၂၀၂၅ ခုနှစ်မှာ ပြည့်ချင်တဲ့ ဆုတောင်းကို ပြောပါဆို တခုတည်းသော အရာကတော့ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ စစ်ကောင်စီ ပြုတ်ကျခြင်းပါ။ အဲဒီ ဆုတောင်းတခုတည်းမှာပဲ မြန်မာပြည်သူအားလုံးရဲ့ မျှော်လင့်ချက်တွေ အကုန်လုံး ပါဝင်နေပါတယ်။
ဒီဆုတောင်းကို အခု ခိုလှုံနေရတဲ့နိုင်ငံမှာ ဒီဇင်ဘာလ ၃၁ ရက် ည ၁၂ နာရီတုန်းက နှစ်သစ်ကို ကြိုဆိုနေကြတဲ့အချိန်မှာ ဆန္ဒပြုမိပါတယ်။
ဒီနိုင်ငံက နှစ်ကူးကျင်းပနေကြတဲ့ နိုင်ငံသားတွေက ‘Happy New Year!’ လို့ အော်နေကြချိန်မှာ ကျမကတော့ စစ်ခေါင်းဆောင်ကို ကျိန်ဆဲကြရာမှာ အသုံးများတဲ့ စကားလုံးဖြစ်တဲ့ ‘မင်းအောင်လှိုင်၊ မအလ (…)’ လို့ ရေရွတ်လိုက်မိတယ်။
မြန်မာနိုင်ငံသားတွေအတွက်တော့ ဒီနှစ်သစ်ကြိုဆိုပွဲကလည်း ပျော်ရွှင်စရာ နည်းခဲ့ပါတယ်။
ဒါက စစ်အာဏာရှင်အောက် ထပ်ကျရောက်တဲ့ နောက်ထပ် နှစ်သစ်တခု၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုအောက်ရှိ အရပ်သားအစိုးရကို ဖယ်ရှားပြီး ရွေးကောက်ခံခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း လေးကြိမ်မြောက် “မပျော်ရွှင်ရတဲ့နှစ်သစ်” ပါပဲ။
ဒါ့အပြင် ကျမရဲ့ အိမ်နဲ့အဝေး၊ အမိနိုင်ငံနဲ့အဝေးမှာ ကြုံရတဲ့ သုံးနှစ်မြောက် နှစ်သစ်လည်းပဲ ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ (စစ်အာဏာသိမ်းမှုဖြစ်ပြီး တနှစ်အကြာ) စစ်ကောင်စီရဲ့ ဖမ်းဆီးမှုက လွတ်မြောက်ဖို့အတွက်နဲ့ သတင်းသမားအဖြစ် ဆက်လက် လုပ်ကိုင်နိုင်ဖို့အတွက် မြန်မာနိုင်ငံက ထွက်ခွာခဲ့ရတယ်။
အဲဒီအတွက် ဒီ ၂၀၂၅ ခုနှစ်မှာ ကျမမှာ မင်းအောင်လှိုင် စစ်ကောင်စီ ကျဆုံးရေးကလွဲပြီး တခြား ပြည့်ချင်တဲ့ဆန္ဒ မရှိပါ။
ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ်ကို ပြန်ကြည့်ရင် စစ်ကောင်စီအောက် မြန်မာပြည်သူတွေ ဒုက္ခဝေခဲ့ရတဲ့ နောက်ထပ် နှစ်တနှစ်ဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကလည်း အရင်ကထက် ပိုဆိုးရွားခဲ့တဲ့ နှစ်တနှစ်လို့ ဆိုရမှာဖြစ်ပါတယ်။
စစ်တပ်ရဲ့ အရပ်သားပစ်မှတ်တွေ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း၊ စစ်ရှောင်စခန်းတွေပါမကျန် ဗုံးကြဲမှုတွေ၊ သတ်ဖြတ်မှုတွေ၊ တော်လှန်လူငယ်တွေရဲ့ တိုက်ပွဲအတွင်း အသက်ဆုံးရှုံးရမှုတွေ၊ မတရား ဖမ်းဆီးထောင်ချခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဥ်းသားတွေ သေဆုံးခဲ့ရမှုတွေ၊ လူမှုစီးပွားအဘက်ဘက်က ချွတ်ချုံကျ ကျဆင်းမှုတွေနဲ့ ၂၀၂၄ ခုနှစ်က ဆိုးရွားခဲ့ပါတယ်။
ဒါက စစ်အာဏာရှင်အောက် ထပ်ကျရောက်တဲ့ နောက်ထပ် နှစ်သစ်တခု၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုအောက်ရှိ အရပ်သားအစိုးရကို ဖယ်ရှားပြီး ရွေးကောက်ခံ ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း လေးကြိမ်မြောက် “မပျော်ရွှင်ရတဲ့နှစ်သစ်” ပါပဲ။
အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစပြီး အနည်းဆုံး လူ ၆,၂၀၀ ကျော် သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကလေးငယ် ၇၀၀ ကျော်နဲ့ အမျိုးသမီး ၁,၃၀၀ လည်း ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေးအကျဉ်းသား ၂၁,၀၀၀ ကျော်ကလည်း အခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံရဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၃ ဒသမ ၂ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ၂၂,၀၀၀ ကျော်မှာလည်း စစ်မှုထမ်းဥပဒေအောက် အတင်းအကျပ် စစ်သားစုဆောင်းခံခဲ့ရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အောင်ပွဲတွေ ရှိခဲ့ပေမယ့်လည်း အောင်ပွဲတွေနောက်ကွယ်က ပေးဆပ်ရမှုတွေကလည်း ကြီးပါတယ်။ ငယ်ရွယ်တဲ့ တော်လှန်လူငယ်တွေ၊ အဖွဲ့ဝင်တွေရဲ့ အသက်တွေ၊ ကိုယ်အင်္ဂါတွေ ပေးဆပ်ကြရတယ်။
ဒါ့အပြင် စစ်ကောင်စီကလည်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု၊ ဗုံးကြဲမှုတွေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ အောင်ပွဲတွေကို အပြင်းအထန် ပြန်တုံ့ပြန်သေးတယ်။
စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေကို ရပ်တန့်အောင် မလုပ်ဘဲ ‘ငြိမ်းချမ်းရေး’ လိုလားပါတယ်ဆိုတဲ့ ကြားဝင်စွက်ဖက်မှုတွေကလည်း ပိုရှုပ်ထွေးစေပြန်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အောင်ပွဲတွေ ရှိခဲ့ပေမယ့်လည်း အောင်ပွဲတွေနောက်ကွယ်က ပေးဆပ်ရမှုတွေကလည်း ကြီးပါတယ်။ ငယ်ရွယ်တဲ့ တော်လှန်လူငယ်တွေ၊ အဖွဲ့ဝင်တွေရဲ့ အသက်တွေ၊ ကိုယ်အင်္ဂါတွေ ပေးဆပ်ကြရတယ်။
ဒါကြောင့်ပဲ ၂၀၂၅ ခုနှစ်မှာ မင်းအောင်လှိုင် စစ်ကောင်စီ ကျဆုံးရေးမှအပ တခြားဘာကိုမှ ဆန္ဒမပြုမိ။ စစ်ကောင်စီကျဆုံးပြီး နိုင်ငံတည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးက အလွန်ကြီးမားပြီး စိန်ခေါ်မှုတွေရှိမယ့်ကိစ္စ ဖြစ်တာကို သိပေမယ့် စစ်ကောင်စီကျဆုံးခြင်းက မြန်မာပြည်သူတွေရဲ့ ဒုက္ခကို အဆုံးသတ်ပေးပြီး အောက်ပါ မျှော်လင့်ချက်တွေလည်း ပြည့်မှာဖြစ်ပါတယ်။
အပြစ်မဲ့ပြည်သူတွေရဲ့ အသက်ဘေးကင်းမှု – ရက်စက်ကြမ်းကြုတ်တဲ့ သတ်ဖြတ်မှုတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရပ်ဆိုင်းသွားမယ်။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ လွတ်မြောက်မှု – လုပ်ဖော်ကိုင်ဖက် သတင်းသမား ဒါဇင်ကျော်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၂၁,၀၀၀ ကျော် ပြန်လွတ်လာမယ်။
နေရပ်ပြန်နိုင်မယ့် ပြည်တွင်းစစ်ရှောင်များ – နေအိမ်က ထွက်ပြေးတိမ်းရှောင်နေရတဲ့ သန်းပေါင်းများစွာသော စစ်ရှောင်များ ဘေးကင်းစွာနေရပ် ပြန်နိုင်မယ်။
အိမ်အပြန်လမ်း – ဒုက္ခသည်တွေ၊ အဝေးရောက်နိုင်ငံသားတွေနဲ့ တော်လှန်ရေးသမားတွေ မိသားစုတွေနဲ့ ပြန်လည် ဆုံစည်းနိုင်မယ်။
သတင်းလွတ်လပ်ခွင့် – မင်းအောင်လှိုင် စစ်ကောင်စီ ကျဆုံးပြီး ဖက်ဒရယ်ဒီမိုကရက်စီ ပြည်ထောင်စုအောက်မှာ သတင်းသမားတွေ ခြိမ်းခြောက်မခံရဘဲ အလုပ်လုပ်နိုင်ပြီး ပြောရေးဆိုခွင့်မဲ့သူတွေအတွက် လွတ်လပ်စွာ ရပ်တည်နိုင်ကာ အာဏာရှိသူတွေကို စောင့်ကြည့်နိုင်ဖို့ မျှော်လင့်နိုင်မယ်။
လူတိုင်းအတွက်အနာဂတ် – တန်းတူညီမျှမှုတွေရှိမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်မယ်။ ဗုံးကြဲခံရမှာ၊ အပစ်ခတ်ခံရမှာ စိုးရိမ်ကြောင့်ကြစရာ မလိုဘဲ ကလေးငယ်တွေ ပညာသင်ယူနိုင်မယ်။ ဆော့ကစားနိုင်မယ်။ တရားမျှတမှုကို ဖော်ဆောင်နိုင်မယ်။
အထက်ပါ မျှော်လင့်ချက်တွေကို အခုနှစ် ဒါမှမဟုတ် တတ်နိုင်သမျှ အစောဆုံးဖြစ်စေချင်တာ ကျမရဲ့ဆန္ဒ၊ ဒါ့အပြင် တနိုင်ငံလုံးနီးပါးရဲ့ ဆန္ဒလည်းပဲဖြစ်ပါတယ်။
အထက်ပါ မျှော်လင့်ချက်တွေကို အခုနှစ် ဒါမှမဟုတ် တတ်နိုင်သမျှ အစောဆုံးဖြစ်စေချင်တာ ကျမရဲ့ဆန္ဒ၊ ဒါ့အပြင် တနိုင်ငံလုံးနီးပါးရဲ့ ဆန္ဒလည်းပဲဖြစ်ပါတယ်။
တခြားနိုင်ငံက ပြည်သူတွေလို မြန်မာပြည်သူတွေဟာလည်း ငြိမ်းချမ်းရေး၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ ပျော်ရွှင်မှုများနဲ့ ထိုက်တန်ပါတယ်။
၂၀၂၅ ခုနှစ်မှာ အဲ့ဒီအရာအားလုံးကို ယူဆောင်လာမယ့် နေ့တနေ့ရောက်ဖို့ကို မျှော်လင့်ပါတယ်။
အဲဒီနေ့ဟာ ကျမ အပါအဝင် မြန်မာပြည်သူတွေအတွက် အလှပဆုံးနဲ့ အပျော်ရွှင်ရဆုံး နေ့တနေ့ ဖြစ်မှာမလွဲ။ အဲဒီနေ့ကို ရောက်မှသာ ကျမတို့ စစ်မှန်တဲ့ ပျော်ရွှင်စရာနှစ်သစ်ကို ကျင်းပနိုင်မှာဖြစ်ပါတယ်။ ပျော်ရွှင်မှုတွေနဲ့ နှစ်သစ်အတွက် ခွန်အားတွေ၊ ရည်မှန်းချက်တွေနဲ့ နှစ်သစ်ကို ကြိုဆိုကြမယ့်အပြင် အသက်စွန့်လွှတ် စတေးခဲ့ကြရတဲ့ သူတွေကို အမှတ်ရ တမ်းတပြီး မျက်ရည်ကျရမယ့်အချိန်လည်း ဖြစ်နေမှာပါ။
အဲဒီနေ့ ဘယ်တော့ရောက်မယ် မသိပါ။ ဒါပေမဲ့ ဒီနှစ်ထဲဖြစ်လာဖို့ မျှော်လင့်မိတယ်။ “ကြိုးပမ်းမှုရှိလျှင် မျှော်လင့်ချက်ရှိသည်” ဆိုတဲ့ စကားအတိုင်း တနေ့နေ့တော့ ရောက်လာမယ်လို့လည်း ယုံကြည်ပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ခင်နဒီ၏ For Myanmar’s People, Only One Wish for 2025 ကို ဘာသာပြန်သည်။)
You may also like these stories:
နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၀ နီးပါးရှိ (ရုပ်/သံ)
စစ်ကောင်စီ ဗုံးကြဲတိုက်မှု၏ ဓားစာခံ ကလေးသူငယ်များ
ကျိုက်ထိုတွင် သတင်းသမား ၂ ဦး အပါအဝင် ၄ ဦး စစ်တပ်စီးနင်း သတ်ဖြတ်
မဆုတ်မနစ် လုပ်ကိုင်ဆဲ အညတရ သူရဲကောင်း မြန်မာသတင်းသမားများ
အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရသည့် သတင်းသမား ၂၀၀ ကျော်ရှိ