စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် လတ်တလောတွင် တရုတ်ကို ပေးထားရသည့်ကတိများ တည်ရေး ယုံကြည်မှု တည်ဆောက်ရန် အရေးကြီးနေသည်။ တရုတ်က စိတ်ပျက်ပြီး သူ့ဘက်ကို မရပ်တည်တော့ဘဲ အခြားဘက်ကို ရပ်တည်သွားပါက ၁၀၂၇ စစ်ဆင်ရေးကဲ့သို့သော အခက်အခဲများကြောင့် ဘေးကျပ်နံကျပ် ထပ်ကြုံနိုင်သည်။
စစ်ကောင်စီသည် ထိုကဲ့သို့ ထပ်ကြုံရပါက ခံနိုင်ရည်ရှိသည့် အနေအထားတွင် မရှိတော့ပေ။ ထို့ကြောင့် တရုတ်ဘက်က ယုံကြည်မှုကို ရရှိရန်အတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပထမဆုံးအနေဖြင့် သူဦးဆောင်သည့် အာဏာသိမ်း စစ်ကောင်စီအဖွဲ့ကို ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းပြီး ယုံကြည်မှုကို စတင် တည်ဆောက်ဖွယ်ရှိနေသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်မှ ပြန်လာပြီးချိန်ကတည်းက စစ်ကောင်စီအဖွဲ့နှင့် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်နေရာများ အပြောင်းအလဲ ဖြစ်တော့မည်၊ ရွေးကောက်ပွဲ လုပ်တော့မည်ဆိုသည့် စကားသံများကို စစ်တပ်အတွင်း၌ ကြားလာခဲ့ရသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၏ နေပြည်တော်ခရီးစဉ်အပြီးတွင် ‘အဘ တပ်ချုပ်ကြီးနှင့် တရုတ် ညှိလိုက်ပြီး ရှမ်းမြောက်လည်း ပြန်ရတော့မည်’ ဆိုသည့် စကားသံများ ထွက်ပေါ်ခဲ့သေးသည်။ ယခုတခါ ‘အဘ တပ်ချုပ်ကြီးကို တရုတ်က တရားဝင် လာခွင့်ပေးလိုက်ပြီ၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းက အခင်းအကျင်းမျိုး အပြောင်းအလဲ ဖြစ်တော့မည်’ ဆိုသည့် စကားသံများသည် နောက်ထပ် ထွက်ပေါ်လာသည့် စစ်ကောင်စီ တပ်တွင်းက စကားသံများ ဖြစ်၏။
အာဏာသိမ်းပြီး အစောပိုင်းကာလများတွင် စစ်ခေါင်းဆောင်အနေဖြင့် စစ်တပ် အာဏာသိမ်းမှုကို ပြည်တွင်း ပြည်ပက လက်ခံပေးလာရန် အာဏာသိမ်းခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခြောက်လ သက်တမ်း လေးကြိမ်၊ နှစ်နှစ်သာ သူ့အနေဖြင့် သိမ်းလို့ရမည်ဟု ပြောခဲ့သည်။
အာဏာသိမ်းပြီး အစောပိုင်းကာလများတွင် စစ်ခေါင်းဆောင်အနေဖြင့် စစ်တပ် အာဏာသိမ်းမှုကို ပြည်တွင်း ပြည်ပက လက်ခံပေးလာရန် အာဏာသိမ်းခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခြောက်လ သက်တမ်း လေးကြိမ်၊ နှစ်နှစ်သာ သူ့အနေဖြင့် သိမ်းလို့ရမည်ဟု ပြောခဲ့သည်။
သို့သော် လေးကြိမ်မြောက် သက်တမ်းတိုးရမည့် ကာလတဝိုက်မှစပြီး နိုင်ငံတော်သည် ပုံမှန်အခြေအနေတွင် ရှိမနေသေးဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်အာဏာသိမ်းကာလကို ဆွဲဆန့်နေခဲ့သည်။
၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ လုပ်ပေးမည်ဟု လေသံပစ်ခဲ့သည့် စစ်ကောင်စီအနေဖြင့် နွေဦးတော်လှန်ရေးကာလအတွင်း အချိန်ကြာလာသည်နှင့်အမျှ နေရာစုံတွင် စစ်ရှုံးနေခဲ့သလို ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်းတို့ကြောင့် ရှမ်းမြောက်နှင့် ရခိုင်ဒေသတွင် အကြီးအကျယ် စစ်ရှုံးခဲ့ရသည်။
ထို့အတူ ၀၃၀၇ စစ်ဆင်ရေးကြောင့်လည်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင် လက်လွှတ် ဆုံးရှုံးရသည့် နယ်မြေများစွာ ရှိလာခဲ့သည်။ စစ်ရှုံးမှုကို ကာမိစေရန်အတွက် စစ်မှုထမ်းဥပဒေကို အသည်းအသန် အကောင်အထည် ဖော်နေရပြီး စစ်သားသစ်ရအောင် ပေါ်တာဆွဲရသည့်အထိ ဖြစ်လာခဲ့သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို လက်လွှတ်လိုက်ရပြီး ၁၁ ရက်အကြာ ဩဂုတ်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ နေပြည်တော်သို့ ရောက်လာခဲ့ပြီး ခရီးစဉ်အတွင်း မစ္စတာ ဝမ်ယိက မြန်မာပြည်တွင်းမှ တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို ပြင်းပြင်းထန်ထန် သတိပေးခဲ့သလို တရုတ်အကျိုးစီးပွားများကို အပြည့်အဝ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်ကို ဖိအားပေးခဲ့ကြောင်း တွေ့ရသည်။ မြန်မာပြည်တွင်းရေးနှင့် ပတ်သက်၍လည်း နောက်လာမည့် ရွေးကောက်ပွဲတွင် အားလုံး ပါဝင်ခွင့်ရအောင် ဆောင်ရွက်ရမည်ဆိုသည့် အချက်ကို ပြောခဲ့သည်။
ခရီးစဉ်အပြီး ရက်ပိုင်းအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ဆီက အာဏာပြန်သိမ်းနိုင်သည်ဆိုသည့် သတင်းများကို ကျော်လွန်ပြီး စစ်ကောင်စီ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးနှင့် အကြံပေးများ ဖြစ်ကြသည့် ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒု ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဒု ဗိုလ်ချုပ်ကြီး ညိုစောတို့အား ဗိုလ်ချုပ်ကြီးအဆင့် ရာထူးများ တိုးမြှင့်ပေးခဲ့သည်။ တရုတ်ဘက်ကို အပြောင်းအလဲ စတင်တော့မည့်အကြောင်း ပြလို၍ ဖြစ်မည်ထင်သည်။
မကြာသေးမီ နိုဝင်ဘာလဆန်းက ကူမင်းခရီးစဉ်သည် စစ်အာဏာသိမ်း ကာလ လေးနှစ်နီးပါးအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ပထမဆုံးအကြိမ်အဖြစ် တရုတ်ကို သွားရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
မဲခေါင်ဒေသခွဲ အစည်းအဝေးကို အကြောင်းပြု၍ သွားရောက်ခွင့်ရရှိခဲ့သည့် ထိုခရီးစဉ်သည် စစ်ကောင်စီအတွက် တရားဝင်မှုကို အတိုင်းအတာတခုအထိ ဖြစ်ပေါ်စေခဲ့၏။ စစ်ခေါင်းဆောင်အနေဖြင့်လည်း မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို မသွားမီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို မှတ်ပုံ ပြန်တင်ရေးအတွက် စည်းရုံးမှုများ ရှိခဲ့သည်။ စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်ကိုလည်း NLD ပါတီက မှတ်ပုံတင်လာလျှင် ခွင့်ပြုပေးရန် လျှို့ဝှက်ညွှန်ကြားမှုများ ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ဤကဲ့သို့ လုပ်ဆောင်ခြင်းသည် ကူမင်းခရီးစဉ်အတွင်း တရုတ်အစိုးရ တာဝန်ရှိသူများကို မြန်မာပြည်တွင်းရေးတွင် အားလုံးပါဝင်၍ရအောင် ဆောင်ရွက်နေကြောင်း တင်ပြလို၍ ဖြစ်သည်။
နိုဝင်ဘာ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ ခြောက်ရက်နီးပါးကြာ ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်သည် တရုတ်ဝန်ကြီးချုပ်၊ ယူနန်ပြည်နယ်အစိုးရ တာဝန်ရှိသူအချို့၊ မဲခေါင်ဒေသတွင်း နိုင်ငံများမှ ခေါင်းဆောင်များ၊ တရုတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
ထို့ပြင် တော်လှန်ရေးအင်အားစုဘက်က အားသာမှုတခု ဖြစ်ပြီး စစ်ကောင်စီဘက်က အားနည်းမှုဖြစ်နေသည့် ဒရုန်းနည်းပညာဆိုင်ရာအတွက် တရုတ်ထံမှ လေ့လာခွင့်၊ ဝယ်ယူခွင့် ရရှိခဲ့သေးသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် တရုတ်မှ ပြန်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စည်စည်ကားကား ကြိုဆိုကြကြောင်း ဝါဒဖြန့်လိုသည့်အတွက် ကျောင်းသား ကျောင်းသူများ အပါအဝင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို မဖြစ်မနေ လာရောက် ကြိုဆိုရန် ဖိအားပေး စေခိုင်းခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ဤခရီးစဉ်သည် ဝါဒဖြန့်ရန်အတွက် အကောင်းဆုံး ခရီးတခုဖြစ်ခဲ့သည်။
တရုတ်ခရီးစဉ်အပြီးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် တရားဝင်ဖြစ်မှုတခု ရခဲ့ခြင်းကြောင့် ယုံကြည်မှုရှိလာပုံရပြီး ခရီးစဉ်အတွင်း ညှိနှိုင်းဆွေးနွေးမှုများ အောင်မြင်ကြောင်း ပြန်ရောက်ပြီးနောက် ပထမဆုံး လုပ်ခဲ့သည့် စစ်ကောင်စီ အစည်းအဝေးတွင် ကြွားလုံးထုတ်ခဲ့သလို ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပဖို့ပါ လေသံပစ်လာခဲ့သည်ကို တွေ့ရသည်။
တရုတ်ခရီးစဉ်အပြီးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် တရားဝင်ဖြစ်မှုတခု ရခဲ့ခြင်းကြောင့် ယုံကြည်မှုရှိလာပုံရပြီး ခရီးစဉ်အတွင်း ညှိနှိုင်းဆွေးနွေးမှုများ အောင်မြင်ကြောင်း ပြန်ရောက်ပြီးနောက် ပထမဆုံး လုပ်ခဲ့သည့် စစ်ကောင်စီ အစည်းအဝေးတွင် ကြွားလုံးထုတ်ခဲ့သလို ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပဖို့ပါ လေသံပစ်လာခဲ့သည်ကို တွေ့ရသည်။
တရုတ်ဘက်ကလည်း စစ်ခေါင်းဆောင်၏ ခရီးစဉ်အပြီး နယ်စပ်ဂိတ်များ ပိတ်ခဲ့သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိအားပေးမှုများ ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရသည်။ သို့သော် ရွေးကောက်ပွဲလုပ်မည် ဆိုသည့် စစ်ကောင်စီသည် ရွေးကောက်ပွဲအတွက် ရည်ရွယ်လုပ်ဆောင်သည့် သန်းခေါင်စာရင်း ကောက်ယူမှုကိုပင် အပြည့်အဝ မလုပ်နိုင်၍ ကောက်ခံချိန်ကို တိုးမြှင့်ခဲ့ရသည်။
တရုတ်က တောင်းဆိုထားသည့် ‘ပြည်တွင်းရေးတွင် အားလုံးပါဝင်ရမည်’ ဆိုသည့်အချက်ကြောင့် မစ္စတာ ဝမ်ယိ ခရီးစဉ်အပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရနှင့် ပါတီထိပ်ပိုင်းခေါင်းဆောင်များကို ပြန်လွှတ်ပေးဖို့ မျှော်လင့်ခဲ့ကြသည်။
သို့သော် ဒု ဗိုလ်ချုပ်ကြီး ရာပြည့်က ဒေါ်အောင်ဆန်းစုကြည်ကို အကြိမ်ကြိမ် သွားရောက်ဆွေးနွေးနေကြောင်း သတင်းသာ ထွက်ပေါ်ခဲ့ပြီး ယနေ့တိုင် တဦးတယောက်မှ လွတ်မြောက်လာခြင်း မရှိသေးဘဲ ရောဂါကြောင့် နောက်ဆုံးအခြေအနေ ရောက်ရှိသူများကိုသာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့သည်။
စစ်ကောင်စီက လွတ်ငြိမ်းခွင့် ဖတ်ပြအပြီး ရက်ပိုင်းအတွင်းမှာပင် NLD ပါတီ ဒု ဥက္ကဋ္ဌနှင့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်၊ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်တို့ ကွယ်လွန်ခဲ့ကြသည်။
သို့သော် NLD ပါတီတွင် ဒေါ်စန္ဒာမင်းကဲ့သို့သော စစ်ကောင်စီနှင့် တွဲဖက်ပြီး အလုပ်လုပ်နေသော ပါတီဝင်အချို့ ပြည်တွင်း၌ ကျန်ရှိနေသေးသည်။ ဒေါ်စန္ဒာမင်းကို NLD ပါတီ အမှုဆောင်အဖြစ်မှ ထုတ်ပယ်ထားကြောင်း ပါတီဘက်က ကြေညာမှုများ ရှိနေသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့ခြင်း၊ NLD ပါတီ ကိုယ်စားပြုပြီး နိုင်ငံရေးလှုပ်ရှားမှု အချို့တွင် ပါဝင်နေခြင်းတို့ကြောင့် လွတ်မြောက်နယ်မြေနှင့် အကျဉ်းထောင်များတွင် ရောက်ရှိနေသည့် NLD ပါတီ ခေါင်းဆောင်များ၏ သဘောထားကို ကျော်လွန်ကာ စစ်တပ်နှင့်ညှိနှိုင်းပြီး NLD ပါတီ မှတ်ပုံတင်ခွင့်ရအောင် ဆောင်ရွက်ကာ စစ်ကောင်စီလုပ်မည့် ရွေးကောက်ပွဲတွင် ပါဝင်လာဖွယ် ရှိနေသေးသည်။
လတ်တလောတွင် ထွက်ပေါ်လာသည့် သတင်းများအရ စစ်ကောင်စီဘက်က ရွေးကောက်ပွဲကို မျှော်ပြီး အပြောင်းအလဲများ ပြုလုပ်ရန်ပြင်နေကြောင်းသိရှိရသည်။
ကြားဖြတ်အစိုးရကဲ့သို့ အခြား နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အထူးသဖြင့် အတိုက်အခံခေါင်းဆောင်များ ပါဝင်နိုင်ရန်မူ ခက်ခဲမည်ဟု ဆိုရမည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်ကအတိုင်း ယူနီဖောင်းချွတ် အစိုးရအဖွဲ့တခု ဖွဲ့ရန် ပြင်ဆင်နေသည်ဟု ယူဆရသည်။
ထိုအချိန်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ယူနီဖောင်းချွတ်ခိုင်းပြီး ဝန်ကြီးချုပ် ဦးသိန်းစိန်ဟု ပြောင်းကာ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ခဲ့ကြသည်။ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အနိုင်ရရန် စိတ်တိုင်းကျ မဲလိမ်ခဲ့ပြီး အနိုင်ရသည့်အခါ ယူနီဖောင်းချွတ် ဝန်ကြီးချုပ် ဦးသိန်းစိန်က သမ္မတ ဦးသိန်းစိန် ဖြစ်လာခဲ့သည်။ အစိုးရအဖွဲ့ရှိ ဝန်ကြီးအများစုသည်လည်း နအဖ လက်ထက်က ဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး၊ ဒု ဗိုလ်ချုပ်ကြီးနှင့် ဗိုလ်ချုပ်ဟောင်းများသာ ပြန်လည် ပါဝင်လာခဲ့သည်။
ထို့ကြောင့် ယခု နစက ဟု အမည်ပေးထားသည့် စစ်ကောင်စီဘက်က မည်ကဲ့သို့သော အခင်းအကျင်းဖြင့် အသွင်ပြောင်း ဖွဲ့စည်းလာနိုင်သနည်းဆိုသည့် အချက်ကို လူအများက စိတ်ဝင်စားလာခဲ့ကြသည်။
တပ်တွင်းသတင်းရင်းမြစ်များက ဗိုလ်ချုပ်ကြီး ရဲဝင်းဦး (OTS-77) ကို တပ်ချုပ်၊ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး (DSA-25) ကို ဒုချုပ်နှင့် ဗိုလ်ချုပ်ကြီး ညိုစော (DSA-23) ကို ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူးများ ပေးနိုင်ကြောင်း ပြောဆိုနေကြသည်။
သို့သော် စစ်အာဏာသိမ်းကာလအတွင်း လက်အောက်က အရာရှိ၊ စစ်သည်များ၏ မကျေနပ်ချက် မြင့်မားစေခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တပ်ချုပ်ရာထူးကို အလွယ်တကူ လက်လွှတ်ရပါက ကာပြန်မည့်သူများ ရှိနိုင်သဖြင့် တပ်ချုပ်ရာထူးကို စွန့်လွှတ်ဖွယ်မရှိကြောင်း သုံးသပ်သူများလည်း ရှိပြန်သည်။
၂၀၁၀ ပြည့်နှစ်က ရွေးကောက်ပွဲ မကျင်းပမီ နအဖ စစ်အစိုးရအတိုင်း အစိုးရအခင်းအကျင်း ပြောင်းချိန်တွင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ယူနီဖောင်းဝတ်နှင့် မူလရာထူးအတိုင်း ကျန်ခဲ့သည်။
၁၉၇၃ ခုနှစ်က ကာကွယ်ရေးဌာနကောင်စီ (ကကန ကောင်စီ) ညွှန်ကြားလွှာ ၁၈/၇၃ အရ ပြန်တမ်းဝင် အရာရှိ ခန့်အပ်ခံရသူသည် မိမိအား တပ်မတော်မှ ဆက်လက် ထမ်းဆောင်ရန် လိုအပ်သည့်ကာလပတ်လုံး တာဝန်ထမ်းဆောင်နိုင်သည်ဟု ဖော်ပြထားသော်လည်း ၂၀၁၁ ခုနှစ် အစိုးရသစ် တက်သည့်အခါ အစိုးရသစ်နှင့်အတူ စစ်တပ်၏ တပ်ချုပ်၊ ဒုချုပ် နေရာများကို လွှဲပြောင်းပေးခဲ့သည်။
တပ်ချုပ် မင်းအောင်လှိုင် ကာလအတွင်း ၂၀၁၄ ခုနှစ်တွင် ကကန ကောင်စီ ညွှန်ကြားလွှာ ၄/၂၀၁၄ ကို ထုတ်ပြန်ခဲ့ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့၏ သက်တမ်းကို ၆၅ နှစ်ဟု သတ်မှတ်ခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကကန ကောင်စီ ညွှန်ကြားလွှာ ၁/၂၀၂၁ ကို ထုတ်ပြန်ပြီး ယခင် ကန့်သတ်ထားသည့် အသက် ကန့်သတ်ချက်ကို ပယ်ဖျက်ခဲ့ပြန်သည်။
အာဏာသိမ်းအပြီး လေးရက်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ထိုစဉ်က စစ်ရေးချုပ်၊ ဒု ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် ကကန ကောင်စီ ညွှန်ကြားလွှာ အမှတ် ၁/၂၀၂၁ သည် ကကန ကောင်စီ ညွှန်ကြားလွှာ ၄/၂၀၁၄ အရ တပ်ချုပ်နှင့် ဒု တပ်ချုပ်တို့အား အသက်ကန့်သတ်ထားမှု ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။ အာဏာကို လက်မလွှတ်လို၍ အာဏာသိမ်းကာလအတွင်း သူ့သဘောသူဆောင်ကာ ကကန ကောင်စီ ညွှန်ကြားလွှာကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီ အသွင်ပြောင်းဖို့ရှိနေပြီလားဆိုသည့် မေးခွန်းအတွက် အဖြေကို စဉ်းစားကြည့်မည်ဆိုပါက စစ်ခေါင်းဆောင်အနေနှင့် စစ်ဘက် မူလရာထူးများဖြစ်သည့် တပ်ချုပ်ရာထူးကို လက်မလွှတ်ဘဲ ရယူထားဖွယ်ရှိနေသည်။
ထို့ကြောင့် စစ်ကောင်စီ အသွင်ပြောင်းဖို့ရှိနေပြီလားဆိုသည့် မေးခွန်းအတွက် အဖြေကို စဉ်းစားကြည့်မည်ဆိုပါက စစ်ခေါင်းဆောင်အနေနှင့် စစ်ဘက် မူလရာထူးများဖြစ်သည့် တပ်ချုပ်ရာထူးကို လက်မလွှတ်ဘဲ ရယူထားဖွယ်ရှိနေသည်။
အသစ်ခန့်ထားသည့် ဗိုလ်ချုပ်ကြီး သုံးယောက်ကို ဝန်ကြီးချုပ်ရာထူး အပါအဝင် အစိုးရ ထိပ်ပိုင်းရာထူးများ ခေတ္တပေးထားပြီး ရွေးကောက်ပွဲကို ရသည့် နေရာတွင် ရသလိုလုပ်မည့်သဘောရှိသည်။
နောက်ဆုံးအနေဖြင့် အာဏာယစ်မူးပြီး မိုက်ရူးရဲဆန်သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် အပိုင်းလိုက် ရွေးကောက်ပွဲကို စိတ်တိုင်းကျလုပ်ပြီး ရွေးကောက်ပွဲအလွန်တွင် စစ်တပ်ကျောထောက်နောက်ခံ USDP ပါတီနှင့်အတူ သမ္မတနေရာကို ရယူနိုင်ဖွယ် ရှိနေကြောင်း သုံးသပ်၍ ရနိုင်ပါသည်။
မေးစရာမေးခွန်းက တပ်ချုပ်က သမ္မတလုပ်ရပါသလား။ ယခုပင် အာဏာသိမ်း စစ်ကောင်စီ ၆ လ သက်တမ်း အကြိမ်ကြိမ် တိုးခဲ့ပြီးပြီ မဟုတ်ပါလော။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
တရုတ်ထောက်ခံမှုအသစ်က စစ်ကောင်စီကို ကယ်နိုင်ဖွယ် မရှိ
တရုတ် ကျားကန်မှုဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပမည်
စစ်ကောင်စီ အသက်ဆက်ဖို့ တရုတ်ကို အားထားနေရပြီ
ဝမ်ယိက မင်းအောင်လှိုင်ကို သတိပေးသွားသည်
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ထွက်ပေါက်