အမေရိကန် သမ္မတလောင်း မစ္စတာ ဒေါ်နယ် ထရမ့်၏ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းနေစဉ် အချိန်အတွင်းတွင်ပင် မြန်မာနိုင်ငံတွင် ကမ္ဘာ့နိုင်ငံရေး စိန်ခေါ်မှု စစ်တုရင်ပွဲအသစ်တခု ဖြစ်ပေါ်နေသည်။
မြေရှားသတ္တု မြောက်မြားစွာ ထွက်ရှိမှု၊ ရှည်ကြာနေသော ပြည်တွင်းစစ်နှင့် ပြောင်းလဲနေသော ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်ဖွဲ့မှုတို့သည် မြန်မာပြည်ကို အမေရိကန်အစိုးရက အမြန်ဆုံးအာရုံစိုက်ရန် လိုအပ်ကြောင်း သက်သေပြရန် ဖန်တီးထားသကဲ့သို့ ဖြစ်နေပါသည်။
ဤအခြေအနေတို့သည် အမေရိကန်အတွက် အရေးကြီးသော နိုင်ငံခြားရေးမူဝါဒ စိန်ခေါ်မှုတခုကို ဖြစ်ပေါ်စေရုံသာမက အရှေ့တောင်အာရှရှိ အင်အားချိန်ခွင်လျှာကို ပြန်လည်ပုံဖော်ရန် တမူထူးခြားသော အခွင့်အလမ်းတခုကိုလည်း ပေးနေပါသည်။
မကြာသေးမီက မြန်မာ့တော်လှန်ရေး၏ စစ်ရေးဖြစ်ပေါ်တိုးတက်မှုများသည် မြန်မာနိုင်ငံ၏ ရှားပါးသတ္တုလုပ်ငန်းနှင့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုကို သိသိသာသာ ပြောင်းလဲစေခဲ့ပါသည်။
မြန်မာနိုင်ငံသည် လေးလံသော ရှားပါးမြေထုတ်ဓာတ်များ (heavy rare earth elements – HREEs) ၏ ကမ္ဘာ့အများဆုံး ထုတ်လုပ်သူအဖြစ် ပေါ်ထွက်လာပြီး တင်ပို့မှုတွင် တရုတ်နိုင်ငံကိုပင် ကျော်လွန်သွားခဲ့ပါသည်။ ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံသည် အိုင်ယွန် (ion) စုပ်ယူသည့် ရွှံ့စေးများမှ ရှားပါးမြေထုတ်ဓာတ် အောက်ဆိုဒ် (Rare Earth Oxides – REOs) တန်ချိန် ၅၀,၀၀၀ ခန့်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု အသင်း (Investment Association of China – IAC) ၏ သတ္တုတူးဖော်ရေး ခွဲတမ်းဖြစ်သော တန်ချိန် ၁၉,၀၀၀ ကို ကျော်လွန်ခဲ့သည်။
ဤသည်မှာ မြန်မာနိုင်ငံအနေဖြင့် လေးလံသော မြေရှားသတ္တုအောက်ဆိုဒ် REOs ၏ ထိပ်တန်း ကမ္ဘာ့တင်ပို့သူအဖြစ် ရပ်တည်စေခဲ့ပြီး တင်ပို့မှုများသည် ကမ္ဘာလုံးဆိုင်ရာ လေးလံသော ရှားပါးမြေထုတ်ဓာတ် ထောက်ပံ့မှု၏ ၅၀ ရာခိုင်နှုန်းအထိ ရှိနေသည်။
ရှားပါးမြေသတ္တုများသည် ခေတ်သစ် စစ်ရေးနှင့် နည်းပညာတွင် အလွန်အရေးပါသည်။ ၎င်းတို့ကို အားကောင်းသော အမြဲတမ်းသံလိုက်များတွင် အသုံးပြုပြီး ဒုံးကျည်လမ်းညွှန်စနစ်များ၊ ရေဒါ၊ ဆိုနာနှင့် အီလက်ထရောနစ်စစ်ရေးစနစ်များအတွက် အထူး အရေးပါ ပါသည်။
နီယိုဒီမီယမ်နှင့် ဆမေရီယမ်ကဲ့သို့သော ရှားပါးမြေသတ္တုများသည် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုသော ခိုင်ခံ့သည့် သံလိုက်များကို ဖန်တီးရန် အထူးအရေးကြီးသည်။ ထို့ပြင် ရှားပါးမြေသတ္တုများသည် ဂျက်လေယာဉ်အင်ဂျင်များ၊ လေဆာများနှင့် တိကျသော ပဲ့ထိန်းလမ်းညွှန်လက်နက်များ (guided missiles) ကဲ့သို့သော ခေတ်မီစစ်ဘက်နည်းပညာများ၏ လုပ်ဆောင်မှုအတွက် အထူးအရေးကြီးသည်။
နီယိုဒီမီယမ်နှင့် ဆမေရီယမ်ကဲ့သို့သော ရှားပါးမြေသတ္တုများသည် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများတွင် အသုံးပြုသော ခိုင်ခံ့သည့် သံလိုက်များကို ဖန်တီးရန် အထူးအရေးကြီးသည်။ ထို့ပြင် ရှားပါးမြေသတ္တုများသည် ဂျက်လေယာဉ်အင်ဂျင်များ၊ လေဆာများနှင့် တိကျသော ပဲ့ထိန်းလမ်းညွှန်လက်နက်များ (guided missiles) ကဲ့သို့သော ခေတ်မီစစ်ဘက်နည်းပညာများ၏ လုပ်ဆောင်မှုအတွက် အထူးအရေးကြီးသည်။
မြန်မာနိုင်ငံတွင် ဆက်လက် ဖြစ်ပွားနေသော ပြည်တွင်းစစ်၏ လတ်တလောဖြစ်ရပ်များကြောင့် မြေရှားသတ္တုနှင့် ဆက်နွယ်သော ကမ္ဘာ့နိုင်ငံရေးအခြေအနေတို့ကို ပိုမို ရှုပ်ထွေးလာစေခဲ့ပါသည်။ မြန်မာနိုင်ငံရှိ အတိုက်အခံတပ်ဖွဲ့များ၊ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ လှုပ်ရှားရာဒေသများတွင် တိုင်းပြည်တဝန်း သိသာထင်ရှားသော အောင်မြင်တိုးတက်မှုများ ရရှိခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ညီနောင်မဟာမိတ် သုံးဖွဲ့မှ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ထိုးစစ်တွင် တော်လှန်ရေးတပ်ဖွဲ့များသည် စစ်တပ်စခန်း ၅၀၀ ကျော်နှင့် အဓိကကျသော မြို့များစွာကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စု၏ ထိန်းချုပ်မှုနှင့် စိတ်ဓာတ်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။
အရေးပါသော တိုးတက်မှုတခုအနေဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလလယ်ပိုင်းတွင် မြန်မာ၏ ရှားပါးသတ္တုတူးဖော်ရေးဒေသကို ထိန်းချုပ်နိုင်ခဲ့သည်။ KIA သည် ပန်ဝါ၊ ချီဖွေ၊ ဖီမော်နှင့် ဆော့လော်ရှိ ထုတ်လုပ်ရေးနေရာများပါဝင်သော ထိပ်တန်းသတ္တုတွင်း ဗဟိုဌာနကို သိမ်းပိုက်နိုင်ခဲ့သည်။
ဤသိမ်းပိုက်မှုသည် သတ္တုတူးဖော်ရေးလုပ်ငန်းများကို ထိရောက်စွာ ရပ်တန့်စေခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်ကို ပျက်ပြားစေသည်။ KIA ၏ နယ်မြေသိမ်းပိုက်မှုမှ အကျိုးအမြတ် မရရှိစေရန် တရုတ်က လက်တုံ့ပြန်သည့် ကုန်သွယ်ရေးပိတ်ဆို့မှု ဖြစ်စေခဲ့သည်။
တရုတ်နိုင်ငံသည် ကမ္ဘာ့ရှားပါးမြေသတ္တု ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းခန့်နှင့် ပြုပြင်ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားသဖြင့် အမေရိကန်နိုင်ငံ၏ ကာကွယ်ရေးနှင့် နည်းပညာကဏ္ဍများအတွက် အသစ်ခန့်အပ်ရန် ရွေးချယ်ထားသော ထရမ့်အစိုးရအဖွဲ့ဝင်များသည် လွန်ခဲ့သော နှစ်အတန်ကြာကပင် စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြသည်။
ထို့ကြောင့် ထရမ့်အစိုးရသစ်သည် ဤအရေးကြီးသော သယံဇာတများကို ရယူနိုင်ရန် တရုတ်၏ ဈေးကွက်စိုးမိုးမှုအား တုံ့ပြန်ရေး ဗျူဟာများ ချမှတ်ဆောင်ရွက်သွားမည်ဟု ယူဆနိုင်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည့် ဖလော်ရီဒါ အထက်လွှတ်တော်အမတ် မစ္စတာ မာကို ရူဘီရိုသည် ရှားပါးမြေသတ္တုဈေးကွက်တွင် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို နှစ်ပေါင်းများစွာ အသံကျယ်လောင်စွာ ဝေဖန်ခဲ့သူဖြစ်သည်။
အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်မည့် အောက်လွှတ်တော်အမတ် မစ္စတာ မိုက်ကယ် ဝေါ့လ်ဇ်သည် တရုတ်နိုင်ငံအပေါ် အလားတူ သဘောထားတင်းမာသော အမြင်များ ရှိသည်။
ဤအစိုးရသစ်သည် အမေရိကန်၏ နည်းပညာအနာဂတ်ကို အာမခံချက်ပေးရန် ရေရှည်မဟာဗျူဟာသစ်တခုကို ချမှတ်ရန် အခွင့်အလမ်း ရှိပါသည်။
အမေရိကန်နိုင်ငံက မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ပံ့ခြင်းဖြင့် ဒီမိုကရေစီအပေါ် ၎င်း၏ကတိကဝတ်ကို ပြန်လည် အတည်ပြုနိုင်မည်ဖြစ်ပြီး တချိန်တည်းတွင် အရေးကြီးသော ဒေသတွင်း မဟာဗျူဟာမြောက် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကာ မျိုးဆက်သစ် ထုတ်လုပ်ရေးလုပ်ငန်းများ (next generation products) အတွက် အရေးပါသော သယံဇာတများအပေါ် တရုတ်၏ လက်ဝါးကြီးအုပ်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း အမေရိကရှိ မြန်မာများက သူတို့၏ မဲဆန္ဒနယ်မှ ရွေးကောက်ခံ ကိုယ်စားလှယ်များကို သတိပေး တောင်းဆိုသင့်သည်။
သူတို့ မသိ၍ မဟုတ်ပါ။ အမေရိကန်တွင် ထောက်လှမ်းရေး အဖွဲ့ ၁၈ ခု ရှိ၍ သူတို့ မသိတာ သိပ်မရှိပါ။ သို့သော် မြန်မာအတွက် ကြေးစားလော်ဘီများ၏ တောင်းဆိုမှုများကို လွှတ်တော်က ပိုမိုအလေးထားပြီး ထိုလော်ဘီများကလည်း မြန်မာ့အရေးကို တပြည်လုံးအကျိုးထက် သူတို့ဝင်ငွေရမည့် အစိတ်အပိုင်းတခုအတွက်သာ အလေးထား လုပ်ဆောင်ကြကြောင်းကို အတွေ့အကြုံရှိခဲ့ပါသည်။
သူတို့ မသိ၍ မဟုတ်ပါ။ အမေရိကန်တွင် ထောက်လှမ်းရေး အဖွဲ့ ၁၈ ခု ရှိ၍ သူတို့ မသိတာ သိပ်မရှိပါ။ သို့သော် မြန်မာအတွက် ကြေးစားလော်ဘီများ၏ တောင်းဆိုမှုများကို လွှတ်တော်က ပိုမိုအလေးထားပြီး ထိုလော်ဘီများကလည်း မြန်မာ့အရေးကို တပြည်လုံးအကျိုးထက် သူတို့ဝင်ငွေရမည့် အစိတ်အပိုင်းတခုအတွက်သာ အလေးထား လုပ်ဆောင်ကြကြောင်းကို အတွေ့အကြုံရှိခဲ့ပါသည်။
မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသားတို့သည် ဥပဒေအရ မိမိ၏ လွှတ်တော်ကိုယ်စားလှယ်တို့အား တိုက်ရိုက် ဆက်သွယ်တောင်းဆိုခွင့် ရှိပါသည်။ ဤအခွင့်အရေးကို အသုံးချ၍ သိပ်အပန်းမကြီးဘဲ မြန်မာနိုင်ငံကို ထိရောက်စွာ ကူညီနိုင်ပါသည်။
အမတ်များ၊ ဝန်ကြီးများနှင့် တိုက်ရိုက်သိကျွမ်းရန် မလိုပါ။ ဤသို့သော လုပ်ဆောင်မှုမျိုးကို သူတို့၏ စားပေါက်ထိခိုက်နိုင်ခြေရှိ၍ မြန်မာများ မလုပ်ရန် စိတ်ဓာတ်ကျအောင် ပြောဆိုနေကြသော နိုင်ငံခြားသားလော်ဘီများနှင့် သူတို့ကို ကူညီနေသော မြန်မာအများကိုလည်း တွေ့ဖူးခဲ့ပါသည်။
သူတို့ကို လျစ်လျူရှု၍ ဤကဲ့သို့ အပန်းမကြီးသော မြန်မာ့အတွက် ကူညီမှုတို့ကို စိတ်ဓာတ်မလျှော့ဘဲ လုပ်ဆောင်ကြရန် တိုက်တွန်းပါသည်။ အရှုံးမရှိပါ။ အောင်မြင်ခြေရှိ၍ တားဆီးနေကြကြောင်းကို သတိပြုမိပါ။
အမေရိကန် အောက်လွှတ်တော်တွင် အမတ် ၄၃၅ ယောက်၊ အထက်လွှတ်တော်တွင် အမတ် ၁၀၀ ရှိပါသည်။ မြန်မာအများရှိနေသော မဲဆန္ဒနယ်မြေ များစွာရှိမည်ဟု ယူဆပါသည်။ များများသိလေ ကောင်းလေဖြစ်ပါသည်။
ထို့ပြင် ကမ္ဘာတွင်ရှိသော နိုင်ငံအများစုမှ လူများ အမေရိကန်တွင် ရှိကြပါသည်။ နိုင်ငံတိုင်းတွင်လည်း ပြဿနာ အနည်းနှင့်အများ ရှိကြပါသည်။ အမေရိကန်တွင် ထောက်လှမ်းရေးအဖွဲ့ မည်မျှရှိရှိ အမတ်များ၊ အရာရှိများ၏ မြန်မာပြည်အပေါ် စိတ်ဝင်စားမှုကို မြန်မာတို့အသံ များစွာ မပြုဘဲ တည်ဆောက်၍ မရနိုင်ပါ။
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရှားပါးသတ္တု ပြုပြင်ထုတ်လုပ်မှု စွမ်းဆောင်ရည်၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားသော်လည်း ၎င်း၏ ထုတ်လုပ်မှုအများစုကို သူတို့၏ ပတ်ဝန်းကျင်ထိခိုက်မှု (environmental degradation) လျော့စေရန် မြန်မာနိုင်ငံသို့ ထိရောက်စွာ ပြည်ပတွင်ရွှေ့ပြောင်း (outsource) လုပ်ပြီး လုပ်ကိုင်စေခဲ့ပါသည်။
တရုတ်အစိုးရသည် မိမိ၏ အကျိုးအတွက် စစ်ကောင်စီတပ် အကျိုးစီးပွားကိုသာ ဖြစ်ထွန်းစေသော အတုအယောင် ရွေးကောက်ပွဲများနှင့် အတင်းအကျပ် အပစ်အခတ်ရပ်စဲရေးများကိုသာ အစဉ်တစိုက် အားပေးမြှင့်တင်ခဲ့ပါသည်။
တရုတ်အစိုးရသည် မိမိ၏ အကျိုးအတွက် စစ်ကောင်စီတပ် အကျိုးစီးပွားကိုသာ ဖြစ်ထွန်းစေသော အတုအယောင် ရွေးကောက်ပွဲများနှင့် အတင်းအကျပ် အပစ်အခတ်ရပ်စဲရေးများကိုသာ အစဉ်တစိုက် အားပေးမြှင့်တင်ခဲ့ပါသည်။
တရုတ်နိုင်ငံ၏ ချဉ်းကပ်မှုသည် မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများနှင့် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် လမ်းအစီအစဉ် (BRI) အတွက် အရေးကြီးသော ပထဝီအနေအထား အပါအဝင် ၎င်းတို့၏ ပထဝီနိုင်ငံရေး အားသာမှုကိုသာ အဓိကထား၍ မြန်မာပြည်သူတို့၏ ဆန္ဒကို လုံးဝ လျစ်လျူရှုနေသောကြောင့် မြန်မာပြည်သည် အရှည်သဖြင့် အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် တည်ငြိမ်ရန် အလားအလာ မရှိကြောင်း ကမ္ဘာကို သိစေရန် လိုအပ်ပါသည်။
မြန်မာ၏ ပထဝီအနေအထားနှင့် သမိုင်းအစဉ်အလာ ဆက်သွယ်မှုများကြောင့် တိဘက်၊ မြောက်ကိုရီးယားတို့ကဲ့သို့ ကမ္ဘာနှင့် လွယ်ကူစွာ အဆက်ဖြတ်ထားရန် မလွယ်ကူကြောင်း တရုတ်သာမက ကမ္ဘာကပါ နားလည်ကြပါသည်။
(ဂျိမ်းရွှေသည် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတဦး ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုတွင် အခြေချနေထိုင်သည်မှာ နှစ် ၄၀ ရှိပြီဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေး တစိုက်မတ်မတ် စည်းရုံးလှုံ့ဆော်နေသူ ဖြစ်သည်။)
You may also like these stories:
ကချင်နယ်စပ်က မရေရာမှုကြောင့် တရုတ်မြေရှား ဈေးတက်
တရုတ်အပေါ် သဘောထားတင်းမာသူများ ထရမ့်အစိုးရတွင် ဦးဆောင်ခန့်ထား
ပန်ဝါဒေသ မြေရှားသတ္တုလုပ်ငန်း ပြန်စဖို့ KIA ပြင်ဆင်
မြေရှားသတ္တု အနာဂတ်ပိုင်ရှင်သစ် KIA ဖြစ်လာ
မြန်မာ့မြေရှားသတ္တု တူးဖော်မှုက အနာဂတ်ကိုဖျက်ပြီး ပစ္စုပ္ပန်ကိုလည်း အဆိပ်ခတ်နေ
မြေရှားသတ္တုတူးနေကြသော တရုတ်-မြန်မာ နယ်စပ်က “စတေးခံဇုန်များ”
မြေရှားသတ္တုတူးဖော်ခြင်းက ဘဝပျက်ကိန်းကြုံနေရ
တရုတ် ကျောထောက်နောက်ခံပြု တရားမဝင် မြေရှားသတ္တု တူးဖော်မှု များပြားလာ