နိုင်ငံတဝက်က စစ်ဖြစ်နေပြီး နိုင်ငံရဲ့ ရှေ့နောက်ဝဲယာမှာ နေ့စဉ်ရက်ဆက် ဗုံးကြဲခံနေရတဲ့ နိုင်ငံတခုက မထင်မရှား နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတခုကို မမျှော်လင့်ဘဲ ဗိုလ်စွဲလာတဲ့အခါ အောင်မြင်မှုနဲ့ အသိအမှတ်ပြုခံရမှု အချိန်ကာလအကြာကြီး ကင်းဝေးနေခဲ့တဲ့ လူတစုအတွက် အပျော်ရွှင်ကြီး ပျော်ရွှင်ခဲ့ကြတယ်။
လျင်မြန်တဲ့ မီဒီယာခေတ်ကြီးကြောင့် ဒီအောင်ပွဲသတင်းဟာ ပြည်သူတွေကြား ချက်ချင်းပျံ့နှံ့ခဲ့တယ်။ အွန်လိုင်းနဲ့ ဆိုရှယ်မီဒီယာမျိုးစုံက ဖော်ပြပေးတဲ့သတင်းတွေအရ မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ နီပေါနိုင်ငံမှာ ကျင်းပတဲ့ လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ချန်ပီယံဖြစ်ခဲ့တယ်။
နိုင်ငံကိုယ်စားပြု ဘောလုံးအသင်းတသင်း နိုင်ငံတကာပြိုင်ပွဲတခုမှာ ဗိုလ်စွဲတယ်ဆိုတာ ဂုဏ်ယူစရာပါ။ ဒါပေမယ့် ဒီအောင်မြင်မှုဟာ ဂုဏ်ယူစရာ ကောင်းလှတယ်လို့ မဆိုနိုင်သလို ဂုဏ်ယူပျော်ရွှင်စရာ ကောင်းတဲ့ အချိန်ကာလတော့လည်း မဟုတ်ဘူး။ နိုင်ငံတခုလုံး သူ့ကိုယ်သတ်၊ ကိုယ့်သူသတ် တိုက်ပွဲတွေဖြစ်နေတဲ့ ခုလိုချိန်မှာ မထင်မရှား နိုင်ငံတကာပြိုင်ပွဲတခုမှာ အနိုင်ရဗိုလ်စွဲတာ ပျော်စရာ မကောင်းလှပါဘူး။
ဒါပေမယ့်လည်း ပျော်စရာ ရှားပါးနေတဲ့အခိုက် ပျော်သူတချို့လည်း ရှိနိုင်ပါတယ်။ ဘောလုံးပွဲနိုင်လို့ ရိုးရိုးသားသား ပျော်သူတချို့ ရှိနိုင်သလို ဒီအောင်ပွဲကို အကြောင်းပြုပြီး ဂုဏ်ဆာနေကြမယ့်သူတွေလည်း ရှိနိုင်ပါတယ်။ တကယ်တော့ ဒီနိုင်ပွဲမှာ ပြောပလောက်စရာ၊ ဂုဏ်ယူစရာ သိပ်များများစားစားတော့ မရှိပါဘူး။
ဒါပေမယ့်လည်း ပျော်စရာ ရှားပါးနေတဲ့အခိုက် ပျော်သူတချို့လည်း ရှိနိုင်ပါတယ်။ ဘောလုံးပွဲနိုင်လို့ ရိုးရိုးသားသား ပျော်သူတချို့ ရှိနိုင်သလို ဒီအောင်ပွဲကို အကြောင်းပြုပြီး ဂုဏ်ဆာနေကြမယ့်သူတွေလည်း ရှိနိုင်ပါတယ်။ တကယ်တော့ ဒီနိုင်ပွဲမှာ ပြောပလောက်စရာ၊ ဂုဏ်ယူစရာ သိပ်များများစားစားတော့ မရှိပါဘူး။
စစ်ကြောင့် ကြေမွပျက်စီးနေတဲ့ နိုင်ငံတခုအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ ချွတ်ခြုံကျလို့ ကမ္ဘာမှာ မျက်နှာပြစရာနေရာလည်း မရှိပါဘူး။ အာဏာရှင်တွေဟာ ဒီလိုအခြေအနေမျိုးကို အတတ်နိုင်ဆုံး ဖုံးဖိထားတတ်တဲ့ သဘာဝရှိသလို ပြည်သူတွေကို ဆိုက်ဝါး (psychological warfare) မျိုးစုံနဲ့ လှည့်ဖျားထားတတ်ကြတယ်။ ပြည်သူတွေ ပျော်ရွှင်နေကြသယောင် ပွဲတော်တွေကို တခုတ်တရ ဖန်တီးနေရတဲ့ စစ်ကောင်စီအတွက်တော့ မထင်မရှား နိုင်ငံတကာ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတခုမှာ ဗိုလ်စွဲလာတာ ဂုဏ်ယူစရာ အကြီးကြီးတခုပါ။
ပထမဦးဆုံး အပျော်ရွှင်ဆုံးက အောင်ပွဲတွေ၊ နိုင်ပွဲတွေ ကာလတာရှည် ပျောက်ဆုံးနေတဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ပါ။ စစ်အစိုးရအဆက်ဆက် ရှင်သန်လာခဲ့တဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်ဟာ လူထုသည်းခြေကြိုက် ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်လာခဲ့တာ ဆယ်စုနှစ်နှစ်စု ရှိလာခဲ့ပါပြီ။
ဆယ်စုနှစ် နှစ်စု ကာလကြာခဲ့ပေမယ့် မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်မှု အနေအထားက အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း (လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်) တခေတ်တခါက ဘောလုံးရွှေခေတ်ကို ပြန်မရောက်နိုင်သေးပါဘူး။ အာဆီယံဒေသတွင်းမှာ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူတို့ရဲ့ အောက်ဘက်မှာပဲ တဝဲလည်လည် ရှိနေတယ်။ အခုချိန်မှာ ဘောလုံးအားကစားက အာဆီယံနိုင်ငံတွေထဲ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယားတို့ကအစ အရင်နဲ့မတူ တိုးတက်လာနေကြပြီ။
မြန်မာအမျိုးသားဘောလုံးအသင်း အနေနဲ့ ပြီးခဲ့တဲ့ အာဆီယံ ချန်ပီယံရှစ် ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခဲ့ရသလို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာလည်း နိုင်ပွဲမရှိဘဲ ထွက်ခဲ့ရတယ်။
ဘောလုံးနဲ့ပတ်သက်ပြီး နည်းနည်း ပြောစမှတ်ရှိတာက “မြန်မာအမျိုးသမီး ဘောလုံးအသင်း” ပါ။ မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်ခဲ့တဲ့ ဆီးဂိမ်း အားကစားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သလို အာဆီယံ အမျိုးသမီးဘောလုံးပြိုင်ပွဲတွေမှာ ထိုင်း၊ ဗီယက်နမ်ပြီးရင် တတိယ အကောင်းဆုံးအသင်းပါ။
မြန်မာဘောလုံးအဖွဲ့ချုပ်ဟာ အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းအတွက် ငွေကုန်ကြေးကျ အမြောက်အများခံ ပံ့ပိုးပေးသလောက် အမျိုးသမီးအသင်းအတွက်ကျတော့ မစို့မပို့လောက်သာ ပံ့ပိုးပေးလာခဲ့တယ်။ ပံ့ပိုးသလောက် အမျိုးသားအသင်းက အောင်မြင်မှု မရခဲ့ပေမယ့် အမျိုးသမီးအသင်းကျတော့ ပံ့ပိုးမှုအနည်းငယ်နဲ့ ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ထားတယ်။
အခု နီပေါ လေးနိုင်ငံ ဖိတ်ခေါ်ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲဝင် မြန်မာအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘောဒီးယားဆီးဂိမ်းမှာလည်း ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့တဲ့အသင်းပါ။ ဗိုလ်လုပွဲမှာ ဗီယက်နမ်အမျိုးသမီးအသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့လို့ ငွေဆုနဲ့ပဲ ကျေနပ်လိုက်ရတယ်။
ဒီအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြက ဂျပန်နိုင်ငံသား တက်ဆူရို အူကီပါ။ မြန်မာဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း မြန်မာလက်ရွေးစင် အမျိုးသား၊ အမျိုးသမီးအသင်းတွေအတွက် ဂျပန်နိုင်ငံသား နည်းပြတွေကို ငှားရမ်းထားခဲ့တယ်။ အမျိုးသမီးအသင်းနည်းပြ အူကီက ဂျေလိဂ်ကစားသမားဟောင်းဖြစ်ပြီး အတွေ့အကြုံ ရင့်ကျက်သူလို့ သိရတယ်။
နည်းပြ အူကီ ဦးဆောင်တဲ့ နီပေါ လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲဝင် မြန်မာအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲဝင် အသင်းကို အခြေခံထားပေမယ့် ငယ်ရွယ်တဲ့ ကစားသမားအသစ်တွေနဲ့ လူကြီး၊ လူငယ်၊ (အတွေ့အကြုံရင့်ကျက်သူ၊ အတွေ့ကြုံနုနယ်သူ) တွေ ပေါင်းစပ်ထားတဲ့ အသင်းတသင်းလို့ ဆိုတယ်။
နည်းပြ အူကီ ဦးဆောင်တဲ့ နီပေါ လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲဝင် မြန်မာအမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ ဆီးဂိမ်းပြိုင်ပွဲဝင် အသင်းကို အခြေခံထားပေမယ့် ငယ်ရွယ်တဲ့ ကစားသမားအသစ်တွေနဲ့ လူကြီး၊ လူငယ်၊ (အတွေ့အကြုံရင့်ကျက်သူ၊ အတွေ့ကြုံနုနယ်သူ) တွေ ပေါင်းစပ်ထားတဲ့ အသင်းတသင်းလို့ ဆိုတယ်။
မြန်မာဘောလုံးအဖွဲ့ချုပ်ဟာ အသင်း ၇ သင်း ပါဝင်တဲ့ အမျိုးသမီးလိဂ်ပြိုင်ပွဲကို ကျင်းပနေပြီး ကစားသမားတွေကို အမျိုးသမီးကလပ်အသင်းတွေက ရွေးချယ်ခဲ့တာဖြစ်တယ်။ အခု နီပေါ ဖိတ်ခေါ်ပြိုင်ပွဲဝင်အသင်းဟာ မျိုးဆက်သစ် အမျိုးသမီးအသင်းလို့ ဆိုနိုင်တယ်။ တချိန်က အောင်မြင်မှုရခဲ့တဲ့ အမျိုးသမီးလက်ရွေးစင် ကစားသမားတွေဟာ အသက်အရွယ်ကြောင့် နားသူတွေ နားသွားကြပါပြီ။
မြန်မာအမျိုးသမီးဘောလုံးအသင်း ချန်ပီယံဖြစ်ခဲ့တဲ့ လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲကို နီပေါနိုင်ငံက အိမ်ရှင်အဖြစ် ကမကထပြု ကျင်းပခဲ့တာပါ။ နီပေါက မြန်မာလိုပဲ တောင်အာရှက ဆင်းရဲတဲ့နိုင်ငံ ဆိုပေမယ့် ပြည်တွင်းစစ် မရှိတော့ပါဘူး။ လက်နက်ကိုင်တိုက်ခိုက်မှုတွေ မရှိတော့တဲ့ နီပေါဟာ ဘောလုံးအားကစားကို မကြာမီ နှစ်များကမှ အားပေးလာခဲ့တာပါ။ တချိန်က အာရှချန်ပီယံအထိ ဖြစ်ခဲ့ဖူးတဲ့ မြန်မာလောက် ဘောလုံးအစဉ်အလာလည်း မရှိပါဘူး။ ဒါပေမယ့် ဒီဘက်နှစ်တွေမှာ နီပေါနိုင်ငံက ဘောလုံးကို အရူးအမူး အားပေးလာကြတယ်။
ဒီပြိုင်ပွဲကို နီပေါ စီးပွားရေးကုမ္ပဏီကြီးတွေက စပွန်ဆာပေးခဲ့ကြတယ်။ ခတ္တမန္ဒူမြို့က အကောင်းဆုံး ဘောလုံးကွင်း ဒါရှရက်သ်မှာ ပြိုင်ပွဲကျင်းပပြီး လက်ဘနွန်၊ ကာဂျစ္စတန်၊ မြန်မာနဲ့ အိမ်ရှင် နီပေါ အမျိုးသမီးအသင်းတွေ ပါဝင်ယှဉ်ပြိုင်ကြတယ်။ တကယ်တော့ နီပေါအမျိုးသမီးအသင်းက သူတို့အတွက် ပြိုင်ဘက်ကောင်းလို့ ယူဆပြီး နိုင်ခြေရှိတဲ့ မြန်မာအမျိုးသမီးအသင်းကို ဖိတ်ခေါ်ကစားခဲ့တာပါ။
အမျိုးသမီးဘောလုံး အားကစား မထွန်းကားတဲ့ အရှေ့အလယ်ပိုင်းက လက်ဘနွန်၊ အာရှအလယ်ပိုင်းက ကာဂျစ္စတန်တို့ကို အိမ်ဖြည့်အဖြစ် ဖိတ်ခေါ်ထားပုံရပါတယ်။ ဒီလေးသင်းမှာ ဖီဖာအဆင့် သတ်မှတ်ချက်အရ မြန်မာအမျိုးသမီးအသင်းက အဆင့် ၅၅ နဲ့ ထိပ်ဆုံးမှာရှိပြီး နီပေါက ၁၀၃၊ ကာဂျစ္စတန်က ၁၂၈၊ လက်ဘနွန်က ၁၃၄ အထိ အဆင့်ကွာတဲ့ အသင်းတွေပါ။
အမျိုးသမီးဘောလုံး အားကစား မထွန်းကားတဲ့ အရှေ့အလယ်ပိုင်းက လက်ဘနွန်၊ အာရှအလယ်ပိုင်းက ကာဂျစ္စတန်တို့ကို အိမ်ဖြည့်အဖြစ် ဖိတ်ခေါ်ထားပုံရပါတယ်။ ဒီလေးသင်းမှာ ဖီဖာအဆင့် သတ်မှတ်ချက်အရ မြန်မာအမျိုးသမီးအသင်းက အဆင့် ၅၅ နဲ့ ထိပ်ဆုံးမှာရှိပြီး နီပေါက ၁၀၃၊ ကာဂျစ္စတန်က ၁၂၈၊ လက်ဘနွန်က ၁၃၄ အထိ အဆင့်ကွာတဲ့ အသင်းတွေပါ။
ဒီလောက် ဘောလုံးအဆင့် ကွာခြားလှတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်ပြီး ချန်ပီယံဖြစ်ခဲ့တာ တကယ်တော့ ဂုဏ်ယူစရာ မရှိပါဘူး။ နီပေါအမျိုးသမီးအသင်းက မြန်မာအမျိုးသမီးအသင်းနဲ့ သူတင်ကိုယ်တင် ကစားနိုင်တဲ့အသင်း ဖြစ်ပေမယ့် နောက်ဆုံးမှာ မြန်မာအမျိုးသမီးအသင်းကို မကျော်နိုင်ပါဘူး။ ရန်ကုန်မြို့မှာ ကစားခဲ့တဲ့ ချစ်ကြည်ရေးပွဲမှာလည်း မြန်မာအမျိုးသမီးအသင်းကပဲ ၃-၁ နဲ့ အနိုင်ရခဲ့တာပါ။
နီပေါ လေးနိုင်ငံဖိတ်ခေါ် ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာ ဂုဏ်ယူစရာမရှိပေမယ့် ချီးကျူးစရာလေးတွေတော့ တွေ့ရတယ်။ ကစားသမားတွေ ငယ်ရွယ်ပြီး ကစားပုံ တိုးတက်လာတာ၊ အမျိုးသမီးအသင်းနဲ့ နည်းနည်း ပိုတူလာတာဖြစ်တယ်။ အခုတော့ မိန်းကလေးဆန်သူတွေ ပါဝင်လာသလို အရင်ထက် ပိုငယ်ရွယ်လာတာလည်း တွေ့ရတယ်။ “မေထက်လူ” ဆိုတဲ့ ကစားသမားလေးဆိုရင် အမေရိကန်မှာ ကောလိပ်ကျောင်းတက်နေတဲ့ ကျောင်းသူလေးလို့ သိရတယ်။
နီပေါ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းက ပွဲဦးထွက်မှာ လက်ဘနွန်အမျိုးသမီးအသင်းကို ၃-၁ နဲ့ အနိုင်ရပြီး ဒုတိယပွဲစဉ်မှာ ကာဂျစ္စတန်ကို ၅-၀ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တယ်။ တတိယပွဲစဉ်မှာ အိမ်ရှင် နီပေါအမျိုးသမီးအသင်းနဲ့ ၂-၂ သရေကျပြီး ဗိုလ်လုပွဲမှာ မြန်မာအမျိုးသမီးအသင်းက နီပေါအမျိုးသမီးအသင်းကို ၂-၀ နဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တာပါ။
ပထမပိုင်းမှာ ဂိုးမရှိသရေကျနေပြီး မြန်မာအမျိုးသမီးက ဒုတိယပိုင်း ၆၂ မိနစ်နဲ့ ၆၄ မိနစ်မှာ ရူပါခိုင်နဲ့ ဝင်းသိင်္ဂီထွန်းတို့က နှစ်မိနစ်အတွင်း နှစ်ဂိုးဆက်တိုက် သွင်းခဲ့တာပါ။
ကိုယ့်ထက် အဆင့်နိမ့်တဲ့အသင်းတွေနဲ့ ယှဉ်ပြိုင်ကစားပြီး ဒီပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တာ သိပ်တော့ မဆန်းလှပါဘူး။ ဒါပေမယ့် အိမ်ရှင် နီပေါပရိသတ် ၅ သောင်းကျော်ရှေ့မှောက်မှာ အနိုင်ယူခဲ့တာရယ်၊ ချန်ပီယံဆုနဲ့ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ပြီးမှ ချန်ပီယံဖလား ရခဲ့တာရယ်က မြန်မာအမျိုးသမီးအသင်းအတွက် ဂုဏ်ယူစရာဖြစ်သလို ဒီအောင်ပွဲကို အကြောင်းပြုပြီး ဂုဏ်ဆာပြကြမယ့်သူတွေ အတွက်တော့ သွားရည်ကျစရာ အောင်ပွဲတခုလို့ ဆိုရပါလိမ့်မယ်။
(နွေနေသည် မြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories:
မြန်မာအမျိုးသမီး ဘောလုံးအသင်း၏ ချန်ပီယံ လမ်းကြောင်း မှေးမှိန်သွားပြီလား
မြန်မာအမျိုးသားဘောလုံးအသင်း ကြေးတံဆိပ်ဆု ဆွတ်ခူး
အမျိုးသမီးအသင်း ခွဲခြားအားပေးခံနေရသလား
မြန်မာ အားကစားမှာ အမျိုးသမီးများက ပို ရှေ့တန်းရောက်