မီးလျှံမြစ်ကမ်းပါး
သေတော့ သေလုလုပဲ
မျောပါးမသွားခဲ့ရင်တော့ ကမ်းကပ်နိုင်မှာပေါ့
ဒီကမ်းက ဘာကမ်းမို့လဲ
အလျှံတငြီးငြီး စစ်မီးတွေ လောင်မြိုက်နေတဲ့ကြားက
အဖြူရောင်ကြာပန်းတွေ တပွင့်ပြီး တပွင့် ပွင့်ပြနေတဲ့
မီးလျှံမြစ်ကမ်းပါးပေါ့။
– မြတ် –
နှစ်သုညနှစ်ငါး (၂၀၂၅) ကိုတော့ ကဗျာဟောင်းတပုဒ်နဲ့ စဖွင့်ချင်ပါတယ်။ ဒီကဗျာကို ၂၀၂၂ နှစ်ဦးပိုင်းက ရေးခဲ့တာပါ။ ဒီကဗျာကို ပြန်ဖတ်ရတော့ လက်ရှိ အခင်းအကျင်းတခုကို ထင်ဟပ်နေသလိုရှိတာမို့ ပြန်မျှဝေချင်စိတ် ဖြစ်မိတယ်။
စစ်နဲ့ငြိမ်းချမ်းရေးရဲ့ ဝိရောဓိကို ဒီကဗျာထဲမှာ ပြန်မြင်ရသလို လက်ရုံးရည် တော်လှန်ရေးနဲ့ နှလုံးရည် တော်လှန်ရေးရဲ့ ဝိရောဓိတွေကိုလည်း မြင်မိပါတယ်။
“ကိုယ့်ကို တချိန်လုံး သတ်ဖြတ်ဖို့ ကြိုးစားနေတဲ့သူတွေနဲ့ ဘယ်လိုလုပ် ငြိမ်းချမ်းရေး တည်ဆောက်လို့ရမှာလဲ” ဆိုတဲ့ မေးခွန်းတခုကို ငြိမ်းချမ်းရေးသုတေသီ ပါမောက္ခတယောက်က သူ့ကျောင်းသားတွေကို မေးဖူးပါတယ်။ ဒီမေးခွန်း ကိုယ်နှိုက်က စစ်နဲ့ငြိမ်းချမ်းရေးရဲ့ ဝိရောဓိကို ပြပါတယ်။
“ခင်ဗျား မိန်းမကို ခင်ဗျားရှေ့မှာ မုဒိမ်းကျင့်မယ်။ ခင်ဗျားသားကို အဓမ္မ ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းမယ်။ ခင်ဗျားအမေရဲ့ နားထင်ကို သေနတ်ထောက်ပြီး ခင်ဗျား ရဲဘော်တွေ စခန်းချတဲ့နေရာ ပြောခိုင်းမယ်။ ဒီလိုလူတွေကို အလုံးစုံ ခွင့်လွှတ်ပြီး ခင်ဗျား ငြိမ်းချမ်းရေး စကားပြောနိုင်မလား”။
တကယ်တော့ ဒါတွေဟာ ရုပ်ရှင်ထဲမှာ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ အပြင်မှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ လူတွေရဲ့ ဖြစ်ရပ်ဆိုးတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူတို့ကို သင်ပုန်းချေဖို့စကား၊ ငြိမ်းချမ်းရေးစကား သွားပြောမယ်ဆိုရင် တရားမှာ မဟုတ်ပါဘူး။ သူတို့အတွက် အရင်ဆုံးလုပ်ရမယ့် အလုပ်က သူတို့ဆုံးရှုံးခဲ့ရတဲ့ မိသားစုဝင်တွေ ချစ်ခင်သူတွေအတွက် တရားမျှတမှု ရှာဖို့ပါပဲ။
သင်ပုန်းချေမှုတို့၊ အလုံးစုံ ခွင့်လွှတ်နိုင်မှုတို့ဆိုတာ လူသာမန်တွေ ပြုနိုင်တဲ့အမှုတွေ မဟုတ်ကြပါဘူး။ ဉာဏ်ပညာနဲ့ မေတ္တာတရား ကြီးမားတဲ့သူတွေသာ လုပ်နိုင်တဲ့အမှုတွေ ဖြစ်ပါတယ်။ လောကမှာ ဉာဏ်ပညာနဲ့ မေတ္တာတရား ကြီးမားပြီး ငြိမ်းချမ်းရေးရှေ့ထားတဲ့သူတွေဟာ လူနည်းစုသာဖြစ်လေတော့ ဒီလူနည်းစုကို ထိန်းချုပ်ထားလိုက်တာနဲ့ နှလုံးရည်နဲ့ ဖြေရှင်းတဲ့နည်းလမ်းကို သုံးဖို့ အခွင့်အလမ်းနည်းလာပြီး လက်နက်စွဲကိုင်တော်လှန်တဲ့ နည်းလမ်းတခုသာ ရွေးချယ်စရာ ဖြစ်လာတတ်ပါတယ်။
အာဏာ စသိမ်းကတည်းက သူ့ကိုယ်သူ သေချာပေါက် အနိုင်ရမယ်လို့ သဘောထားပြီး ထွက်ပေါက်တွေအားလုံးကို ပိတ်ပစ်လိုက်တဲ့ စစ်ကောင်စီဟာ အခုအချိန်မှာ ထွက်ပေါက်မဲ့နေတဲ့ အဖွဲ့အစည်းတခု ဖြစ်သွားပါပြီ။
အာဏာ စသိမ်းကတည်းက သူ့ကိုယ်သူ သေချာပေါက် အနိုင်ရမယ်လို့ သဘောထားပြီး ထွက်ပေါက်တွေအားလုံးကို ပိတ်ပစ်လိုက်တဲ့ စစ်ကောင်စီဟာ အခုအချိန်မှာ ထွက်ပေါက်မဲ့နေတဲ့ အဖွဲ့အစည်းတခု ဖြစ်သွားပါပြီ။
လေကြောင်းစစ်ဆင်ရေးကလွဲပြီး အားကိုးစရာမဲ့နေတဲ့၊ ကိုယ့်ပြည်သူကိုယ် ကာကွယ်ရမယ့်အစား သတ်ဖြတ်နေတဲ့၊ နိုင်ငံ့အညွန့်အဖူး လူငယ်လေးတွေကို ရှေ့တန်းစစ်မျက်နှာကို အတင်းအဓမ္မ တွန်းပို့နေတဲ့ အဖွဲ့အစည်းတခုထက် ဘာမှမပိုတော့ပါဘူး။
နိုင်ငံသူနိုင်ငံသားတွေကို ကာကွယ်ဖို့အတွက် ဖွဲ့စည်းထားတဲ့ အင်စတီကျူးရှင်းတခု မဟုတ်တော့ဘဲ အကျင့်ပျက် လာဘ်စားမှုတွေ တသီတတန်းနဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ခြအုံပျက်ကြီးတခု ဖြစ်နေပါပြီ။

ဝန်ခံသည်ဖြစ်စေ ဝန်မခံသည်ဖြစ်စေ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်မှာ စစ်ကောင်စီ တစတစ ဆုံးရှုံးလာရတဲ့အရာ သုံးခု ရှိပါတယ်။
(၁) စစ်တပ်က ကမကထပြုရေးဆွဲပြီး စစ်တပ်ကပဲ ပြန်ဖျက်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊
(၂) နိုင်ငံရဲ့ သုံးပုံတပုံလောက်သော နယ်မြေပိုင်စိုးမှုနဲ့
(၃) တိုက်သမျှရှုံးပြီး ရှုံးတိုင်းအလံဖြူထောင်နေရတဲ့ တပ်မတော်ဆိုတဲ့ အင်စတီကျူးရှင်းကြီးတခု။
ဒါကြောင့်မို့ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ထွက်ပေါက်တခုအနေနဲ့သုံးဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကိုရော ၂၀၀၈ အခြေခံဥပဒေကိုပါ ပြည်သူအများစုက အယုံအကြည် မရှိကြတော့တာက ပြဿနာပါ။
နိုင်ငံတကာကရော စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို အယုံအကြည် ရှိကြပါသလား။ နိုင်ငံသားတွေကိုယ်နှိုက်က အယုံအကြည်မရှိတဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာက ဇွတ်တွန်းမယ်ဆိုရင်တော့ ထွက်လာတဲ့ရလဒ် အဆိုးအကောင်းကို တာဝန်ခံရမှာက တွန်းပို့တဲ့နိုင်ငံတွေသာ ဖြစ်ပါလိမ့်မယ်။
စစ်အာဏာရှင်စနစ်ကို မလိုလားတဲ့ အခြားသောအဖွဲ့တွေမှာရော ထွက်ပေါက်ရှိသလား။
လက်နက်ကိုင်တော်လှန်ရေးကို မထောက်ခံတဲ့၊ ရွေးကောက်ပွဲကသာ အဖြေလို့ယူဆတဲ့ ပြည်တွင်းက နိုင်ငံရေးပါတီတချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်မယ့် နိုင်ငံရေးပါတီ ၅၃ ခုထဲက တချို့ပါတီတွေက လက်နက်ကိုင်ပြီး လုံခြုံရေးယူမယ်လို့ စာရင်းပေးတာတွေ ရှိလာတဲ့အတွက် အဲဒီပါတီတွေ မျှော်လင့်သလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့ အလားအလာက နည်းသည်ထက် နည်းလာပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ပြည်တွင်း နိုင်ငံရေးသမားတွေ ငွေဆောင်မှာ တွေ့ဆုံခဲ့ကြတဲ့ ဆွေးနွေးပွဲမှာ သုံးသပ်ချက်တခု ၂၀၂၅ နှစ်ဆန်းမှာ ထွက်ပေါ်လာခဲ့ပြီး ပြည်တွင်းပြည်ပ နိုင်ငံရေးစိတ်ဝင်စားသူတွေကြားမှာ အငြင်းပွားစရာ ဖြစ်လာခဲ့ပါတယ်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ပြည်တွင်း နိုင်ငံရေးသမားတွေ ငွေဆောင်မှာ တွေ့ဆုံခဲ့ကြတဲ့ ဆွေးနွေးပွဲမှာ သုံးသပ်ချက်တခု ၂၀၂၅ နှစ်ဆန်းမှာ ထွက်ပေါ်လာခဲ့ပြီး ပြည်တွင်းပြည်ပ နိုင်ငံရေးစိတ်ဝင်စားသူတွေကြားမှာ အငြင်းပွားစရာ ဖြစ်လာခဲ့ပါတယ်။
တကယ်တမ်း အငြင်းပွားလို့သာ ပွားကြပေမယ့် ဒီထုတ်ပြန်ချက်ဟာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မဟာမိတ်သုံးဖွဲ့ (ချင်း CNF, ကရင်နီ KNPP, ကရင် KNU) ပူးပေါင်း ထုတ်ပြန်ခဲ့တဲ့ “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်” နဲ့ အခြေခံသဘောတရားအရ ကွာခြားမှု သိပ်မရှိလှပါဘူး။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ဖို့ မျှော်မှန်းချက်တွေ တူတယ်။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ဖော်ဆောင်ဖို့အတွက် လုပ်ငန်းစဉ်တွေ၊ ယန္တရားတွေ ရှိဖို့လိုအပ်တယ်ဆိုတဲ့ သဘောထားတွေက တူညီကြပါတယ်။
အဓိက ကွဲပြားချက်က “မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်” ဆိုတာက NUGနဲ့ မဟာမိတ်သုံးဖွဲ့ (CNF, KNPP, KNU) ရဲ့ ဘုံသဘောထားဖြစ်ပြီး၊ “နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာစေဖို့” က ပြည်တွင်းနိုင်ငံရေး အင်အားစုတွေရဲ့ သဘောထား ဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရန်၊ ရောက်ရှိသည့်နေရာတွင် စစ်ပွဲများ ရပ်တန့်ထားရန်” ဆိုတဲ့အချက်တွေက နှလုံးရည်နိုင်ငံရေးသမားတွေရဲ့ လုပ်ရိုးလုပ်စဉ်တွေပါပဲ။
ထူးခြားချက်တခုက နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်စေရန် နိုင်ငံတကာမှကူညီရန်ဆိုတဲ့ အချက်ပါပဲ။
စစ်ကောင်စီနဲ့ အတိုက်အခံအင်အားစုတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ကြားဝင်ဆောင်ရွက်ပေးသင့်တဲ့ တတိယအုပ်စုက စစ်ကောင်စီနဲ့ နီးစပ်တဲ့ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံရေးပါတီတွေ မဖြစ်သင့်ဘူး ဆိုတဲ့အချက်ကို ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေက အလေးပေး ပြောကြပါတယ်။
၂၀၁၀ ပြည့်နှစ်မှာတုန်းက ခေတ်စားခဲ့တဲ့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ တတိယအုပ်စုကြောင့် ပေါ်ထွန်းလာခဲ့တဲ့ အတုအယောင် နိုင်ငံရေးအကူးအပြောင်းကလည်း သင်ခန်းစာယူစရာတခု ဖြစ်ပါတယ်။
အခုအချိန်မှာ အရေးတကြီး လိုအပ်နေတာက အင်အားကောင်းပြီး တရားဝင်တဲ့ တတိယအုပ်စု တခုခုက (ဥပမာ ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီ၊ ဥရောပသမဂ္ဂ အစရှိသဖြင့်) ကြားဝင်ဆောင်ရွက်ပေးဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။
ခေတ်အဆက်ဆက် စစ်အစိုးရတွေကတော့ နှလုံးရည်နိုင်ငံရေးသမားတွေက “နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာစေဖို့” တောင်းဆိုတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးလိုက်၊ ဆက်သွယ်ရေး တာဝန်ခံတယောက်ယောက် ထားပြီး တွေ့ပေးလိုက်နဲ့ နိုင်ငံရေးကစားပွဲတခုလို အသုံးချခဲ့ကြပါတယ်။
အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တစိုက်မတ်မတ် တောင်းဆိုလာခဲ့တဲ့ “နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု” ဆိုတာကို ဦးသန်းရွှေနဲ့ နအဖ စစ်ခေါင်းဆောင်တွေက ဘယ်လို ကစားခဲ့တယ်ဆိုတာကို ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ရဲ့ “မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ (၂၀၁၀-၂၀၁၆)” စာအုပ်မှာ အသေးစိတ် ဖော်ပြထားပါတယ်။
“တွေ့ဆုံဆွေးနွေးဖို့ ဘာအချိန်ဇယားမှ မရှိခဲ့ဘူး။ ဦးသန်းရွှေနဲ့ နအဖ ခေါင်းဆောင်တွေက နိုင်ငံတကာ ဖိအားတွေကို လျှော့ချဖို့ အဲဒီတွေ့ဆုံမှုတွေကို လိုသလို အသုံးချပြီး ကစားခဲ့ကြတာပါပဲ။ တွေ့ဆုံဆွေးနွေးမှုတွေကနေ ဘာတိုးတက်မှုတွေ ဖြစ်ပေါ်လာသလဲလို့ နိုင်ငံတကာက မေးလာတိုင်း အတူ ပူးပေါင်းလုပ်ဆောင်ကြဖို့ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ယောက် တွေ့ဆုံဆွေးနွေးပြီး နည်းလမ်းရှာနေတယ်လို့ပဲ အဖြေပေးခဲ့တယ်”။
ဒီတကြိမ် ပြည်တွင်းနိုင်ငံရေးသမားတွေက “နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ဆုံး ဖြစ်ပေါ်လာစေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးရန်” လို့ တောင်းဆိုတာကို စစ်ကောင်စီ တုံ့ပြန်လိုက်ပုံက သင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်က လပိုင်းလောက် လျှော့ပေါ့ပေးလိုက်တာပါ။ ဒါဟာ စစ်ကောင်စီဘက်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒမရှိတာကို ပြပါတယ်။
၂၀၁၀ တုန်းက “စစ်တပ်က စပွန်ဆာလုပ်တဲ့ ရွေးကောက်ပွဲ” ကို တကမ္ဘာလုံးက တွန်းတွန်းတိုက်တိုက် လုပ်ခဲ့ကြပါတယ်။ ဒီတကြိမ်မှာတော့ တရုတ်၊ ရုရှားနဲ့ အာဆီယံနိုင်ငံတချို့ကလွဲပြီး ဒီကိစ္စကို သိသိသာသာ ဝင်တွန်းတဲ့ အနောက်နိုင်ငံတွေ နည်းပါးတာကို တွေ့ရပါလိမ့်မယ်။
၂၀၁၀ တုန်းက “စစ်တပ်က စပွန်ဆာလုပ်တဲ့ ရွေးကောက်ပွဲ” ကို တကမ္ဘာလုံးက တွန်းတွန်းတိုက်တိုက် လုပ်ခဲ့ကြပါတယ်။ ဒီတကြိမ်မှာတော့ တရုတ်၊ ရုရှားနဲ့ အာဆီယံနိုင်ငံတချို့ကလွဲပြီး ဒီကိစ္စကို သိသိသာသာ ဝင်တွန်းတဲ့ အနောက်နိုင်ငံတွေ နည်းပါးတာကို တွေ့ရပါလိမ့်မယ်။
တနည်းအားဖြင့် တရုတ် စပွန်ဆာရွေးကောက်ပွဲကလွဲပြီး ထွက်ပေါက်မဲ့နေတဲ့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရေးကြီးတဲ့ နိုင်ငံရေးသမားတွေကို သူ့ရဲ့နောက်ဆုံးအချိန်ထိ ဓားစာခံတွေအနေနဲ့ ထားရှိသွားမယ်ဆိုတဲ့ သဘောထားကို ထင်ထင်ရှားရှား မြင်ရပါတယ်။
ခုချိန်မှာ နိုင်ငံရေးအရွေ့တခု ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေက ကျားခံတွင်းဝကနေ သူတို့လုပ်နိုင်သရွေ့ အတိုင်းအတာတခုအထိ အသက်နဲ့ခန္ဓာကိုရင်းပြီး ငွေဆောင်ဆွေးနွေးပွဲလိုမျိုး ကိစ္စတွေ ဆောင်ရွက်နေကြတာကို အသိအမှတ်ပြုရမှာပါပဲ။
အဲဒီလိုပါပဲ။ တစထက်တစ ချည့်နဲ့လာပြီဖြစ်တဲ့ စစ်အုပ်စုကို အပြီးသတ် အလဲထိုးဖို့နဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ လက်ရုံးရည်တော်လှန်ရေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကြံ့ကြံ့ခံပြီး အလျှံတငြီးငြီး စစ်မီးတွေကြားမှာ အသက်စွန့် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ မြှုပ်နှံမှုကိုလည်း မေ့လျော့ထားလို့ မရပါဘူး။
စစ်ပွဲတွေ ပြီးဆုံးပြီး ငြိမ်းငြိမ်းချမ်းချမ်း နေရမယ့်နေ့ကို ရောက်ဖို့စောင့်ရတာဟာ အလျှံတငြီးငြီးနဲ့ မီးလျှံမြစ်ကမ်းပါးမှာ ပွင့်လာမယ့် အဖြူရောင်ကြာပန်းတွေကို စောင့်ရသလိုပါပဲ။
(ဆက်လက်ဖော်ပြပါမည်။)
(မွန်မွန်မြတ်သည် လွတ်လပ်ပြီး အမှီအခိုကင်းသည့် စာရေးဆရာမနှင့် သတင်းစာဆရာမ ဖြစ်သည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ပိုင်ယပ်တက္ကသိုလ်မှ ငြိမ်းချမ်းရေးလေ့လာမှုဆိုင်ရာဌာနတွင် သင်ကြားရေးတာဝန် ထမ်းဆောင်လျက်ရှိသည်။)
ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ
စစ်ကောင်စီတပ်တွေ လက်နက်ချဖို့ NUG ယာယီသမ္မတတိုက်တွန်း (ရုပ်/သံ)
နှလုံးရည်တော်လှန်ရေး အဆုံးသတ်ပြီလား အပိုင်း ၄
မြို့ပေါင်း ၃၅၀ အနက် စစ်ကောင်စီ တရာအောက်သာ ထိန်းချုပ်နိုင်တော့ဟု NUG ဆို
၂ နှစ်အတွင်း စစ်ကောင်စီ တိုက်ခိုက်ရေးတပ် ထက်ဝက်ဆုံးရှုံးဟု NUG ပြော