ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မောင်မောင်အေး (DSA – 25) နေရာမှာ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (DSA – 35) ကို အပွင့်တင်ပြီး အစားထိုးလိုက်ပါတယ်။
ညှိကွပ်လို့ အတိုကောက်ခေါ်ကြတဲ့ ဒီရာထူးက စစ်တပ်ရဲ့ နံပါတ် ၃ နေရာ ဖြစ်ပါတယ်။ ညှိကွပ်ဆိုတာ နောင် တပ်ချုပ် ဖြစ်မယ်သူတွေကို ထားလေ့ရှိတဲ့ ရာထူးဆိုပြီး လူတွေက စိတ်ဝင်တစား ရှိကြပါတယ်။ ဒါပေမယ့် အတိတ်သာဓကတွေက ပြောတာကတော့ “ညှိကွပ်တိုင်း တပ်ချုပ် မဖြစ်ကြပါဘူး။”
အခုဆို ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းပြီးရင် စစ်တပ်မှာ အာဏာအကြီးဆုံး ဖြစ်လာပါတယ်။ ညှိကွပ်ရာထူးကို မရောက်ခင် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက စစ်ထောက်ချုပ်ရာထူး၊ နောက် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း (DSA – 30) ရာထူးက ဖယ်ခံရချိန် စစ်ဦးစီးအရာရှိချုပ် (ကြည်း) ကိုပါ ပူးတွဲ တာဝန်ယူခဲ့ပါတယ်။
အခု ရာထူးတိုးတာက စစ်ခေါင်းဆောင်ပြောနေတဲ့ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ့် အချိန်ဇယားနဲ့ ချိတ်တွဲ စဉ်းစားကြတာကြောင့် စိတ်ဝင်စားဖို့ ကောင်းလာခဲ့တာပါ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ထက် အပတ်စဉ် ၁၆ ခုလောက်ကွာတဲ့ လူတယောက်ကို နံပါတ် ၃ နေရာအထိ ဆွဲတင်လိုက်တာကြောင့် စစ်တပ်ကနေနားပြီး ရွေးကောက်ပွဲသွား၊ သမ္မတ လုပ်လေမလားဆိုပြီး စဉ်စားချက်တွေ များလာခဲ့ပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ထက် အပတ်စဉ် ၁၆ ခုလောက်ကွာတဲ့ လူတယောက်ကို နံပါတ် ၃ နေရာအထိ ဆွဲတင်လိုက်တာကြောင့် စစ်တပ်ကနေနားပြီး ရွေးကောက်ပွဲသွား၊ သမ္မတ လုပ်လေမလားဆိုပြီး စဉ်စားချက်တွေ များလာခဲ့ပါတယ်။
အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတုန်းကလည်း ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် သူ့ထက် အပတ်စဉ်ငယ်တဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (DSA – 19) ကို ညှိကွပ်တိုးပေးပြီး နောက် တပ်ချုပ်နေရာကို ဆက်ခံစေခဲ့ပါတယ်။
ဒီလို သာဓကတွေလည်း ရှိထားလေတော့ မင်းအောင်လှိုင် စစ်တပ်ကနေ ‘အရှင်ထွက် ထွက်လေမလား’ ဆိုပြီး မှန်းဆလာကြပါတယ်။ တိုင်းစစ်ဌာနချုပ် နှစ်ခု ဆုံးရှုံးထားရတဲ့ စစ်တပ်မှာ အခုလို တပ်ထိပ်ပိုင်း ရာထူးအပြောင်းအလဲက စစ်ရေး၊ နိုင်ငံရေးအရ သက်ရောက်မှု ကြီးကြီးမားမား ဖြစ်လေမလားဆိုပြီး ပွဲဆူလာပါတယ်။
ညှိကွပ်ရာထူးဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် မတိုင်ခင်က စစ်တပ်မှာ မရှိခဲ့ပါဘူး။ အရင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) လည်း ဖြစ်တဲ့ ဒု ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဆိုပြီးပဲ ရှိတာပါ။
ဒါကို ဗိုလ်ချုပ်မှူးကြီး သန်းရွေက ၂၀၀၁ ခုနှစ်မှာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဆိုပြီး အသစ်ဖန်တီးလိုက်ကာ ရေချုပ်၊ လေချုပ်ရဲ့ အထက်မှာ ထားလိုက်ပါတယ်။
ဒါ့အပြင် စစ်ဆင်ရေးကို အဓိက ကွပ်ကဲရတဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေနဲ့ တိုင်းမှူးတွေက ညှိကွပ်ကို တာဝန်ခံရဖို့ ဖြစ်လာပါတယ်။ ဒါ့အပြင် ညှိကွပ်ရာထူးကို တိုက်ရည်ခိုက်ရည်ရှိပြီး အမိန့်ပေးကွပ်ကဲမှု အတွေ့အကြုံများတဲ့ လူတွေကိုပဲ ခန့်တာဖြစ်လို့ တပ်တွင်း မက်မောစရာ ရာထူးဖြစ်ပါတယ်။
ဒါကြောင့် စစ်ခေါင်းဆောင်တွေက ဒီညှိကွပ်ရာထူးကို နောင်တချိန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ဖို့ လျာထားသူတွေကိုသာ ပေးလေ့ရှိတယ်ဆိုပြီး သုံးသပ်ကြပါတယ်။ ဒါပေမယ့် ညှိကွပ်တိုင်းတော့ တပ်ချုပ် မဖြစ်ခဲ့သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တယောက်သာ ဦးသန်းရွှေရဲ့ ဆက်ခံသူ ဖြစ်ခဲ့တာပါ။
ညှိကွပ်ရာထူးကို ပထမဆုံး ရခဲ့သူကတော့ ဒု ဗိုလ်ချုပ်ကြီး သူရရွှေမန်း (DSA – 11) ဖြစ်ပြီး သမိုင်းမှာ ဒီရာထူးကို ကာလအကြာဆုံး လက်ကိုင်ရခဲ့သူလို့ ဆိုရမှာပါ။ ညှိကွပ်ရာထူးကို ၂၀၀၁ ကနေ ၂၀၁၀ အထိ ၁၀ နှစ်နီးပါး ရယူခဲ့သူ ဖြစ်ပါတယ်။
ညှိကွပ်ရာထူးကို ပထမဆုံး ရခဲ့သူကတော့ ဒု ဗိုလ်ချုပ်ကြီး သူရရွှေမန်း (DSA – 11) ဖြစ်ပြီး သမိုင်းမှာ ဒီရာထူးကို ကာလအကြာဆုံး လက်ကိုင်ရခဲ့သူလို့ ဆိုရမှာပါ။ ညှိကွပ်ရာထူးကို ၂၀၀၁ ကနေ ၂၀၁၀ အထိ ၁၀ နှစ်နီးပါး ရယူခဲ့သူ ဖြစ်ပါတယ်။
ဒု ဗိုလ်ချုပ်ကြီး ဘဝ၊ သူ့အသက် ၅၄ နှစ်မှာ ဒီရာထူးကို ရခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာတော့ ဦးသန်းရွှေက ဗိုလ်ချုပ်ကြီးအဖြစ် အပွင့်တင်ပေးခဲ့ပါတယ်။ သူရဘွဲ့လည်း ရထားသလို တပ်မ ၆၆ ဗျူဟာမှူး၊ တပ်မ ၁၁ တပ်မမှူး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တိုင်းမှူး စသဖြင့် တိုက်ခိုက်ရေး အတွေ့အကြုံနဲ့ အမိန့်ပေးကွပ်ကဲမှု အတွေ့အကြုံ များခဲ့ပါတယ်။
၂၀၀၄ ခုနှစ်၊ စစ်ထောက်လှမ်ရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီး ခင်ညွန့် (OTS – 25) ကို ရာထူးက ဖယ်ရှားပြီး ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းလိုက်တဲ့အခါ စစ်တပ်မှာ ဦးသန်းရွှေနဲ့ ဦးမောင်အေးပြီးရင် သူရရွှေမန်းက အာဏာအရှိဆုံး ဖြစ်လာပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်က ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို အနာဂတ် တပ်ခေါင်းဆောင်အဖြစ် လျာထားခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် ၂၀၁၀ အသွင်ကူးပြောင်းရေးလုပ်ချိန်မှာ သူရရွှေမန်းက ကာချုပ်ဖြစ်ခွင့်မရခဲ့ဘဲ တပ်က အငြိမ်းစားယူပြီး လွှတ်တော်ဥက္ကဋ္ဌသာ ဖြစ်ခဲ့ပါတယ်။
သမ္မတ မဖြစ်ခဲ့တာကြောင့် သမ္မတဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး သိန်းစိန် (DSA – 9) နဲ့ ပွတ်တိုက်မှုတွေ ဖြစ်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် သန်းခေါင်ယံ အာဏာသိမ်းပွဲနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကပါ အထုတ်ခံခဲ့ရပါတယ်။
သူရဦးရွှေမန်းနေရာကို အစားထိုးလိုက်တဲ့ အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ ၂) ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကတော့ စစ်ခေါင်းဆောင် ဦးသန်းရွှေရဲ့ ဆက်ခံသူ ဖြစ်ခဲ့ပါတယ်။
မင်းအောင်လှိုင်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) လက်အောက်ခံ အမှတ် (၃၆၉) ခြေမြန်တပ်ရင်း တပ်မမှူး၊ တပ်မ (၃၃) ဗျူဟာမှူး၊ တပ်မ (၄၄) တပ်မမှူး၊ DSA စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အခု အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပတ) တိုင်းမှူး၊ နောက် တြိဂံတိုင်း တိုင်းမှူး၊ ရှမ်းပြည်က စစ်ဆင်ရေးတွေကို ကွပ်ကဲရတဲ့ ကစထ (၂) မှူး ဖြစ်ခဲ့ပါတယ်။
စစ်ရေးအရ ပြောင်မြောက်တဲ့ စွမ်ဆောင်ရည် မရှိပေမယ့် တိုက်ပွဲရှိတဲ့ ဒေသတွေက တိုက်ခိုက်ရေးတပ်တွေကို ကွပ်ကဲရတဲ့ အတွေ့အကြုံ ရှိခဲ့ပါတယ်။ ၂၀၁၀ ပြည့်နှစ်၊ ဇွန်လမှာ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနေရာကို ဆက်ခံပြီး ညှိကွပ်ဖြစ်လာပါတယ်။
ဦးသန်းရွှေနဲ့ ဦးမောင်အေး စစ်တပ်က ထွက်ချိန် ၂၀၁၁ ခုနှစ်၊ မတ်လမှာ တပ်ချုပ်ရာထူးကို ဆက်ခံပါတယ်။ တပ်ချုပ်ရာထူး ယူချိန်က ဗိုလ်ချုပ်ကြီးရာထူးပဲ ရှိပါသေးတယ်။ ၂၀၁၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့မှ ကိုယ့်ကိုယ်ကို ဗိုလ်ချုပ်မှူးကြီးရာထူး ခန့်အပ်ခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်ရှိအချိန်အထိ သူ့လက်ထက်မှာ ညှိကွပ် ငါးယောက် အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး လှဌေးဝင်း (DSA – 20)၊ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (DSA – 20)၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး (DSA – 25)၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး (DSA – 25) နဲ့ လက်ရှိ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (DSA -35) တို့ပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်ရှိအချိန်အထိ သူ့လက်ထက်မှာ ညှိကွပ် ငါးယောက် အပြောင်းအလဲ လုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး လှဌေးဝင်း (DSA – 20)၊ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (DSA – 20)၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး (DSA – 25)၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး (DSA – 25) နဲ့ လက်ရှိ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (DSA -35) တို့ပဲ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး လှဌေးဝင်းက မင်းအောင်လှိုင်ရဲ့ ညှိကွပ်ရာထူးကို ဆက်ခံသူ ဖြစ်ပါတယ်။ စစ်ဦးစီး (ဗိုလ်မှူးကြီး)၊ တပ်မ (၁၁) တပ်မမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနဲ့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် တာဝန်တွေက တဆင့် ညှိကွပ် ဖြစ်လာတာပါ။
ညှိကွပ်နေရာမှာ လေးနှစ် တာဝန်ယူခဲ့ပါတယ်။၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မင်းအောင်လှိုင်က ဦးသန်းရွှေရဲ့ လောင်းရိပ်က မကင်းတဲ့လူတွေကို ဖယ်ရှားတဲ့ အသုတ်ထဲမှာ တယောက်ဖြစ်သွားပြီး USDP ကို ရောက်သွားခဲ့ပါတယ်။ မင်းအောင်လှိုင်နဲ့ ဆက်ဆံရေး မပြေလည်တာကြောင့်လို့လည်း ဆိုကြပါတယ်။
သူ့နောက်ဆက်ခံတဲ့ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်ကတော့ ကာကွယ်ဦးစီးချုပ် (လေ) ဖြစ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် (လေ) တာဝန်နဲ့ ညှိကွပ်ရာထူးကို ပူးတွဲကိုင်ရတာက မြန်မာစစ်တပ်သမိုင်းမှာ ပထဆုံး ဖြစ်ပါတယ်။
ဒါပေမယ့် ညှိကွပ်ရာထူးမှာ တနှစ်ပဲ ကြာခဲ့တာကြောင့် မင်းအောင်လှိုင် ကြိုက်တဲ့လူ မတွေ့သေးခင် သူယုံကြည်ရသူကို ခေတ္တ တာဝန်ယူခိုင်းဟန်တူပါတယ်။ သူကတော့ ၂၀၁၆ ခုနှစ်မှာ ရာထူးက အငြိမ်းစားယူခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး မြထွန်းဦးကတော့ ထူးခြားပါတယ်။ သူ့ကို ညှိကွပ်ရာထူးပေးတုန်းက မင်းအောင်လှိုင် သက်ပြည့်ပင်စင်သွားရင် ဒါမှမဟုတ် နိုင်ငံရေးကိုသွားရင် တပ်ချုပ်ဆက်ခံမယ့်သူလို့ ဟိုးလေးတကြော် သုံးသပ်ခဲ့ကြတာပါ။ သူရရွှေမန်းရဲ့ အဖြစ်နဲ့ အလားတူပါတယ်။
၂၀၂၁ အာဏာသိမ်းချိန်မှာတော့ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ကာကွယ်ရေးဝန်ကြီးကတဆင့် အခု ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ် ချောင်ထိုးထားခံရပါတယ်။ ဗိုလ်ချုပ်ကြီး မြထွန်းဦးက စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) စစ်ဦးစီးမှူး (ပထမတန်း)၊ အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ DSA ကျောင်းအုပ်ကြီး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းမှူး၊ စစ်ရုံးမှာ စစ်ဦးစီးအရာရှိချုပ် (ကြည်း)၊ စရဖချုပ်၊ ကစထ (၅) မှူးစတဲ့ တာဝန်တွေ ယူခဲ့ရပါတယ်။
သူ့ရဲ့ ထူးခြားချက်က တိုက်ခိုက်ရေးတပ်ရင်းတွေရော၊ ထောက်လှမ်းရေးတပ်တွေမှာပါ တာဝန်ယူခဲ့ဖူးသလို အမိန့်ပေးကွပ်ကဲဖူးတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း တပ်ချုပ် မဖြစ်ခဲ့ပါဘူး။
ဗိုလ်ချုပ်ကြီး မောင်မောင်အေးကတော့ အရန်အင်အား ရောက်ပြီးမှ တပ်ရဲ့ နံပါတ် ၃ နေရာကို ပြန်ရောက်လာတာက ထူးခြားပါတယ်။ စကခ (၆) မှူး၊ နေပြည်တော်တိုင်း တိုင်းမှူးနဲ့ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် လုပ်ခဲ့ပါတယ်။
အာဏာမသိမ်းခင်မှာ အရန်အင်အားကို ပြောင်းရွှေ့ခံလိုက်ရပါတယ်။ ဒါပေမယ့် အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီး မြထွန်းဦးနေရာကို အစားထိုးလိုက်ပါတယ်။
ဒါကလည်း မင်းအောင်လှိုင် ယုံကြည်တဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ခမည်းခမက်တော်လို့ အရာပြန်ပေးတယ်လို့လည်း ဆိုကြပါတယ်။
အခုလို တိုင်းစစ်ဌာနချုပ် နှစ်ခု လက်လွှတ်လိုက်ရပြီး မြို့ပေါင်းများစွာ သိမ်းခံရချိန်မှာ သူ့ထက် အများကြီးငယ်တဲ့ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ အစားထိုးခံလိုက်ရပါတယ်။
ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တိုက်ခိုက်ရေး အတွေ့အကြုံရော တိုက်ခိုက်ရေးတပ်တွေကို ကွပ်ကဲရတဲ့ အတွေ့အကြုံရော မရှိသလောက်နည်းတဲ့ စစ်သားတယောက် ဖြစ်ပါတယ်။
အရာရှိငယ်ဘဝမှာ နဝတ ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးရဲ့ ကိုယ်ရေးအရာရှိ လုပ်ခဲ့သလို သူ့ရဲ့ စစ်မှုထမ်းသက်တမ်းတလျှောက် နေပြည်တော်အနီးတဝိုက်က တပ်ရင်းတွေ၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေနဲ့ စစ်ရုံးတွေမှာသာ ရာထူးတိုးခဲ့သူ ဖြစ်ပါတယ်။
တြိဂံတိုင်းစစ်ဌာနချုပ်၊ တာချီလိတ်ဗျူဟာမှူး ဘဝတုန်းကလည်း တိုက်ပွဲမရှိတဲ့နေရာမှာ ဖြစ်သလို ရှမ်း RCSS/SSA နဲ့သာ စစ်ဆိုင်ထားတဲ့ အခြေအနေပဲ ရှိတာပါ။
မန္တလေးအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တိုင်းမှူးဘဝကို အသက် ၄၇ နှစ်လောက်မှာ ဗိုလ်မှူးချုပ်ဘဝနဲ့ ရခဲ့တာကြောင့် ရာထူးအတက်မြန်သူလို့ သုံးသပ်ကြပါတယ်။
စစ်တပ်မှာ တိုင်းမှူးတာဝန်ကို သုံးနှစ်ယူပြီးမှ ဒု ဗိုလ်ချုပ်ကြီးအပွင့်တင်ပြီး ရာထူးတက်ဖို့ မှန်းလို့ရချိန်မှာ ကျော်စွာလင်းက နှစ်နှစ်လောက်နဲ့ စစ်ထောက်ချုပ်ရာထူးကို တိုးခဲ့တာပါ။
စစ်တပ်မှာ တိုင်းမှူးတာဝန်ကို သုံးနှစ်ယူပြီးမှ ဒု ဗိုလ်ချုပ်ကြီးအပွင့်တင်ပြီး ရာထူးတက်ဖို့ မှန်းလို့ရချိန်မှာ ကျော်စွာလင်းက နှစ်နှစ်လောက်နဲ့ စစ်ထောက်ချုပ်ရာထူးကို တိုးခဲ့တာပါ။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အဂတိလိုက်စားမှုနဲ့ အရေးယူခံရချိန်မှာ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးကိုပါ တွဲဖက်ယူခဲ့ရပါတယ်။ စစ်ဦးစီးအရာရှိချုပ် (ကြည်း) က တပ်ချုပ်၊ ဒုတပ်ချုပ်နဲ့ ညှိကွပ်ပြီးရင် ကြည်းတပ်ကို ဦးစီးရတဲ့ရာထူး ဖြစ်ပါတယ်။
ဒီရာထူးရောက်မှသာ ကျော်စွာလင်းက တကယ် တိုက်ခိုက်ရေးကို လုပ်တဲ့တပ်တွေကို ကွပ်ကဲခဲ့ရတယ်လို့ ဆိုရမှာပါ။ ဒီလို တိုက်ခိုက်ရေးအတွေ့အကြုံ မရှိသလောက်နည်းပြီး အသက် ၅၃ နှစ်ခန့်သာရှိတဲ့ ကျော်စွာလင်းက စစ်တပ်ရဲ့ နံပါတ် ၃ ဖြစ်လာတာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဒါ့အပြင် အရင် ညှိကွပ်တွေနဲ့ အပတ်စဉ် အနည်းဆုံး ၁၀ ခုလောက်အထိ ကွာသလို မင်းအောင်လှိုင်နဲ့ဆို အပတ်စဉ် ၁၆ ခုတောင် ကွာပါတယ်။
အသက်ငယ်ပြီး အပတ်စဉ်ကွာတဲ့ ဗိုလ်ချုပ်ကြီးတယောက်ကို ညှိကွပ်ပေးပြီး တပ်ကို အပ်လိုက်တာမျိုး အရင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ ပြည့်နှစ်တုန်းက လုပ်ခဲ့ဖူးပါတယ်။ အခု စစ်ခေါင်းဆောင်ကလည်း ရွေးကောက်ပွဲလုပ်မယ် တကြော်ကြော်အော်ပြီး ညှိကွပ်ကို သွေးသစ်လောင်းလိုက်တာကြောင့် လူအများကြား စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။
ဒါပေမယ့် ညှိကွပ်တိုင်းတော့ တပ်ချုပ် မဖြစ်ကြရပါဘူး။ တိုက်ခိုက်ရေး၊ အမိန့်ပေးကွပ်ကဲရေး အတွေ့အကြုံ အများကြီးရှိတဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးတို့လည်း တပ်ချုပ် မဖြစ်ခဲ့ပါဘူး။
ဒီလို ‘မင်းခယောကျ်ား ကမ်းနားသစ်ပင်’ ဖြစ်နေတဲ့ မင်းအောင်လှိုင်ရဲ့ သက်တမ်းမှာ တိုက်ခိုက်ရေး အတွေ့အကြုံ မရှိ၊ လူကြိုက်လည်း မများတဲ့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တပ်ချုပ်ဖြစ်လာမလားဆိုတာတော့ ဆက်စောင့်ကြည့်ရမှာပါ။
(ဥသြသည် ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံကျောင်းသားဟောင်း တဦးဖြစ်ပြီး မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ သုတေသီတဦးလည်း ဖြစ်ပါသည်။)
You may also like these stories:
မင်းအောင်လှိုင်ရာထူး ဘယ်သူဆက်ခံမလဲ
ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တပ်ချုပ် ဖြစ်လာမလား
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း
စစ်တပ် ထိပ်ပိုင်းရာထူး အပြောင်းအလဲတွေရဲ့ နောက်ကွယ် (ရုပ်/သံ)
မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနားယူ မယူ