စတော့ဟုမ်းဆင်ဒရုန်း Stockholm Syndrome ဆိုသည့် စကားလုံး အသုံးအနှုန်းရှိသည်။ ဓားစာခံများက သူတို့ကို ဖမ်းဆီးထားသူများအပေါ် ထောက်ခံပူးပေါင်းသွားမှုများ ဖြစ်ပေါ်လာသည်ကို ရှင်းပြရန် ကြိုးစားသည့် အခြေအနေ သို့မဟုတ် သီအိုရီတခု ဖြစ်၏။ ထိုအသုံးအနှုန်းကို ယူပြီး မြန်မာ့အရေးတွင်လည်း စစ်တပ်ဆင်ဒရုန်းဟု သုံးလို၏။
စစ်တပ်ထောက်ခံသူများ၊ စစ်တပ်လိုလားသူများ၊ စစ်တပ်လော်ဘီများက စစ်တပ်ကို ဖက်တွယ်ထားကြသည်မှာ မထူးဆန်းသော်လည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ပြုပြင်ပြောင်းလဲရေး၊ ပွင့်လင်းမြင်သာရေးစသည့် ဝေါဟာရပေါင်းစုံကို ထည်လဲသုံးနေကြသူများထဲတွင်ပင် စစ်တပ်ကို ဖက်တွယ်နေသည့် စစ်တပ် ဆင်ဒရုမ်း (ကိုယ့်အပေါ် ဒုက္ခပေးသူကို ပြန်သနားသည့် မူမမှန်သော စိတ်လက္ခဏာ – syndrome) စွဲကပ်နေသူများကို သနားစရာတွေ့မြင်နေရ၏။
အထူးသဖြင့် စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူများကို ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ပို၍တွေ့မြင်ရသည်ဟု ဆိုရမည်။ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကြား အသွင်ကူးပြောင်းရေးကာလတွင် ရင်ကြားစေ့ရေး၊ ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ရောယှက်နေ၍ သူတို့၏ ကွဲပြားမှုကို မမြင်သာခဲ့ပေ။ သို့သော် စစ်တပ်အာဏာသိမ်းပြီးနောက် ကြုံတွေ့ရသည့် ပြင်းထန်သော ရိုက်ပုတ်မှုများကြားတွင် စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူများ၏ အတွင်းသရုပ်မှန်ကို တဖြည်းဖြည်းမြင်လာရသည်ဟု ဆိုရပါမည်။
အာဏာသိမ်းခြင်းကို ကာကွယ်ခြင်း
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလတွင် စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူအချို့က ဆိုလာသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် အာဏာသိမ်းချင်အောင်လုပ်၍ အာဏာသိမ်းရသည်ဟူ၍ ပြောဆိုသူများ ထွက်လာသည်။ စစ်တပ်က အာဏာသိမ်းချင်၍ သိမ်းသည် မဟုတ်။ အာဏာသိမ်းချင်အောင်လုပ်၍ အာဏာသိမ်းရပါသည်ဟု ပြောလာသည်။
အာဏာသိမ်းချင်အောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရက မည်သို့ ပြုမူသည်ဟူသည့် အကြောင်းပြချက် ရေရေရာရာပြသည်တော့ မတွေ့ရပေ။ စစ်တပ်နှင့် စေ့စပ်မှု သေချာစွာမပြုဟု ဆိုသကဲ့သို့ ရွေးကောက်ပွဲကိစ္စ သေချာစွာ မရှင်းလင်းဟုလည်း ဆိုကြသည်။ ထိုသူတို့တွင် သေချာရေရာသည့် အကြောင်းပြချက် ပေးနိုင်သည်ကို မတွေ့ရ။
စစ်တပ်က အာဏာသိမ်းရသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ညံ့၍ ဖြစ်သည်၊ စစ်တပ်အပြစ် မဟုတ်ဟု ဆိုလိုချင်ပုံရ၏။ ထိုစစ်တပ် ဆင်ဒရုမ်း စွဲကပ်သူတို့၏ အမြင်မှာ အာဏာသိမ်းစစ်တပ်ကို ကာကွယ်ပေးရန် ကြိုး စားကြခြင်းဖြစ်၏။
စစ်တပ်က အာဏာသိမ်းရသည်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ညံ့၍ ဖြစ်သည်၊ စစ်တပ်အပြစ် မဟုတ်ဟု ဆိုလိုချင်ပုံရ၏။ ထိုစစ်တပ် ဆင်ဒရုမ်း စွဲကပ်သူတို့၏ အမြင်မှာ အာဏာသိမ်းစစ်တပ်ကို ကာကွယ်ပေးရန် ကြိုး စားကြခြင်းဖြစ်၏။
စစ်ကိုခေါ်၍ စစ်လာသည်
စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူများသည် အာဏာသိမ်းသည်မှာ စစ်တပ်တွင် အပြစ်မရှိဟူသည့် ကြည့်မြင်မှုမျိုးအပြင် ယခုပြည်တွင်းစစ်အတွင်း ဆိုးဆိုးဝါးဝါး ဖြစ်ပျက်နေသည့် အိမ်ခြေသိန်းနှင့်ချီ၍ မီးလောင်ပျက်စီးခြင်း၊ အရပ်ဘက်ကျေးရွာများ၊ အိုးအိမ်များ ဗုံးကြဲတိုက်ခိုက်ခံရခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခံရခြင်း၊ စစ်ဘေးဒုက္ခသည် သန်းနှင့်ချီ ရှိလာခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ လှုပ်ရှားရာနယ်မြေ၊ ထိန်းချုပ်နယ်မြေများကို ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီနှင့် လူသုံးကုန်ပစ္စည်းများ ဖြတ်တောက်ခြင်း စသည့် ဖြစ်ရပ်ဆိုးများနှင့် ပတ်သက်၍ စစ်တပ်တွင် တာဝန်မရှိဟု ဆိုကြသည်။ သူတို့၏ အဆိုအရ “စစ်ကိုခေါ်၍ စစ်လာသည်” ဟု ဆိုသည်။ စစ်တပ်အာဏာသိမ်းသည်ကို ငြိမ်ခံပါက ဤသို့သော ဖြစ်ရပ်ဆိုးများ ကြုံတွေ့မည်မဟုတ်ဟု ဆိုကြသည်။
ထိုသူတို့သည် ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ၂၆ နှစ် ကြာမြင့်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) စနစ်အောက်တွင် တိုင်းပြည်မွဲပြာကျသွားသည်ကိုလည်းကောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကြား ၂၂ နှစ်တာ ကာလအတွင်း တိုင်းပြည်၏ သယံဇာတပေါင်းစုံကို ကိုယ်ကျိုးအတွက် ရောင်းစားခဲ့သဖြင့် စစ်ဗိုလ်ချုပ်များနှင့် ခရိုနီများသာ ကျိကျိတက် ချမ်းသာကြွယ်ဝသွားကြပြီး တိုင်းပြည်မှာ မွဲတေဆဲ ဖြစ်သည်ကိုလည်းကောင်း၊ အစိုးရဝန်းထမ်းများ လာဘ်ပေး၊ လာဘ်ယူဖြင့် အကျင့်စာရိတ္တ ပျက်ပြားသွားသည်ကိုလည်းကောင်း မေ့ပျောက်ထားကြသည်။
၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်ကြား ဆယ်နှစ်တာကာအတွင်း တိုင်းပြည် ပွင့်လင်းလွတ်လပ်ခဲ့ပြီး အနာဂတ်ကောင်းများ ရှိခဲ့သည်ကို မေ့ပျောက်ထားကြသည်။ မျက်ကွယ်ပြုထားကြ၏။
စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူများ ယူဆချက်မှာ စစ်တပ်ကို ပြန်ပြီး လက်နက်ကိုင်တိုက်၍ ပြည်တွင်းစစ် ဖြစ်သည်၊ တိုင်းပြည်ပျက်စီးသည်၊ ပြန်၍ လက်နက်ကိုင် မတိုက်ပါက ပြည်တွင်းစစ် မဖြစ်၊ ပြည်တွင်းစစ်ဒဏ် တိုင်းပြည် မခံရဟု ဆိုကြသည်။ ဤသို့ ဆိုနေကြသည့် စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေကြသူများသည် စစ်တပ်အာဏာသိမ်းပြီး ထင်ရာစိုင်းမှုကြောင့် တိုင်းပြည်မွဲပြာကျပြီး အကျင့်ပျက်ခြစားမှုများ အပြည့်ဖြင့် စိတ်ပျက်ဖွယ်ဖြစ်နေသော၊ ဖွံ့ဖြိုးတိုးတက်မှု မရှိသော တိုင်းပြည်အခြေအနေကို မျက်ကွယ်ပြုထားကြသည်။
အဘယ်ကြောင့်ဆိုသော် စစ်တပ် ဆင်ဒရုန်း စွဲကပ်နေသူများသည် ၁၉၆၂ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ စစ်တပ်ကို ပုန်ကန်မှုမှန်သမျှ အောင်မြင်မှု မရခဲ့သဖြင့် စစ်တပ်ကို ပုန်ကန်၍ အောင်မြင်မှု မရနိုင်ဟု ယူဆထားကြ၏။
ယခင်အခါက ရဲရဲတောက်ခဲ့ကြသည့် နိုင်ငံရေးဇာတ်ပျက်အချို့သည်ပင် စစ်တပ်ကို အနိုင်မတိုက်နိုင်ဟု ယူဆသည့်အပြင် စစ်တပ်အား ကြောက်ရွံ့သွေးပျက်နေကြရာ စစ်တပ်အား အနိုင်တိုက်မည် မဟုတ်၊ မြန်မာစစ်တပ် မပြိုကွဲနိုင်ဟု လှေနံဓားထစ် မှတ်ယူထားကြသည်။ အပေါ်ယံအားဖြင့် ရာသက်ပန် စစ်တပ်နှင့် ညှိနှိုင်းသွားရမည်ဟု မှတ်ယူထားကြ၏။ စစ်တပ်က ပေးတာယူ၊ ကျွေးတာစားဘဝနှင့် နေသင့်သည်ဟု ယူဆနေကြ၏။
၂၀၁၁ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်ကြား ပြုပြင်ပြောင်းလဲရေးကာလ၌ တိုင်းပြည် တည်ငြိမ်အေးချမ်းခဲ့ခြင်း၊ ပြည်သူတို့ ပျော်ရွှင်အေးချမ်းစွာ နေထိုင်ခဲ့ခြင်းတို့ကို စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူများက မေ့ပျောက်ထားကြ၏။ ၂၀၂၁ ခုနှစ်က စစ်တပ်သာ အာဏာမသိမ်းခဲ့လျှင် တိုင်းပြည်သည် ယနေ့ကဲ့သို့ ပျက်စီးခြင်းငါးပါး ကြုံရသည့် အခြေအနေမျိုး ဆိုက်မည်မဟုတ်ဘဲ တည်ငြိမ်အေးချမ်းနေမည်ကို စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူများက ဘူးကွယ်နေကြ၏။
အုပ်ချုပ်နိုင်ပါ့မလား
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ခန့်ကြာသည်အထိ စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူများသည် စစ်တပ်ကို ဆန့်ကျင်တိုက်နေသူများ မကြာမီ ပြိုကွဲသွားမည်၊ ယခင် အချိန်ကာလများကဲ့သို့ပင် စစ်တပ်က အခြေအနေကို အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်လိမ့်မည်ဟု မှတ်ယူထားကြသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ခန့်ကြာသည်အထိ စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူများသည် စစ်တပ်ကို ဆန့်ကျင်တိုက်နေသူများ မကြာမီ ပြိုကွဲသွားမည်၊ ယခင် အချိန်ကာလများကဲ့သို့ပင် စစ်တပ်က အခြေအနေကို အမြန်ဆုံး ပြန်လည်ထိန်းချုပ်နိုင်လိမ့်မည်ဟု မှတ်ယူထားကြသည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း ရှမ်းမြောက်နှင့် ရခိုင်တွင် ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာပြီးနောက် ရှမ်းမြောက်၊ မန္တလေးမြောက်ပိုင်း၊ ကချင်၊ ချင်း၊ စစ်ကိုင်း၊ ရခိုင်၊ ကရင်နီ၊ ကရင်စသည့် နယ်မြေများတွင် တော်လှန်ရေးအင်အားစုများက စစ်တပ်အင်အား အများအပြားကို ချေမှုန်းပြီး မြို့ပေါင်း ၈၀ ကျော်ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် နောက်ပိုင်းတွင် စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူများသည် သွေးရူးသွေးတမ်း ဖြစ်လာ၏။
သူတို့ မျှော်လင့်မထားသည့်အရာများ ဖြစ်လာသည့်အခါ အဖျက်သဘော ပြောဆိုလာကြပြန်သည်။ မြို့တမြို့ကို သိမ်းတာက လွယ်သည်၊ အုပ်ချုပ်ရသည်က ပိုခက်သည်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် စစ်ရေးစွမ်းရည် ရှိသော်လည်း အုပ်ချုပ်ရေးစွမ်းရည် မရှိဟု ဆိုလာကြပြန်သည်။
ဤအချက်သည် ၂၀၁၅ ရွေးကောက်ပွဲရှုံးပြီး NLD ကို အာဏာလွှဲပေးရစဉ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ စစ်ဗိုလ်ချုပ်ဟောင်းများ ပြောခဲ့စကားပင် ဖြစ်၏။ ‘NLD တွေ မအုပ်ချုပ်တတ်ပါဘူး၊ နှစ်လ၊ သုံးလအတွင်း ငါတို့ပြန်လာခဲ့မယ်’ ဟုပင် ဆိုခဲ့ကြ၏။ လက်တွေ့ အထင်နှင့်အမြင်လွဲပြီး အာဏာသိမ်းရန်ပင် မြှောက်ပင့်ပေးရသည့် အခြေဆိုက်သွား၏။
၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ခေါင်းဆောင်များသည် မြန်မာပြည် တည်ငြိမ်အောင် စစ်တပ်ထိန်းမှ ရမည်၊ တိုင်းပြည်ကို စစ်တပ်အုပ်ချုပ်မှ ရမည်ဟူသည့် အယူအဆများကို ရိုက်သွင်းထားကြရာ စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူများသာမက အချို့နိုင်ငံကြီးများကပင် ဤသို့မှတ်ယူနေကြ၏။
သို့သော် ထိုသူများသည် စစ်တပ်အုပ်ချုပ်နေသည့် နှစ် ၆၀ ကျော်အတွင်း တိုင်းပြည်ဖွံ့ဖြိုးတက်မှု မရှိသည့်အခြေအနေ၊ လျှပ်စစ်မီးပင် မလုံလောက်သည့် အခြေအနေများကိုသာမက စစ်တပ်ကို မကျေနပ်သည့် ပုန်ကန်မှုများ တနေ့တခြား များပြားနေပြီး တိုင်းပြည်တည်ငြိမ်မှု မရှိသည့်အခြေအနေများကို မျက်ကွယ်ပြုထားကြ၏။ အုပ်ချုပ်တတ်ပါသည်ဆိုသည့် စစ်တပ်၏ အစိုးရယန္တယားတခုလုံး အကျင့်ပျက်ခြစားပြီး လာဘ်ပေးလာဘ်ယူ ပြုလုပ်နေသည့် စိတ်ပျက်ဖွယ် အုပ်ချုပ်ရေးယန္တယား ဖြစ်နေသည်ကို ဖုံးကွယ်ထားကြသည်။
ထို့ပြင် ဝ ဒေသ၊ မိုင်းလား ဒေသတို့တွင် ပညာတတ် မရှိသလောက် နည်းပါးသော်လည်း မိမိဒေသ၊ မိမိလူမျိုးကို ချစ်သည့်စိတ်ဓာတ်ဖြင့် သူတို့ဒေသကို ဖွံ့ဖြိုးတိုးတက်အောင် အုပ်ချုပ်နိုင်ကြသည်ကို စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေကြသူများက မြင်အောင်ကြည့်နိုင်စွမ်း မရှိကြပေ။
စစ်တပ် ပြန်သိမ်းနိုင်မှာတဲ့လား
ယခုအခါ မြို့ပေါင်း ၈၀ ကျော်ကို စစ်တပ်က စွန့်လွှတ်ရပြီးနောက် စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူများက စစ်တပ်လော်ဘီများနှင့်အတူ တလေသံတည်း ထွက်လာသည်မှာ နောက်ဆုံး စစ်တပ်က ပြန်သိမ်းနိုင်မှာပါဟု ဆိုနေခြင်းဖြစ်၏။
ထိုသူများသည် အတိတ်က ရွှေထီးဆောင်းခဲ့သည့်ကာလများကို ပြန်ပြောင်း ပြောနေကြသော်လည်း လက်ရှိ စစ်တပ်အင်အား၊ တိုက်ရည်ခိုက်ရည်၊ တိုက်စိတ်ခိုက်စိတ်၊ စစ်နည်းဗျူဟာ၊ လူထုထောက်ခံမှုတို့ကို ထည့်သွင်းတွက်ချက်ရန် ပျက်ကွက်နေကြ၏။
လက်ရှိ ဆုံးရှုံးသွားသည့် နယ်မြေများကို စစ်တပ်က ပြန်သိမ်းရန် စစ်အင်အား မရှိသကဲ့သို့ ရှိသည့်စစ်တပ်မှာလည်း တိုက်စိတ်ခိုက်စိတ်ရော၊ တိုက်ရည်ခိုက်ရည်ပါ မရှိကြတော့သည့်အပြင် ခေါင်းဆောင်မှု၏ စစ်နည်းဗျူဟာလည်း မှားယွင်းနေသည်။ လူထုအများစု၏ ထောက်ခံမှု ဆုံးရှုံးနေသည့်အပြင် လူထုကို ရန်သူအဖြစ် သဘောထားနေသည့် စစ်တပ် ပြန်လည် အောင်ပွဲရရန် မဖြစ်နိုင်ပေ။
လက်တွေ့ စစ်မြေပြင်မှာလည်း စစ်တပ်သည် တိုင်းပြည်အနှံ့၌ မြို့များ၊ စခန်းများ ဆုံးရှုံးခြင်းနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များက စစ်မျက်နှာသစ်များ ထပ်မံ ဖွင့်လှစ်လာနေသည့်အတွက် စစ်မျက်နှာအသစ်များတွင် တိုးချဲ့ရင်ဆိုင်နေရသည်။ သို့ဖြစ်ရာ ဆုံးရှုံးသွားသည့် နယ်မြေများဘက်သို့ ဦးမလှည့်နိုင်ဘဲ စစ်မျက်နှာသစ်များတွင် လိုက်လံရင်ဆိုင်နေရသည်။
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကို အားသာချက်အဖြစ် အသုံးချပြီး သိမ်းဆည်းခံရသည့် မြို့များကို လေကြောင်းတိုက်ခိုက်မှုများ မပြတ်ပြုလုပ်၍ စိတ်ဓာတ်စစ်ဆင်ရေး ပြုလုပ်နေ၏။ သို့သော် မြေပြင်တွင် စစ်ဆင်နိုင်ခြင်း မရှိပေ။ သို့
ဖြစ်ရာ မြို့များကို သိမ်းထားသည့် တော်လှန်ရေးတပ်ဖွဲ့များက ထို့မြို့များတွင် အခြေပြုမနေဘဲ စစ်မျက်နှာသစ်များ တိုးချဲ့လာရာ စစ်မျက်နှာအသစ်များဖြင့် စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာနေသည်။ ဆုံးရှုံးနေသောဒေသများကို ပြန်လည် သိမ်းပိုက်ရန် မလွယ်ကူတော့ပေ။
၁၉၆၈ ခုနှစ်ကစပြီး ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တို့ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တရုတ်နယ်စပ် တလျှောက်ရှိ ပန်ဆန်းဗဟိုပြု ဝ ဒေသနှင့် မိုင်းလားဒေသအား ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလားတို့က ယခုချိန်အထိ ဆက်လက် ထိန်းချုပ်ထားနိုင်ပြီး စစ်တပ် ပြန်လည်သိမ်းပိုက်နိုင်ခြင်း မရှိသည်မှာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီ ဖြစ်၏။
စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူများသည် မြေပြင်အခြေအနေမှန်များကို မလေ့လာဘဲ စစ်တပ်ကို မနိုင်နိုင်ဘူး၊ နောက်ဆုံး စစ်တပ်က ပြန်သိမ်းသွားမည်ဟူသည့် ကြောက်စိတ်နှင့် ပြဿနာကို ချဉ်းကပ်နေကြခြင်းဖြစ်ရာ အခြေအနေမှန်ကို မမြင်နိုင်ကြပေ။
စစ်တပ်မှ အငြိမ်းစားယူထားသည့် ဒုတိယ ဗိုလ်ချုပ်ကြီးတဦးကမူ လက်ရှိ ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်ရန်အတွက် တပ်အင်အားဖြည့်တင်းရန်၊ လေ့ကျင့်ရန်၊ လက်နက်ခဲယမ်း တပ်ဆင်ရန်၊ စစ်မြေပြင်တွင် တဆင့်ချင်း တိုက်ခိုက်ရန် အချိန် ၁၅ နှစ်ခန့် ကြာနိုင်မည်ဟု သုံးသပ်သည်ကို ကြားသိရ၏။
စစ်တပ်မှ အငြိမ်းစားယူထားသည့် ဒုတိယ ဗိုလ်ချုပ်ကြီးတဦးကမူ လက်ရှိ ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်လည် သိမ်းပိုက်နိုင်ရန်အတွက် တပ်အင်အားဖြည့်တင်းရန်၊ လေ့ကျင့်ရန်၊ လက်နက်ခဲယမ်း တပ်ဆင်ရန်၊ စစ်မြေပြင်တွင် တဆင့်ချင်း တိုက်ခိုက်ရန် အချိန် ၁၅ နှစ်ခန့် ကြာနိုင်မည်ဟု သုံးသပ်သည်ကို ကြားသိရ၏။
စစ်တပ်ပြိုကွဲခြင်းနှင့် စစ်ရာဇဝတ်မှုများ
ပြည်တွင်းပြည်ပမှ စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူများအနေဖြင့် မြန်မာပြည် လက်တွေ့အခြေအနေများကို မျက်မှောက်ပြုခြင်း မရှိပါက မြန်မာပြည်အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်လိမ့်မည် မဟုတ်ပေ။ ၁၉၄၈ ခုနှစ်မှစ၍ ယခုအထိ စစ်တပ်သည် အားကောင်းမောင်းသန်ဖြစ်ခဲ့ပြီး စစ်ရေးအရ အသားစီးရခဲ့သည်ဟူသည့် အချက်ပေါ်တွင် အခြေပြုပြီး စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူများ စစ်တပ်ကို ဗဟိုပြု၍ မြန်မာ့နိုင်ငံရေးကို စဉ်းစားကြ၏။
သို့သော် ထိုသို့သော အသာစီးရခဲ့သည့် နှစ်ကာလများတွင်ပင် စစ်တပ်သည် သူ့အား ဆန့်ကျင်နေသော တော်လှန်ရေးအင်အားစုများကို အပြီးအပြတ် ချေမှုန်းနိုင်ခဲ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် စစ်တပ်သည် နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများကို မဖြေရှင်း၍ စစ်ရေးအရ အပြတ်ဖြေရှင်းရန် မဖြစ်နိုင်ပေ။
ယနေ့ကာလတွင် ပိုဆိုးသည်မှာ စစ်တပ်သည် တိုက်စိတ်ခိုက်စိတ်၊ တိုက်ရည်ခိုက်ရည် မရှိသည့်အပြင် လူထုထောက်ခံမှု မရှိခြင်းတို့ကြောင့် လက်တွေ့ စစ်မြေပြင်တွင် စစ်တပ် စစ်ရှုံးနေပြီး စစ်တပ်ပြိုကွဲနေခြင်း ဖြစ်၏။
ထို့ပြင် အရပ်သားပစ်မှတ်များကို လေကြောင်း၊ လက်နက်ကြီးတို့နှင့် ပစ်ခတ်သည့်အပြင် မြေပြင်စစ်ကြောင်းများကလည်း စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြ၏။ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP -Myanmar) ၏ သုတေသနပြုချက်အရ စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်အတွင်း လူ ၁၀ ဦးနှင့်အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၅ မှုနှင့် အထက်ရှိပြီး အရပ်သား ၁,၃၀၇ ဦးထက်မနည်း သေဆုံးခဲ့၏။ သတ်ဖြတ်မှု ၆၀ ခု (၉၂ ရာခိုင်နှုန်ူ) ကို စစ်တပ်နှင့် ပျူစောထီးများက ကျူးလွန်ခဲ့ပြီး အရပ်သား ၁,၂၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု သိရ၏။
စစ်တပ် ဆင်ဒရုန်း စွဲကပ်နေသူများသည် စစ်တပ် စစ်ရှုံး၍ ပြိုကွဲနေခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ စစ်တပ်က အရပ်သားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းများအားလည်းကောင်း တခွန်းတပါဒမှ မပြောဘဲ ဖုံးကွယ်ထားသည်ကို မြင်တွေ့နိုင်၏။
စစ်တပ်နှင့် မြန်မာပြည် နိုင်ငံရေး
မြန်မာပြည်အခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ကြည့်ပါက ၁၉၆၂ ခုနှစ်မှစ၍ စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် အာဏာသိမ်း စစ်ခေါင်းဆောင် သုံးဆက်ရှိခဲ့ပြီ ဖြစ်၏။ အာဏာသိမ်း စစ်ခေါင်းဆောင်တိုင်းသည် တိုင်းပြည်၏ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်များကို ထင်သလို ပြုပြင်ပြောင်းလဲပစ်ခဲ့ကြ၏။ စစ်ခေါင်းဆောင်တယောက် တက်လာတိုင်း အရင်လူလုပ်သမျှ ပစ်ပယ်ပြီး ထင်ရာစိုင်းသည်။
ထို့ကြောင့်လည်း ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက တိုင်းပြည်စီးပွားရေးမူဝါဒသည် မတည်ငြိမ်သကဲ့သို့ တိုင်းပြည်သည်လည်း ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်မှုလည်း မရှိခဲ့သည်က လက်တွေ့ဖြစ်၏။
သို့ဖြစ်ရာ စစ်တပ် ဆင်ဒရုမ်း စွဲကပ်နေသူတို့ မှန်မှန်ကန်ကန် ကြည့်မြင်ရန် လိုအပ်သည်မှာ စစ်ခေါင်းဆောင်တယောက်ပြောင်းတိုင်း ထင်ရာစိုင်းခွင့်ရှိနေသည့် စစ်တပ်လက်ထဲ နိုင်ငံရေးအာဏာ ရှိနေသရွေ့ မြန်မာပြည်သည် တည်ငြိမ်မှုရှိမည် မဟုတ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု ရှိမည်လည်း မဟုတ်ပေ။ ထို့ပြင် စစ်တပ်အာဏာသိမ်းကတည်းက ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခြင်းမရှိဘဲ တိုင်းပြည်တည်ငြိမ်အောင် စွမ်းဆောင်နိုင်ခြင်း မရှိပေ။ စစ်တပ်ကို နိုင်ငံရေးထဲမှ ဖယ်ရှားနိုင်မှသာ မြန်မာပြည် တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ရပေလိမ့်မည်။
(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
စစ်အာဏာသိမ်းမှု ၂၆ နှစ်ပြည့်ချိန်အထိ နိုင်ငံရေးအာဏာ စစ်တပ် ချုပ်ကိုင်ထားဆဲ
စစ်တပ်ပေးတာယူမှာ မဟုတ်ဘူး၊ ကျနော်တို့က တိုက်ယူမှာ (ရုပ်/သံ)
စစ်တပ်က ကြီးစိုးနေသရွေ့ သမ္မတဖြစ်လည်း ကြက်ကလေးငှက်ကလေးလို ဖမ်းခံရနိုင်တယ် (ရုပ်/သံ)
အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့
စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး