဏိပူရပြည်နယ်တို့နှင့် ထိစပ်နေသည်။
NUG ကို တနိုင်ငံလုံးကိုယ်စား ဖိတ်ခေါ်ထားသည်ဟု ယူဆရသည်။ ထို့ကြောင့် ဖိတ်ခေါ်ထားသော တော်လှန်ရေးအင်အားစုများကို လေ့လာကြည့်ခြင်းအားဖြင့် အိန္ဒိယ-မြန်မာ နယ်စပ်ရေးရာကိစ္စများကို ဆွေးနွေးမည်ဟု ခန့်မှန်းနိုင်ပါသည်။
အိန္ဒိယသည် မြန်မာနယ်စပ်သာမက အခြားသောနိုင်ငံများနှင့် နယ်စပ်ရေးရာကိစ္စ မတည်ငြိမ်မှုများကို နှစ်ပေါင်းများစွာ ကြုံတွေ့နေရသည်။ မြန်မာ့နယ်စပ်နှင့် ပတ်သက်ပြီး နယ်စပ်ခြံစည်းရိုး ကာရေးအထိပါ လုပ်လာသည်ကို တွေ့ရသည်။
သို့သော် နယ်စပ်ဒေသမှ မီဇိုရမ်နှင့် နာဂလန်းပြည်သူများ၏ ထောက်ခံမှု မရှိပါက အလုပ်ဖြစ်လာမည် မဟုတ်သည့်အပြင် အချိန်ကုန်၊ ငွေကုန်သာ အဖတ်တင်မည်ဟု ဝေဖန်ထောက်ပြမှုများ ရှိခဲ့သည်။ ထို့ကြောင့် အိန္ဒိယအနေဖြင့် နယ်စပ်ခြံစည်းရိုး ကာမည့်အစီစဉ်ကို ပြန်လည် သုံးသပ်နေပုံရသည်။ ရလဒ်အနေဖြင့် ယခုကဲ့သို့ အိန္ဒိယနယ်စပ်တလျှောက်တွင် အရေးပါသော မြန်မာတော်လှန်ရေး အင်အားစုများကို ခေါ်ယူတွေ့ဆုံရန် စီစဉ်လာခြင်းဖြစ်သည်ဟု ဆိုနိုင်ပါသည်။
၂။ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု ကူညီထောက်ပံ့နိုင်ရေး
အိန္ဒိယသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာပြည်မှ ဝင်ရောက်လာသော ဒုက္ခသည်များကို လက်မခံခဲ့ပေ။ အိန္ဒိယထဲသို့ ဝင်ရောက်လာသော မြန်မာဒုက္ခသည်များကို အကူအညီမပေးခြင်း၊ နယ်စပ်ဒေသများကို ပိတ်ပင်ခြင်းများ ပြုလုပ်သည့်အပြင် ရောက်ပြီးသား ဒုက္ခသည်များကိုပင် ပြန်လည် စေလွှတ်မှုများ ပြုလုပ်ခဲ့သည်။
အိန္ဒိယ ဗဟိုအစိုးရ၏ အမိန့်များကို ဆန့်ကျင်ကာ မီဇိုရမ်အစိုးရက မြန်မာဒုက္ခသည်များကို လက်ခံမှုကြောင့် မြန်မာဒုက္ခသည် ၆၀,၀၀၀ ကျော် မီဇိုရမ်ပြည်နယ်တွင် ခိုလှုံခွင့်ရခဲ့ကြသည်။ တဖန် အိန္ဒိယအစိုးရက မီဇိုရမ်ပြည်နယ်တွင် ခိုလှုံနေကြသော မြန်မာဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များကို စုဆောင်းရန် ကြိုးပမ်းခဲ့သော်လည်း ဝေဖန်မှုများကြောင့် ပြန်လည် ရုတ်သိမ်းခဲ့ရသည်။
အိန္ဒိယရောက် မြန်မာဒုက္ခသည်များနှင့် ပတ်သက်ပြီး အပြုသဘောဆောင်သော ချဉ်းကပ်မှုများ ၂၀၂၄ ခုနှစ် နှစ်ဝက်လောက်မှ စတင်ပြီး ပြုလုပ်လာခဲ့သည်ကို တွေ့ရသည်။ မကြာသေးခင်က အိန္ဒိယဗဟိုအစိုးရက မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာဒုက္ခသည်များကို ရူပီး သိန်း ၅၀၀ တန် အခြေခံ စားသောက်ကုန်များ ကူညီသွားမည်ဟု ဆိုသည်။ ထို့ပြင် ချင်းပြည်နယ်အတွင်းမှ စစ်ဘေးရှောင်များအတွက်ကိုပါ အခြေခံ ဆေးဝါးများ ကူညီပေးသွားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
ထို့ကြောင့် လက်ရှိတွင် အိန္ဒိယအနေဖြင့် မြန်မာပြည် (အထူးသဖြင့် နယ်စပ်ဒေသများ) ကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိထိရောက်ရောက် ပေးနိုင်ရန် ပြင်ဆင်လာသည်ဟု ဆိုရမည်ဖြစ်သည်။
မီဇိုရမ်ပြည်နယ်၊ ဆိုင်းဟာခရိုင် အခြေစိုက် အာသံရိုင်ဖယ်တပ်မှ အရာရှိတဦးက စစ်ကောင်စီ၏ လမ်းပိတ်ထားမှုကြောင့် မြန်မာနိုင်ငံ ပြည်မမှ လက်ရှိ အိန္ဒိယနှင့် နီးစပ်သော ဒေသများသို့ အခြေခံ စားသောက်ကုန်ပစ္စည်းများ စီးဆင်းမှု မရှိခြင်း၊ ပြည်သူများအလူးအလဲ ဆင်းရဲဒုက္ခခံနေရခြင်းများကို အိန္ဒိယအနေဖြင့် သိရှိထားပြီးဖြစ်ကြောင်း ဆောင်းပါးရှင်ကို ပြောကြားခဲ့သည်။
မီဇိုရမ်ပြည်နယ်၊ ဆိုင်းဟာခရိုင် အခြေစိုက် အာသံရိုင်ဖယ်တပ်မှ အရာရှိတဦးက စစ်ကောင်စီ၏ လမ်းပိတ်ထားမှုကြောင့် မြန်မာနိုင်ငံ ပြည်မမှ လက်ရှိ အိန္ဒိယနှင့် နီးစပ်သော ဒေသများသို့ အခြေခံ စားသောက်ကုန်ပစ္စည်းများ စီးဆင်းမှု မရှိခြင်း၊ ပြည်သူများအလူးအလဲ ဆင်းရဲဒုက္ခခံနေရခြင်းများကို အိန္ဒိယအနေဖြင့် သိရှိထားပြီးဖြစ်ကြောင်း ဆောင်းပါးရှင်ကို ပြောကြားခဲ့သည်။
ထို့ပြင် လူ့အခွင့်အရေးများကို ထောက်ထားပြီး အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်မှ မြန်မာပြည်သူများ၏ အခြေခံ လိုအပ်ချက်များကို အိန္ဒိယအနေဖြင့် ကူညီသင့်သည်ဟုလည်း ၎င်းက ဆိုသည်။
ထို့ကြောင့် ဒုတိယအချက်အနေဖြင့် အိန္ဒိယသည် နယ်စပ်တလျှောက်မှ မြန်မာပြည်သူများကို အိန္ဒိယအစိုးရ ကိုယ်တိုင် သို့မဟုတ် နိုင်ငံတကာမှ အဖွဲ့အစည်းများအနေဖြင့် အိန္ဒိယအစိုးရမှတဆင့် သို့မဟုတ် အိန္ဒိယအစိုးရနှင့် ပူးပေါင်းပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများ ထိထိရောက်ရောက် ပေးနိုင်ရန် ယခုကဲ့သို့ တော်လှန်ရေးအင်အားစုများနှင့် တွေ့ဆုံပြီး ပြင်ဆင်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
၃။ တရုတ်ကို ဆန့်ကျင်တုံ့ပြန်ရန်
မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံများ၏ နိုင်ငံရေးနှင့် စစ်ရေး ကစားကွင်း (Play Field) မဖြစ်ရန် အရေးကြီးသည်။ အထူးသဖြင့် အမေရိကန်၊ တရုတ်၊ အိန္ဒိယတို့၏ ကစားကွင်း၊ စစ်မြေပြင် မဖြစ်ရန် အရေးကြီးပါသည်။ သို့သော် လက်ရှိတွင် မြန်မာနိုင်ငံသည် ကစားကွင်း၊ စစ်မြေပြင် ဖြစ်လာနေပြီဟု ဝေဖန်ပြောဆိုမှုများ ရှိနေသည်။
မည်သို့ပင်ဆိုစေကာမူ တော်လှန်ရေးကာလ သုံးနှစ်ကျော်ကြာ စစ်ကောင်စီနှင့် တဖက်သတ် ပူးပေါင်းခဲ့ရာမှ ယခုကဲ့သို့ တော်လှန်ရေး အင်အားစုများနှင့် တွေ့ဆုံညှိနှိုင်းကာ ပူးပေါင်းမှုများ ပြုလုပ်ရန် ပြင်ဆင်လာမှုအပေါ် ကြိုဆိုကြရမည့် အိန္ဒိယ၏ မူဝါဒအပြောင်းအလဲ ခြေလှမ်းသစ် ဖြစ်သည်။
လက်ရှိအချိန်အထိ တရုတ်အနေဖြင့် မြန်မာအပေါ် နိုင်ငံရေး-စစ်ရေးအရ တိုက်ရိုက် ဝင်ရောက်စွပ်ဖက်ပြီး အမြတ်ထုတ်နေသည်ကို အိန္ဒိယအနေဖြင့်လည်း အတုယူရန်၊ မြန်မာအပေါ် တရုတ်၏ ကြီးထွားလာသော သြဇာလွှမ်းမိုးမှုများကို တန်ပြန်ရန် ယခုကဲ့သို့ ခြေလှမ်းသစ်များ လှမ်းလာခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
မကြာသေးခင်တွင် မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က အမေရိကန်ရောက် ချင်းပြည်သူများနှင့် တွေ့ဆုံပွဲတွင် မီဇိုရမ်သည် AA နှင့် ပူးပေါင်းဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့သည်။ ထို့ကဲ့သို့ ပြည်နယ်ဝန်ကြီးချုပ်၏ ပြောဆိုမှုသည် ဗဟိုအစိုးရ၏ မီးစိမ်းပြလိုက်ခြင်းကြောင့် ပြောကြားခြင်း ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုကြသည်။
ထို့ပြင် ပလက်ဝဒေသမှ စစ်တွေအထိ အိန္ဒိယအစိုးရက လျှပ်စစ်မီးများ တပ်ဆင်ပေးသွားရန် ဆန္ဒရှိသည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန တွဲဖက်အတွင်းရေးမှူး မစ္စတာ ဘီ ရှယမ်က ပြောကြားခဲ့သည်။ လျှပ်စစ်မီးပေးရန် ကိစ္စသည်လည်း ပလက်ဝတွင်ရှိသော အိန္ဒိယ၏ ကုလားတန် ဘက်စုံစီမံကိန်းများ လည်ပတ်နိုင်ရန် ရည်ရွယ်ထားသည်ဟု နားလည်ရသည်။
ဤကဲ့သို့ လုပ်ငန်းများ ဆောင်နိုင်ရန်အတွက် အိန္ဒိယအစိုးရအနေဖြင့် AA၊ ချင်းလက်နက်ကိုင်အဖွဲ့တချို့နှင့် ပူးပေါင်းမှသာ အကောင်ထည် ဖော်နိုင်မည်ဖြစ်သည်။ ထို့ပြင် တရုတ်သည် မြန်မာ့တော်လှန်ရေး အင်အားစုများမှ တဆင့် အိန္ဒိယနယ်စပ်ဒေသရှိ အိန္ဒိယအစိုးရကို တော်လှန်နေသော လက်နက်ကိုင်တပ်ဖွဲ့များကို လက်နက်များ တပ်ဆင်ပေးလာနိုင်မှုများ၊ ၎င်းမှတဆင့် အိန္ဒိယ အမျိုးသားလုံခြုံရေးများကိုပါ တရုတ်မှ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်နည်းအားဖြင့် ခြိမ်းခြောက် ထိပါးလာနိုင်သည်ကို ကြိုတင်ကာကွယ်ရန် ယခုကဲ့သို့ မြန်မာ့တော်လှန်ရေး အင်အားစုများနှင့် တွေ့ဆုံပြီး လိုအပ်သော ပြင်ဆင်မှုများပြုလုပ်ရန် ဖြစ်နိုင်ပါသည်။
ကောင်းမွန်သော ရလဒ်
အချုပ်အားဖြင့် ဆိုရလျှင် အိန္ဒိယအနေဖြင့် ယခုကဲ့သို့ မြန်မာအပေါ် ပြောင်းလဲချဉ်းကပ်လာမှုကို ကြိုဆိုကြရမည်ဖြစ်သည်။ သို့သော် ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာနိုင်ခြင်း ရှိ၊ မရှိ ကိုမူ အချိန်ကာလ အတိုင်းအသာ တခုထိ စောင့်ကြည့်ကြရမည်ဖြစ်သည်။
အချုပ်အားဖြင့် ဆိုရလျှင် အိန္ဒိယအနေဖြင့် ယခုကဲ့သို့ မြန်မာအပေါ် ပြောင်းလဲချဉ်းကပ်လာမှုကို ကြိုဆိုကြရမည်ဖြစ်သည်။ သို့သော် ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာနိုင်ခြင်း ရှိ၊ မရှိ ကိုမူ အချိန်ကာလ အတိုင်းအသာ တခုထိ စောင့်ကြည့်ကြရမည်ဖြစ်သည်။
အိန္ဒိယအနေဖြင့် ယခုကဲ့သို့ ချဉ်းကပ်လာမှုများ အောင်မြင်လာမည်ဆိုပါက အိန္ဒိယနှင့် နီးစပ်သော ဒီမိုကရေစီနိုင်ငံများ (အထူးသဖြင့် အမေရိကန် အပါအဝင် အနောက်နိုင်ငံများ)၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် မြန်မာ့အရေးကို ကူညီရန် အနောက်ဘက်တံခါး ပွင့်သွားသကဲ့သို့ ဖြစ်သွားနိုင်ပြီး မြန်မာ့တော်လှန်ရေးအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
(R. Lakher သည် ချင်းနိုင်ငံရေး၊ အိန္ဒိယ-မြန်မာဆက်ဆံရေးနှင့် တော်လှန်ရေး လေ့လာစောင့်ကြည့်သူ ပြည်သူ့ရေးရာမူဝါဒ သုတေသီ ဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများကို အိန္ဒိယက မကြုံစဖူး ဖိတ်ခေါ်
မြန်မာနိုင်ငံအနောက်ပိုင်း ပကတိအခြေအနေကို အိန္ဒိယ စ နားလည်လာပြီလား
စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရေး အိန္ဒိယ ဆွေးနွေး
စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား
စိတ်အနှောင့်အယှက်ဖြစ်စရာ မြန်မာစစ်ကောင်စီနှင့် အိန္ဒိယ၏ ဆက်ဆံရေး
မြန်မာစစ်ကောင်စီ၏ ကိုယ်ပျောက်မိတ်ဆွေ အိန္ဒိယ
အာဏာသိမ်း မြန်မာစစ်ဗိုလ်ချုပ်များကို အိန္ဒိယက လူရာသွင်းနေဆဲ