ယခုရက်ပိုင်း လူစိတ်ဝင်စားမှု အများဆုံးသတင်းမှာ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခမှူး) ဗိုလ်မှူးချုပ် သူရိန်ထွန်းကို လက်ပြန်ကြိုးတုတ်ထားသော ဓာတ်ပုံပါရှိသည့် အာရက္ခတပ်တော် (AA) ၏ သတင်းထုတ်ပြန်ချက် ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းကာလအတွင်း ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း (DSA-40) ၏ တောင်းပန်စကားပြောထားသည့် ရုပ်သံမှတ်တမ်းကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ထုတ်ပြခဲ့ဖူးသည်။
ထို့နောက် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ အမှတ် (၁) စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးနှင့် ရမခ စစ်အရာရှိကြီးအချို့ ဓာတ်ပုံများကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ထုတ်ပြခဲ့ဖူးသေးသည်။
ယခုအကြိမ်တွင် ရမခကို လက်လွှတ်ရအပြီး လေးလကျော်အကြာ စကခမှူးအဆင့် ဖမ်းဆီးရမိမှုကို AA က ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၈ ရက်တွင် မောင်တောရှိ အမှတ် (၅) နယ်ခြားစောင့်တပ် (နခခ ၅) ကို AA က အပြီးသတ် သိမ်းပိုက်ခဲ့ပြီး ညနေပိုင်းတွင်ပင် နခခ ၅ အတွင်း အခြေပြု၍ မောင်တောတဝိုက် စစ်ဆင်ရေးတွင် အမိန့်ပေးနေသူ စကခမှူး သူရိန်ထွန်းအား ထွက်ပြေးနေစဉ် ဖမ်းဆီးနိုင်ခဲ့သည်။
ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လယ်ပိုင်းမှ စတင်ကာ စကခမှူး သူရိန်ထွန်း ဖမ်းဆီးရမိသည့်သတင်းများကို ဆိုရှယ်မီဒီယာတွင် တွေ့နေခဲ့ရသည်။ ထိုအတောအတွင်း စစ်ကောင်စီဘက်ကလည်း စကခမှူး သူရိန်ထွန်း အသက်ရှင်လျက် အဖမ်းခံရမည်ကို စိုးရိမ်မှုရှိနေကြောင်း တွေ့ရသည်။
ဒီဇင်ဘာလ ၉ ရက်နေ့ နေ့လယ်ပိုင်းမှ စတင်ကာ စကခမှူး သူရိန်ထွန်း ဖမ်းဆီးရမိသည့်သတင်းများကို ဆိုရှယ်မီဒီယာတွင် တွေ့နေခဲ့ရသည်။ ထိုအတောအတွင်း စစ်ကောင်စီဘက်ကလည်း စကခမှူး သူရိန်ထွန်း အသက်ရှင်လျက် အဖမ်းခံရမည်ကို စိုးရိမ်မှုရှိနေကြောင်း တွေ့ရသည်။
လွတ်မြောက်ပြီးနောက် စစ်ကောင်စီ ရေတပ်နှင့် ပူးပေါင်းမှု မလုပ်နိုင်ခဲ့ပါက အသက်ရှင်လျက် အဖမ်းမခံရအောင် ထွက်ပြေးရောက်ရှိသည့်နေရာကို လေကြောင်းက တိုက်ခိုက်ဖွယ်ရှိကြောင်းလည်း သတင်းထွက်ခဲ့သည်။
အလံဖြူထောင်ပြီး နခခ ၅ အတွင်းက အရာရှိ၊ စစ်သည်များ လက်နက်ချနေသည့်အထိ နခခ ၅ မကျသေးကြောင်း စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်များက ဝါဒဖြန့် သတင်းတင်နေခဲ့ကြသည်။
ဒီဇင်ဘာလ ၁၀ ရက် ညပိုင်းတွင် ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ဖမ်းဆီးရမိကြောင်း လက်ပြန်ကြိုးတုပ်လျက် မှတ်တမ်းဓာတ်ပုံများနှင့်တကွ AA က ထုတ်ပြန်လိုက်သည်။ ထုတ်ပြန်ချက်နှင့်အတူ စစ်လော်ဘီများ နှုတ်ဆိတ်သွားခဲ့ပြီး အွန်လိုင်းတွင်လည်း ထူးခြားသတင်းအဖြစ် ပျံ့နှံ့သွားခဲ့သည်။
ထို့ကြောင့် သတင်းထုတ်ပြန်ချက်တွင် ပါရှိသည့် လက်ပြန်ကြိုးတုပ်ခံရသူ စကခမှူး ဗိုလ်မှူးချုပ်ဟာ ဘယ်လိုလူလဲဆိုသည်ကို စိတ်ဝင်စားမှုများ မြင့်တက်ခဲ့သည်။
သိရသလောက် ပြောရမည်ဆိုပါက ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် အာဏာသိမ်းကာလ မတိုင်မီ ၂၀၂၀ ပြည့်နှစ်အထိ ဗိုလ်မှူးကြီးရာထူးဖြင့် စစ်ဗျူဟာအဖွဲ့ အခြေချ (စဗခ) မိုင်းခတ်တွင် ရှိနေခဲ့သူဖြစ်သည်။ အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်အတွင်း စစ်တပ်၌ ရာထူးသစ်နှင့်နေရာသစ် တီထွင်မှုအရ တိုင်းဦးစီးချုပ်ရာထူး ရခဲ့သူဖြစ်သည်။
စစ်ဦးစီးဗိုလ်မှူးကြီး တယောက်သာရှိသည့် တိုင်းစစ်ဌာနချုပ်အဆင့်များတွင် စစ်ရေးဆိုင်ရာ ဗိုလ်မှူးကြီးတဦးနှင့် စစ်ထောက်ဆိုင်ရာ ဗိုလ်မှူးကြီးတဦးအဖြစ် နောက်ထပ် နှစ်နေရာ တိုးပေးခဲ့သည်။
စားပေါက်ချောင်သည့် အပေါ်ပိုင်းရာထူးနေရာ ဖန်တီးခဲ့ခြင်း ဖြစ်၏။
ထို့အတူ ဒုတိုင်းမှူးရာထူး ဗိုလ်မှူးချုပ်အဆင့် ရှိနေပြီးဖြစ်သော်လည်း တိုင်းဦးစီးချုပ်ရာထူး ဗိုလ်မှူးချုပ်အဆင့်တဦးကို တိုးချဲ့ ခန့်အပ်ခဲ့သည်။ ထိုကဲ့သို့ ရာထူးတီထွင်မှုအတွင်း ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တွင် ပထမဆုံး တိုင်းဦးစီးချုပ် ဖြစ်လာခဲ့သည်။
အာဏာသိမ်းကာလအတွင်း၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တက္ကသိုလ် (DSA) ကျောင်းဆင်းအရာရှိများထက် ပိုမို စိတ်ချရပြီး သူ့အပေါ်သစ္စာခံနိုင်သည့် အလုပ်သင်ဗိုလ်လောင်း (OTS) သင်တန်းဆင်းများကို နေရာပေးခဲ့သည်။ (အာဏာသိမ်းကာလအတွင်း ရန်ကုန်ခေတ်သစ် မီဒီယာသို့ သတင်းပေါက်ကြားမှုဖြင့် အနားပေးခံရသည့် ဒုဗိုလ်ချုပ်ကြီး ခင်လှိုင်သည် အလုပ်သင်ဗိုလ်လောင်းသင်တန်းဆင်း အရာရှိများအနက် ပထမဆုံး ကစထမှူး ဖြစ်သည်။)
‘မင်းတို့ အလုပ်သင်တွေကို အခု ရာထူးပြန်ပေးတယ်၊ ငါ့အပေါ်တော့ သစ္စာမဖောက်ကြနဲ့’ ဟု ဆိုသည့်သဘော ဖြစ်သည်။
သူရိန်ထွန်းသည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) သင်တန်းဆင်းပြီး နောက်ပိုင်းတွင် ဗိုလ်မှူးကြီးအဆင့် စစ်ဗျူဟာမှူးအဖြစ် ချောင်ထိုးခံထားရသူဖြစ်သည်။ သူ့ပင်ကို စိတ်အရရော အလုပ်သင်ဗိုလ်လောင်းသင်တန်းဆင်း ဖြစ်ခြင်းကြောင့်ရောလည်း ဖြစ်သည်။ စိတ်တိုလွယ်ပြီး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် လက်အောက်ကို ဖိအားပေးလွန်းသဖြင့် လက်အောက်က အရာရှိ၊ စစ်သည်များ၏ ရွံကြောက်အဖြစ် ရပ်တည်ခဲ့သူဖြစ်သည်။
သူရိန်ထွန်းသည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) သင်တန်းဆင်းပြီး နောက်ပိုင်းတွင် ဗိုလ်မှူးကြီးအဆင့် စစ်ဗျူဟာမှူးအဖြစ် ချောင်ထိုးခံထားရသူဖြစ်သည်။ သူ့ပင်ကို စိတ်အရရော အလုပ်သင်ဗိုလ်လောင်းသင်တန်းဆင်း ဖြစ်ခြင်းကြောင့်ရောလည်း ဖြစ်သည်။ စိတ်တိုလွယ်ပြီး ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် လက်အောက်ကို ဖိအားပေးလွန်းသဖြင့် လက်အောက်က အရာရှိ၊ စစ်သည်များ၏ ရွံကြောက်အဖြစ် ရပ်တည်ခဲ့သူဖြစ်သည်။
DSA-37 ဗိုလ်လောင်းသင်တန်းဆင်းနှင့် ပြန်တမ်းဝင်ခန့် ကာလတူသော အလုပ်သင်ဗိုလ်လောင်း အမှတ်စဉ် ၂၂ ဆင်းများသည် ဗိုလ်မှူးကြီးအဆင့်ဖြင့်သာ စစ်တပ်တွင် ရာထူးအမြင့်ဆုံး ရခဲ့ကြသည်။ အာဏာသိမ်းကာလအတွင်း အလုပ်သင်ဗိုလ်လောင်းဆင်းသူများကို နေရာပေးသည့် အစီအစဉ်အရ အလုပ်သင်ဗိုလ်လောင်းဆင်း အရာရှိများ၊ တိုင်းမှူး၊ တပ်မမှူးနှင့် အခြားအရေးပါသော နေရာများတွင် နေရာပေးခံခဲ့ရသည်။
ဗိုလ်မှူးချုပ် သူရိန်ထွန်းသည်လည်း တိုင်းဦးစီးချုပ်ရာထူးမှ စကခမှူးရာထူး ရရှိလာခဲ့သည်။
သူသည် မန္တလေးအခြေစိုက် လပခတွင် တိုင်းဦးစီးချုပ်တာဝန် ထမ်းဆောင်စဉ် ၂၀၂၁ ခုနှစ် အာဏာသိမ်းကာလ အစောပိုင်း လူထုဆန္ဒပြမှုများကို နှိပ်ကွပ်ခဲ့သည်။ စီးနင်းဖမ်းဆီးမှုများ၊ အကြမ်းဖက် စစ်ကြောမေးမြန်းမှုများနှင့် မတရားသဖြင့် ပြစ်ဒဏ်ချမှတ်မှုများတွင် ထိုစဉ်က တိုင်းမှူး၊ ယခု ကစထ ၁ မှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်အတူ တာဝန်ရှိသူလည်း ဖြစ်သည်။
ထိုကဲ့သို့ စစ်ခေါင်းဆောင် အလိုကျ ငြိမ်ဝပ်ပိပြားအောင် လုပ်ဆောင်ပေးခဲ့သဖြင့် သူရော တိုင်းမှူး ကိုကိုဦးပါ ရာထူးအခွင့်အလမ်းများ ချီးမြင့်ခံခဲ့ရသည်။ တိုင်းမှူးအား ကစထမှူးရာထူး ပေးခဲ့ပြီး သူ့ကိုလည်း တိုင်းဦးစီးချုပ်ရာထူးမှ လုပ်ပိုင်ခွင့်နှင့် အခွင့်အလမ်းပိုရှိသည့် စကခ ၁၅ မှူး အဖြစ် ခန့်အပ်ခဲ့သည်။
ဘူးသီးတောင်အခြေစိုက် စကခ ၁၅ သည် ရခိုင်ပြည်နယ်အခြေစိုက် စကခ သုံးခုအနက် မြောက်ပိုင်းတွင်ရှိသည့် စကခ တခုဖြစ်သည်။
ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် ရခိုင်ပြည်နယ်နှင့် စိမ်းသူ မဟုတ်ပေ။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းမှူးဟောင်းနှင့် ပြည်ထဲရေးဝန်ကြီးဟောင်း ဗိုလ်ချုပ် မောင်ဦး တိုင်းမှူးဘဝတွင် ကိုယ်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။
ထို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရခိုင်အတွေ့အကြုံအရရော သူ့ချီးမြှောက်မှုအရ ရာထူးရခဲ့သူအနေဖြင့်ပါ သူ့အပေါ် အကျိုးပြုမည်ဟု မှတ်ယူကာ ဘူးသီးတောင်၊ မောင်တောနယ်အတွက် တာဝန်ပေးခဲ့သည့်သဘော ဖြစ်သည်။
မန္တလေး လပခမှ စကခ ၁၅ သို့ ပြောင်းရွှေ့ရောက်ရှိချိန်တွင် စစ်ကောင်စီနှင့် AA အကြား ယာယီ အပစ်ရပ်ထားသည့်ကာလ ဖြစ်သည်။
ထို့ကြောင့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကြောင်းပြကာ စစ်ခေါင်းဆောင်အလိုကျ ဒေသခံများကို စည်းရုံးရေးလုပ်ခဲ့သည်။
ထိုကာလအတွက် စစ်ကောင်စီက စီမံထူးချွန် ပထမအဆင့် တံဆိပ်ပေးအပ်ခဲ့သည်။
ထို့နောက် AA နှင့် တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားသည့်အခါ လူမျိုးရေးမုန်းတီးမှုကို အခြေခံပြီး ပြည်သူ့စစ်ဖွဲ့စည်းမှုများ ဆောင်ရွက်ခဲ့သည်။
ဘူးသီးတောင်၊ မောင်တောရှိ မွတ်ဆလင်များကို စည်းရုံးကာ စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးရာတွင် အနီးကပ်ဆုံး တာဝန်ရှိသူအဖြစ် ဆောင်ရွက်ခဲ့သည်။
မောင်တောရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) အဖွဲ့ပိုင် ရိက္ခာဂိုထောင်ကို စစ်တပ်က ဖောက်ထွင်းခိုးယူမှု၊ ဘူးသီးတောင် မြို့ပေါ်ရပ်ကွက်များကို မီးရှို့ပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးမှု၊ AA ကို ဆန့်ကျင်သည့်ဆန္ဒပြပွဲ ဖန်တီးမှုများအတွက် တာဝန်ရှိသူတဦးဖြစ်သည်။
မောင်တောရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) အဖွဲ့ပိုင် ရိက္ခာဂိုထောင်ကို စစ်တပ်က ဖောက်ထွင်းခိုးယူမှု၊ ဘူးသီးတောင် မြို့ပေါ်ရပ်ကွက်များကို မီးရှို့ပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးမှု၊ AA ကို ဆန့်ကျင်သည့်ဆန္ဒပြပွဲ ဖန်တီးမှုများအတွက် တာဝန်ရှိသူတဦးဖြစ်သည်။
စစ်ကောင်စီတပ်တွင်း၌ သူအဖမ်းခံရသည့်သတင်းနှင့်အတူ တချိန်က အမိန့်ပေးစေခိုင်းမှုများကို ဖော်ထုတ်နေကြသည်ကိုလည်း တွေ့ရသည်။
စစ်တပ်အရာရှိ ဇနီးတဦးက သူ့ခင်ပွန်း တပ်နောက်ပြန်ဆုတ်လာသည်ကို သူရိန်ထွန်းက နင်ပဲငဆ ဆဲဆိုခဲ့ကြောင်း၊ အခြားတဦးကလည်း ထွက်ပြေးလျှင် အရေးယူမည်ဆိုပြီး သူ့ကျတော့ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားကြောင်း ရင်ဖွင့်ထားကြသည်ကို တွေ့ရသည်။
ဒီဇင်ဘာလဆန်းပိုင်းအတွင်း နခခ အတွင်းမှ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက သူတို့ ရက်ပေါင်းများစွာ ခုခံခဲ့သော်လည်း စစ်ကူပစ်ကူ ထိရောက်စွာ မပေးခဲ့ကြောင်း ရင်ဖွင့်ပြောဆိုခဲ့ကြသည့်ရုပ်သံ ထွက်ပေါ်ခဲ့သေးသည်။
ထို့ကြောင့် ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA ဖမ်းဆီးမှုကြောင့် စစ်ကောင်စီအောက်ခြေက ဩဘာပေးနေကြပြီး စစ်ကောင်စီအထက်ပိုင်းကမူ ရမခတုန်းကကဲ့သို့ အသုံးမကျကြောင်း၊ ထွက်ပြေး၍ အဖမ်းခံရခြင်းဖြစ်ကြောင်း အပြစ်တင်နေကြသည်။
AA အနေဖြင့်ကမူ အများက လိုလားသလို ဗိုလ်မှူးချုပ် သူရိန်ထွန်း ကျူးလွန်ခဲ့သည့်အပြစ်များကို စစ်ကြောမေးမြန်းသွားဖွယ်ရှိသည်။
မကြာမီ ရုပ်သံသတင်း ထုတ်ပြန်ကောင်း ထုတ်ပြန်လာနိုင်သည်။
စစ်ကောင်စီဘက်ကမူ နှုတ်ပိတ်ရန်အတွက် ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟု ယူဆရသောနေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နိုင်ကြောင်း ယူဆရပါသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ဗိုလ်မှူးချုပ် သူရိန်ထွန်းကို AA စစ်ဆေးနေ (ရုပ်/သံ)
AA ၏ မောင်တော အောင်ပွဲက တော်လှန်ရေးအင်အားစုများ စိတ်အားတက်စေ
ဗိုလ်မှူးချုပ် သူရိန်ထွန်းကို ပြစ်မှုပြစ်ဒဏ်မျှအောင် AA စီရင်မည်
မောင်တောတိုက်ပွဲနှင့် နောက်ဆက်တွဲ မွတ်ဆလင်ပျူစောထီး ပြဿနာ
ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို