မည်မျှကြီးမားသည့် ကမ္ဘာစစ်ပွဲကြီးပင် ဖြစ်လင့်ကစား စားပွဲဝိုင်းတွင်သာ အဆုံးသတ်ရသည်ချည်း ဖြစ်သည်။ သို့သော် စားပွဲဝိုင်းကို ရောက်လာပုံ ရောက်လာနည်းများ မတူညီကြသည်ကိုတော့ သတိပြုရပါမည်။
ပထမ အခြေအနေမှာ စစ်ပွဲ အနိုင်အရှုံး ပေါ်လွင်သွားပြီး စစ်နိုင်သည့်ဘက်နှင့် စစ်ရှုံးသည့်ဘက်တို့ နှစ်ဖက် ကိုယ်စားလှယ်များ တရားဝင် စစ်ပွဲအဆုံးသတ်ခြင်း၊ အလျော်အစား ပြုခြင်း၊ တရားဝင် အနိုင်အရှုံး သတ်မှတ်ခြင်းတို့ကို စားပွဲဝိုင်းတွင် ပြုကြခြင်းမျိုးရှိသည်။
ဒုတိယ အခြေအနေမှာ ရှည်ကြာလာသည့် စစ်ပွဲအကျိုးဆက်ကို နှစ်ဖက် မခံနိုင်တော့သည့်အခါ၊ အနိုင်အရှုံး မပြတ်သားခြင်း၊ အများအကျိုး တိုင်းပြည်အကျိုးအတွက် ရှေးရှုလာကြရခြင်း၊ နိုင်ငံတကာနှင့် ပြင်ပဖိအားများရှိလာခြင်း စသည့် အခြေအနေများကြောင့်လည်း စစ်ပွဲရပ်ကာ ဆွေးနွေးရသည်များ ရှိသည်။
နွေဦးတော်လှန်ရေးတွင် တွေ့ဆုံဆွေးနွေးသင့်ကြကြောင်း ၂၀၂၁ ခုနှစ်ကတည်းကနေ ယနေ့အထိ တိုက်တွန်းနေကြသည့် ပြည်တွင်းပြည်ပ နိုင်ငံ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်အသီးသီးတို့သည် ဒုတိယ အခြေအနေသာ ဖြစ်လာလတ္တံ့၊ ဖြစ်နေပြီ၊ ဆက်ဖြစ်နေဦးမည်ဆိုသည့် အထိုင်မှကြည့်ကာ တွေ့ဆုံဆွေးနွေးရေးကို တိုက်တွန်းကြခြင်းဖြစ်သည်။
“သိမ်းချင်လျှင် အမှိုက်သိမ်း” မှ “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ”
တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုးပမ်းနေသူများ စိတ်ပျက်ရလောက်အောင်ပင် “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” ဆိုသည့် ကြွေးကြော်သံများက ကျယ်လောင် နေဆဲဖြစ်သည်။
“ဒါဟာ တိုင်းပြည်အနာဂတ် စစ်ပွဲရပ်ရေး၊ ဖွံ့ဖြိုးရေးလမ်းကြောင်းတွေကို ပိတ်စေတယ်၊ စစ်တပ်ကို မုန်းတီးစိတ်နဲ့ တနည်း အမုန်းတရားနဲ့သာ မောင်းနှင်ပြီး ရှေ့ဆက်တိုးနေလို့ အကျိုး မရှိနိုင်ဘူး” ဆိုပြီး နားချကြပါသည်။
သို့သော် အထူးသတိပြုရမည်မှာ စစ်တပ်မုန်းတီးရေးစိတ် တနည်းအားဖြင့် “စစ်တပ်ကို အကုန်အမြစ်ဖြုတ်မယ်၊ စစ်သားမှန်သမျှ လူ့အသိုင်းအဝိုင်းမှာ လူတော မတိုးလာစေရ” ဆိုသည့် စိတ်ထား၊ သဘောထားမျိုးတွေက ၂၀၂၁ ခုနှစ် အစောပိုင်းကာလများအထိ မတွေ့ရှိရသေးပါ။
သို့သော် အထူးသတိပြုရမည်မှာ စစ်တပ်မုန်းတီးရေးစိတ် တနည်းအားဖြင့် “စစ်တပ်ကို အကုန်အမြစ်ဖြုတ်မယ်၊ စစ်သားမှန်သမျှ လူ့အသိုင်းအဝိုင်းမှာ လူတော မတိုးလာစေရ” ဆိုသည့် စိတ်ထား၊ သဘောထားမျိုးတွေက ၂၀၂၁ ခုနှစ် အစောပိုင်းကာလများအထိ မတွေ့ရှိရသေးပါ။
အာဏာသိမ်းသည့် အစောပိုင်းကာလများတွင် လူထုဆန္ဒပြမှုများသည် “သိမ်းချင်လျှင် အမှိုက်သိမ်း” ဆိုသည့် ပေါ့ပါးသည့် ကြွေးကြော်သံများသာ ဖြစ်နေသေးသည်။ ထိုကာလသည် တွေ့ဆုံဆွေးနွေးရေးလုပ်ရန် အဖြစ်နိုင်ဆုံး ကာလများပဲဖြစ်သည်။
သို့သော် စစ်ကောင်စီက ဆန္ဒပြလူထုကို တိုး၍ တိုး၍ အကြမ်းဖက်သတ်ဖြတ်ခြင်း၊ နိုင်ငံရေးသမားများကို ဖမ်းဆီးသတ်ဖြတ်ကာ နောက်တနေ့ အလောင်းထုတ်ယူစေခြင်းများ ကြုံလာရသည့်အခါ လူထုနှင့် စစ်တပ်အကြား အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ တင်းမာလာသည်ကို တွေ့ရသည်။
ဘာကြောင့် စစ်တပ်က အကြမ်းဖက်သနည်း
မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ်ကတည်းက ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ ယခု မင်းအောင်လှိုင်အထိ ကြုံခဲ့ဖူးသည်။ ကွန်မြူနစ်၊ ဒီမိုကရေစီ၊ လူမျိုးစုတော်လှန်ရေး အမျိုးစုံကိုလည်း အာဏာရှင်တို့က နည်းလမ်းမျိုးစုံသုံးကာ ဖိနှိပ်ခြင်းခံရသည်။
သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်း မင်းအောင်လှိုင်၏ စစ်တပ်သည် တော်လှန်ရေးကို ထိန်းချုပ်နိုင်ရန် ကြိုးစားမှုမှာ အလွန်ကွဲပြားလာသည်ကို တွေ့ရသည်။
ပထမ အချက်အနေဖြင့် လက်ရှိ နွေဦးတော်လှန်ရေးကဲ့သို့ တနိုင်ငံလုံး ကြီးမားပြင်းထန်သည့် စစ်ရေး နိုင်ငံရေး တိုက်ပွဲများ လေးနှစ်ကြာသည်အထိ ဖြစ်ပေါ်ခြင်းမျိုး စစ်တပ်အနေနှင့် မတွေ့ကြုံဖူးပါ။
ရန်ကုန်အစိုးရ အဖြစ်သာ ကျန်တော့သည့် ၁၉၄၉ ခုနှစ် ကာလများသည်ပင်လျှင် အမှန်တကယ်အားဖြင့် လပိုင်းမျှသာကြာပြီး ထိုအချိန်တွင် တပ်မတော်က တော်လှန်ရေးအင်အားစုများကို တောတွင်းများသို့ တွန်းပို့နိုင်ခဲ့ပြီး မြို့များတွင် စစ်ပွဲများငြိမ်းသွားခဲ့သည်။
ထို့ကြောင့် ဖြစ်စဉ်အရ ကြည့်ပါက စစ်ပွဲသည် သေးငယ်ကျုံ့ဝင်မသွားဘဲ ၂၀၂၁ ခုနှစ်ကတည်းကနေ တနေ့တခြား ကြီးထွားလာနေသည်ကို သတိပြုရမည်။
ထိုသို့ ကြီးထွားလာရခြင်းမှာ (၁) စစ်တပ်၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှုကြောင့်၊ (၂) လူထု၏ နာကျည်းချက်ကြောင့်၊ (၃) မဟာမိတ်များ၏ စည်းလုံးမှုကြောင့်၊ (၄) တော်လှန်ရေး အင်အားစုများ၏ စွမ်းဆောင်ရည်ထက်မြက်မှုများကြောင့်၊ (၅) သို့မဟုတ် အထက်ပါ အချက်များ အားလုံးကြောင့် စသည်ဖြင့် ဖြစ်နိုင်ခြေများရှိသည်။
တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို တိုက်တွန်းကြသူများအနေဖြင့် စစ်ပွဲကြီးထွားလာရခြင်း အကြောင်းတရားများကို သေချာစွာ လေ့လာဆင်ခြင်သင့်ပေသည်။ သို့မှသာ အမှန်တကယ် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာရေးအတွက် လိုအပ်သည့် တောင်းဆိုမှု၊ ပြင်ဆင်မှုများကို ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို တိုက်တွန်းကြသူများအနေဖြင့် စစ်ပွဲကြီးထွားလာရခြင်း အကြောင်းတရားများကို သေချာစွာ လေ့လာဆင်ခြင်သင့်ပေသည်။ သို့မှသာ အမှန်တကယ် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာရေးအတွက် လိုအပ်သည့် တောင်းဆိုမှု၊ ပြင်ဆင်မှုများကို ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။
စစ်တပ်ကို မုန်းတီးမှုတခုတည်းဖြင့် ကမူးရှူးထိုးဖြစ်နေသည့် စစ်ပွဲအဖြစ် ရှုမြင်ခြင်းသည် လူထုကို နားလည်ရန် ပျက်ကွက်နေခြင်းဖြစ်နိုင်ပြီး တွေ့ဆုံဆွေးနွေးရေးကိုလည်း တွန်းပို့နိုင်ရန် ခက်ခဲမည်ဖြစ်သည်။
ဒုတိယအပိုင်းအနေဖြင့် ဘာကြောင့် စစ်တပ်က ယခင် တော်လှန်ရေးများကို နှိမ်နင်းလေ့ရှိသည့် ဖိနှိပ်သတ်ဖြတ်မှုများထက် များစွာ စည်းလွတ်ဘောင်လွတ် ကျူးလွန်ခဲ့သနည်းဆိုသည့် မေးခွန်းကို မေးရန်လိုသည်။
ဤနေရာတွင် ယခင် တော်လှန်ရေးများ၌ ဖိနှိပ်သတ်ဖြတ်မှုများကို နည်းသည်၊ တော်သေးသည်ဟု ဆိုလိုရင်း မဟုတ်ပါ။ သို့သော် ၂၀၂၁ ခုနှစ်နောက်ပိုင်း စံချိန်တင် သတ်ဖြတ်မှုများသည် ထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်သည်။
အာဏာသိမ်းပြီး နှစ်လအတွင်းပင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို သတ်ဖြတ်မှုများသည် ရာနှင့်ချီပြီးရှိခဲ့သည်ကို တွေ့ရသည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးသည်ပင်လျှင် ထိုကဲ့သို့ ပေါ်ပေါ်ထင်ထင် လက်ရဲဇက်ရဲ ကျူးလွန်မှုမျိုး မတွေ့ခဲ့ကြရပေ။
ထို့အတူ ထင်ရှားသည့် လူထုခေါင်းဆောင်များကို ထောင်တွင်းအကျဉ်းချပြီး သတ်ဖြတ်မှုများသည်လည်း သူမတူသည့် လုပ်ရပ်များ ဖြစ်သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် ယခင် စစ်အာဏာရှင်အဆက်ဆက် ယုတ်စွအဆုံး နေအိမ်အကျယ်ချုပ်တွင် နေခဲ့ရသော်လည်း ယခုအခါ ထောင်တွင် အကျဉ်းချခံရသည်တို့ကို နှိုင်းယှဉ်ကြည့်နိုင်သည်။
ထို့ကြောင့် စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးသင့်ကြောင်း တိုက်တွန်းသူများအနေဖြင့် ယနေ့ စစ်ခေါင်းဆောင်များနှင့် စစ်တပ်သည် ၂၀၁၀ နှင့် ၂၀၂၁ ကြား ၁၀ နှစ်ကြာကာလအတွင်း ပြည်သူ၊ အတိုက်အခံ ခေါင်းဆောင်များအပေါ် မည်သည့်အရာများအား နာကျည်းနေခဲ့ကြသနည်းဆိုသည်ကို လေ့လာဆန်းစစ်ရန် လိုအပ်သည်။
ပြည်သူများဘက်က ရှုမြင်ချက်တွင်မူ ထို ၁၀ နှစ်တာ ကာလအကြား စစ်တပ်သည် အကျိုးစီးပွားများ ဆက်လက်ရယူကာ ကြီးမားသည့် ဆန့်ကျင်မှု မခံရသည့် ရွှေခေတ်ပင် ဖြစ်သည်။ ထိုအခြေအနေမှ ရုတ်တရက်ဆိုသလို ပြည်သူကို နာနာကျည်းကျည်း အကြမ်းဖက် သတ်ဖြတ်မှုများ ကျူးလွန်လာသည်ကို နားမလည်နိုင်အောင် ဖြစ်ကြရသည်။
လူလား၊ အင်စတီကျူးရှင်းလား
အမှန်တကယ်အားဖြင့် စစ်တပ်သည် ၁၉၈၈ ကတည်းက အင်စတီကျူးရှင်းအနေဖြင့် ပြုပြင်ပြောင်းလဲရေးများ လုပ်ကာ ပြည်သူနှင့် ရင်ကြားစေ့ရန် အခွင့်အလမ်းများစွာ ရရှိခဲ့သည်။ တပ်မှထွက်ကာ ပြည်သူဘက်ကို ကူးပြောင်းလာကြသည့် ဦးတင်ဦး၊ ဦးအောင်ကြီး၊ ဦးဝင်းထိန်တို့အထိ လူထုထောက်ခံ အားပေးမှုကို အထိုက်အလျောက် ရခဲ့သည်ကို ကြည့်ခြင်းအားဖြင့် လူထု၏ ရင်ကြားစေ့လိုမှုကို တွေ့နိုင်သည်။
၂၀၁၀ ပြည့်နှစ်တွင်လည်း အချိန်နှောင်းသွားခဲ့သည့်တိုင် ဦးသိန်းစိန် ဦးဆောင်သည့် စစ်ဗိုလ်အုပ်စုများသည်ပင် လူထု၏ ခါးခါးသီးသီး ဆန့်ကျင်မှု မခံရတော့သည်ကို အနိမ့်ဆုံးအနေဖြင့် တွေ့ရသည်။
တပ်အတွင်းမှ ထွက်ကာ လူထုဘက်သို့ အပြည့်အဝ ကူးပြောင်းသူ၊ စစ်တပ်၏ မူကိုသာ ရပ်တည်သူ၊ ကိုယ်ကျိုးစီးပွားအတွက် ထွက်ပေါက်ရှာသူ စသည်ဖြင့် ကွဲပြားကြသော်လည်း စစ်တပ်သည် အင်စတီကျူးရှင်းကို ၎င်းတို့၏ ဗိုလ်ချုပ်များက အတွင်းက ဆန့်ကျင်လာခြင်းမျိုးကို ခံရလေ့ရှိသည်။ ဗိုလ်ချုပ် တင်ဦး၊ ဗိုလ်ချုပ် အောင်ကြီး၊ ဗိုလ်ချုပ် စောမောင်၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်ရွှေမန်းတို့ကို လေ့လာကြည့်နိုင်သည်။
၂၀၂၁ ခုနှစ် သူမတူသည့် ကျူးလွန်မှုများနောက်တွင် အင်စတီကျူးရှင်းကိုပင် ဒီအတိုင်း ဆက်လက် ထားရှိရန် ဖြစ်နိုင်၊ မဖြစ်နိုင် ကြားဝင်စေ့စပ်ရေး ဆောင်ရွက်လိုသူများ စေ့စပ်စွာ သုံးသပ်ရမည်ဖြစ်သည်။
သို့သော် ၂၀၂၁ ခုနှစ် သူမတူသည့် ကျူးလွန်မှုများနောက်တွင် အင်စတီကျူးရှင်းကိုပင် ဒီအတိုင်း ဆက်လက် ထားရှိရန် ဖြစ်နိုင်၊ မဖြစ်နိုင် ကြားဝင်စေ့စပ်ရေး ဆောင်ရွက်လိုသူများ စေ့စပ်စွာ သုံးသပ်ရမည်ဖြစ်သည်။
တနည်းအားဖြင့် ယခုကဲ့သို့ စစ်တပ်၏ ပြည်သူအပေါ် အမုန်းနှင့် ကျူးလွန်မှုများသည် အင်စတီကျူးရှင်း၏ ဖြစ်တည်မှုနှင့် မူဝါဒလား၊ စစ်ခေါင်းဆောင်များ၏ မူဝါဒလားဆိုသည်မှာ မဖြစ်မနေ လေ့လာမှသာ ညှိနှိုင်းရေး လမ်းပေါ်မည် ဖြစ်သည်။
လူထုကမူ စစ်ခေါင်းဆောင်များနှင့် စစ်တပ် အင်စတီကျူးရှင်း တခုလုံး အတူတူသာဖြစ်သည်ဟု နာကျည်းသွားပြီ ဖြစ်သည်။
ပြည်သူအများစုကမူ နိုင်လိမ့်မည်ဟု တွက်ဆခြင်းထက် ‘နိုင်မှဖြစ်မည်’ ဟုသာ နားလည်ထားကြသည်။ ကြားဝင်ဖျန်ဖြေပေးလိုသည့် နိုင်ငံ၊ အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ၏ “စစ်ပွဲသည် အနိုင်အရှုံး မပေါ်နိုင်၊ ကြာရှည်လာတာ၊ လူထုထိခိုက်လာတာသာ အဖတ်တင်မည်” ဆိုသည့် ယူဆချက်ကို ဤနေရာမှာ မငြင်းဆိုလိုပါ။
သို့သော် (၁) စစ်တပ်သည် ယခင်နှင့်ပင် သူမတူ အဘယ်ကြောင့် ဤသို့ ကျူးလွန်လာကြရသနည်း၊ (၂) စစ်အနိုင်အရှုံး မပေါ်သေးခင် ဆွေးနွေးမှုမှ စစ်တပ်သည် လက်ရှိ ဖိနှိပ်နေသည့် ဒီမိုကရေစီနှင့် လူမျိုးတန်းတူညီရေး တောင်းဆိုမှုများကို လိုက်လျောလာနိုင်ခြေ ရှိ မရှိ၊ (၃) တဦးတယောက်တည်း သို့မဟုတ် ထိပ်ပိုင်းခေါင်းဆောင်တချို့၏ ဆုံးဖြတ်ချက် ပြဿနာဖြစ်ပါက ခေါင်းဆောင်များကို ရှင်းထုတ်ကာ ပြည်သူနှင့် ရင်ကြားစေ့လိုစိတ် အင်စတီကျူးရှင်း အနေဖြင့် ရှိ မရှိ၊ (၄) အင်စတီကျူးရှင်းပြဿနာ ဖြစ်ပါက စစ်လုံးဝ ရှုံးသွားတာ မဟုတ်လျှင် မည်သည့် စေ့ဆော်မှုများက ၎င်းတို့ အတွင်းကနေ ပြုပြင်ပြောင်းလဲရေးများကို ဖော်ဆောင်လာမည်နည်း စသည့် မေးခွန်းများကို ရှင်းလင်းပေးနိုင်ရန် လိုအပ်သည်။
“အဆုံးထိ စစ်တပ်ကို အမြစ်ဖြတ်မယ်”၊ “သွေးကြွေးမှာ ဆွေနွေးစရာမရှိ” ဆိုသည့် ခံယူချက်များကို စစ်တပ်မုန်းတီးမှု သက်သက်၊ တိုင်းပြည်ကို အရှည် မကြည့်မှု၊ အမျှော်အမြင်နည်းမှုဟု ရှုမြင်ရန် မသင့်တော်ပေ။
ထိုခံယူချက်သည် အထက်ပါ မေးခွန်းများကို မည်သူမှ အဖြေမပေးနိုင်သေးခြင်းကြောင့် လူထုက သူ့သဘောသူဆောင်ကာ ရှေ့ဆက်နေခြင်းဖြစ်သည်။ ကြားဝင်ဖျန်ဖြေလိုသည့် ခေါင်းဆောင်များအနေဖြင့် အဆိုပါမေးခွန်းများကို အဖြေပေးနိုင်မှ အထင်လွဲခြင်းမှ ကင်းလွတ်ကာ လူထုကို ဦးဆောင်နိုင်ရန် အခွင့်အလမ်းများ ရှိပါသည်။
(ရန်နိုင် (သလ္လာဝတီ) သည် မြန်မာ့အရေး၊ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်သည့် သုတေသီ ဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီ၏ တွေ့ဆုံဆွေးနွေးရေးပြောဆိုချက် လိမ်ညာမှုသာဖြစ်ဟု NUG ပြော
နိုင်ငံရေး ဇာတ်ပျက်များ သတိထား
“အဆံချောင် မိစ္ဆာ” မြန်မာစစ်ဗိုလ်ချုပ်များ
စစ်ကောင်စီကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးရေးတဲ့လား