သည်းထန်သော မိုးရာသီသည် နှစ်ကုန်ဆောင်းရာသီသို့ ဝင်ရောက်လာသောအခါ မြန်မာပြည်တွင်းစစ်အပေါ် အဓိက လွှမ်းမိုးနေသည့် မေးခွန်းတခု ပေါ်ပေါက်လာသည်။
စစ်ကောင်စီကို တိုက်နေသည့် ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစုများဘက်တွင် အချိန်က ရှိပေးနေသလားဆိုသည့် မေးခွန်းဖြစ်သည်။ သို့မဟုတ် တနည်းအားဖြင့် ဆိုရပါက ထိုအင်အားစုများ လွန်ခဲ့သောနှစ်က ရရှိခဲ့သည့် စစ်ရေးအရှိန်အဟုန်ကို လာမည့်နှစ်တွင် ဆက်လက် ထိန်းထားနိုင်မည်လားဆိုသည့် မေးခွန်းဖြစ်သည်။
“သိလျက်နှင့် သတိမမူမိသလို ဖြစ်နေခြင်းများ” နှင့် “သတိမမူနိုင်သည့် မသိခြင်းများ” ဖြစ်သည့် ပြည်တွင်းပြည်ပ အကြောင်းအချက်များ အပြန်အလှန် သက်ရောက်မှုကြောင့် ယနေ့တွင် ထိုမေးခွန်းပုံစံ နှစ်မျိုးလုံးအတွက် ရှင်းလင်းသောအဖြေ မရှိပေ။ သို့သော် စစ်ပွဲကို မကြာမီ မလွှဲရှောင်သာ သို့မဟုတ် အဆုံးအဖြတ်ပေးနိုင်သော ရိုက်ခတ်မည့် အဓိက ပကတိအခြေအနေ နှစ်ခုကို အလုံးစုံ မြင်နေရပြီ ဖြစ်သည်။
ပထမ ပကတိအခြေအနေမှာ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်သော နှစ်ချီကြာသည့် ၁၀၂၇ စစ်ဆင်ရေးမှ တော်လှန်ရေးအင်အားစုများ၏ အောင်ပွဲများကို ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ် နယ်စပ်ဒေသများတွင် ရရှိကြသည်။ ထိုဒေသများတွင် ဖွဲ့စည်းတည်ဆောက်မှု ကောင်းသည့် တိုင်းရင်းသားတပ်များသည် ရှင်းလင်းပြတ်သားသည့် ကွပ်ကဲမှုလမ်းကြောင်းများရှိသည့် တပ်ရင်းများ၊ တပ်မဟာများအဖြစ် ဖွဲ့စည်းပြီး ညှိနှိုင်းစစ်ဆင်ရေးများ ဆောင်ရွက်ကြသည်။
၎င်းတို့သည် မည်သည့်အခါကမှ အများပြည်သူသို့ မထုတ်ပြန်သည့် ထိခိုက်သေဆုံးမှုအဆင့်တခုကို ခံနိုင်ရည် ရှိသော်လည်း အချို့တိုက်ပွဲများ အထူးသဖြင့် ရှမ်းပြည်နယ်မှ လနှင့်ချီကြာသည့် လားရှိုးတိုက်ပွဲနှင့် ရခိုင်ပြည်နယ်မှ စစ်တပ်အားကောင်းသည့် နေရာများ ပတ်လည်ကို ရက်ဆက်ရှည်ကြာသည့် ဝိုင်းပတ်ပိတ်ဆို့မှုများက အသက် ထောင်နှင့်ချီ ပေးဆပ်ရမည်ကို သံသယဖြစ်စရာ မလိုပေ။
လာမည့်နှစ် စစ်ပွဲကို အဓိကအားဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် စွမ်းရည် များစွာနည်းသည့် သို့မဟုတ် ဖွဲ့စည်းတည်ဆောက်မှု များစွာ အားနည်းသော ဗမာလူမျိုးစု ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) က တိုက်ခိုက်မည် ဖြစ်သည်။
တဖက်တွင်လည်း လာမည့်နှစ် စစ်ပွဲကို အဓိကအားဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် စွမ်းရည် များစွာနည်းသည့် သို့မဟုတ် ဖွဲ့စည်းတည်ဆောက်မှု များစွာ အားနည်းသော ဗမာလူမျိုးစု ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) က တိုက်ခိုက်မည် ဖြစ်သည်။
လက်တွေ့တွင်လည်း ထိုအပြောင်းအလဲ စတင်နေပြီဖြစ်ပြီး PDF တပ်များသည် မန္တလေးကို ဒုံးကျည်ဖြင့် ပစ်နိုင်သည့် အကွာအဝေးသို့ ရွှေ့ပြောင်းလာပြီဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို သစ္စာခံသော၊ သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထောက်ပံ့သော စစ်ကိုင်း PDF သည် သေနင်္ဂဗျူဟာအရ အရေးပါသည့် ပင်လယ်ဘူးမြို့ကို အောက်တိုဘာလ ၈ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အခွင့်အလမ်း
လက်ရှိအချိန်တွင် ပဋိပက္ခကို ပုံဖော်နေသည့် ဒုတိယ ပကတိအခြေအနေမှာ စစ်ကောင်စီသည် ဆက်လက် ရှင်သန်ရေး တိုက်ပွဲကို အရှိန်မြှင့်တင်နေခြင်း ဖြစ်သည်။ လွန်ခဲ့သောနှစ်က လူအင်အား၊ ရုပ်ဝတ္တုပစ္စည်းနှင့် စိတ်ဓာတ်တို့ကို မကြုံဖူးသည့် ထိုးနှက်ချက်များကြောင့် စစ်ကောင်စီတခုလုံး လှုပ်ခါသွားသည်။
သို့သော် မပြီးဆုံးနိုင်သော ဆုတ်ခွာမှုများနှင့် ဖြစ်နိုင်ခြေရှိသော စစ်ကောင်စီပြိုလဲမှုကို တက်ကြွလွန် ဆောင်းပါးများက ဟောကိန်းထုတ်နေသော်လည်း စစ်တပ်ကို ဆယ်စုနှစ် ခုနစ်ခုကြာ အထောက်အကူပြုခဲ့သော စည်းကမ်းနှင့် အမိန့်နာခံမှုသည် တနှစ်အတွင်း ပျောက်ကွယ်သွားသည့် အထောက်အထား မရှိသလောက်ပင် ဖြစ်သည်။
တချိန်တည်းတွင် မြေပြင်မှ ဖြစ်ပျက်နေသည်များကို ကြည့်လျှင် လာမည့်နှစ်တွင် အရှိန်ရလာဖွယ်ရှိသော စစ်ကောင်စီ၏ ပြန်လည်ဖွဲ့ စည်းမှုလုပ်ငန်းစဉ် ပိုမိုမြန်ဆန်လာသည်။
ရုရှားနှင့် တရုတ်မှ သံတမန်ရေး၊ ရုပ်ဝတ္တုပစ္စည်းနှင့် အကြံဉာဏ်အားဖြည့်မှုများ နောက်ခံတွင် စစ်တပ်သည် အတင်းအကျပ် စစ်သားစုဆောင်းမှု ဆက်လက် ပြုလုပ်နေပြီး ယခုအခါ ခြောက်ကြိမ်အထိ ရှိပြီဖြစ်သည်။ ဧပြီလတွင် စတင်သည့် ထိုအစီအစဉ်သည် အနည်းဆုံး စာရွက်ပေါ်တွင် စစ်သားသစ် ၂ သောင်းကျော်ကို အင်အားကုန်ခန်းနေသည့် စစ်တပ်အတွင်း ထည့်သွင်းပြီးဖြစ်သည်။
အလွန်လိုအပ်နေသည့် လူအင်အားဖြည့်တင်းခြင်းသည် စစ်မြေပြင်စွမ်းရည် မည်မျှတိုးတက်စေမည်ကို ဆက်လက် စမ်းသပ်စောင့်ကြည့်ရမည် ဖြစ်သည်။ အတင်းအကျပ် စုဆောင်းထားသည့် စစ်သားများသည် စိတ်အားထက်သန်မှု မရှိဘဲ အခွင့်အရေးရသည်နှင့် ထွက်ပြေးမည့် တပ်ဖွဲ့သစ်များ မဖွဲ့စည်းဘဲ လက်တွေ့ စစ်မြေပြင်မှ တပ်ရင်းများကို အားဖြည့်ရန် ဖြန့်ကြက်နေသဖြင့် ထိုစမ်းသပ်မှုသည် တိုင်းတာရန် ခက်ခဲမည်ဖြစ်သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျိုးဇက် စတာလင်က နည်းပညာအရ နိမ့်ကျသည့် ဆိုဗီယက်တင့်ကားတပ်ကို ဂျာမန် ပန်ဇာတင့်ကားတပ်နှင့် ရင်ဆိုင်စဉ် ပြောကြားခဲ့သည့် ကျော်ကြားသော စကားအတိုင်းဆိုရပါက “အရေအတွက်သည် သူ့အတိုင်းအတာအရ အရည်အသွေးဖြစ်သည်” ဟု ဆိုရမည်ဖြစ်သည်။ ထိုပါးနပ်သော ဆိုဗီယက်အာဏာရှင်သည် မှန်ကန်ကြောင်း သက်သေပြခဲ့သည်။
သို့သော် ဒုတိယကမ္ဘာစစ်အတွင်း ဂျိုးဇက် စတာလင်က နည်းပညာအရ နိမ့်ကျသည့် ဆိုဗီယက်တင့်ကားတပ်ကို ဂျာမန် ပန်ဇာတင့်ကားတပ်နှင့် ရင်ဆိုင်စဉ် ပြောကြားခဲ့သည့် ကျော်ကြားသော စကားအတိုင်းဆိုရပါက “အရေအတွက်သည် သူ့အတိုင်းအတာအရ အရည်အသွေးဖြစ်သည်” ဟု ဆိုရမည်ဖြစ်သည်။ ထိုပါးနပ်သော ဆိုဗီယက်အာဏာရှင်သည် မှန်ကန်ကြောင်း သက်သေပြခဲ့သည်။
နည်းဗျူဟာအဆင့်တွင် စစ်တပ်၏ မောင်းသူမဲ့ လေကြောင်းစစ်ရေး ညွှန်ကြားရေးမှူးရုံးသည် စစ်ကောင်စီ၏ စိန်ခေါ်မှုမရှိခဲ့သော လေကြောင်းစွမ်းရည်အပေါ် သက်ရောက်မှုကို မြှင့်တင်ပေးနေသည်။ စစ်မြေပြင် တပ်ရင်းများသို့ ဒရုန်းများ ထည့်သွင်းခြင်းကို အရှိန်မြှင့်တင်ရန် ယခုနှစ် အစောပိုင်းက ထူထောင်ခဲ့သည့် ထိုညွန်ကြားရေးမှူးရုံးသည် တရုတ်၏ ရုပ်ဝတ္တုပစ္စည်းအကူအညီကြောင့် အကျိုးရှိနေသည်။
ယူကရိန်းစစ်ပွဲမှ ရရှိလာသည့် ရုရှား၏ကျွမ်းကျင်မှုသည်လည်း မြန်မာအတိုက်အခံများ အမြဲတမ်း လွှမ်းမိုးနိုင်ဖွယ် မရှိသည့် ဒရုန်းစစ်ပွဲတွင် ပါဝင်လာမည်မှာ သေချာလုနီးပါးဖြစ်သည်။
ထိုသို့ဆိုသော်လည်း စစ်ကောင်စီ၏ ကျဆင်းနေသော စွမ်းရည်အတွက် အဆိုပါ တိုးတက်မှုများသည် လာမည့်နှစ်တွင် အရှိန်ပိုမိုရလာဖွယ် ရှိသည့်တိုင် တဖွဲ့ချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ အရဲစွန့်လာသော တော်လှန်ရေးအင်အားစုအပေါ် အဆုံးအဖြတ်ကျသည့် အားသာမှုဖြစ်အောင် အရေးမပါသေးပေ။
နိုင်ငံအလယ်ပိုင်းဒေသတွင် စိတ်ဓာတ်ကျဆင်းနေသော စစ်တပ်၏ မြို့စောင့်တပ်သည် ကတုတ်ကျင်းများတွင် ခံစစ်အနေအထား၌ ဆက်လက်ရှိနေသည်။ စီစဉ်ထားသော စစ်တပ်၏ အဓိကကျသည့် တန်ပြန်ထိုးစစ်များက နယ်စပ်ဒေသများ၌ လူအင်အား၊ ယန္တရားလှုပ်ရှားမှုနှင့် ပူးပေါင်းစစ်ဆင်ရေး အတွေ့အကြုံ မရှိခြင်းတို့ကြောင့် နာလန်ထလာစေမည် မဟုတ်ပေ။
ပိုမိုဖြစ်နိုင်ခြေရှိသော အလားအလာမှာ လူအင်အားနှင့် စိတ်ဓာတ်ကို ထပ်မံကျဆင်းစေမည့် ခြွေစစ်တွင် စစ်တပ် ရှေ့သို့တက်လာခြင်း ရပ်ဆိုင်းမည့် အလားအလာဖြစ်သည်။ ထိုအခြေအနေသည် စစ်ကောင်စီ တန်ပြန်ထိုးစစ်ကို မန္တလေးသို့ ချဉ်းကပ်လမ်းများ၊ ထိုမြို့အရှေ့ဘက် ရှမ်းကုန်းမြေမြင့်မှ နောင်ချိုနှင့် မြောက်ဘက် ဧရာဝတီမြစ်ကမ်းမှ မတ္တရာတွင် အတားအဆီးဖြစ်စေသည်။
တချိန်တည်းတွင် ယခင်က ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် ကချင်ပြည်နယ်မှ KIA တို့သို့ ရောက်ရှိနေသည့် လောင်စာ၊ ခဲယမ်းနှင့် ဆေးဝါးတင်ပို့မှုကို နယ်စပ်တွင် ပိတ်ပင်ပြီး မြောက်ပိုင်းတွင် စစ်ပွဲကို တားဆီးရန် တရုတ်၏ ရည်မှန်းချက်ကြီးသော အားထုတ်မှုသည် အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသည်။
ကီလိုမီတာ ၂,၂၀၀ ရှည်သည့် နယ်စပ်ကို ထိထိရောက်ရောက် အကန့်အသတ်မရှိ ပိတ်နိုင်မည်ဟု တရုတ်က ယူဆခြင်းသည် မဖြစ်နိုင်သည့် အခြေအနေဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း မြန်မာစစ်တပ်ထံမှ သိမ်းဆည်းမိသည့် များပြားလှသော ခဲယမ်းများကြောင့် ရှေ့တန်းအတိုက်အခံတပ်များကို ပိတ်ဆို့ခြင်း၏ ထိရောက်မှုသည် လာမည်လများတွင် လျော့ကျလာမည်ဖြစ်သည်။
အလားတူစွာပင် တရုတ်က ဆူပူခြိမ်းခြောက်ခြင်းသည် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တက်ကြွသော စီးပွားရေးဉာဉ်ကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခြင်း ရှိ၊ မရှိကိုလည်း ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သည်။ UWSA သည် မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအတွက် နောက်ကွယ်မှ လက်နက် ထောက်ပံ့ရာတွင် အကျိုးအမြတ်ရနေသည်မှာ ကာလကြာမြင့်ပြီဖြစ်ပြီး အင်အားကောင်းကာ ကြားနေသည်ဟုဆိုသည့် အဖွဲ့ဖြစ်သည်။
ချိန်ခွင်လျှာသည် ၁၀၂၇ စစ်ဆင်ရေးနှစ်က ရရှိထားသည့် အရှိန်အဟုန်ကို အသုံးချရန်နှင့် ယိုင်နဲ့နေဆဲ စစ်တပ် ပြန်လည် တည့်မတ်ရန် အခွင့်အလမ်းမရမီ အားသာချက်ကို အကောင်းဆုံး အသုံးချရန် အတိုက်အခံများအတွက် ရှင်းလင်းသော အခွင့်အလမ်းကို လမ်းဖွင့်ပေးသည်။ ထိုအခွင့်အလမ်း မည်မျှ ကြာကြာပွင့်နေမည်ကို ခန့်မှန်းရန် ခက်ခဲသည်။
ထိုသို့သော နောက်ခံအခြေအနေတွင် လက်ရှိတပ်များ၏ ချိန်ခွင်လျှာသည် ၁၀၂၇ စစ်ဆင်ရေးနှစ်က ရရှိထားသည့် အရှိန်အဟုန်ကို အသုံးချရန်နှင့် ယိုင်နဲ့နေဆဲ စစ်တပ် ပြန်လည် တည့်မတ်ရန် အခွင့်အလမ်းမရမီ အားသာချက်ကို အကောင်းဆုံး အသုံးချရန် အတိုက်အခံများအတွက် ရှင်းလင်းသော အခွင့်အလမ်းကို လမ်းဖွင့်ပေးသည်။
ထိုအခွင့်အလမ်း မည်မျှ ကြာကြာပွင့်နေမည်ကို ခန့်မှန်းရန် ခက်ခဲသည်။ သို့သော် မြန်မာ၏ လျော့ရဲသော ဖက်ဒရယ် ဒီမိုကရက်တစ် မဟာမိတ်သည် ပြင်ပရုပ်ဝတ္တုပစ္စည်းနှင့် သံတမန်ရေးထောက်ခံမှု မရခြင်းကြောင့် အပြင်းအထန် စိန်ခေါ်ခံနေရပြီး စစ်အောင်ပွဲအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းရန် အချိန်နောက်ထပ် သုံး၊ လေးနှစ် ရမည်မဟုတ်ဟု သေချာပေါက် ပြောနိုင်သည်။ ဖြစ်နိုင်သည့်အချိန်ရရှိမှုသည် တနှစ် သို့မဟုတ် အလွန်ဆုံး နှစ်နှစ်သာ ရနိုင်ဖွယ်ရှိသည်။
အမြဲတမ်းတပ်များ
၂၀၂၅ ခုနှစ် ပဋိပက္ခ၏ အဓိကနေရာ မြန်မာနိုင်ငံအလယ်ပိုင်းမှ အတိုက်အခံများအတွက် လတ်တလော အရေးအကြီးဆုံးကိစ္စမှာ ဒေသအခြေစိုက် PDF များကို အမြဲတမ်းတပ်များဖြစ်စေရန် အခြေခံ စည်းရုံးရေးဖြစ်သည်။ အမြဲတမ်းတပ်များ မရှိလျှင် စစ်တပ်၏ အင်အားစုစည်းခြင်းကို ချေမှုန်းနိုင်မည် မဟုတ်ပေ။
ပထမတွင် ခရိုင်အဆင့်၊ ယင်းနောက်တွင် ဒေသအဆင့်အထိရှိ အမိန့်ပေး-ထိန်းချုပ်အောက်တွင်ရှိသော တပ်ရင်းများ၊ တပ်မဟာများအဖြစ် စုစည်းထားသည့် အမြဲတမ်းတပ် ထူထောင်မှ လွန်ခဲ့သော သုံးနှစ်အတွင်း တိုက်ခိုက်ခဲ့သည့် စစ်ပွဲ မရပ်တန့်ဘဲ ဆက်လက် ဆင့်ကဲတိုးတက်နေရမည် ဆိုသည်ကို တော်လှန်ရေးအင်အားစုက လက်ခံရာရောက်မည်။
အလျဉ်းသင့်သလို ပစ်ပြီး-ပြန်ဆုတ်သည့် တိုက်ခိုက်မှုများအတွက် အလိုအလျောက် ပေါ်ပေါက်လာသည့် ဒေသကာကွယ်ရေးနှင့် PDF များသည် ညှိနှိုင်းရွေ့လျား စစ်ဆင်ရေးများအတွက် ဖွဲ့စည်းကွပ်ကဲခြင်း မရှိပေ။ ၁၀၂၇ စစ်ဆင်ရေး အောင်မြင်မှုများနှင့် ကျဉ်းမြောင်းလာသည့် အခွင့်အလမ်းကြောင့် ပိုမိုကျယ်ပြန့်သည့် ထိုးစစ်အဆင့်သို့ တွန်းပို့နေသည့် ပဋိပက္ခတွင် ညှိနှိုင်းရွေ့လျားစစ်ဆင်ရေးများက ယခုအခါ မရှိမဖြစ် လိုအပ်နေသည်။
အမြဲတမ်းတပ်များ အလျင်အမြန် ဖွဲ့စည်းခြင်း၏ အရေးပါမှုကို အတိုက်အခံတို့၏ မကြာသေးမီက ပင်လယ်ဘူးမှအောင်ပွဲက အပြည့်အဝ ပြသနေသည်။ မြေပြင်မှ သတင်းများ မှန်ကန်တိကျပါက ထိုမြို့ကို သိမ်းပိုက်ခြင်းအား စစ်ကိုင်းတိုင်းတတိုင်းလုံးရှိ မြို့နယ် ၁၀ ခုကျော်မှ PDF အဖွဲ့ ၅၀ ခန့်ကို စုစည်းပြီး စစ်မြေပြင်သို့ စေလွှတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုအောင်ပွဲသည် သြဂုတ်လယ်မှ စတင်သည့် ၅၃ ရက်ကြာ တိုက်ပွဲ၏ အထွဋ်အထိပ်ဖြစ်သည်။
တော်လှန်ရေး သွေးစည်းခိုင်မာမှု၏ သင်္ကေတဖြစ်သော်လည်း ထိုးစစ်စစ်ဆင်ရေးနှင့် ပတ်သက်သည့် “အားလုံးပူးပေါင်းသည့် နည်းလမ်း” သည် အချိန်ကာလနှင့် မြို့ကြီးမြို့ငယ်များတွင် တပ်စွဲထားသည့် စစ်တပ်ကို တိုက်ခိုက်သည့်စစ်ပွဲအတွက် လေးနက်သောပုံစံ မဖြစ်လာသေးပေ။ ပင်လယ်ဘူးအား သိမ်းပိုက်ခြင်းကို စစ်ကိုင်းတိုင်းမြောက်ပိုင်းတွင် လှုပ်ရှားသည့် KIA အမြဲတမ်းတပ်များက ထောက်ကူသော်လည်း ထိုသို့သော ထောက်ကူမှုနှင့် အကြံဉာဏ်ကို တောင်ပိုင်းတွင် ရနိုင်မည် မဟုတ်ပေ။
အပြုသဘောဆောင်သည့် ရလဒ်များ ပိုမိုနည်းသည့် အလားတူ ပြဿနာများကို သြဂုတ်လလယ် PDF များ “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး” (MDSO) လုပ်သည့် မန္တလေးတိုင်းတွင် အထင်အရှား တွေ့ရသည်။ တိုတောင်းသော်လည်း ကောင်းစွာညှိနှိုင်းတိုက်ခိုက်သည့် တိုက်ပွဲတွင် ဒေသခံအဖွဲ့များသည် ပတ်ဝန်းကျင် မြို့နယ်အများအပြားမှ စစ်တပ်စခန်းများကို စီးနင်းတိုက်ခိုက်သော်လည်း စစ်ကောင်စီ လေကြောင်းစစ်ကူနှင့် မြေပြင်တပ်များ အလျင်အမြန် စုစည်းအားဖြည့်သောအခါ ပြန်လည်ဆုတ်ခွာရသည်။
MDSO ၏ တစိတ်တပိုင်းအဖြစ် သြဂုတ်လ ၁၉ ရက်နေ့က သိမ်းပိုက်ခဲ့သည့် ငါန်းမြာကြီးမြို့ကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်က မြေပြင်တပ်များ၊ လေကြောင်းတိုက်ခိုက်မှုနှင့် ဧရာဝတီမြစ်အတွင်းမှ ရေတပ်က အမြောက်ဖြင့် ပစ်ခတ်မှု စသည်တို့ ပါဝင်သည့် ပူးပေါင်းစစ်ဆင်ရေးဖြင့် ပြန်လည်သိမ်းယူသည်။
ဥပမာများမှ ဆွဲယူရမည့်ကောက်ချက်မှာ ဒွိဟပွားစရာ မရှိပေ။ အဓိကကျသည့် တိုင်းရင်းသား လက်နက်ကိုင်များ၏ တိုက်ရိုက်ထောက်ပံ့မှု မရှိလျှင် PDF များသည် စစ်တပ်ကို ချေမှုန်းရန် အလှမ်းဝေးနေရုံသာမက ခုခံနိုင်သည့် အဖွဲ့အစည်းဆိုင်ရာ ခံနိုင်ရည်နှင့် ထောက်ပံ့ရေးစွမ်းရည် မရှိဆိုသည့် ကောက်ချက်ရှိသည်။
ထိုဥပမာများမှ ဆွဲယူရမည့်ကောက်ချက်မှာ ဒွိဟပွားစရာ မရှိပေ။ အဓိကကျသည့် တိုင်းရင်းသား လက်နက်ကိုင်များ၏ တိုက်ရိုက်ထောက်ပံ့မှု မရှိလျှင် PDF များသည် စစ်တပ်ကို ချေမှုန်းရန် အလှမ်းဝေးနေရုံသာမက ခုခံနိုင်သည့် အဖွဲ့အစည်းဆိုင်ရာ ခံနိုင်ရည်နှင့် ထောက်ပံ့ရေးစွမ်းရည် မရှိဆိုသည့် ကောက်ချက်ရှိသည်။
လာမည့်နှစ်တွင် အကောင်းဆုံး PDF လူအင်အားနှင့် လက်နက်ပစ္စည်းများ စုစည်းရန်၊ ဒေသနယ်နိမိတ်များနှင့် ကွပ်ကဲမှုစနစ်ကို ကျော်လွန်သည့် ရွေ့လျားထိုးစစ် စစ်ဆင်ရေးအတွက် ပြင်ဆင်ထားသည့် အမြဲတမ်းတပ် ဖွဲ့စည်းရေးကို ဦးစားပေးရန် ပျက်ကွက်ခြင်းသည် ရေရှည်တွင် သေနင်္ဂဗျူဟာကျရှုံးမှု အန္တရာယ်ကို ရင်ဆိုင်ရဖွယ်ရှိသည်။
စစ်မြေပြင်တွင် တစတစ ရှုံးနိမ့်ခြင်း၊ လူထုထောက်ခံမှု ခြေကုန်လက်ပန်းကျလာခြင်းနှင့် အကျိုးစီးပွားဘက်ယိမ်းသော PDF များအား စစ်ကောင်စီ ကမကထပြု ပြည်သူ့စစ်အဆင့်ဖြင့် ဆွဲဆောင်ခြင်းတို့ကို ပြင်ပအကြောင်းရင်းများက ပိုမိုဆိုးရွားစေနိုင်သည်။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဦးဆောင်သည့် နိုင်ငံတကာ အသိုက်အဝန်းက ချီးကျူးဂုဏ်ပြ၍ဖြစ်စေ၊ စိတ်မပါလက်မပါဖြစ်စေ၊ စိတ်အားထက်သန်စွာဖြစ်စေ ကြိုဆိုမည်ဖြစ်သော စစ်ကောင်စီက ပြုလုပ်မည့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲအတုသည် အထင်ရှားဆုံး ဖြစ်လာမည် ဖြစ်သည်။
တပ်တည်ဆောက်ရေး အခြေခံများ
အသစ်ဖွဲ့စည်းထားသည် အမြဲတမ်းတပ်များသည်ပင် လာမည့် ပွင့်လင်းရာသီလများတွင် အရေးပါသည့် မြို့ပြဒေသများကို တိုက်ခိုက် ထိန်းချုပ်နိုင်စွမ်း မရှိနိုင်ပေ။ တော်လှန်ရေးအင်အားစုများ မြို့များကို သိမ်းပိုက်ရန် ကြိုးစားပါက အမြော်အမြင်မဲ့ပြီး မန္တလေးအရွယ်အစားရှိ အဓိကမြို့တမြို့ကို မည်သည့် တိုက်ခိုက်မှုမဆိုသည် ဆိုးရွားသော အကျိုးဆက်များ ဖြစ်စေကြောင်း ပြသနိုင်သည်။
သို့သော် စနစ်တကျ လက်နက်တပ်ဆင် ဖြန့်ကြက်ပါက အမြဲတမ်းတပ်များသည် အပြင်းအထန် စစ်ပန်းနေသည့်စစ်တပ်၏ အဓိက အသက်သွေးကြောများကို အကောင်းဆုံး ညှိနှိုင်းတိုက်ခိုက်မှုများဖြင့် ၁၀၂၇ စစ်ဆင်ရေး၏ အရှိန်အဟုန်ကို ထိန်းသိမ်းရာတွင် လွန်စွာထိရောက်ကြောင်း ပြသနိုင်သည်။
လေတပ်စခန်းများ၊ ခဲယမ်းစက်ရုံများ၊ လောင်စာဆီသယ် ယာဉ်တန်းများကို အလုံးအရင်းဖြင့် စီးနင်းတိုက်ခိုက်ခြင်းဖြင့် မြို့ပြထိန်းချုပ်ရေးတွင်သာ တဖြည်းဖြည်း ကန့်သတ်ထားနိုင်သည့် စစ်တပ်ကို သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ ဖြတ်တောက်နိုင်သည်။
လက်ရှိအချိန်အထိ လေတပ်စခန်းများကို ပြင်းထန်သော တိုက်ခိုက်မှု မလုပ်နိုင်ခြင်းသည် စစ်ပွဲ၏ မှတ်သားစရာ သွင်ပြင်များအနက် တခုဖြစ်ပြီး ဒေသခံ PDF များ စွမ်းရည်နှင့်သေနင်္ဂဗျူဟာ ဦးတည်ချက် ကင်းမဲ့ခြင်းကြောင့် ဖြစ်သည်။
အမြဲတမ်းတပ်များ ဖွဲ့စည်းခြင်း၏ စိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းရမည့် အဓိကခေါင်းဆောင်မှာ ဆုံးဖြတ်ချက် မချနိုင်သလောက် ဖြစ်နေသည့် NUG ဖြစ်သည်။ NUG သည် လုံလောက်စွာ ကျယ်ပြန့်သည့် တရားဝင်မှုနှင့် ဗမာအဓိကနေရာတွင် အခွင့်အာဏာ တစုံတရာရှိသည့် တခုတည်းသော အဖွဲ့အစည်းဖြစ်သည်။
အမြဲတမ်းတပ်များ ဖွဲ့စည်းခြင်း၏ စိန်ခေါ်မှုကို ကိုင်တွယ်ဖြေရှင်းရမည့် အဓိကခေါင်းဆောင်မှာ ဆုံးဖြတ်ချက် မချနိုင်သလောက် ဖြစ်နေသည့် NUG ဖြစ်သည်။ NUG သည် လုံလောက်စွာ ကျယ်ပြန့်သည့် တရားဝင်မှုနှင့် ဗမာအဓိကနေရာတွင် အခွင့်အာဏာ တစုံတရာရှိသည့် တခုတည်းသော အဖွဲ့အစည်းဖြစ်သည်။
ဝေဖန်သူများ၏ အမြဲတမ်းပစ်မှတ်ဖြစ်နေသော NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန (MoD) သည် ဘဏ္ဍာရေးနှင့် ထောက်ပို့မှုများကို PDF အချို့သို့ ပေးပို့နေသော်လည်း မြန်မာနိုင်ငံ အလယ်ပိုင်းတလျှောက်မှ PDF များအားလုံးသို့ ပေးပို့နိုင်ခြင်း မရှိသေးဘဲ အမည်ခံအားဖြင့် ၎င်းတို့ကို “တပ်ရင်းများ” အဖြစ် ပြန်လည်ဖွဲ့စည်းသည်။
များပြားလှသော အခြား ဗမာလက်နက်ကိုင်များသည်လည်း အရေးပါသောအခန်းမှ ပါဝင်နိုင်သည်။ ၎င်းတို့အနက် တဖွဲ့မှာ မူလက ကရင်ပြည်နယ်အရှေ့ပိုင်းတွင် အခြေစိုက်ပြီး အာရက္ခတပ်တော် (AA) က လေ့ကျင့်ပေးထားသည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဖြစ်သည်။
လွန်ခဲ့သောနှစ်များအတွင်း BPLA သည် ၁၀၂၇ စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် ရှမ်းပြည်မြောက်ပိုင်းတွင် ထိုးစစ်အတွေ့အကြုံ ရှိသည်။ အဖွဲ့ခေါင်းဆောင် မောင်ဆောင်းခက အင်အား ၁,၂၀၀ ရှိသည်ဆိုသော သူ့တပ်ကို မြန်မာနိုင်ငအလယ်ပိုင်းတွင် ပြန်လည် ဖြန့်ကြက်မည့် ရည်ရွယ်ချက်အား မကြာသေးမီက ထပ်မံပြောကြားသည်။
မန္တလေး PDF သည်လည်း အလားအလာရှိသည့် နောက်ထပ်တပ်ဖွဲ့တခု ဖြစ်သည်။ မန္တလေးမြို့တွင် မြို့ပြပြောက်ကျားစစ်ရေးလုပ်မည့် အိပ်မက်ကို စွန့်လွှတ်ပြီးနောက် ထိုအဖွဲ့သည် အင်အားကြီးသော တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ၏ အောက်တွင် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် နယ်စပ် တောင်တန်းများတွင် သင်ကြားလေ့ကျင့် ကြီးထွားလာသည်။
NUG ၏ အာဏာကို အသိအမှတ်ပြုပြီး မန္တလေး PDF သည် ယခုအခါ လေ့ကျင့်ထားသည့် အမြဲတမ်းစစ်သည် အနည်းဆုံး ၃,၀၀၀ ရှိပြီး TNLA ၏ ကွပ်ကဲထိန်းချုပ်မှုအောက်တွင် TNLA နှင့်အတူ လှုပ်ရှားသည်။
ယခုနှစ် ဇူလိုင်လမှစတင်ပြီး ထိုအဖွဲ့သည် မန္တလေးကို ခြိမ်းခြောက်ရန်နှင့် မြို့တောင်ဘက် စစ်တပ်က လွှမ်းမိုးနေသည့် မြေပြန့်ဒေသတွင် သြဇာချဲ့ထွင်ရန် တောင်ဘက် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတလျှောက်သို့ ရွှေ့ပြောင်းလာသည်။ ထိုနေရာသည် MDSO စစ်ဆင်ရေးပြုလုပ်သော နေရာလည်းဖြစ်သည်။
အခြား ပိုမိုသေးငယ်သည့် အမြဲတမ်းတပ် မရှိတရှိအဖွဲ့များတွင် TNLA စစ်ဆင်ရေးကွပ်ကဲမှုအောက်မှ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ပါဝင်သည်။ ABSDF သည် တပ်ဖွဲ့ဝင် ရာချီရှိသည့် သက်တမ်းရှည် အဖွဲ့အစည်းဖြစ်ပြီး စစ်ကိုင်းမြို့ အရှေ့မြောက်ဘက် အင်းတော်နှင့် ထီးချိုင့်ဒေသများမှ ပြင်းထန်သော တိုက်ပွဲများတွင် KIA နှင့်အတူ တိုက်ရင်း ထူးခြားသော ထိုးစစ်အတွေ့အကြုံရှိ အဖွဲ့အစည်းဖြစ်သည်။
မည်သူ ကွပ်ကဲထိန်းချုပ်မည်နည်း
သို့သော် ၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲထိန်းချုပ်မှုအပေါ် မူတည်သည်။ နောက်ဆက်တွဲအနေဖြင့် ကျဆုံးသော တော်လှန်ရေးတခု၏ ကြေကွဲစရာဇာတ်လမ်းကို မဖွင့်ဆိုရသေးသည့် ကိုယ်ရည်ကိုယ်သွေးနှင့် နိုင်ငံရေးပြဿနာများလည်း ရှိသည်။
အဓိကမေးခွန်းများကို မေးရန် လွယ်ကူသည်။ မြန်မာနိုင်ငံအလယ်ပိုင်းမှ သေနင်္ဂဗျူဟာကျသော စစ်ဆင်ရေးများ အကောင်အထည်ဖော်ရာတွင် ဦးဆောင်အခန်းမှ ပါဝင်ရန် NUG ၏ MoD တွင် ရည်မှန်းချက်၊ အခွင့်အာဏာနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည် ရှိပါသလား။
အဓိကမေးခွန်းများကို မေးရန် လွယ်ကူသည်။ မြန်မာနိုင်ငံအလယ်ပိုင်းမှ သေနင်္ဂဗျူဟာကျသော စစ်ဆင်ရေးများ အကောင်အထည်ဖော်ရာတွင် ဦးဆောင်အခန်းမှ ပါဝင်ရန် NUG ၏ MoD တွင် ရည်မှန်းချက်၊ အခွင့်အာဏာနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည် ရှိပါသလား။
တံခါးဖွင့်ထားသော “ယာယီတပ်ပေါင်းစု” သည် ဗမာနှင့် တိုင်းရင်းသား အဓိက ကွပ်ကဲမှုများမှ စစ်ဦးစီးချုပ်များကို စုစည်းပြီး NUG က ပူးတွဲဌာနချုပ် ဖွဲ့စည်းနိုင်ပါသလား။
အင်အားကြီးမားသော တိုင်းရင်းသားတပ်မတော်များသည် နိုင်ငံအလယ်ပိုင်းဒေသတွင် အမြဲတမ်းတပ်အတွက် သန္ဓေအဖြစ် ဖွဲ့စည်းမည့် ဗမာလူမျိုးစု PDF များအပေါ် ၎င်းတို့၏ တိုက်ရိုက် ကွပ်ကဲထိန်းချုပ်မှု သို့မဟုတ် စစ်ဆင်ရေးသြဇာ မျှဝေရန် စိတ်အားထက်သန်မှု ရှိမည်လား။
BPLA နှင့် ABSDF သည် NUG သို့မဟုတ် ပူးတွဲဌာနချုပ်၏ ကွပ်ကဲခွင့်အာဏာကို အသိအမှတ်ပြုရန် စိတ်အားထက်သန်ပါမည်လား၊ စစ်ဆင်ရေး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တောင်းရန် စိတ်အားထက်သန်မည်လား။
မေးစရာမလိုသည့်ကိစ္စမှာ မြန်မာစစ်တပ် ပိုမိုခိုင်မာစွာ အမြစ်တွယ်ထားသည့် ဗမာအများစု အလယ်ပိုင်းဒေသတွင် စစ်ကောင်စီကို အောင်နိုင်ရန် မြန်မာဖက်ဒရယ်ဒီမိုကရက်တစ် အတိုက်အခံသည် လက်ရှိအချိန်တွင် ရှိပြီးဖြစ်သည့် အခြေခံများကို အသုံးပြုပြီး ညှိနှိုင်းစစ်ဆင်ရေးများအတွက် အမြဲတမ်းတပ်များကို စေလွှတ်ရန် မကြာမီ လိုအပ်တော့မည် ဖြစ်သည်။
စစ်ရေးရည်မှန်းချက်တွင် ညီညွတ်ရန် နိုင်ငံရေးအရ ပျက်ကွက်ခြင်းသည် ရှုပ်ထွေးမှုများပျံ့နှံ့ခြင်း၊ သေနင်္ဂဗျူဟာ မညီညွတ်ခြင်းနှင့် နောက်ဆုံးတွင် သွေးစွန်းနေသော စစ်အာဏာရှင်စနစ်ကို အရာယွင်းအောင် မလုပ်နိုင်သည့် ရှုံးနိမ့်မှုကို ရင်ဆိုင်ရနိုင်သည်။
(Asia Times ပါ Anthony Davis ၏ Myanmar PDFs face a closing window of opportunity ကို ဘာသာပြန်သည်။ အန်တိုနီ ဒေးဗစ်သည် စစ်ရေးဆိုင်ရာ Janes စာစောင်၏ ဘန်ကောက်အခြေစိုက် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်သည်။)
You may also like these stories:
တော်လှန်ရေးအင်အားစုများ ပြန့်ကျဲသတဲ့လား
မြန်မာ့တော်လှန်ရေးအင်အားစုများကို ဖြိုခွဲဖို့ တရုတ်အစိုးရ ကြိုးစားနေသည်
နွေဦးတော်လှန်ရေးအတွက် ကြီးထွားလာနေသော အတွင်းအန္တရာယ်များ
မတ္တရာကို အင်အားသုံး စစ်ကြောင်းထိုးနေ၍ PDF စခန်းအချို့ ယာယီဆုတ်ခွာ
အရှိန်အဟုန် ကြီးလာနေသော မြန်မာ့တော်လှန်ရေး ဒီလှိုင်း