ထားဝယ် အထူးစက်မှုဇုန်ဆိုသည်မှာ အာဏာရှင်ဟောင်း ဦးသန်းရွှေတို့အဖွဲ့နှင့် ရင်းနှီးသော ဆက်ဆံရေးရှိပြီး မန္တလေးလေဆိပ်ကြီးကို တည်ဆောက်ခွင့်ရခဲ့သည့် ထိုင်းနိုင်ငံအခြေစိုက် အီတာလျံ-ထိုင်း ကုမ္ပဏီ (Italian-Thai Development Co.,) က အကောင်အထည်ဖော်ရန် ကြိုးစားခဲ့သည့် စီမံကိန်းတခုဖြစ်ပြီး ရေနက်ဆိပ်ကမ်းတခု၊ စက်မှုဇုန်၊ မဂ္ဂါဝပ် ထောင်ကျော် ထုတ်မည့် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံတခုနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) Terminal တခုတို့ ပါဝင်သည်။
သို့သော် စီမံကိန်းက စီးပွားရေးအရ အလုပ်မဖြစ်နိုင်ဟု အတူရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခံရသူများ၊ ငွေထုတ်ချေးမည့် ဘဏ်များက ယူဆကြသဖြင့် ဆက်လုပ်နိုင်စွမ်း မရှိဘဲ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။
ဆိပ်ကမ်းနှင့် စက်မှုဇုန်
မူရင်းစိတ်ကူးကမူ ပုံတွင်ပြထားသည့်အတိုင်း ထားဝယ်နှင့် ဘန်ကောက်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့ကို ကုန်သွယ်ရေးလမ်းကြောင်းများ ဆက်ရန်ဖြစ်သည်။ အနောက်တိုင်းမှ ရေကြောင်းဖြင့်လာသည့် ကုန်ပစ္စည်းများ ထားဝယ်တွင် ချ၊ ကုန်းလမ်းနှင့် ကုန်သွယ်ရေးလမ်းကြောင်းအတိုင်း ထိုနိုင်ငံများကို ခရီးဆက်၊ မလက္ကာရေလက်ကြားကို မဖြတ်ရတော့သည့်အတွက် ကုန်ကျစရိတ်သက်သာမည်။ ထိုနိုင်ငံများက အနောက်ကို ကုန်တင်ပို့လျှင်လည်း ထိုလမ်းကြောင်းအတိုင်း ပြောင်းပြန်လာ။ ကုန်ကြမ်း၊ တဝက်အချောသပ် ကုန်ကြမ်းများကို ထားဝယ်စက်မှုဇုန်တွင် ကုန်ချောများ ထုတ်လုပ်ပြီး တင်ပို့မည် စသည့် စိတ်ကူးဖြစ်ပါသည်။
၎င်းတို့ ဆက်သွယ်မည်ဆိုသည့် ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ကြည့်ပါက ကိုယ်စီ ဆိပ်ကမ်းများ ရှိကြပြီး ကုန်ထုတ်လုပ်ခြင်း၊ တင်သွင်း၊ တင်ပို့ခြင်း လုပ်ငန်းများကို အဆင်ပြေပြေ ဆောင်ရွက်နေကြသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သောကြောင့် ထားဝယ်ဆိပ်ကမ်းက ၎င်းတို့အတွက် ရင်မခုန်ရသောအရာ ဖြစ်ပါသည်။
၎င်းတို့ ဆက်သွယ်မည်ဆိုသည့် ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ကြည့်ပါက ကိုယ်စီ ဆိပ်ကမ်းများ ရှိကြပြီး ကုန်ထုတ်လုပ်ခြင်း၊ တင်သွင်း၊ တင်ပို့ခြင်း လုပ်ငန်းများကို အဆင်ပြေပြေ ဆောင်ရွက်နေကြသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သောကြောင့် ထားဝယ်ဆိပ်ကမ်းက ၎င်းတို့အတွက် ရင်မခုန်ရသောအရာ ဖြစ်ပါသည်။
နောက်တခုက စီမံကိန်းတည်ဆောက်မည့် ထားဝယ်ဒေသတွင် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ဓာတ်သတ္တု စသည့် ထွက်ကုန်များ စီးပွားဖြစ် များများစားစား ထွက်ရှိခြင်းလည်း မရှိ၊ နည်းပညာနှင့် ကျွမ်းကျင်လုပ်သားလည်း မရှိပါ။ ရာစုနှစ်နှင့်ချီ အဆင်ပြေပြေ အသုံးပြုလာသော မလက္ကာရေလက်ကြားကို စွန့်ပြီး ဤလမ်းကို အသုံးပြုကြရလောက်အောင် ခိုင်မာသည့် အကြောင်းပြချက် မရှိသည်ကို တွေ့ရပါသည်။
ဤတွင် ကျောက်ဖြူနှင့် ယှဉ်ကြည့်ပါက ပိုနားလည်နိုင်မည် ဖြစ်သည်။ ကျောက်ဖြူကမူ တရုတ်၏ ကုန်တွင်းပိတ် ယူနန်ပြည်နယ်အတွက် အလွန်ပင် အရေးပါ၊ အသုံးဝင်သည့် စီမံကိန်းဖြစ်ကြောင်း အားလုံးသိကြပြီး ထားဝယ်ကမူ ထိုသို့သော အခြေအနေမျိုး မဟုတ်ကြောင်း တွေ့ရသည်။

ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ
အင်ဒိုနီးရှားမှ ကျောက်မီးသွေးကို ဝယ်ယူပြီး ဓာတ်အားထုတ်လုပ်ကာ ထိုင်းနိုင်ငံကို ပေးမည်ဖြစ်ပြီး မြန်မာပြည်က ၁၀ ရာခိုင်နှုန့်ခန့် အလကားရမည် ခန့်မှန်းရပါသည်။ ထိုင်းလျှပ်စစ်ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းကျော်သည် သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်ရသည် ဖြစ်သောကြောင့် ဓာတ်ငွေ့ဈေး၊ သဘာဝဓာတ်ငွေ့ရည် ဈေးအတက်အကျ ကြမ်းသည့်ဒဏ်ကို ထိုင်းအစိုးရ ခံစားရပါသည်။
ထို့အတွက် လောင်စာဈေး တည်ငြိမ်ပြီး ဓာတ်အားပမာဏ များများစားစား၊ တည်တည်ငြိမ်ငြိမ်၊ အချိန်ကြာကြာ ထုတ်လုပ်နိုင်သည့် ကျောက်မီးသွေးနှင့် ပြည့်ဖြိုးမြဲထဲတွင်ပါသည့် ရေအားစွမ်းအင်တို့ကို ၎င်းတို့ ဓာတ်အားထုပ်လုပ်မှုအတွင်း ထပ်မံ ထည့်သွင်းချင်ကြခြင်း ဖြစ်သည်။
အင်ဒိုနီးရှားမှ ကျောက်မီးသွေး ဝယ်ယူပြီး ၎င်းတို့၏ကမ်းရိုးတမ်း ဒေသများတွင် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် စီစဉ်ခဲ့ဖူးသော်လည်း ဒေသခံများ ကန့်ကွက်သောကြောင့် ဆက်မလုပ်ဘဲ ရပ်ဆိုင်းခဲ့ရသည်။ ထို့ကြောင့် ထိုဒေသနှင့် ကျောချင်းကပ်ဖြစ်သည့် ထားဝယ်တွင် စက်ရုံလာတည်ရန် အီတာလျံ-ထိုင်း ကုမ္ပဏီက ကြိုးစားခဲ့ခြင်း ဖြစ်သည်။
သို့သော် ၂၁ ရာစုရောက်ကတည်းက ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် မလွယ်ကူတော့ပါ။ ဘဏ်အများစု ငွေချေးရန် လက်ရှောင်ကြသလို ရင်းနှီးမြှုပ်နှံသူများလည်း များစွာ စဉ်းစားကြတတ်ပါသည်။
သို့သော် ၂၁ ရာစုရောက်ကတည်းက ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် မလွယ်ကူတော့ပါ။ ဘဏ်အများစု ငွေချေးရန် လက်ရှောင်ကြသလို ရင်းနှီးမြှုပ်နှံသူများလည်း များစွာ စဉ်းစားကြတတ်ပါသည်။
အထူးသဖြင့် ယခုကဲ့သို့ နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ရာ ပိုခက်ခဲသည်။ ထို့ကြောင့် ယနေ့အချိန်တွင် ‘ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဟေ့’ ဆိုသည်နှင့် ကိုယ်လုပ်နေကျနေရာဒေသ၊ ကိုယ်လုပ်နေကျ ရင်းနှီးမြှုပ်နှံမှုအခင်းအကျင်း၊ ကိုယ်ပိုင်သည့်နေရာမှာသာ ဆက်လက်လုပ်ကိုင်ကြသည်ကို တွေ့ရသည်။
နောက်တခုမှာ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ ငွေရေးကြေးရေး အခြေအနေကလည်း ယခုကဲ့သို့ ဒေါ်လာဘီလီယံချီ ကုန်ကျမှုကို ဦးဆောင် ရင်းနှီးမြှုပ်နှံနိုင်လောက်အောင် မတောင့်တင်းကြောင်း ထိုင်းစတော့ဈေးကွက် သတင်းများတွင် လေ့လာတွေ့ရှိနိုင်သည်။ ဤသို့ဖြင့် ထိုကျောက်မီးသွေး ဓာတ်အားပေးစက်ရုံဆိုသည်ကလည်း အကောင်အထည်ဖော်ရန် မဖြစ်နိုင်ခဲ့ပေ။
အကယ်၍ ရုရှားက ရင်းနှီးမြှုပ်နှံပြီး ထိုင်းကို လျှပ်စစ်ရောင်းဖို့ ဆက်လုပ်လို့ရမည်လား မေးပါက (၁) ရုရှားများသည် ဤကဲ့သို့လိုက်ပြီး ရင်းနှီးမြှုပ်နှံမှု လိုက်လုပ်နေသူများ မဟုတ်ပါ။ တရုတ်များနှင့် မတူပါ။ (၂) ရုရှားက လုပ်မည်ဆိုလျှင်ပင် ထိုင်းဝယ်လက်က အတော်စဉ်းစားဦးမည့် သဘောရှိသည်။
အဘယ့်ကြောင့်ဆိုသော် အကောင်အထည်ဖော်မည်က လောလောဆယ် ကမ္ဘာ့နာမည်အပျက်ဆုံး ရုရှား၊ ခွင့်ပြုမည်က ကမ္ဘာ့ချဉ်ဖတ် အာဆီယံအမွှေ မြန်မာစစ်ကောင်စီ၊ သုံးမည့်သူက လေထုညစ်ညမ်းသဖြင့် လူအများစု နှာခေါင်းရှုံ့နေသည့် ကျောက်မီးသွေး။ ထို သုံးခုပေါင်းဆီမှ ထိုင်းကဝယ်ဖို့ အတော်ခက်ပါမည်။
နံပါတ် (၃) မှာ ပြောင်းလဲနေသော လောကနိယာမအတိုင်း အီတာလျံ-ထိုင်း ကုမ္ပဏီက စလုပ်ရန် စဉ်းစားသည့် အချိန်နှင့် ယခုအချိန် မတူတော့ပါ။ အများကြီး ပြောင်းလဲသွားပြီ ဖြစ်သည်။ ဉာဏ်ရည်တု နည်းပညာ (AI) ပေါ်လာသောကြောင့် ကမ္ဘာ့နည်းပညာ ကုမ္ပဏီကြီးများက ကမ္ဘာအနှံ့ ၎င်းတို့၏ အချက်အလက် သိမ်းဆည်းသည့် ဒေတာ ဆာဗာများကို တည်ဆောက်ရန် ရွေးချယ်စဉ်းစားနေကြသည်။
ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည်တို့က သူတို့ဆီတွင် လာလုပ်ရန် အပြိုင်ဖိတ်ခေါ်နေကြသည်။ ထိုအခြေအနေတွင် နည်းပညာကုမ္ပဏီကြီးများ စဉ်းစားကြသည့် အချက်တခုမှာ ၎င်းတို့၏ ဆာဗာများကို လျှပ်စစ်ပေးမည့် တိုင်းပြည်က ကျောက်မီးသွေးကဲ့သို့သော သဘာဝပတ်ဝန်းကျင် ညစ်ညမ်းသည့်နည်းဖြင့် လျှပ်စစ်ထုတ်လုပ်မှု အနည်းဆုံးဖြစ်သူကို ရွေးကြမည်ဆိုသည့်အချက် ဖြစ်သည်။
ဗီယက်နမ်ဆိုလျှင် ၎င်းတို့ ထုတ်လုပ်သည့် လျှပ်စစ်၏ ထက်ဝက်ခန့်က ကျောက်မီးသွေးမှ ဖြစ်နေသောကြောင့် ထည့်သွင်းစဉ်းစားခြင်း မခံရသလို ထိုင်းက ကျောက်မီးသွေးအသုံးပြုမှု အလွန်နည်းပြီး သန့်သည်ဟု ယူဆထားသည့် သဘာဝဓာတ်ငွေ့မှ ထုတ်လုပ်မှု အများစုဖြစ်သည့်အတွက် ထည့်သွင်းစဉ်းစားခံနေရသည်။
ဤကဲ့သို့သော အခြေအနေတွင် ထိုင်းတို့က ၎င်းတို့ လျှပ်စစ်ထုတ်လုပ်သည့်ပမာဏထဲသို့ အထက်က နှစ်ဖွဲ့ပေါင်းလုပ်သည့် ညစ်ညမ်း လောင်စာသုံး လျှပ်စစ်ကို ဝယ်ရန် မလွယ်ပါ။
ရုရှားက ပြည်တွင်း တနင်္သာရီကမ်းရိုးတမ်း သုံးရန် ဓာတ်အားပေးစက်ရုံ လာတည်ဆောက်လျှင်ရောဆိုပါက တနင်္သာရီ ကမ်းရိုးတမ်းက မြို့များသည် တမြို့နှင့်တမြို့ ဝေးလံစွာတည်ရှိပြီး ဓာတ်အားအသုံးပြုမှုလည်း အနည်းငယ်သာ ရှိသည်။
ဤသို့ အခြေအနေမျိုးတွင် လျှပ်စစ်ကို အမြတ်အစွန်းရအောင်လုပ်ရန် ရင်းရတာနှင့် ပြန်ရတာ မကာမိနိုင်ပါ။ အစိုးရက ဦးဆောင်ပြီး အစဦး အရှုံးခံလုပ်ပေးကာ ဒေသဖွံ့ဖြိုးပြီး စက်မှုလုပ်ငန်းများ တိုးတက်လာပါမှ၊ အမြတ်ရနိုင်ခြေရှိမှ တခြားသူများက ရင်းနှီးမြှုပ်နှံမှု လာလုပ်မည်ဖြစ်သည်။ ဤသို့ ဖြစ်လာဖို့ဆိုလျှင် ပြည်သူက ကြည်ဖြူပြီး နိုင်ငံတကာ လက်ခံသည့် အစိုးရများမှသာ လုပ်နိုင်သည့်ကိစ္စမျိုး ဖြစ်သည်။ စစ်ကောင်စီ လုပ်နိုင်သည့် အဆင့်မဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောလိုပါသည်။

သဘာဝဓာတ်ငွေ့ရည် (LNG) Terminal
ရည်ရွယ်ချက်မှာ အရှေ့အလယ်ပိုင်းက သဘာဝဓာတ်ငွေ့ရည် သင်္ဘောကြီးများ ထားဝယ် သဘာဝဓာတ်ငွေ့ရည် (LNG) Terminal တွင် ဆိုက်ကပ်၊ သဘာဝဓာတ်ငွေ့ရည်ကို ဓာတ်ငွေ့အဖြစ် ပြောင်းပြီး ရတနာ ဂက်စ်ပိုက်လိုင်းမှတဆင့် ထိုင်းသို့ ဓာတ်ငွေ့ပို့မည် ဖြစ်ပါသည်။
ရတနာဂက်စ်ပိုက်လိုင်းနှင့် ဆက်စပ် အခြေခံအဆောက်အဦများကို ဆက်လက် အသုံးပြု၍ရအောင် ရည်ရွယ်သော်လည်း ၎င်းတို့ မစဉ်းစားမိသည်က Total နှင့် PTT က ရတနာတွင် ရင်းနှီမြှုပ်နှံသည်ဆိုသည်မှာ အရင်းအမြစ်ဖြစ်သည့် သဘာဝဓာတ်ငွေ့က ထိုနေရာတွင် ထွက်ရှိ၍ဖြစ်သည်။ သဘာဝအရင်းအမြစ်တို့ သဘာဝအတိုင်း ထွက်ရှိရာဒေသကို မည်သို့ပင်ဖြစ်စေ စွန့်စားပြီး သွားရောက် ရင်းနှီးမြှုပ်နှံကြရခြင်းဖြစ်သည်။
မြန်မာပြည်တွင် မထွက်သည့် အရင်းအမြစ်တခုအတွက် မြန်မာကဲ့သို့ စွန့်စားရမှုများသည့် နေရာတွင် မည်သူမှ စွန့်စားပြီး ရင်းနှီးမြှုပ်နှံမှု မလုပ်ကြပါ။ လုပ်စရာအကြောင်းကို မရှိပါ။
ထို့ကြောင့်လည်း ထိုင်းတို့က ရတနာဓာတ်ငွေ့များ ခမ်းတော့မည့်တနေ့အတွက် ရည်ရွယ်ပြီး ထိုင်းအရှေ့ဘက် ကမ်းရိုးတမ်းတွင် သဘာဝဓာတ်ငွေ့ရည် Terminal အနည်းဆုံး နှစ်ခုပင် တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ လည်ပတ်နေသည်မှာပင် ဆယ်စုနှစ် တခုကျော်နေပြီ ဖြစ်သည်။
ထို့ကြောင့်လည်း ထိုင်းတို့က ရတနာဓာတ်ငွေ့များ ခမ်းတော့မည့်တနေ့အတွက် ရည်ရွယ်ပြီး ထိုင်းအရှေ့ဘက် ကမ်းရိုးတမ်းတွင် သဘာဝဓာတ်ငွေ့ရည် Terminal အနည်းဆုံး နှစ်ခုပင် တည်ဆောက်ခဲ့ပြီး ဖြစ်သည်။ လည်ပတ်နေသည်မှာပင် ဆယ်စုနှစ် တခုကျော်နေပြီ ဖြစ်သည်။
မြန်မာမှထွက်တာ မဟုတ်သည့် သဘာဝဓာတ်ငွေ့ရည်က ဖြစ်လာသည့် ဓာတ်ငွေ့ထက် သူတို့ ကိုယ်တိုင်သွင်းသည့် ဈေးက ပိုနည်းနေမှာ သေချာပါသည်။
အထက်ပါ အကြောင်းများကြောင့် ထားဝယ် စက်မှုဇုန်စီမံကိန်း ဖြစ်လာရန် မရှိပါ။ ရုရှားနှင့်ဆိုလျှင် ပိုတောင် မရှိပါ။ ဝါဒဖြန့်ချိရေးကို အလေးထားသည့် နှစ်ဖက်ဖြစ်သည့်အတွက် ၎င်းတို့နှစ်ဦး လုပ်လေ့လုပ်ထ ရှိသည့်အတိုင်း လက်မှတ်များ ဟိုထိုး ဒီထိုး လျှောက်ထိုးပြနေခြင်းသာ ဖြစ်သည်။
မြန်မာစစ်တပ် အာဏာသိမ်းပြီးကတည်းက ရုရှားနှင့် ထိုးလိုက်ကြသည့် စီမံကိန်းလက်မှတ်များ ဘာတခုမှ အကောင်အထည် ဖော်သည်ကို မကြားမိပါ။ ရေအား၊ လေအား၊ နျူကလီးယား၊ ဓာတ်မြေဩဇာဆိုလား၊ အိမ်ရာစီမံကိန်းပင် ပါသေးသည်။ ဘာတခုမှ ဖြစ်မလာခဲ့ပါ။
(စာရေးသူ လျှပ်စီးသည် ဩစတြေးလျနိုင်ငံတွင် ယာယီနေထိုင်သူ စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူတဦးဖြစ်သည်။)
You may also like these stories:
ဘာမှ ဖြစ်မလာမယ့် လေထဲက ထားဝယ်စီမံကိန်း
ထားဝယ်စီမံကိန်းကို စိတ်ဝင်စားကြောင်း ရုရှား ထပ်မံအတည်ပြု
ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားတွေက ဝယ်မှာလား
ရုရှားအတွက် ထားဝယ်အား အသင့်ပြင်ထားရန် ဒု စစ်ခေါင်းဆောင် ညွှန်ကြား
ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်