၂၀၂၃၊ ၂၀၂၄ ခုနှစ် စစ်ရေးတိုက်ပွဲများတွင် အရှုံးကြီးရှုံးနိမ့်ခဲ့သော မြန်မာစစ်တပ် ပြိုကွဲနိုင်သည့် အခြေအနေကို တွေ့မြင်ရသည့်အချိန်ကာလတွင် စူပါ ပါဝါနိုင်ငံတခု ဖြစ်လာနေသည့် တရုတ်တို့က မြန်မာစစ်တပ်ကို အသက်ဆက်ပေးရန် ကြိုးစားနေသည်ကို တွေ့ရ၏။ တရုတ်တို့သည် စစ်ကောင်စီ၏ မူဝါဒများကို ထောက်ခံခြင်း၊ နယ်စပ်ဒေသပြည်သူများအား စစ်ကောင်စီနည်းတူ ဖြတ်ငါးဖြတ် ပြုလုပ်ခြင်း၊ တော်လှန်ရေးအင်အားစုများကို ခြိမ်းခြောက် ဖိအားပေးခြင်းဖြင့် နည်မျိုးစုံသုံးပြီး တော်လှန်ရေးအင်အားစုများအား ဖြိုခွဲရန် ကြိုးစားနေသည်ကို တွေ့ရ၏။
တရုတ်ဖိအားနှင့် စစ်ရေးအခြေအနေ
တရုတ်တို့၏ ဖိအား၊ ခြိမ်းခြောက်မှုများကြောင့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားများ လျော့ကျလာချိန်၌ စစ်ကောင်စီပြိုကွဲမှု၊ နွေဦးတော်လှန်ရေးတို့နှင့် ပတ်သက်၍ ပြန်လည် မေးခွန်းထုတ်လာကြသည်ကို တွေ့ရ၏။ အဓိကအားဖြင့် စစ်ကောင်စီသည် တရုတ်တို့၏ အကူအညီကြောင့် စစ်ရေးအရ ပြန်လည် အသာစီးရမည်လောဆိုသည့် မေးခွန်းများ ပေါ်လာသည်။ တရုတ်တို့၏ ပိတ်ဆို့မှုကြောင့် ခဲယမ်းများ ပြတ်တောက်ပြီး တိုက်ပွဲများ လျော့ကျမည့်အလားအလာများ တွက်ဆလာကြသည်ကို တွေ့ရ၏။
သို့ဖြစ်ရာ ၁၀၂၇ စစ်ဆင်ရေး မတိုင်မီ တပြည်လုံး စစ်ရေးအခြေအနေကို ပြန်ကြည့်ပါက ရှမ်းမြောက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ တိုက်ပွဲတချို့မှအပ အခြားတိုက်ပွဲ မရှိခဲ့ပါ။ ရခိုင်တွင် တိုက်ပွဲ မရှိခဲ့ပါ။ ၂၀၂၂ ခုနှစ်အကုန် တရုတ်အထူးသံ မစ္စတာ တိန့်ရှီကျွန်း ခရီးစဉ် စပြီးနောက်ပိုင်း ရှမ်းမြောက်တွင် ရင်ဆိုင်ထားသည့် မြန်မာစစ်တပ်မှ တပ်အချို့အား ထုတ်နုတ်ပြီး ကရင်နီနှင့်အခြားဒေသများသို့ တပ်များ ပေးပို့နိုင်သည်ကို တွေ့ရ၏။
ထို့ပြင် ထိုကာလက KIA သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၊ ကချင်ဒေသကာကွယ်ရေးတပ် (KPDF) များ စုဖွဲ့လေ့ကျင့် လက်နက်တပ်ဆင်နေသည်ဖြစ်ရာ ၂၀၂၁ ခုနှစ် နှစ်ဆန်း အလောဘွမ်တိုက်ပွဲပြီးနောက် ကချင်ပြည်နယ်တွင် တိုက်ပွဲကြီးများ၊ စစ်ဆင်ရေးကြီးများ စတင်နိုင်ခြင်း မရှိသေးပါ။ တိုက်ပွဲအချို့သာ ရှိသေးသည်။
ထိုစဉ်က တိုက်ပွဲအများစု ဖြစ်ပွားနေသည်မှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနယ်မြေအချို့၊ မန္တလေးတောင်ပိုင်း နယ်မြေအချို့၊ ပဲခူးတိုင်း၊ တနင်္သာရီနှင့် ချင်း၊ ကရင်နီ၊ ကရင်ပြည်နယ်များတွင် ဖြစ်၏။
၁၀၂၇ စစ်ဆင်ရေး မတိုင်မီက စစ်ကောင်စီတပ် အသာစီးရခဲ့ပါသလောဟူ၍ ပြန်လည် ဆန်းစစ်ကြည့်ပါက စစ်တပ် အသာစီးရယူနိုင်ခြင်း မရှိပါ။ တိကျစွာပြောရလျှင် တော်လှန်ရေးတပ်ဖွဲ့များကို အထိနာအောင် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့သကဲ့သို့ နိုင်အောင်လည်း တိုက်ခိုက်နိုင်ခြင်း မရှိပေ။
ထိုစဉ်ကာလက PDF အပါအဝင် နွေဦးတော်လှန်ရေးတပ်ဖွဲ့ အများစုမှာ လေ့ကျင့်စုဖွဲ့နေဆဲ ဖြစ်သကဲ့သို့ လက်နက်ကောင်းစွာ တပ်ဆင်နိုင်ခြင်း မရှိပေ။ သို့ဖြစ်ရာ ထိုသို့သော အခြေအနေရှိသည့် ၁၀၂၇ စစ်ဆင်ရေး မတိုင်မီက စစ်ကောင်စီတပ် အသာစီးရခဲ့ပါသလောဟူ၍ ပြန်လည် ဆန်းစစ်ကြည့်ပါက စစ်တပ် အသာစီးရယူနိုင်ခြင်း မရှိပါ။ တိကျစွာပြောရလျှင် တော်လှန်ရေးတပ်ဖွဲ့များကို အထိနာအောင် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့သကဲ့သို့ နိုင်အောင်လည်း တိုက်ခိုက်နိုင်ခြင်း မရှိပေ။
လက်ရှိ တရုတ်၏ ဖိအားသည် ရှမ်းမြောက်တွင် သက်ရောက်သည်ဖြစ်၍ စစ်ပွဲများရပ်သွားသည် ဆိုနိုင်သကဲ့သို့ တဖက်တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့၏ စစ်ရေးရည်မှန်းချက်များ ပြည့်သွား၍ ရပ်သွားသည်ဟုလည်း ဆိုနိုင်သည်။ သို့မဟုတ် တရုတ်၏ဖိအားအောက်တွင် အလျှော့အတင်းနှင့် လှုပ်ရှားနေသည်ဟုလည်း ဆိုနိုင်၏။
လက်ရှိ တရုတ်တို့ ဝင်ရောက်စွက် ဖက်ဖိအားပေးခြိမ်းခြောက်သည့် အခြေအနေအောက်တွင် ရှမ်းမြောက် စစ်ရေးလှုပ်ရှားမှု ပြန်လည် အရှိန်လျော့သွားသော်လည်း စစ်တပ်သည် ရှမ်းမြောက်ရှိ နယ်မြေအများစုအား လက်လွှတ်ထားရပြီး တပ်အင်အားအများအပြား ဆုံးရှုံးသွားခဲ့ပြီဖြစ်သည့်အပြင် ရှမ်းမြောက်ကို ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်နိုင်သည့်အခြေအနေ မရှိပါ။ တရုတ်၏ ဖိအားနှင့် ခြိမ်းခြောက်မှုကြောင့် MNDAA က စစ်ကောင်စီအား လားရှိုးမြို့ကို ပြန်လည်လွှဲပေးရမည်ဟု ပြောဆိုခန့်မှန်းမှုများ တွေ့နေရသော်လည်း လက်တွေ့ဖြစ်နိုင်ခြေ နည်းပါသည်။
စစ်ရေးအရ လားရှိုးတမြို့တည်း လွှဲပေး၍ မရပေ။ လားမြို့အရှေ့နှင့် တောင်ဘက်ရှိ နန့်ပေါင်၊ ဟိုရ၊ ဆောင်ကြဲ၊ စိန်ကျော့နှင့် နောင်ကော်လုံတို့ကို သိမ်းပိုက်နေရာယူထားသော MNDAA တပ်များပါ ဆုတ်ပေးရမည်။ ထိုမျှသာမက နောင်ချို၊ ကျောက်မဲ၊ သီပေါကို သိမ်းထားသော TNLA တပ်များပါ ဆုတ်ပေးမှ ရမည်ဖြစ်ရာ ဖြစ်နိုင်ခြေမရှိသလောက်ဟု ဆိုရပါမည်။
MNDAA နှင့် TNLA တို့အနေဖြင့် ၎င်းတို့တပ်ဖွဲ့ဝင်အများအပြား အသက်စွန့်လွှတ် သိမ်းပိုက်ခဲ့သည့် ဒေသများကို အလွယ်တကူ စွန့်လွှတ်ရန် မဖြစ်နိုင်ပေ။ သို့ဖြစ်ရာ စစ်တပ်သည် တန့်ယန်း၊ မိုင်းရယ်၊ မိုင်းရှူး၊ နန့်လန်၊ တောင်ခမ်း၊ ကျောက်ကူ၊ ပြင်ဦးလွင်တို့တွင် ရှမ်းမြောက်အား ရင်ဆိုင်သည့် ခံစစ်ပြင်ဆင်ထားရမည် ဖြစ်သည်။
ထို့ပြင် တရုတ်ဖိအားကြောင့် ရပ်တန့်မသွားသည်မှာ KIA နှင့် အာရက္ခတပ်တော် (AA) ဖြစ်၏။ တရုတ်နယ်စပ်ရှိ KIA သည် တရုတ်ဖိအားဒဏ် ခံရသော်လည်း ၎င်း၏ စစ်ရေးရည်မှန်းချက်များကို ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှစ၍ ခြေလှမ်းမှန်မှန်ဖြင့် အကောင်အထည်ဖော်နေသည်ကို တွေ့ရ၏။ နိုင်ငံရေးရည်မှန်းချက်ကြီးပြီး ဘဏ္ဍာရေးအင်အား၊ စစ်အင်အား တောင့်တင်းသည့် KIA ကို တရုတ်တို့ စိတ်ကြိုက်ဖိအားပေးနိုင်ရန် မလွယ်ကူပေ။
တရုတ်တို့၏ ဖိအားအောက်မှ ကင်းလွတ်နေသည်မှာ AA ဖြစ်၏။ တရုတ်တို့၏ ဖိအားပေးမှု၊ ခြိမ်းခြောက်မှုများကို KIA, MNDAA, TNLA တို့အပေါ်တွင် တွေ့ရသော်လည်း AA နှင့်ပတ်သက်၍ မတွေ့ရပေ။ တရုတ်တို့ ဖြတ်ငါးဖြတ် ပြုလုပ်ရန် လက်လှမ်းမမီသည့် ရခိုင်တွင် AAသည် ၁၀၂၇ စစ်ဆင်ရေး စကတည်းက စစ်ရှိန်လျှော့ချသည်မရှိဘဲ တောက်လျှောက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ကို တွေ့ရ၏။
တရုတ်တို့၏ ဖိအားအောက်မှ ကင်းလွတ်နေသည်မှာ AA ဖြစ်၏။ တရုတ်တို့၏ ဖိအားပေးမှု၊ ခြိမ်းခြောက်မှုများကို KIA, MNDAA, TNLA တို့အပေါ်တွင် တွေ့ရသော်လည်း AA နှင့်ပတ်သက်၍ မတွေ့ရပေ။ တရုတ်တို့ ဖြတ်ငါးဖြတ် ပြုလုပ်ရန် လက်လှမ်းမမီသည့် ရခိုင်တွင် AAသည် ၁၀၂၇ စစ်ဆင်ရေး စကတည်းက စစ်ရှိန်လျှော့ချသည်မရှိဘဲ တောက်လျှောက် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ကို တွေ့ရ၏။
ယခုအခါ AA သည် ရခိုင်မြို့နယ်အများစုကို သိမ်းပိုက်ထားနိုင်သည့်အပြင် အမ်း၊ ဂွ၊ တောင်ကုတ်နှင့် မောင်တောရှိ လက်ကျန် မြို့သူကြီးစခန်းတို့အား ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လျက်ရှိပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သည်လည်း ကျလုကျခင် ဖြစ်နေသည်ကို တွေ့ရ၏။ အမ်း၊ တောင်ကုတ်နှင့် ဂွတို့ ကျသွားပါက ဧရာဝတီတိုင်း၊ ပဲခူးနှင့် မကွေးတိုင်းတို့တွင် စစ်မျက်နှာအသစ်များ ပေါ်ပေါက်လာပြီး စစ်ရေးလှုပ်ရှားမှုများ ပိုမိုတွေ့ရမည်ဖြစ်၏။
ဤသည်မှာ တရုတ်တို့ ဖိအားပေး၍မရ၊ ခြိမ်းခြောက်ရပ်တန့်၍ မရသည့် ရခိုင်စစ်မျက်နှာ၏ စစ်ရေးအခြေအနေ ဖြစ်သည်။ ထို့ပြင် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်လိုချင်သော တရုတ်တို့သည် AA ကို အချိုသတ်ပေါင်းပြီး တဖက်လှည့်နှင့်ပင် ကူညီနိုင်သည့် အခြေအနေရှိသည်ဟု ဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသော် ယခုအခါ အိန္ဒိယအစိုးရသည်လည်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင်များကို မျက်နှာမူလာနေပြီဖြစ်ရာ တရုတ်တို့အနေဖြင့် AA ကို တင်းတင်းမာမာ ဆက်ဆံရန် ခက်ခဲသည်။
ဖြစ်နိုင်ဖွယ် စစ်ရေးအလားအလာ
တရုတ်တို့က မြန်မာစစ်တပ်ကို အသက်ဆက်ပေးရန် ကြိုးစားနေသော်လည်း ၂၀၂၄ နှစ်ကုန် ၂၀၂၅ နှစ်ဆန်းတွင် တွေ့ရမည့် စစ်ရေးအခြေအနေမှာ အောက်ပါအတိုင်းဖြစ်နိုင်ပါသည်။
ရှမ်းမြောက် ကျရှုံးခြင်းနှင့်အတူ မန္တလေးမြောက်ပိုင်းကိုပါ PDF များက သိမ်းပိုက်ထားနိုင်ရာ မန္တလေး၏ ရှေ့တန်းခံစစ်သည် မတ္တရာသို့ ရောက်လာပြီကို တွေ့ရပြီဖြစ်၏။ ရှမ်းမြောက်တွင် တရုတ်ဖိအားကြောင့် တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း TNLA နှင့်တွဲ၍ လှုပ်ရှားခဲ့သည့် လက်နက်တပ်ဆင်မှု ကောင်းမွန်သော အင်အား ထောင်ဂဏန်းရှိ မန္တလေး PDF များသည် တကောင်း၊ သပိတ်ကျင်း၊ စဉ့်ကူးမြို့များနှင့် မတ္တရာနယ်များပါဝင်သည့် မန္တလေးမြောက်ပိုင်းကို စိုးမိုးထားနိုင်သကဲ့သို့ မန္တလေးတောင်ပိုင်းတွင်လည်း ပြောက်ကျားလှုပ်ရှားမှု အားကောင်းလာသည်ကို တွေ့ရ၏။
MNDAA အတူ တွဲ၍တိုက်ခိုက်ခဲ့ကြသည့် အင်အားထောင်ချီသော နွေဦးတော်လှန်ရေး အင်အားစုများသည်လည်း လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အညာဒေသသို့ ပြန်လည် ဝင်ရောက်လာနေပြီဖြစ်၏။
ကချင်ပြည်နယ်တွင်လည်း KIA သည် သူ၏ မဟာမိတ်အင် အားစုများနှင့်တွဲ၍ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး စစ်ဆင်ရေးကြီးများကို ဖြည်းဖြည်းမှန်မှန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိ တရုတ်တို့ ဖိအားပေး ခြိမ်းခြောက်နေသည့်ကြားမှ မေခမြစ်အရှေ့ခြမ်း ဆဒုံး၊ ချီဗွေ၊ ဆော့လော်၊ ပန်ဝါဒေသကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိ၏။ ကချင်ပြည်နယ်တွင် စစ်ကောင်စီသည် ခံစစ်သေဖြင့်သာ ခုခံနေရပြီး ပြန်လှန်ထိုးစစ်ဆိုသည်ကို စကားဦးသန်း၍ပင် ပြောနိုင်ခြင်း မရှိပေ။
KIA က စစ်ဦးစီးတာဝန်ယူထားသည့် စစ်ကိုင်းတိုင်းရှိ PDF တပ်ဖွဲ့များသည် စစ်ကိုင်းတိုင်းမြောက်ပိုင်းရှိ မော်လူး၊ ရွှေပြည်အေး၊ ခါမ်းပါတ်၊ မြို့သစ်၊ ပင်လည်ဘူးမြို့တို့အား သိမ်းပိုက်ခဲ့သကဲ့သို့ အင်းတော်မြို့၊ ထီးချိုင့်မြို့တို့ကို ဆက်လက် တိုက်ခိုက်နေသည်ကို တွေ့ရ၏။ စစ်ကိုင်းတိုင်း တောင်ပိုင်းတွင်လည်း ချေမှုန်းတိုက်ပွဲငယ်များ တိုက်ခိုက်နိုင်သည်ကို တွေ့ရ၏။
ချင်းပြည်နယ်တွင် နယ်မြေအများစုကို ချင်းတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး ချင်းပြည်နယ်မြောက်ပိုင်းတွင် ဟားခါးနှင့် ထန်တလန်ကြားတွင် ချင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်နေသည်ကို တွေ့ရပြီး ဟားခါးမြို့ကို ခြိမ်းခြောက်နေပြီဖြစ်၏။ ချင်းပြည်တောင်ပိုင်းတွင်လည်း မတူပီမြို့၊ ဗျူဟာရုံးနှင့် တပ်ရင်းဌာနချုပ်နှစ်ခု ကျပြီးနောက် မင်းတပ်မြို့ မကျရေးကို အသည်းအသန် ခုခံကာကွယ်နေသည်ကို တွေ့ရ၏။
ကရင်နီတွင် လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် ကရင်နီတပ်ဖွဲ့များ လွိုင်ကော်မြို့မှ ပြန်လည် ဆုတ်ပေးထားသော်လည်း ကရင်နီတော်လှန်ရေးအင်အားစုများသည် အင်အားတောင့်တင်းနေဆဲဖြစ်ပြီး ပြည်နယ်ဧရိယာအများစုကို ထိန်းချုပ်ထားနိုင်ဆဲဖြစ်၏။ စစ်တပ်က လွိုင်ကော်နှင့် မြို့အချို့၌ ခံစစ်အနေအထားတွင်သာ ရှိ၏။
စစ်ကောင်စီသည် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် (PNO) ပြည်သူ့စစ်များ အသုံးပြုပြီး ဖယ်ခုံ၊ ပင်လောင်းနယ်မြေကို ထိုးစစ်ဆင်နေသည်မှာ နှစ်လခန့်ရှိပြီဖြစ်သော်လည်း ကျဆုံးဒဏ်ရာရသူ ရာဂဏန်းရှိလာပြီး ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ခြင်း မရှိပေ။
ကရင်ပြည်တွင် စစ်ရေးလှုပ်ရှားမှုများသည် မြောက်ပိုင်းကဲ့သို့ အားကောင်းမောင်းသန် မရှိဟု ထင်ရသော်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် မြဝတီ၊ ကော့ကရိတ်တောင်ပိုင်း၊ ဖာပွန်ဒေသတို့တွင် စစ်ကောင်စီ စခန်းတခုပြီးတခု လက်လွှတ်နေပြီး ကရင်ထိန်းချုပ်နယ်မြေများ ပို၍ကျယ်ပြန့်လာသည်ကိုတွေ့ရ၏။ ကော့ကရိတ်၊ မြဝတီတောင်ပိုင်းတွင် ဝေါ်လေ စခန်းတခုသာ ကြီးကြီးမားမားရှိပြီး ကျန်စခန်းအားလုံး ကျကုန်ပြီဖြစ်၏။
ကရင်ပြည်နယ်အထက်ပိုင်းရှိ ဖာပွန်ခရိုင်အတွင်း စစ်စခန်း ၇၀ အနက် ၁၀ ခုသာ ကျန်တော့၏။ ဖာပွန်နှင့် ညောင်လေးပင်ခရိုင်များတွင် ထိုင်းနယ်စပ် သံလွင်မြစ်မှ စစ်တောင်းမြစ်အထိ တော်လှန်ရေးတပ်ဖွဲ့များက အတားအဆီးမရှိ သွားလာ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်၏။
အင်အားထောင်ချီ အသုံးပြုခဲ့သော စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် ဆိုသည့် အောင်ဇေယျစစ်ဆင်ရေး ဆိုသည်မှာလည်း ခြောက်လကြာမြင့်သည်အထိ အောင်မြင်မှုမရရှိဘဲ မရှုမလှ အရေးနိမ့်နေပြီး ယခုအခါ KNU နှင့် PDF တပ်ဖွဲ့များ၏ ပြန်လှန်ထိုးစစ်ဆင်မှုကိုပင် ခံနေရပြီဖြစ်၏။
နိဂုံး
သို့ဖြစ်ရာ ၂၀၂၄၊ ၂၀၂၅ ခုနှစ်တွင် တွေ့ရမည့် စစ်ရေးအခြေအနေမှာ ကချင်ပြည်နယ်တွင် စစ်ဆင်ရေးများ ပုံမှန်ရှိနေမည်။ စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် မန္တလေးမြောက်ပိုင်းတွင် စစ်ဆင်ရေးကြီးများ မြင်တွေ့ရနိုင်သည်။ ချင်းပြည်နယ်နှင့် မကွေးတိုင်း (ဧရာဝတီမြစ်အနောက်ခြမ်း) တွင် စစ်ရေးလှုပ်ရှားမှုများ အားကောင်းလာမည်။ ရခိုင်တွင် စစ်ရှိန်ပိုမြင့်လာပြီး ရခိုင်ရိုးမနှင့် ဧရာဝတီမြစ်ကြား (မကွေးတိုင်းမှ ဧရာဝတီတိုင်းအထိ) တွင် စစ်ရေးလှုပ်ရှားမှုအသစ်များ မြင်တွေ့ရမည်။
ကရင်၊ ကရင်နီနှင့် ရှမ်းတောင် ပင်လောင်း၊ ဆီဆိုင်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက် အားကောင်းနေမည်၊၊ တနင်္သာရီ၊ ပဲခူးတိုင်းတို့တွင် ပြောက်ကျားတိုက်ပွဲများ ပုံမှန်ရှိနေပြီး ရန်ကုန်တိုင်းတွင်လည်း ပြောက်ကျားလှုပ်ရှားမှုများ ယခုနှစ်ပိုင်းတွင် တိုးမြင့်လာဖွယ်ရှိ၏။
ကရင်၊ ကရင်နီနှင့် ရှမ်းတောင် ပင်လောင်း၊ ဆီဆိုင်ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက် အားကောင်းနေမည်၊၊ တနင်္သာရီ၊ ပဲခူးတိုင်းတို့တွင် ပြောက်ကျားတိုက်ပွဲများ ပုံမှန်ရှိနေပြီး ရန်ကုန်တိုင်းတွင်လည်း ပြောက်ကျားလှုပ်ရှားမှုများ ယခုနှစ်ပိုင်းတွင် တိုးမြင့်လာဖွယ်ရှိ၏။
မြန်မာပြည် ပြည်တွင်းစစ်တွင် တရုတ်တို့၏ ပါဝင်ပတ်သက်မှုသာမက အိန္ဒိယ၏ ပါဝင်ပတ်သက်မှုကို တွေ့မြင်ရနိုင်ဖွယ်ရှိပြီး မြန်မာပြည်စစ်ပွဲ အရှိန်လျော့ကျသွားဖွယ် မရှိပေ။
သို့ဖြစ်ရာ တရုတ်တို့က မြောက်ပိုင်း တိုင်းရင်းသားအဖွဲ့များအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ စည်းလုံးညီညွတ်မှုကို ဖြိုခွဲခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ လက်နက်ခဲယမ်း ရရှိနိုင်မည့် လမ်းကြောင်းများအား ဖြတ်တောက်ခြင်း၊ မြန်မာစစ်တပ်အား အသက်ဆက်ပေးရန် ကြိုးစားခြင်း၊ စီးပွားရေးအရ အကူအညီပေးခြင်းတို့ကြောင့် စစ်ကောင်စီအနေဖြင့် စီးပွားရေးအရ အတန်ငယ် အသက်ရှူချောင်နိုင်ပြီး စစ်လက်နက်နှင့် နည်းပညာအကူအညီ ရနိုင်သဖြင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ပိုမိုရုန်းကန်ရနိုင်သည်။
တရုတ်၏ ဖိအားနှင့် စွက်ဖက်မှုကြောင့် ရှမ်းမြောက်တွင် စစ်ရေးလှုပ်ရှားမှုများ ငြိမ်သက်ကောင်း ငြိမ်သက်သွားနိုင်၏။
သို့သော် ၁၀၂၇ စစ်ဆင်ရေး မတိုင်မီကနှင့် နှိုင်းစာလျှင် စစ်တပ်သည် မြို့ပေါင်း ၈၆ မြို့ခန့် ဆုံးရှုံးထားပြီး တပ်ရင်းဖွဲ့ဌာနချုပ် ၁၄၀ ခန့် စစ်အင်္ဂါစဉ်ထဲက ပျောက်ကွယ်သွားသည်။ အမ်းနှင့် တောင်ကုတ် ကျသွားပါက ထိုကိန်းဂဏန်းသည် ၁၅၀ ကျော်သွားမည်ဖြစ်၏။
ထို့ပြင် ကျန်တပ်ရင်း၊ တပ်ဖွဲ့အားလုံးနီးပါးမှာလည်း အထိနာနေ၏။ နှစ်လ၊ သုံးလသာ စစ်သင်တန်းပေးထားသည့် စစ်ရေးအတွေ့အကြုံမရှိ၊ တိုက်စိတ်ခိုက်စိတ် မရှိသည့် တပ်သားသစ်များဖြင့် အင်အားဖြည့်နေသည့် စစ်တပ်သည် စစ်အင်္ဂါစဉ်ထဲက ပျောက်ကွယ်သွားသည့် တပ်များကို ပြန်လည် အစားထိုး ဖွဲ့စည်းနိုင်မည် မဟုတ်သကဲ့သို့ အထိနာနေသော ကျန်နေသေးသည် တပ်မ၊ တပ်ရင်းများကို ပြန်လည် ဖြည့်တင်းရန်ပင် ခက်ခဲနေပေလိမ့်မည်။
စစ်တပ်သည် အရပ်ဘက်ပစ်မှတ်များအား လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ အရပ်သားကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း စသည့် ရက်စက်ကြမ်းကြုတ်မှုတို့ဖြင့် လူထုအား ခြိမ်းခြောက်မှုခြင်းသာ ပြုလုပ်နိုင်မည်။ ၂၀၂၄၊ ၂၀၂၅ ခုနှစ်အတွင်း လက်တွေ့စစ်မြေပြင်တွင် စစ်ရေးအရ အသာစီးရဖွယ် မရှိသည့်အပြင် စစ်တပ်၏ ရှုံးပွဲများ ရပ်တန့်သွားဖွယ်ရာ မရှိပေ။ ထို့ပြင် ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်လည်ရယူနိုင်ခြင်း ရှိမည်မဟုတ်ပေ။
လက်ရှိတွင် စစ်တပ်က ရှမ်းမြောက်နှင့် ကရင်နီတွင် ပြန်လှန်ထိုးစစ်ဆင်မည်ဟု လေသံပစ်နေသော်လည်း လက်တွေ့ ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။ စစ်တပ်၏ ကရင်ထိုးစစ်မှာ အရှုံးနှင့်ရင်ဆိုင်နေရပြီး ရခိုင်နှင့် ကချင်တွင် ပြန်လှန်ထိုးစစ်ဆင်မည်ဆိုသည့်အသံပင် မကြားရပေ။
တော်လှန်ရေးတပ်ဖွဲ့များအဖို့ လေကြောင်းရန်အပါအဝင် အခက်အခဲအချို့ကို ပိုမို ရင်ဆိုင်ဖြေရှင်းရမည် ဖြစ်သော်လည်း စစ်ရေးအောင်ပွဲများကို ဆက်လက်ရရှိနေမည်သာဖြစ်ပြီး စစ်ကောင်စီတပ် ပြိုကွဲမှုကို တားဆီး၍ရမည် မဟုတ်ပေ။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
စစ်ရှုံး မြန်မာစစ်ခေါင်းဆောင် တရုတ်သို့ ပထမဆုံးအကြိမ် သွား
မြန်မာ့တော်လှန်ရေးအင်အားစုများကို ဖြိုခွဲဖို့ တရုတ်အစိုးရ ကြိုးစားနေသည်
မြန်မာတွင် အားပြိုင်နေသော တရုတ်၏ အကျိုးစီးပွား
တရုတ်ပိတ်ဆို့မှု တပတ်အကြာ ရှမ်းမြောက်နှင့် ကချင်၌ စက်သုံးဆီပြတ်
မန္တလေး ကောင်စစ်ဝန်ရုံး ဗုံးပေါက်မှု တရုတ် အခက်တွေ့
စစ်ကောင်စီရဲ့ ရှမ်းမြောက် ပြန်လှန်ထိုးစစ် ဆိုသည်မှာ
စစ်ကောင်စီ အသက်ဆက်ဖို့ တရုတ်ကို အားထားနေရပြီ