လက်ဘနွန်မှာ အစ္စရေးက ဗုံးကြဲလို့ ပါလက်စတိုင်းလူမျိုးတွေ သေတာနဲ့ လားရှိုးကို စစ်ကောင်စီက ဗုံးကြဲလို့ မြန်မာနိုင်ငံသား အရပ်သားတွေ သေဆုံးတာ အတူတူပါ။ ဂါဇာကို အစ္စရေးက ဗုံးကြဲလို့ အင်မတန်လှတဲ့ ဂါဇာစီးတီး ပျက်စီးပြိုကျသွားတာနဲ့ စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကြီးတွေ ကြဲချလို့ လားရှိုးမြို့မဈေးကြီး ပြိုကျသွားတာ၊ ဟိုတယ်တွေ မီးလောင်ပြိုကျသွားတာ အတူတူပါ။
ဒါဟာ စစ်ဖြစ်နေတာတဲ့။ ဒါဟာ စစ်တိုက်နေတာတဲ့။ တကယ် အသက်ဆုံးရှုံးရသူတွေဟာ စစ်နဲ့ မသက်ဆိုင်တဲ့ ရင်သွေးတွေပါ။ သားသည်မိခင်တွေပါ။ သာမန်အရပ်သားတွေပါ။
“မင်းအောင်လှိုင်က သူ လက်လွှတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေ ရအောင် ပြန်တိုက်နေတယ်။ ဗုံးတွေဆက်တိုက် တမြို့ပြီး တမြို့ကြဲပြီး လူနေလို့ မရအောင် လုပ်နေတယ်။ ဒါပေမယ့် မြေပြင်မှာ သူတို့ ပြန်မသိမ်းနိုင်သေးဘူး။ စိတ်ဓာတ်မကောင်းတဲ့ မင်းအောင်လှိုင်ရဲ့ စစ်သားတွေမှာ တိုက်ရည်ခိုက်ရည် မရှိဘူး။ ဗုံးလိုက်ကြဲတာတခုကလွဲရင် သူဘာမှ မလုပ်နိုင်ဘူး။ ဗုံးကလည်း ဘယ်လောက်ကြဲနိုင်မလဲ”။
နိုင်ငံရေးသုံးသပ်သူ မိတ်ဆွေရဲ့ လက်ဖက်ရည်ဆိုင်မှာ ပြောသွားတဲ့စကားပါ။ မနက်ခင်း သတင်းတွေမှာ အီရန်နဲ့ အစ္စရေး အပြန်အလှန် မစ်ဆိုင်းဒုံးကျည်တွေနဲ့ပစ်ကြတာ၊ ဗုံးကြဲတိုက်ခိုက်တာတွေ “ဟော့” ဖြစ်နေသလို စစ်ကောင်စီလေယာဉ်တွေက သူတို့လက်လွှတ်ထားရပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) လက်အောက်ရောက်နေတဲ့ လာရှိုးမြို့ကို မကျေမချမ်း နေ့စဉ်ရက်ဆက် ဗုံးတွေကြဲနေတယ်။ အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲတွေက မင်းအောင်လှိုင်အတွက် နမူနာယူစရာ၊ ပုံတူကူးချစရာတွေလို့များ မှတ်ယူနေသလားတော့မသိ။
အစ္စရေးက ဘေရွတ်ကို ဗုံးကြဲသလိုမျိုး မင်းအောင်လှိုင်ဟာ လားရှိုးမြို့ကြီးကို ဗုံးကြဲတယ်။ ကျောက်မဲ၊ သီပေါနဲ့ နောင်ချိုမြို့တွေကို ဗုံးကြဲတယ်။ ဒီလိုနဲ့ နောက်ဆုံးတနေ့ သူအနိုင်ရမယ်လို့ ထင်ထားပုံရတယ်။
အစ္စရေးက ဘေရွတ်ကို ဗုံးကြဲသလိုမျိုး မင်းအောင်လှိုင်ဟာ လားရှိုးမြို့ကြီးကို ဗုံးကြဲတယ်။ ကျောက်မဲ၊ သီပေါနဲ့ နောင်ချိုမြို့တွေကို ဗုံးကြဲတယ်။ ဒီလိုနဲ့ နောက်ဆုံးတနေ့ သူအနိုင်ရမယ်လို့ ထင်ထားပုံရတယ်။

အခုချိန်အထိ၊ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအလွန်အထိ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ ဖြစ်တဲ့ MNDAA, တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA) တို့ သိမ်းထားတဲ့ မြို့ကြီးမြို့ငယ်တွေကို မင်းအောင်လှိုင်တပ် ပြန်မသိမ်းနိုင်သေးဘူး။ အခု သူတို့ လုပ်နေတာ၊ လုပ်နိုင်တာ လေကြောင်းထိုးစစ် တခုတည်းပါ။ လေယာဉ်နဲ့ ဗုံးမကြဲရင် သူတို့မှာ လုပ်နိုင်စွမ်းဘာမှ မရှိ။
မြေပြင်တိုက်ပွဲတွေမှာ PDF တွေ ပူးပေါင်းပါဝင်နေတဲ့ ညီနောင်သုံးဖော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို မယှဉ်နိုင်သလို ကရင်ပြည်နယ်မှာလည်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ကို မထိုးဖောက်နိုင်ဘူး။ လားရှိုးမြို့ကို ဗုံးကြဲသလို ဒီရက်ထဲ လေးကေ့ကော်ကို ဗုံးကြဲတယ်။ ရခိုင်စစ်မျက်နှာ မောင်တော၊ ဂွ မြို့တွေမှာ ဗုံးကြဲတယ်။ ဘုတလင်နယ်က ရွာတွေကို ဗုံးကြဲတယ်။
တပြည်လုံး ပတ်ပြီး ဗုံးကြဲတာကလွဲရင် မင်းအောင်လှိုင်တပ် ဘာမှ မလုပ်နိုင်ဘူး။ ဗုံးကြဲရင် အနိုင်ရမယ်ထင်ထားတဲ့ မင်းအောင်လှိုင်ဟာ အပြစ်မဲ့ အရပ်သားတွေကို သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ ဆက်တိုက် ကျူးလွန်နေတယ်။
အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်းမှာဖြစ်နေတဲ့ စစ်ပွဲဟာ နိုင်ငံတကာစစ်။ မင်းအောင်လှိုင် ဆင်နွှဲနေတာက ပြည်တွင်းစစ်။ ပြည်တွင်းစစ်မှာ စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်ဟာ ဗုံးတွေ ပတ်ကြဲပြီး စစ်ကိုအနိုင်ယူဖို့ ကြိုးစားနေတယ်။ မြို့တွေ၊ ရွာတွေ ဘယ်လောက်ပျက်ပျက်၊ လူ့အသက်တွေ ဘယ်လောက်သေသေ မင်းအောင်လှိုင်က သူ့အာဏာအတွက် စတေးသွားတော့မယ်ပုံ။ တိုင်းပြည်တဝက်က ပျက်သွားပြီ။ သူ့လက်အောက်မှာ မရှိတော့ဘူး။
ရေကြီးတယ်။ မြေပြိုတယ်။ လယ်မြေအိုးအိမ် ပျက်စီးတယ်။ လူသေတယ်။ သဘာဝဘေးဆိုးက နှိပ်စက်လို့ ပြည်သူတွေ အတိဒုက္ခရောက်နေချိန်၊ ရွာမီးလောင်၊ ဗုံးကျ၊ တိုက်ပွဲတွေဖြစ်၊ နေရပ်စွန့်ခွာထွက်ပြေးရလို့ ပြည်သူတွေ သောကမီးဝိုင်းနေချိန်မှာ မင်းအောင်လှိုင် သန်းခေါင်စာရင်း ကောက်တယ်။ နေရာကွက်ကွက်လေးမှာ ရသလောက် ကောက်တယ်။
မင်းအောင်လှိုင်က ဆီးရီးယားလို အာဏာကို ရသလောက် ချုပ်ကိုင်ထားဖို့ ရည်ရွယ်တယ်။ တပြည်လုံး သန်းခေါင်စာရင်းကောက်ဖို့ မဖြစ်နိုင်လည်း ရသလောက် ကောက်မယ်။ တပြည်လုံး ရွေးကောက်ပွဲ မကျင်းပနိုင်လည်း ရသလောက်နဲ့ ကျင်းပမယ်။ ကမ္ဘာကို လှည့်စားမယ်။ သူ့ရွေးကောက်ပွဲကို ဘယ်သူမှ အယုံအကြည်မရှိလည်း ခပ်တည်တည်ပဲ။ သူ့အတွက် အနာဂတ်ဟာ မရှိတော့ဘူး။ ဟန်ပြရွေးကောက်ပွဲကို အဖြေလို့ သူတွက်ထားပုံရတယ်။ လက်ရှိအခင်းအကျင်းက သူ အဲဒါကိုပဲ မျှော်လင့်နေတယ်။
ဆီးရီးယားမှာ ပြည်တွင်းစစ်က ၁၂ နှစ်ကြာပြီ။ မြောက်ပိုင်းနယ်မြေ ၃၀ ရာခိုင်နှုန်းဟာ သမ္မတ ဘာရှား အာဆတ် လက်အောက်မှာ မရှိတော့ဘူး။ ဘာရှား အာဆတ်ဟာ ရုရှား၊ တရုတ်၊ အီရန် အားကိုးနဲ့ အာဏာကို ရသလောက် ယူထားတယ်။ စစ်ကြောင့် တိုင်းပြည်ပျက်စီးနေလည်း ဘာရှားကတော့ အေးအေးဆေးဆေးပဲ။ သူအုပ်ချုပ်လို့ ရသလောက် နယ်မြေထဲမှာ အာဏာကို ဆက်ပြီး ဆုပ်ကိုင်ထားတယ်။
လက်ရှိ အခင်းအကျင်းမှာ မင်းအောင်လှိုင်ကလည်း ဆီးရီးယား အာဏာရှင် ဘာရှားလို တိုင်းပြည် ဘယ်လောက်ပျက်ပျက်၊ နယ်မြေ ဘယ်လောက်ကျန်ကျန် အပြုံးမပျက် အာဏာကို ဆက်ပြီး ကုပ်တွယ်ထားတယ်။
လက်ရှိ အခင်းအကျင်းမှာ မင်းအောင်လှိုင်ကလည်း ဆီးရီးယား အာဏာရှင် ဘာရှားလို တိုင်းပြည် ဘယ်လောက်ပျက်ပျက်၊ နယ်မြေ ဘယ်လောက်ကျန်ကျန် အပြုံးမပျက် အာဏာကို ဆက်ပြီး ကုပ်တွယ်ထားတယ်။
တရုတ်သဘောထားနဲ့ မင်းအောင်လှိုင်
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ နေပြည်တော်ကို လာသွားတာဟာ ချစ်ကြည်ရေးခရီး မဟုတ်ဘူး။ အိမ်အနောက်မှာ တဆူဆူတပူပူ ဖြစ်နေတာကို ငြိမ်သွားအောင်လို့ လာကြိမ်းသွားတာ။ မင်းတို့အိမ်ထဲမှာ ဆူဆူပူပူဖြစ်နေတာ ငါတို့မကြားချင်ဘူး။ မင်းတို့အချင်းချင်း ချနေကြတာကို ရပ်ကြ။ မင်းတို့အိမ်ထဲမှာရှိတဲ့ ငါတို့အကျိုးစီးပွားကို မထိခိုက်စေနဲ့။ ငါတို့ မကောင်းကြောင်းလည်း မပြောနဲ့။ မင်းတို့ပြဿနာ မင်းတို့ချင်း ရှင်းကြ။
ဝမ်ယိ ပြန်သွားချိန်ကစလို့ ညီနောင်သုံးဖော်သိမ်းထားတဲ့ မြို့တွေကို မင်းအောင်လှိုင် ဆက်တိုက် ဗုံးကြဲတော့တာပါပဲ။ တရုတ်က မင်းတို့အချင်းချင်း ချနေကြတာတွေ ရပ်ကြဆိုတာ စစ်ပွဲတွေ ဆက်မဖြစ်ကြနဲ့။ အချင်းချင်း တွေ့ဆုံဆွေးနွေးကြလို့ ပြောတာ။ ဒါကို မင်းအောင်လှိုင်က သဘောမပေါက်ဘူး။ မစ္စတာ ဝမ်ယိပြန်သွားချိန်က စလို့ မင်းအောင်လှိုင်က လက်လွှတ်ဆုံးရှုံးထားတဲ့မြို့တွေကို တမြို့ပြီးတမြို့ ဆက်တိုက် ဗုံးကြဲနေတယ်။ ဗုံးကြဲပြီး တိုင်းရင်းသားလက်နက်ကိုင်တွေက လက်မြှောက်အရှုံးပေးပြီဆိုမှ မင်းအောင်လှိုင်က စစ်ပွဲပြီးမယ်လို့ ယူဆတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်ကတော့ လားရှိုးကို သိမ်းပိုက်ထားတဲ့ MNDAA က စာထုတ်တယ်။ မန္တလေး၊ တောင်ကြီးအထိ သိမ်းဖို့ အစီအစဉ်မရှိ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုလည်း မထောက်ခံ၊ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမယ်၊ ငြိမ်းချမ်းရေးစကားပြောမယ်လို့ ဆိုတယ်။ ဒါဟာ တရုတ်ရဲ့ ဖိအားပဲ။
မင်းအောင်လှိုင်ကတော့ ဗုံးကြဲရင် အနိုင်ရမယ်ထင်ပြီး ဆက်တိုက် ဖိပြီး ဗုံးကြဲတယ်။ မင်းအောင်လှိုင်က စစ်ကိုမရပ်ဘဲ ဗုံးတွေချည်း ဆက်တိုက်ကြဲနေချိန်မှာပဲ PDF အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေ လက်နက်စွန့်ပြီး တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်တယ်ဆိုပြီး စာထုတ်ပြန်တယ်။ စာက အနှစ်သာရကင်းမဲ့ပြီး ဟန်ဆောင်ပန်ဆောင် ထုတ်ရပုံမျိုး။ ဒါလည်း တရုတ်ဖိအား ဖြစ်ပါလိမ့်မယ်။

မစ္စတာ ဝမ်ယိ ပြန်သွားပြီးတဲ့နောက် တရုတ်က ဝ၊ ကိုးကန့် နဲ့ ဆက်နေတဲ့ တရုတ်နယ်စပ်တွေကို အဝင်အထွက် ပိတ်လိုက်တယ်။ သဘောက ညီနောင်သုံးဖော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အသက်ဆက်နေရတဲ့ လက်နက်၊ ရိက္ခာ၊ အထောက်ပံ့ကို ဖြတ်ပေးတာ။ တရုတ်က အဲသလို လုပ်ပေးတော့ မင်းအောင်လှိုင်က အားတက်ပြီး ဗုံးတွေ ဆက်တိုက်ကြဲတယ်။
လားရှိုးကို ပေါင် ၅၀၀ ဗုံးတွေသုံးပြီး ရက်ဆက် လာဖျက်ဆီးတယ်။ အရှေ့အလယ်ပိုင်းမှာ ကြဲနေတဲ့ ဗုံးတွေကို အားကျပြီး ကိုယ်ပြည်သူ ကိုယ်ပြန်သတ်တဲ့ ဗုံးတွေကို မင်းအောင်လှိုင် ဆက်တိုက်ကြဲနေတယ်။ သူတို့က ဒါကို နိုင်နေပြီလို့ ယူဆတယ်။
ဒါပေမယ့် တကယ့်မြေပြင်မှာ မင်းအောင်လှိုင်တပ်တွေဟာ သိမ်းထားတဲ့မြို့တွေကို ပြန်မယူနိုင်သေးဘူး။ စစ်မျက်နှာအသီးသီးမှာ အကျအဆုံးတွေ များနေတုန်းပဲ။ ရခိုင်စစ်မျက်နှာမှာ အကျအဆုံးတွေ များနေတုန်းဖြစ်သလို ကချင်ပြည်နယ်စစ်မျက်နှာမှာလည်း ဆုံးရှုံးမှုတွေ များနေတုန်းပဲ။ ရှမ်းမြောက် အထူးသဖြင့် လားရှိုးကို ပစ်မှတ်ထားနေတဲ့ မင်းအောင်လှိုင်တပ်တွေဟာ မိုးပေါ်က ဗုံးတွေ လာလာကြဲနေရုံကလွဲပြီး စစ်ရေးအသာစီး မရသေး။
တဖက်က ရေကြီး၊ သဘာဝဘေးဒဏ်သင့်၊ အတိဒုက္ခရောက်နေချိန်၊ တဖက်မှာ စစ်ပွဲတွေကြောင့် နိုင်ငံအနှံ့ မြို့ရွာတွေ မီးရှို့ဖျက်ဆီးခံ၊ ဗုံးကြဲခံနေရချိန် ပြည်သူ ၂ သန်းကျော်၊ ၃ သန်း အိုးအိမ်ပျောက်ဆုံးနေချိန် မင်းအောင်လှိုင်ဟာ “သန်းခေါင်စာရင်း” ကောက်ယူတယ်။ သူ့အတွက် စာရင်းမှန်ခြင်း မမှန်ခြင်း၊ တပြည်လုံးဖြစ်ခြင်း မဖြစ်ခြင်းက အဓိကမဟုတ်။ ကောက်ယူလို့ရသမျှ နေရာကွက်ကွက်လေးမှာ ဟန်ပြကောက်မယ်။ သန်းခေါင်စာရင်း ကောက်ယူနေကြောင်း ဓာတ်ပုံရိုက်မယ်။ ဝါဒဖြန့်မယ်။
မင်းအောင်လှိုင်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဟာ စစ်ခေါင်းဆောင်တွေ အစဉ်အဆက် ကျင့်သုံးခဲ့တဲ့ နည်းလမ်းဟောင်းကြီး တခုပါပဲ။ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကျင်းပမယ်။ အမျိုးသား အားကစားပွဲတော် ကျင်းပမယ်။ အဖတ်ဆည်မရအောင် နိုင်ငံက ပျက်စီးနေလည်း နိုင်ငံတော်ကြီး သာယာစည်ပင်နေကြောင်း ဝါဒဖြန့်မယ်
မင်းအောင်လှိုင်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဟာ စစ်ခေါင်းဆောင်တွေ အစဉ်အဆက် ကျင့်သုံးခဲ့တဲ့ နည်းလမ်းဟောင်းကြီး တခုပါပဲ။ ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ကျင်းပမယ်။ အမျိုးသား အားကစားပွဲတော် ကျင်းပမယ်။ အဖတ်ဆည်မရအောင် နိုင်ငံက ပျက်စီးနေလည်း နိုင်ငံတော်ကြီး သာယာစည်ပင်နေကြောင်း ဝါဒဖြန့်မယ်။
တိုက်ပုံအင်္ကျီဝတ်ပြီး မယောင်ရာဆီလူး လက်ညှိုးထိုး လမ်းညွှန်တွေ လုပ်မယ်။ မြောက်ကိုးရီးယားအာဏာရှင် ကင်ဂျုံးအွန်နောက်က စစ်ဗိုလ်ချုပ်တွေလို မျက်စိသူငယ်နဲ့ နောက်လိုက် စစ်ဗိုလ်ချုပ်တွေက ညွှန်ကြားချက်တွေကို ရေးမှတ်မယ်။ ဒါက မင်းအောင်လှိုင် ဖြစ်ချင်တဲ့ အကြီးအကဲအိပ်မက်။
ခေါက်ရိုးကျိုး စဉ်းစားတွေးခေါ်ပုံတွေနဲ့ တောင်စဉ်ရေမရ၊ အနှစ်သာရကင်းမဲ့တဲ့ စကားတွေပြောပြီး အာဏာကို ချုပ်ကိုင်ထားချင်တဲ့ မင်းအောင်လှိုင်ဟာ သူ့ရဲ့အတ္တနဲ့ နိုင်ငံကို စတေးခဲ့တယ်။ တိုင်းပြည်တဝက် သူ့လက်အောက်မှာ မရှိတော့ပေမယ့် ဆီးရီးယားလို ရသလောက်နယ်မြေ၊ ရသလောက်နေရာလေးမှာ အာဏာကို ရသလောက် ဖက်တွယ်ကုပ်ကပ်ထားဖို့က မင်းအောင်လှိုင်ရဲ့ အန္တိမရည်မှန်းချက်ပါပဲ။
(နွေနေသည် မြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories:
မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ
မောက်မာပြီး ဘဝင်မြင့်မှု ကမ်းကုန်နေသော အာဏာသိမ်း စစ်ခေါင်းဆောင်
မင်းအောင်လှိုင် ရှေ့ထွက်ပြလည်း စစ်ပွဲကတော့ ဆက်ရှုံးနေဦးမည်
ဝမ်ယိက မင်းအောင်လှိုင်ကို သတိပေးသွားသည်
အာဏာအတွက် ကိုယ်တိုင် သက်တမ်းတိုးနေရသည့် စစ်ခေါင်းဆောင်
စစ်ရှုံးနေသော မင်းအောင်လှိုင် ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းလာ