တရုတ်၏ မြန်မာအပေါ်သဘောထား ပြောင်းလဲနေသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် တရုတ်သည် မြန်မာ့ပြည်တွင်းနိုင်ငံရေးနှင့် ပတ်သက်ပြီး ရည်ရွယ်ချက်ရှိရှိ မရေမရာ သေနင်္ဂဗျူဟာ မူဝါဒကို ရွေးချယ်ခဲ့ပြီး မြန်မာစစ်ကောင်စီကို နိုင်ငံ၏ တရားဝင် အစိုးရအဖြစ်ထက် လက်တွေ့အလုပ်ဖြစ်မည့် အစိုးရအဖြစ် ဆက်ဆံသည်။
စစ်ကောင်စီက မြန်မာနိုင်ငံမြောက်ပိုင်းမှ ဆိုက်ဘာငွေကြေးလိမ်လည်မှု လုပ်ငန်းများကို ရှင်းလင်းရန် ပျက်ကွက်သည့် ၂၀၂၃ ခုနှစ်တွင် နယ်စပ်တည်ငြိမ်ရေးကို ကာကွယ်ရန် ၁၀၂၇ စစ်ဆင်ရေးကို မီးစိမ်းပြလိုက်သောအခါ တရုတ်၏ မူဝါဒသည် ပြောင်းလဲသွားပြီး ထိုဒေသတွင်းမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များ၏ အင်အားကို အကြီးအကျယ် မြှင်တင့်ပေးလိုက်သည်။
ယခုအခါ ထို EAO ကို မျက်နှာမူသည့် မူဝါဒသည် အနည်းဆုံး လတ်တလောအနေဖြင့် အဆုံးသတ်သွားသည်။ သြဂုတ်လလယ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၏ မြန်မာခရီးမှ စတင်ပြီး တရုတ်သည် စစ်ကောင်စီကို နိုင်ငံရေးအရ ထောက်ခံမှုတိုးမြှင့်ပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲအစီအစဉ်ကို လူသိရှင်ကြား တရားဝင်ထောက်ခံကာ မြောက်ပိုင်း EAO များကို ဝေဖန်ပြီး အကျပ်ကိုင်သည်။
သြဂုတ်လနှောင်းပိုင်းက တရုတ်အထူးသံတမန်နှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါင်းဆာင်တဦးအကြား အစည်းအဝေးမှတ်တမ်း ပေါက်ကြားလာခြင်းသည် မတော်တဆ မဟုတ်ဘဲ လားရှိုးကို မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) က သိမ်းပိုက်ထားခြင်းသည် ပြန်လည် ပြင်ဆင်မရတော့သည့် ကိစ္စဖြစ်သည်။ ထိုစဉ်မှ စတင်ပြီး တရုတ်က စစ်ကောင်စီကို ထောက်ခံသည်။
တရုတ်၏ သဘောထားပြောင်းလဲရသည့် အကြောင်းရင်းများစွာရှိသည်။ တရုတ်၏ ဦးစားပေးသည် ရွေးကောက်ပွဲဖြစ်ပြီး ထိုရွေးကောက်ပွဲသည် မြန်မာတွင် စာမျက်နှာသစ် ဖွင့်ပေးမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် လူသိရှင်ကြား ထောက်ခံသည်။
တရုတ်၏ သဘောထားပြောင်းလဲရသည့် အကြောင်းရင်း များစွာရှိသည်။ တရုတ်၏ ဦးစားပေးသည် ရွေးကောက်ပွဲဖြစ်ပြီး ထိုရွေးကောက်ပွဲသည် မြန်မာတွင် စာမျက်နှာသစ် ဖွင့်ပေးမည်ဆိုသည့် မျှော်လင့်ချက်ဖြင့် လူသိရှင်ကြား ထောက်ခံသည်။
သို့သော် တိုက်ပွဲပြင်းထန်လာခြင်းနှင့် ဆက်လက် ဖြစ်ပေါ်နေသော ဖရိုဖရဲအခြေအနေများသည် ထိုအလားအလာကို အန္တရာယ်ကျရောက်စေသည်။ မြန်မာစစ်တပ်သည် ရှမ်းပြည်မြောက်ပိုင်းမှ လားရှိုးကို ပြန်လည်သိမ်းပိုက်ရန် ရည်ရွယ်ပြီး စစ်ရေးလက်စားချေမှုများ ပိုမိုများပြားကာ တရုတ်သို့ ဒုက္ခသည်အများအပြား စီးဝင်မည်ဖြစ်သည်။
မြန်မာနှင့်ပတ်သက်သည့် တရုတ်၏ အစဉ်အလာ ချဉ်းကပ်ပုံနည်းလမ်းမှာ ဗမာနိုင်ငံတော်နှင့် EAO များအကြား ချိန်ခွင်လျှာညှိသော သေနင်္ဂဗျူဟာကို လိုက်နာရေးဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးကြောင့် သြဇာတက်လာပြီး ရဲတင်းလာသည့် မြောက်ပိုင်း EAO များ၊ အထူးသဖြင့် MNDAA သည် စစ်အာဏာသိမ်းမှုကြောင့် အန္တရာယ်ကျရောက်နေသည့် နိုင်ငံမှ အာဏာချိန်ခွင်လျှာကို ထပ်မံဖရိုဖရဲ ဖြစ်စေသည်။
မည်သို့ဆိုစေ EAO များအကြား နယ်မြေလုစစ်ပွဲသည် တရုတ်က စိတ်ဝင်စားသောကိစ္စ မဟုတ်ပေ။ အရေးကြီးသော ကိစ္စတခုမှာ ၁၀၂၇ စစ်ဆင်ရေးသည် စစ်ကောင်စီကို ဒဏ်ခတ်ပြီး အောင်မြင်သော်လည်း စစ်ကောင်စီကို ၂၀၂၄ ခုနှစ်အစောပိုင်းမှ စတင်ပြီး အမေရိကန် ပြည်ထောင်စုနှင့် ထိတွေ့ဆက်ဆံစေရေး တွန်းအားပေးသည်။
ချောင်ပိတ်မိသောအခါ စစ်ကောင်စီသည် တရုတ်၏ သြဇာကို ချိန်ခွင်လျှာညှိရန် အမေရိကန် ပြည်ထောင်စုနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးရှိရေး ကြိုးစားသည်။ ထို့ကြောင့် တရုတ်သည် စစ်ကောင်စီနှင့် မင်းအောင်လှိုင်ကို ထွက်ပေါက်ပေးရန် ရည်ရွယ်သည်။
မင်းအောင်လှိုင်ကို တရုတ်သို့ တရားဝင်ဖိတ်ခေါ်ခြင်းသည် တရုတ်က သူ့ကို မြန်မာခေါင်းဆောင်အဖြစ် ထောက်ခံ အတည်ပြုပြီး အရေးပါသည့်အချိန်တွင် ဘုံမြှောက်ပေးခြင်း ဖြစ်သည်။ ထိုခရီးသည် နှစ်နိုင်ငံ အစည်းအဝေးမဟုတ်ဘဲ နိုင်ငံစုံအစည်းအဝေးဖြစ်သည့် အနေအထား၊ ဘေဂျင်း မဟုတ်သည့် နေရာ၊ သမ္မတ ရှီကျင့်ဖျင် မဟုတ်ဘဲ ဝန်ကြီးချုပ်သာ တွေ့ဆုံသော တရုတ်ခေါင်းဆောင်များ စသည့် သတိထားစရာ အများအပြားရှိသည်။ သို့သော် သတင်းစကားမှာ ရှင်းလင်းသည်။ တရုတ်သည် လက်ရှိ အချိန်တွင် သူ့ကို ထောက်ခံသည်ဆိုသည့် သတင်းစကားသာ ဖြစ်သည်။
ထိုခရီးသည် ကြိုတင်စည်းကမ်းချက် မရှိသည်လည်း မဟုတ်ပေ။ တရုတ်က မင်းအောင်လှိုင်သည် အပစ်အခတ်ရပ်စဲရေး၊ စေ့စပ်ညှိနှိုင်းမှုများ၊ နိုင်ငံရေး ပြန်လည်သင့်မြတ်ခြင်းနှင့် ရွေးကောက်ပွဲတရားဝင်မှု တတ်နိုင်သမျှ ရှိရေး စည်းကမ်းချက်များကို လိုက်နာမည်ဟု မျှော်လင့်သည်။
အရေးအကြီးဆုံးမှာ နိုင်ငံကို ရွေးကောက်ပွဲမှတဆင့် လက်ရှိအကျပ်အတည်းမှ မည်သို့ ရှေ့ဆက်မည်နှင့်ပတ်သက်သည့် အစီအစဉ်ကို မင်းအောင်လှိုင်က တင်ပြစေလိုသည်။ တရုတ်၏ မျှော်လင့်ချက်မှာ စစ်ဘေးဒဏ်ခံ ဘော်လ်ကန်ဒေသသဖွယ် ဖြစ်နေသည့်နိုင်ငံကို တည်ငြိမ်မှု တစုံတရာပေးပြီး ပြန်လည် လည်ပတ်နိုင်စေသည့် ပြည်ပအင်အားကြီးဖြစ်ရန် မျှော်လင့်ချက်ဖြစ်သည်။
အရေးအကြီးဆုံးမှာ နိုင်ငံကို ရွေးကောက်ပွဲမှတဆင့် လက်ရှိအကျပ်အတည်းမှ မည်သို့ ရှေ့ဆက်မည်နှင့် ပတ်သက်သည့် အစီအစဉ်ကို မင်းအောင်လှိုင်က တင်ပြစေလိုသည်။ ပြည်ပအင်အားကြီးနိုင်ငံအနေဖြင့် တရုတ်၏ မျှော်လင့်ချက်မှာ စစ်ဘေးဒဏ်ခံ ဘော်လ်ကန်ဒေသသဖွယ် ဖြစ်နေသည့်နိုင်ငံကို တည်ငြိမ်မှု တစုံတရာပေးပြီး ပြန်လည်ပတ်နိုင်စေရန် ဖြစ်သည်။
စကားလုံးများတွင် ခွန်အားပါသည်။ ထောက်ခံမှုဆိုသည့် စကားတွင်လည်း အလားတူပင်ဖြစ်သည်။ ထိုအစီအစဉ်သည် ရိုးရှင်းသည်ဖြစ်စေ၊ မရိုးရှင်းသည်ဖြစ်စေ တရုတ်က လူသိရှင်ကြား လိုလားသည့် ကိစ္စများသည် ပါဝင်ပတ်သက်သူများ၏ စိတ်နှင့်သဘောထားအပေါ် သြဇာသက်ရောက်သည်။
စစ်တပ်ကို တရုတ်၏ ထောက်ခံမှုကြောင့် အောင်ပွဲရရန် မမျှော်လင့်နိုင်တော့ဟု ခံစားရသူများကို မူလအခြေအနေ သို့မဟုတ် နောက်ဆုတ်ရန်ပင် သြဇာလွှမ်းမိုးနိုင်သည်။
ထိုကိစ္စသည် စစ်ကောင်စီကို အတင့်ရဲစေသည်။ ယခင်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏သမက် ဒေါက်တာ နေစိုးမောင်ကို မကြာသေးမီက ဖမ်းဆီးလိုက်ခြင်းသည် တိုက်ဆိုင်မှု မဟုတ်ဘဲ မည်သည့် စစ်ခေါင်းဆောင်မှ သူ့နေရာတွင် အစားထိုးရန် မဖြစ်နိုင်ကြောင်း ပြသရန် ရည်ရွယ်သည့် အင်အားပြခြင်းဖြစ်သည်။
တရုတ်၏ အစီအစဉ်သည် အလုပ်ဖြစ်နိုင်သည်။ မည်သို့ဆိုစေ ရွေးကောက်ပွဲတခုသည် နိုင်ငံကို လက်ရှိ နိုင်ငံရေးအကျပ်အတည်းမှ ရှေ့ဆက်စေနိုင်ပြီး နိုင်ငံအချို့က ရလဒ်ကို လက်ခံမည်ဖြစ်ကာ နိုင်ငံတကာထောက်ခံမှု အတိုင်းအတာတခု ရမည်ဖြစ်သည်။
ယခုအချိန်သည် “၂၀၁၀ ပြည့်နှစ် မဟုတ်သောကြောင့်” နိုင်ငံနှင့် ပြည်သူများအနေဖြင့် ထိုရွေးကောက်ပွဲကို မည်သည့်အခါမှ လက်ခံမည်မဟုတ်ဟု ပြောသူများသည် အခြားရွေးချယ်စရာဖြစ်သည့် တော်လှန်ရေး ဆက်လက် ဆင်နွှဲခြင်းမှာ အကျပ်အတည်းနှင့် ရင်ဆိုင်ရပြီး လူတိုင်း လွန်စွာ အားအင်ကုန်ခန်းနေပြီဖြစ်သည်ကို နားလည်သဘောပေါက်ရန် လိုသည်။
စစ်တပ်၏ အာဏာနှင့် သဘောထားကို နေရာမပေးသည့် မည်သည့်အဆိုပြုချက် မဆိုသည် တရုတ်နှင့် အဆင်ပြေမည် မဟုတ်ကြောင်း တော်လှန်ရေးဘက်ကို မျက်နှာသာပေးရန် တရုတ်ကြားဝင်မှုကို မျှော်လင့်သူများ စဉ်းစားသင့်သည်။ တရုတ်တို့သည် မြန်မာနိုင်ငံရေးတွင် စစ်တပ်က လွှမ်းမိုးသည့် အခန်းကဏ္ဍမှ ကင်းလွတ်မည်ဟု မမြင်နိုင်ကြဘဲ ထိုသို့ဖြစ်နိုင်သည်ဟုလည်း မယုံကြည်ကြပေ။
သို့သော် ထိုအစီအစဉ်သည် တရုတ်အတွက်လည်း အန္တရာယ်ရှိသည်။ မင်းအောင်လှိုင်သည် တရုတ်စကားကို နားထောင်ပြီး ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးအဖြေရှာမည်ဆိုသည့် ယူဆချက်အပေါ် အခြေခံသည်။
သူသည် လက်စားချေမည် မဟုတ်ဟု အာမမခံနိုင်ပေ။ မင်းအောင်လှိုင်သည် ၁၀၂၇ စစ်ဆင်ရေး သင်ခန်းစာက သင်ကြားပေးထားသောကြောင့် ထိုသို့မလုပ်ရဲဘဲ အခြားရွေးစရာ မရှိဟု တရုတ်က ထင်ကောင်းထင်နိုင်သည်။ သို့တိုင် တရုတ်အလိုကျအတိုင်း သူနောက်ဆုံးလုပ်ခဲ့သည်ကို ပြန်စဉ်းစားရန် ခက်ခဲသည်။
ယခုအခါ တရုတ်၏ ထောက်ခံမှုဖြင့် သူသည် စစ်ရေးလက်စားချေမှုလုပ်ရန် အခွင့်အလမ်းကို နောင်တနေ့တွင် အသုံးချနိုင်သည်။ တရုတ်သည် ယုံကြည်မှု ဆုံးရှုံးမခံရဘဲ တနှစ်အတွင်း သဘောထားအကြီးအကျယ် ပြောင်းမည် မဟုတ်ပေ။
တရုတ်၏ စဉ်းစားသုံးသပ်ချက်တွင် ပါဝင်ပုံမရသည့် ပိုမိုစိန်ခေါ်မှုများသော ပြဿနာတခုမှာ မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ “အနိုင်ရရေး” အတင်းအကျပ်လုပ်ပြီး မြန်မာ၏ နောက်သမ္မတ ဖြစ်လာမည်လားဆိုသည့် ပြဿနာဖြစ်သည်။
သူသည် ထိုသို့ဆုံးဖြတ်ထားပြီး ရွေးကောက်ပွဲကပေးသည့် မည်သည့် တရားဝင်မှုအတိုင်းအဆ မဆိုသည် ဟာသတခုသာ ဖြစ်မည်။ မြန်မာနိုင်ငံ စာမျက်နှာသစ်လှန်ရန် တရုတ်၏ မျှော်လင့်ချက်သည် အချည်းနှီးသာ ဖြစ်မည်။
ထိုပြဿနာကို စနစ်တကျ ကိုင်တွယ်ခြင်း မရှိပါက တရုတ်အတွက် ပိုမိုကြီးမားသည့်အန္တရာယ်မှာ ၎င်း၏ထောက်ခံမှုကြောင့် တရုတ်ကို စစ်တပ်၏ ကြံရာပါအဖြစ် မြင်မည့်ပြဿနာ ဖြစ်သည်။ ထိုရွေးကောက်ပွဲသည် မြေပြင်မှ နိုင်ငံရေးနှင့်လုံခြုံရေး အခြေအနေကို တိုးတက်စေခြင်း မရှိပါက တရုတ်သည် ထိုသို့ ပေါင်းသင်းခြင်းကြောင့် ပစ်မှတ်ဖြစ်လာလိမ့်မည်။
ထိုပြဿနာကို စနစ်တကျ ကိုင်တွယ်ခြင်း မရှိပါက တရုတ်အတွက် ပိုမိုကြီးမားသည့်အန္တရာယ်မှာ ၎င်း၏ထောက်ခံမှုကြောင့် တရုတ်ကို စစ်တပ်၏ကြံရာပါအဖြစ် မြင်မည့်ပြဿနာ ဖြစ်သည်။ ထိုရွေးကောက်ပွဲသည် မြေပြင်မှ နိုင်ငံရေးနှင့်လုံခြုံရေး အခြေအနေကို တိုးတက်စေခြင်း မရှိပါက တရုတ်သည် ထိုသို့ ပေါင်းသင်းခြင်းကြောင့် ပစ်မှတ်ဖြစ်လာလိမ့်မည်။
မင်းအောင်လှိုင် တရုတ်သို့ သွားမည်ဆိုသည့်သတင်းများ ထွက်လာပြီးနောက် မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရခြင်းသည် တိုက်ဆိုင်မှုဖြစ်သည်ဟု ယူဆရန် ခက်ခဲသည်။
စစ်တပ်ကို သမားရိုးကျစစ်တွင် နိုင်မည့် မျှော်လင့်ချက် မရှိဟု အတိုက်အခံများ ယူဆပါက ၎င်းတို့သည် သမားရိုးကျ မဟုတ်သောစစ်နှင့် ပုန်ကုန်မှုနည်းဗျူဟာများသို့ ပြောင်းလာနိုင်သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ဂါထာဖြစ်သော တန်ပြန်တော်လှန်ရေးသမားများကို ဆန့်ကျင်ရန် “ပြည်သူ့စစ်ပွဲကို အသုံးပြုရေး” သည် မြန်မာတွင် ရေခံမြေခံကောင်းကို တွေ့ရမည်ဖြစ်သည်။ တရုတ်စီမံကိန်းများ၊ ပိုင်ဆိုင်မှုများနှင့် နိုင်ငံသားများကို တိုက်ခိုက်ခြင်း ပိုမိုများပြားလာပြီး မြန်မာလူထုထောက်ခံမှုပင် ရနိုင်သည်။ ထိုအခြေအနေသည် တရုတ်အတွက် နောက်ထပ် အိပ်မက်ဆိုးတခု ဖြစ်မည်ဖြစ်ပြီး ပါကစ္စတန်တွင် ထင်ရှားစွာဖြစ်နေသည်။
မြန်မာနှင့်ပတ်သက်သည့် တရုတ်၏မူဝါဒသည် မသိမသာ ပြောင်းလဲနေသည့် ပုံမှန်ချိန်ညှိမှုကို ဖြတ်သန်းနေသည်။ သို့သော် ပထမတွင် ၁၀၂၇ စစ်ဆင်ရေးမှ တဆင့်နှင့် နောင်တွင် စစ်တပ်ကို ပြန်လည် ကြိုဆိုခြင်းအထိ မကြာသေးမီက မူဝါပြောင်းလဲမှုများ၏ ရုတ်တရက် အရေးပါသည့် သဘောသဘာဝသည် မကြုံစဖူး ဖြစ်သည်။
တရုတ်တွင် သူ့ယုတ္တိဗေဒနှင့် သူ ရှိနိုင်သော်လည်း ထိုယုတ္တိဗေဒသည် မြန်မာနိုင်ငံ၊ မြန်မာစစ်တပ်၊ မြန်မာပြည်သူများနှင့် ပတ်သက်သည့် ယူဆချက်များအပေါ် အခြေခံသည်။ မည်သည့်အရာမှ မရေရာသေးပေ။ အန္တရာယ်သည် တရုတ်ရယူရန် မျှော်လင့်ထားသော အောင်မြင်မှုကဲ့သို့ပင် ကြီးမားထူးခြားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Yun Sun ၏ From Balkanization to Pakistanization: China’s Risk in Myanmar ကို ဘာသာပြန်သည်။ ယွန်ဆန်သည် စတင်မ်ဆန် စင်တာ၏ တရုတ် အစီအစဉ်ဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် အရှေ့အာရှ အစီအစဉ်ဆိုင်ရာ တွဲဖက်ညွှန်ကြားရေးမှူး ဖြစ်သည်။)
You may also like these stories:
တရုတ် ကျားကန်မှုဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပမည်
ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရသောကြောင့် တရုတ် ပြာယာခတ်
အငြိမ်းစား စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ စစ်ကောင်စီစေလွှတ်
စစ်ကောင်စီကို တရုတ်က ထောက်ခံလာသောအခါ
တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကြောင့် မုန်းတီးမှုနှင့် ဆန့်ကျင်မှုများ ဖြစ်စေ