အခုရက်ပိုင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မကြာခဏ ပြောလာသည့် အကြောင်းအရာတခုမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်းမှရမည်၊ စစ်ရေးနည်းလမ်းနှင့် ဖြေရှင်း၍ မရဆိုသည့်အချက် ဖြစ်၏။
သူပြောနေပုံအရဆိုဆိုလျှင် တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကိုင်ဖြေရှင်းနေ၍ စစ်တပ်က လက်နက်ကိုင် ဖြေရှင်းနေရခြင်းဖြစ်ပြီး ဤသို့ဖြေရှင်း၍လည်း ပြဿနာ မပြေလည်ဟူ၍ လက်ရှိစစ်ပွဲ၏ တရားခံကို ပြောင်းပြန် လက်ညိုးထိုးနေခြင်း ဖြစ်၏။
ဤစကားမတိုင်က စစ်တပ်လော်ဘီများ ပြောလေ့ရှိသည်မှာ “စစ်ကိုခေါ်၍ စစ်လာသည်” ဟူ၍ဖြစ်၏။ သူတို့ဆိုလိုသည်မှာ စစ်တပ်ကို လက်နက်ကိုင်တိုက်ကြ၍ စစ်တပ်က ပြန်တိုက်ရသဖြင့် လူထုနှင့် ကျေးရွာများ စစ်ဘေးသင့်ရသည်။ စစ်ဒဏ်ခံရသည်ဟု ဆိုလိုခြင်းဖြစ်၏။
ဤစကားနှစ်ခုလုံးမှာ လက်ရှိစစ်ပွဲ၏ တရားခံဖြစ်သည့် စစ်ကောင်စီတပ်သည် “သူခိုးက လူဟစ်” နေခြင်း ဖြစ်၏။
လက်ရှိ မြန်မာ့ပြည်တွင်းစစ် မြင့်တက်နေခြင်းသည် ၂၀၂၁ ခုနှစ်တွင် စစ်တပ်က လက်နက်အားကိုးနှင့် အာဏာသိမ်းခြင်းကြောင့် ပေါ်လာခြင်းဖြစ်၏။ ဤရွေးကောက်ပွဲလမ်းကြောင်းနှင့် ဆက်သွားနေလျှင် နောင် အနှစ် နှစ်ဆယ်၊ အစိတ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို နိုင်ဖွယ်မရှိတော့ဟုဆိုကာ အာဏာလက်လွတ် မခံလိုသည့်၊ အစိတ်သားနှင့်ပင် မကျေနပ်နိုင်သည့် စစ်တပ်က လက်နက်အားကိုးဖြင့် အကြမ်းဖက် အာဏာသိမ်း၍ ပေါ်ပေါက်လာခြင်း ဖြစ်၏။
အကယ်၍သာ ၂၀၂၁ ခုနှစ်တွင် စစ်ခေါင်းဆောင်များကသာ အာဏာမရူးဘဲ လက်နက်ကိုင်အကြမ်းဖက် အာဏာသိမ်းခြင်း မရှိပါက မြန်မာပြည်သည် ယနေ့ကဲ့သို့ အခြေအနေမျိုးတွင် မရှိပေ။
အကယ်၍သာ ၂၀၂၁ ခုနှစ်တွင် စစ်ခေါင်းဆောင်များကသာ အာဏာမရူးဘဲ လက်နက်ကိုင်အကြမ်းဖက် အာဏာသိမ်းခြင်း မရှိပါက မြန်မာပြည်သည် ယနေ့ကဲ့သို့ အခြေအနေမျိုးတွင် မရှိပေ။
ရွေးကောက်ခံအစိုးရသာ အာဏာဆက်လက်ရှိပါက လက်ရှိ သိန်းနှင့်ချီရှိသည့် နွေဦးတော်လှန်ရေး အင်အားစုများ လက်နက်ကိုင်စရာ အကြောင်းမရှိပေ။ တကယ်တမ်းဆိုလျှင် ၂၀၂၀ ကိုဗစ်ကပ်ရောဂါဒဏ် ခံရပြီး အားလုံးရုန်းထရန် ပြင်ဆင်နေကြသည့်ကာလ ဖြစ်၏။
ရွေးကောက်ခံ NLD အစိုးရလက်ထက်တွင် အားနည်းချက်များရှိသည် ဆိုသော်လည်း လွတ်လပ်စွာ ပြောဆိုရေးသား ဝေဖန်ခွင့်ရသည်။ ရန်ကုန်၊ မန္တလေးအပါအဝင် နေရာအတော်များများတွင် လျှပ်စစ်မီး ၂၄ နာရီ ရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာသကဲ့သို့ ပြည်ပရောက်နေသည့် မြန်မာနိုင်ငံသားများလည်း ပြည်ပမှ အတွေ့အကြုံများ အရင်းအနှီးများ ယူဆောင်၍ ပြန်ဝင်လာနေသည်။
စီးပွားရေးအခြေအနေသည်လည်း ယခင်ကထက် ကောင်းလာသည်။ ငွေကြေးတန်ဖိုးနှင့် ကုန်ဈေးနှုန်းလည်း တည်ငြိမ်သည်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ယခင်ကထက် မျှော်လင့်ချက်ထားလာကြ၏။
ထိုစဉ်က ပြည်သူအများစုမှာ မည်သူမှ လက်နက်ကိုင်ရန် ဆန္ဒမရှိကြပေ။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ မသိမ်းခင်က ပြည်သူများကို လက်နက်ကိုင်ရန် သွားရောက်စည်းရုံးပါက စည်းရုံးသူအား “ရူးနေလား” ဟု အပြောခံရမည် ဖြစ်၏။
ထိုအရာအားလုံးကို ပြောင်းပြန်လှန်ပစ်သည်မှာ စစ်တပ်အာဏာသိမ်းမှု ဖြစ်၏။ စစ်တပ်အာဏာသိမ်းပြီးနောက် လူထု၏ ဆန့်ကျင်အုံကြွမှုကို လက်နက်ဖြင့် အကြမ်းဖက် နှိမ်နင်းသတ်ဖြတ်ပြီးနောက် လူထု၏ ပေါက်ကွဲမှု၊ အုံကြွမှုကို တားဆီး၍ မရနိုင်တော့ပေ။
တကယ်တမ်းတွင် လက်ရှိ စစ်တပ်ကို ဦးစီးဦးရွက်ပြုနေကြသူများမှာ မျိုးဆက်ဟောင်း (Gen Lee) များ ဖြစ်ကြသည်။ စစ်တပ်က အာဏာသိမ်းပြီး “ခပ်ကြမ်းကြမ်းလေး ပစ်ပြလိုက်ရင် ငြိမ်သွားမှာပါ”၊ “စစ်တပ်က မိုးပေါ် ထောင်မပစ်ဘူး”၊ “ကြည်း၊ ရေ၊ လေ စစ်လက်နက် ပစ္စည်းတောင့်တင်းတဲ့ စစ်တပ်ကို ယှဉ်လို့မရဘူး” ဟူ၍ လှေထိုးကြီး ရိုးရိုးတွေးကြသည့်အပြင် လူထု၏ အင်အားကိုလည်း အထင်သေးကြသူများ ဖြစ်၏။
ယခု နွေဦးတော်လှန်ရေးတွင် စစ်တပ်ကို လက်နက်ကိုင်တိုက်ကြသူများမှာ နိုင်ငံရေးသမား မျိုးဆက်ဟောင်းများ မဟုတ်ကြပေ။ Gen Z ဟု ခေါ်ကြသည့် မျိုးဆက်သစ်များ ဖြစ်သည်။ သူတို့၏ မျိုးဆက်တွင် စစ်တပ်အာဏာသိမ်းမှု နောက်ဆုံးဖြစ်ရမည်ဆိုသည့် ယုံကြည်ချက်နှင့် တိုက်နေကြသည့် မျိုးဆက်များဖြစ်သည်။
ယခု နွေဦးတော်လှန်ရေးတွင် စစ်တပ်ကို လက်နက်ကိုင်တိုက်ကြသူများမှာ နိုင်ငံရေးသမား မျိုးဆက်ဟောင်းများ မဟုတ်ကြပေ။ Gen Z ဟု ခေါ်ကြသည့် မျိုးဆက်သစ်များ ဖြစ်သည်။ သူတို့၏ မျိုးဆက်တွင် စစ်တပ်အာဏာသိမ်းမှု နောက်ဆုံးဖြစ်ရမည်ဆိုသည့် ယုံကြည်ချက်နှင့် တိုက်နေကြသည့် မျိုးဆက်များဖြစ်သည်။
ယခု မျိုးဆက်သစ်သည် ယုံကြည်ချက် ခိုင်မာသကဲ့သို့ တီထွင်ဖန်တီးမှုလည်း ရှိသည်။ စွန့်လွှတ်စွန့်စားမှုလည်း ရှိသည်။ ထိုမျိုးဆက်သစ်ကို မျိုးဆက်ဟောင်း စစ်ခေါင်းဆောင်များက အထင်အမြင်သေးပြီး လက်နက်ကိုင်အကြမ်းဖက် အာဏာသိမ်းခဲ့၍ ဤအခြေအနေကို ဆိုက်လာခြင်း ဖြစ်၏။
ယခင်က “စစ်ကိုခေါ်၍ စစ်လာသည်” ဟု ပြောဆိုနေကြသော စစ်တပ်လော်ဘီများသည် ယခုအခါ ထိုစကားကို သိပ်မသုံးကြတော့။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်အနှံ့ စစ်မျက်နှာတိုင်းတွင် မြန်မာစစ်တပ် ခွက်ခွက်လန် စစ်ရှုံးနေ၍ဖြစ်၏။
သူတို့သုံးနှုန်းနေသည့် “စစ်ကိုခေါ်၍ စစ်လာ” တော့ စစ်ရှုံးနေသည်မှာ စစ်တပ်ဖြစ်၏။ ရာနှင့် ထောင်နှင့်ချီ၍ သေဆုံးသည့်အပြင်၊ ရာနှင့်ထောင်နှင့်ချီ၍ အဖမ်းခံရ လက်နက်ချနေရသည်မှာ စစ်ကောင်စီတပ် ဖြစ်သည်။ စစ်မြေပြင်တွင် အလံဖြူထောင်နေရသည်မှာ စစ်တပ်ဖြစ်၏။
သံချပ်ကာကားများ၊ ဟောင်ဝစ်ဇာ အမြောက်များအပါအဝင် လက်နက်မျိုးစုံ အစုလိုက်အပြုံလိုက် စွန့်လွှတ်ဆုံးရှုံးနေသည်မှာ စစ်တပ်ဖြစ်၏။ စစ်ဌာနချုပ်များ၊ တပ်စခန်းများ တခုပြီးတခု လက်လွတ်ရှုံးနိမ့်နေသည်မှာ စစ်တပ်ဖြစ်၏။
ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်အဆင့်အထိပါ စစ်မြေပြင်တွင် သေဆုံး၊ ဖမ်းမိ၊ လက်နက်ချနေရသည်မှာ စစ်တပ်ဖြစ်၏။
နွေဦးတော်လှန်ရေးတွင် တူမီးကိုင်၍ စစ်တပ်ကို အစောဆုံး ပုန်ကန်သည့်အထဲတွင် ပါဝင်သည့် ချင်းပြည်နယ်မှ မင်းတပ်သည် ယခုအခါ လွတ်မြောက်သွားပြီဖြစ်၏။ လေယာဉ်ဖြင့် အဆက်မပြတ် ဗုံးကြဲနေသည့် စစ်တပ် အနိုင်မရသည့်အပြင် ရာနှင့်ချီ၍ လက်နက်ချခဲ့ကြသည်။ ဟောင်ဝစ်ဇာ အမြောက်အပါအဝင် လက်နက်အမြောက်အမြားကို ချင်းညီနောင်တပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ကိုခေါ်၍ စစ်လာသည်၊ စစ်လာတော့ စစ်ရှုံးသည်၊ အလံဖြူထောင်ရသည် ဖြစ်နေ၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုတလော နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းနှင့် ဖြေရှင်းမရဟု ပြောင်းပြောနေခြင်း ဖြစ်၏။
ဤသို့သော အခြေအနေတွင် စစ်ကိုခေါ်၍ စစ်လာသည်၊ စစ်လာတော့ စစ်ရှုံးသည်၊ အလံဖြူထောင်ရသည် ဖြစ်နေ၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုတလော နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းနှင့် ဖြေရှင်းမရဟု ပြောင်းပြောနေခြင်း ဖြစ်၏။
ဤသို့ ပြောင်းပြောနေသော်လည်း လက်နက်ကိုင် အကြမ်းဖက်နည်းလမ်းကို စစ်တပ်က စတင်အသုံးပြုခဲ့သည်ကို ဝန်ခံခြင်း မပြုသည့်အပြင် အခြေအနေနှင့် မကိုက်ညီသည်များ ပြောဆိုနေသည်ကို တွေ့ရသည်။
ပထမအချက်မှာ တော်လှန်ရေးတပ်များ လက်နက်စွန့်ရမည်ဆိုသည်ကို ယခုရက်ပိုင်းအထိ မရှက်မကြောက် ပြောဆိုနေခြင်းဖြစ်၏။ စစ်မြေပြင်တွင် ရာနှင့်ထောင်နှင့်ချီ၍ လက်နက်ချနေသည်မှာ စစ်တပ်ဖြစ်၏။
ပိတ်စဖြူ၊ စက္ကူဖြူ၊ ပလပ်စတစ်အဖြူ၊ ဖော့ဘူးဖြူပါမကျန် ရှိသမျှ အဖြူကို အလံလုပ်၍ လက်နက်စွန့်နေသည်မှာ စစ်တပ်ဖြစ်၏။ စစ်နိုင်နေသော စစ်တပ်က စစ်ရှုံးနေသော စစ်တပ်ထံသို့ လက်နက်စွန့်သည်မှာ သမိုင်းတွင် မရှိပေ။
သို့ဖြစ်ရာ မဖြစ်နိုင်သည့်အရာများ ပြောနေခြင်းသည် လူထုအတွင်း ရယ်စရာပြက်လုံးတခု ဖြစ်နေပြီး နိုင်ငံရေးအရ မည်သို့မှ ဖြေရှင်းနိုင်မည် မဟုတ်ပေ။
ဒုတိယအချက်အနေဖြင့် စစ်တပ်က ယခုအထိ အသေဆုပ်ကိုင်ထားသည်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA သဘောတူညီချက် ဆိုသည့်အချက်ဖြစ်၏။
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ရာဒေသနှင့် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) မိုင်းလား ထိန်းချုပ်ရာဒေသများသည် ၂၀၀၈ အခြေခံဥပဒေနှင့် ဘောင်မဝင်သကဲ့သို့ ၂၀၀၈ ကိုလည်း လက်မခံခဲ့ကြပေ။
အပစ်အခတ်ရပ်စဲရေး NCA သဘောတူညီချက်ကိုလည်း လက်မှတ်မထိုးခဲ့ကြပေ။ ဝ နှင့် မိုင်းလားဒေသများကို စစ်တပ်လက်လွှတ်ရသည်မှာ နှစ် ၅၀ ကျော်ခဲ့ပြီ ဖြစ်သကဲ့သို့ ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်ဆင်ခြင်းလည်း မပြုလုပ်နိုင်ခဲ့သည်မှာ နှစ် ၃၀ ကျော်ခဲ့ပြီ ဖြစ်၏။
ယခုအခါ ဝ နှင့် မိုင်းလားထက် ပို၍ အင်အားတောင့်သည့် တပ်ဖွဲ့များပေါ်လာပြီး ဝ နှင့် မိုင်းလားထက် ပိုကျယ်ပြန့်သည့် နယ်မြေများကို ထိန်းချုပ်ထားသည်။ ဝ နှင့် မိုင်းလားနယ်မြေများကိုပင် ပြန်လည် မသိမ်းခဲ့သည့် စစ်တပ်သည် ယခု ထပ်မံ လက်လွှတ်ရသည့် နယ်မြေများကို အချိန်တိုအတွင်း ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်ရန် လုံးဝ မဖြစ်နိုင်သကဲ့သို့ လုံးဝ ပြန်မသိမ်းနိုင်တော့။
ယခုအခါ ဝ နှင့် မိုင်းလားထက် ပို၍ အင်အားတောင့်သည့် တပ်ဖွဲ့များပေါ်လာပြီး ဝ နှင့် မိုင်းလားထက် ပိုကျယ်ပြန့်သည့် နယ်မြေများကို ထိန်းချုပ်ထားသည်။ ဝ နှင့် မိုင်းလားနယ်မြေများကိုပင် ပြန်လည် မသိမ်းခဲ့သည့် စစ်တပ်သည် ယခု ထပ်မံ လက်လွှတ်ရသည့် နယ်မြေများကို အချိန်တိုအတွင်း ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်ရန် လုံးဝ မဖြစ်နိုင်သကဲ့သို့ လုံးဝ ပြန်မသိမ်းနိုင်တော့။
သို့ဖြစ်ရာ စစ်တပ်အနေဖြင့် ၂၀၀၈ အခြေခံဥပဒေနှင့် NCA သဘောတူညီချက်ကို ဆက်လက်၍ အသေဆုပ်ကိုင်ထားပါက စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောနေသည့် နိုင်ငံရေးနည်းလမ်းနှင့် ဖြေရှင်း၍ လုံးဝ မရနိုင်ပေ။
လက်ရှိတွင် စစ်ခေါင်းဆောင်က နေပြည်တော်နှင့် ရန်ကုန်၌ ပွဲလမ်းသဘင်မျိုးစုံ ပြုလုပ်နေသည်မှာ အကြောင်းမဲ့တော့ မဟုတ်ပေ။ တိုင်းပြည်အခြေအနေသည် တည်ငြိမ်နေသည်၊ မြန်မာပြည်ကို စစ်တပ်က ကောင်းစွာ ထိန်းချုပ်ထားနိုင်သည်ကို ပြည်တွင်းရော ပြည်ပကိုပါ ပြသလို၍ဖြစ်သည်ဟု ဆိုနိုင်သည်။
သို့သော် မြေအောက်လမ်းကူး ဖွင့်ပွဲကအစ တက်နေသည်က စစ်ကောင်စီ ခေါင်းဆောင်ကိုယ်တိုင် ပွဲကြိုက်လွန်း၍လည်း ဖြစ်နိုင်သည်။ မည်သို့ဖြစ်စေ လက်ရှိ သတင်းစီးဆင်းမှုအရ မြန်မာပြည်အခြေအနေကို ပြည်တွင်းရော ပြည်ပပါ ကောင်းစွာသိကြသည်။
နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဆိုပါက ရိုးသားဖြောင့်မတ်ရန် လိုအပ်ပြီး မြေပြင်ပကတိ အခြေအနေအား မျက်မှောက်ပြုရန် လိုအပ်ပါသည်။
မြန်မာနယ်စပ်အများစုကို စစ်တပ်က မထိန်းချုပ်နိုင်တော့ကြောင်း၊ ပြည်တွင်း၌လည်း စစ်တပ်ထိန်းချုပ်နိုင်သည်မှာ ရာခိုင်နှုန်း အနည်းစုဖြစ်နေကြောင်း၊ စစ်တပ်က စစ်ရေးအရ နေရာတိုင်း၌ ရှုံးပွဲဆက်နေကြောင်း လိမ်လည်၍ မရပေ။
သို့ဖြစ်ရာ စစ်ခေါင်းဆောင်အနေဖြင့် စစ်တပ်က စတင်၍ လက်နက်ကိုင်ပြီး အကြမ်းဖက်သောကြောင့် မြန်မာပြည် လက်ရှိအခြေအနေ ဖြစ်ပေါ်နေသည်ကို ဖုံးကွယ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းပါဟု လိမ်ညာပြောနေခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။
ထို့ပြင် အခြေအနေနှင့် လုံးဝ မကိုက်ညီတော့သည့် ၂၀၀၈ အခြေခံဥပဒေနှင့် အပစ်အခတ်ရပ်စဲရေး NCA ဆိုသည်ကို အသေဆုပ်ကိုင်ထားပါကလည်း နိုင်ငံရေးနည်းနှင့် ဖြေရှင်းနိုင်မည် မဟုတ်ပေ။
နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမည်ဆိုပါက ရိုးသားဖြောင့်မတ်ရန် လိုအပ်ပြီး မြေပြင်ပကတိ အခြေအနေအား မျက်မှောက်ပြုရန် လိုအပ်ပါသည်။
(ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူတဦးဖြစ်သည်။)
You may also like these stories:
တရုတ်ဘာပဲပြောပြော ငြိမ်းချမ်းရေးစားပွဲပေါ် မရောက်နိုင်သေးဘူး
မြန်မာ့ “ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ” တည်ဆောက်ရေး တရုတ်နည်း တရုတ်ဟန်
မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်
စစ်ကိုခေါ်လို့ စစ်လာတယ်လို့ ပြောကြပါဦး
ငြိမ်ခံနေရင် တိုင်းပြည် တိုးတက်မယ်တဲ့လား
ပွဲကြိုက်မောင်နှင့် သူ၏ လော်ဘီများ