စစ်ခေါင်းဆောင် အစဉ်အဆက်သည် ‘စစ်တပ် မပါလျှင် မပြီးနိုင်’ ဆိုသည့် အသိကို မြန်မာပြည်သူများအား ရိုက်ထည့်ချင်ခဲ့ကြသည်။ သို့မှလည်း စစ်တပ်ကြီးစိုးသည့်နိုင်ငံရေး အဓွန့်ရှည် တည်တံ့မည်ဖြစ်သလို စစ်တပ်ခေါင်းဆောင်များက နိုင်ငံရေးတွင် ပါဝင်ခွင့်ရနေမည်ဖြစ်သည်။
ကွယ်လွန်သူ အဆိုတော်ကြီး ဟင်္သာတထွန်းရင်ရဲ့ နာမည်ကျော်သီချင်းတပုဒ်ထဲက နေရာတိုင်း “သူမပါရင် မပြီး ပွဲမစည်ဘူးရယ်လို့”ဆိုတာ ပြေးသတိရမိပါတယ်။ တကယ်က သူပါနေလို့ မြန်မာနိုင်ငံရေးက ယခုလောက် ရှုပ်ထွေးပြီး နောက်ကျနေခြင်း ဖြစ်သည်။
စစ်တပ်က နေရာတကာ ပါချင်နေသည်မှာ တိုင်းပြည်အတွက် စေတနာရှိ၍ မဟုတ်ဘဲ စစ်ခေါင်းဆောင်များ၏ အာဏာရယူလိုမှုနှင့် အကျိုးစီးပွားကြောင့်သာ ဖြစ်သည်။ တိုင်းပြည်အပေါ် တကယ်တမ်း စေတနာကောင်း၍ မဟုတ်ပေ။
ရုတ်တရက် ကျရောက်တတ်သည့် သဘာဝဘေးအန္တရာယ်နှင့် တွေ့ကြုံရပါက အရေးပေါ် ကူညီကယ်ဆယ်ရေး ကိစ္စများတွင်လည်း စစ်တပ်က ခွင့်ပြုမှသာ ဆောင်ရွက်၍ရအောင် လုပ်ထားသည်။ ဥပမာ-ကူညီကယ်ဆယ်ရေးအတွက် စစ်ဘက် လေယာဉ်၊ ရဟတ်ယာဉ် စသည်တို့ကို သုံးချင်သည့်အခါ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ အစိုးရက ခွင့်ပြုချက် တောင်းရခြင်းဖြစ်သည်။
အာဏာသိမ်းပြီး တိုင်းပြည်ကို ကာလရှည် အုပ်ချုပ်ခဲ့သော်လည်း နဝတ၊ နအဖ စစ်အစိုးရ လက်ထက်၌ သဘာဝဘေး ကူညီကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်၊ လေယာဉ်များ သီးခြား ဝယ်ယူခဲ့ခြင်း မရှိခဲ့ပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှသာ သဘာဝဘေးအတွက် အသုံးပြုရန် ရဟတ်ယာဉ် ဝယ်ယူနိုင်ခဲ့ကြောင်း တွေ့ရသည်။
အာဏာသိမ်းပြီး တိုင်းပြည်ကို ကာလရှည် အုပ်ချုပ်ခဲ့သော်လည်း နဝတ၊ နအဖ စစ်အစိုးရ လက်ထက်၌ သဘာဝဘေး ကူညီကယ်ဆယ်ရေးအတွက် ရဟတ်ယာဉ်၊ လေယာဉ်များ သီးခြား ဝယ်ယူခဲ့ခြင်း မရှိခဲ့ပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှသာ သဘာဝဘေးအတွက် အသုံးပြုရန် ရဟတ်ယာဉ် ဝယ်ယူနိုင်ခဲ့ကြောင်း တွေ့ရသည်။
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ချပြခဲ့သည့် အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်တန် အီတလီ Leonardo AW139 ရဟတ်ယာဉ်သည် မြန်မာ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန (လူကယ်ပြန်) အတွက် ပထမဆုံး ရဟတ်ယာဉ်ဖြစ်မည် ထင်၏။
စစ်တပ်တွင် အမေရိကန်ဒေါ်လာ ၁၂ သန်းဝန်းကျင် တန်ဖိုးရှိ MI-35 ရဟတ်ယာဉ်များ ပိုင်ဆိုင်သည်။ ထိုသို့သော နိုင်ငံတွင် ပထမဆုံး ကယ်ဆယ်ရေး ရဟတ်ယာဉ်တစင်းကို အရပ်သားအစိုးရ အစစ်တက်ပြီး ငါးနှစ်နီးပါး ကြာမှသာ ပိုင်ဆိုင်ခွင့်ရခဲ့သည်။
သို့သော် ထိုဝယ်ယူမှုကို စစ်တပ်က အသိအမှတ် မပြုခဲ့သည့်အပြင် အငြိုးပါထားခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရဟတ်ယာဉ် ငှားရမ်း၊ ဝယ်ယူရာ၌ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် မညီကြောင်း စွပ်စွဲကာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့အား အဂတိလိုက်စားမှု ငါးမှုဖြင့် တရားစွဲဆိုခဲ့သည်။
ရဟတ်ယာဉ် ငှားရမ်းခြင်းနှင့် သက်ဆိုင်သည့်အမှု သုံးခု၊ ရဟတ်ယာဉ် ပြုပြင်ထိန်းသိမ်းရေးနှင့် သက်ဆိုင်သည့် အမှုတခု စုစုပေါင်းလေးမှုအတွက် ထောင်သုံးနှစ် တပေါင်းတည်း ကျခံရန်နှင့် ရဟတ်ယာဉ် အသစ်တစင်း ဝယ်ယူသည့်အမှုအတွက် ထောင်လေးနှစ် ကျခံရန် အမိန့်ချမှတ်ခဲ့ကြောင်း တွေ့ရသည်။
စစ်ခေါင်းဆောင်များအနေဖြင့် မည်သည့်အတွက်ကြောင့် ယခုလို ရဟတ်ယာဉ် ဝယ်ယူမှုကို အငြိုးအတေး ထားခဲ့ကြောင်း တွေးကြည့်သည့်အခါ မနာလိုမှုနှင့် အရေးပါချင်မှုတို့ကို တွေ့ရသည်။ ယခင်က မြန်မာအနေဖြင့် စစ်ဘက် လေယာဉ်၊ ရဟတ်ယာဉ်ကိုသာ ဝယ်ယူလေ့ရှိပြီး ဝယ်ယူမှုတိုင်းကို စစ်ခေါင်းဆောင်များက စိတ်ကြိုက် ဆောင်ရွက်ခဲ့ကြသည်။ လက်နက်ပွဲစားများနှင့် လက်ဝါးချင်းရိုက်ကာ ပွဲခ မြိုးမြိုးမြက်မြက် အချိုးကျ ရခဲ့ကြသည်။
ထို့ကြောင့် နံပါတ် ၁ အနေနှင့်ဖြင့် စစ်ခေါင်းဆောင်များသည် သူတို့မှတပါး တခြားသူများ ယခုကဲ့သို့ ရဟတ်ယာဉ် ဝယ်ယူခြင်းမျိုးအပေါ် မနာလိုခြင်းမျိုး (သူတို့လုပ်ကွက်များ ပေါ်မှာ စိုးရိမ်ခြင်းကြောင့်) ဖြစ်သည်။
နောက်တချက်အနေဖြင့် သူတို့ အရေးပါမှုကိုပြရန် ချောင်ထိုးထားသည့် လူကယ်ပြန်ဌာနကို NLD အစိုးရက အရေးပါအောင် ရဟတ်ယာဉ်ပါ ဝယ်ပေးခဲ့သည်ကို အမြင်ကတ်ပုံရသည်။ အရပ်သားအစိုးရအနေဖြင့် အရေးပေါ်ကိစ္စများတွင် စစ်တပ်ကို အားကိုးစရာမလိုဘဲ သက်ဆိုင်ရာတာဝန်ရှိသည့် လူကယ်ပြန်ဌာန အနေဖြင့် အပြည့်အဝ ဆောင်ရွက်နိုင်ရန် စီမံခဲ့သည်ဟု ထင်သည်။ သို့သော် စစ်ခေါင်းဆောင်များကမူ သူတို့ အရေးပါမှုကို လျော့ကျအောင် လုပ်သည်ဟု မြင်ပုံရသည်။
နောက်တချက်အနေဖြင့် သူတို့ အရေးပါမှုကိုပြရန် ချောင်ထိုးထားသည့် လူကယ်ပြန်ဌာနကို NLD အစိုးရက အရေးပါအောင် ရဟတ်ယာဉ်ပါ ဝယ်ပေးခဲ့သည်ကို အမြင်ကတ်ပုံရသည်။ အရပ်သားအစိုးရအနေဖြင့် အရေးပေါ်ကိစ္စများတွင် စစ်တပ်ကို အားကိုးစရာမလိုဘဲ သက်ဆိုင်ရာတာဝန်ရှိသည့် လူကယ်ပြန်ဌာန အနေဖြင့် အပြည့်အဝ ဆောင်ရွက်နိုင်ရန် စီမံခဲ့သည်ဟု ထင်သည်။ သို့သော် စစ်ခေါင်းဆောင်များကမူ သူတို့ အရေးပါမှုကို လျော့ကျအောင် လုပ်သည်ဟု မြင်ပုံရသည်။
စစ်အစိုးရအစဉ်အဆက် လူကယ်ပြန်ကဲ့သို့သော ဝန်ကြီးဌာနမျိုးကို အရေးမပါသည့်ဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနကို အရေးမကြီးသည့် ဦးစီးဌာနဟု ယူဆခဲ့ကြသည်။ စစ်တိုက်လျှင်ပင် ရန်သူ၊ ရာသီဥတုနှင့် မြေအနေအထားကို တွက်ချက်ရကြောင်း စစ်ခေါင်းဆောင်များ သိသည်။ သို့သော် သူတို့ကို ငွေရှာပေးသည့် ဌာနများ၊ ငွေဝင်သည့်ဌာနများ မဟုတ်သဖြင့် စိတ်မဝင်စားခဲ့ကြခြင်း ဖြစ်မည်ထင်၏။
နအဖ လက်ထက် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခိုက်ပြီးနောက် ဧရာဝတီတိုင်းသား ဝန်ကြီးချုပ် ဦးသိန်းစိန်သည် လက်ဗလာနှင့်သာ မုန်တိုင်းဖြစ်ပွားခဲ့သည့် နေရာအချို့ကို လာကြည့်ခဲ့သည်။ မည်သည့် ထောက်ပံ့ရေးပစ္စည်း၊ မည်သည့် စီမံခန့်ခွဲမှုမှ မပါလာဘဲ တာဝန်အရ လွှတ်လို့ လာရသည့်သဘောကို တွေ့ရသည်။
ဝန်ကြီးချုပ်ကိုယ်တိုင် လိုက်လံကြည့်ရှုစစ်ဆေးနေပါပြီဆိုသည့် သတင်းထုတ်ပြန်မှုအတွက် မှတ်တမ်းဓာတ်ပုံ ရယူချင်ရုံသက်သက်ဟု ဆိုနိုင်သည်။ (ဝါရင့် သတင်းထောက် ကိုအောင်သူရ၏ နာဂစ် အတွေ့အကြုံ ရုပ်သံ တွင် ကြည့်ရှုနိုင်သည်။)
ထိုကဲ့သို့ သဘာဝဘေးကို လက်နက်အဖြစ် အသုံးချနိုင်အောင်လည်း အောက်ခြေက တပ်ရင်း၊ တပ်ဖွဲ့များကို တပ်အလိုက် သဘာဝဘေးဒဏ် ကာကွယ်ရေးစီမံချက်များ ရေးဆွဲထားခိုင်းလေ့ရှိသည်။ သဘာဝဘေးဒဏ် ကြုံလာပါက အထက်အမိန့်ကို တင်ပြတောင်းခံရန် မလိုကြောင်း အပြီးအပြတ် အမိန့်ပေးထားသေးသည်။
တခုခုဆိုလျှင် စစ်တပ်က ရောက်သည်ဆိုသည့်အမြင် ပြည်သူများကိုပေးရန်အတွက် ယခုကဲ့သို့ ညွှန်ကြားထားခြင်း ဖြစ်သည်။ ထို့ပြင် ပြည်သူကို စေတနာရှိ၍ မဟုတ်ဘဲ ဝေဖန်ခံရစရာရှိလျှင် လက်အောက်တပ်က ပေါ့ဆ၍ အချိန်မီ မသိရှိရကြောင်း ထိုးချရန် တကွက်ပြခြင်းသာ ဖြစ်သည်။
လက်အောက်ကို အမိန့်အပြတ် ပေးထားသော်လည်း ကယ်ဆယ်ရေးပစ္စည်း၊ ယန္တယားနှင့် နည်းပညာကျွမ်းကျင်သူ လုံလောက်အောင်တော့ ပေးထားခြင်း မရှိပေ။ အောက်ခြေ တပ်ရင်း၊ တပ်ဖွဲ့များသည် မူလတာဝန်ထက် ပိုကြီးသည့် ဗာဟီရတာဝန်များကို ဝန်နှင့်အား မမျှအောင် ပေးထားခြင်း ခံရသည့်အပြင် မီးလောင်လည်းပြေး၊ ရေကြီးလည်းပြေး အမြန်ရောက်အောင် သွားရသည်။
‘တပ်မတော်က ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေပါသည်’ ဆိုသည့် ဟန်ပြမှတ်တမ်းဓာတ်ပုံ ရိုက်ပြီး အချိန်မီ တင်ပြရန်ဖြစ်သည်။ စစ်တပ်အာဘော် မြဝတီ ရုပ်သံသတင်းနှင့် သတင်းစာတွင်ထည့်ပြီး ပြည်သူကို အချိန်မီ ဝါဒဖြန့်ရန် ဖြစ်သည်။ ထိုအချိန်မျိုးတွင် ‘ဘာလိုအပ်သေးသလဲ’ ဟု အထက်ဌာနများက မမေးဘဲ မှတ်တမ်းဓာတ်ပုံ ပို့ရန်သာ တွင်တွင်တောင်းတတ်ကြသည်။
ထိုကဲ့သို့သော အနှစ်သာရမရှိ၊ ပေါ်ပင်သာလုပ်တတ်သည့် စစ်တပ်ကို ပြုပြင်ပြောင်းလဲပေးရန် နိုင်ငံကြီးများက စိတ်ဝင်တစား ရှိခဲ့ကြသည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင် စတင် စိတ်ဝင်စားခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ပေးခဲ့ကြသည်။
အမေရိကန်အပါအဝင် အနောက်အင်အားကြီး နိုင်ငံများက မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ကို သင်တန်းနှင့် အထောက်အပံ့ အများအပြား ပေးခဲ့ကြသည်။ ၂၀၁၇ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အမေရိကန် ဦးဆောင်ပြုလုပ်သည့် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံကို လေ့လာသူအဖြစ် ဖိတ်ကြားပေးခဲ့သည်။
Cobra Gold စစ်ရေးလေ့ကျင့်မှုများတွင် စစ်ရေးလေ့ကျင့်မှုများအပြင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု၊ အကြမ်းဖက်မှု တန်ပြန်ရေး၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် အခြား လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြသည်။
သို့သော် ဖိတ်ကြားခံရသည့် မြန်မာစစ်တပ်အနေဖြင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး အပါအဝင် ပြုပြင်ပြောင်းလဲမှုများကို လောက်လောက်လားလား ပြင်ဆင်နိုင်ခဲ့ခြင်း မရှိကြောင်း တွေ့ရသည်။ စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်မှစ၍ မြန်မာစစ်တပ်ကို Cobra Gold စစ်ရေးလေ့ကျင့်မှုသို့ မဖိတ်ကြားခဲ့တော့ပေ။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ၏ စီမံအုပ်ချုပ်မှုများသည် ယခင် စစ်အစိုးရ လက်ထက်များကထက် ပိုမိုဆိုးရွားခဲ့သည်။ နောင်တော်များ၏ လမ်းစဉ်လိုက်ပြီး မတရားသဖြင့် ရလာသည့် အာဏာကို စစ်ခေါင်းဆောင်က လက်လွတ်စပယ် အသုံးပြုခဲ့သည်။
NLD အစိုးရ လက်ထက်က ချန်ထားခဲ့သည့် သဘာဝဘေး ရန်ပုံငွေများကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီ တိုင်းနှင့်ပြည်နယ် ဝန်ကြီးချုပ်များကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) အပါအဝင် အရေးမပါသည့် နေရာများတွင် သုံးရန် ခွင့်ပြုခဲ့သည်။ ယခုကဲ့သို့ သဘာဝ ငလျင်ဘေးကို ကြုံရသည့်အခါ ပြည်ပနိုင်ငံများထံ အကူအညီတောင်းရတော့သည်။
အိန္ဒိယ ဝန်ကြီးချုပ်နှင့် မင်းအောင်လှိုင် ဖုန်းပြောသည့် ဗီဒီယိုဖိုင်ကို စစ်ကောင်စီ မီဒီယာများက ထုတ်လွှင့်ခဲ့သည်။ ‘နိုင်ငံအတွက် တပ်ချုပ်ကြီး အလုပ်လုပ်နေပါသည်’ ဟု ပြချင်ဟန်တူသည်။ ဗီဒီယိုဖိုင်တွင် တွေ့ရသည့် အနေအထားအရဆိုလျှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ထက်ကြီးသည့် အထက်အရာရှိကို လမ်းညွှန်ချက်နှင့် အကူအညီ တောင်းခံနေသည့်ပုံနှင့် တူနေသည်။
နိုင်ငံနှင့်ပြည်သူအတွက် စေတနာနှင့် ကြိုတင်ပြင်ဆင် စီမံမထားဘဲ အရေးကြုံမှ အိမ်နီးနားချင်းကို ခြေသလုံးလိုက်ဖက်ခြင်း ဖြစ်သည်။ တချိန်က စစ်ခေါင်းဆောင်များ ပြောလေ့ရှိသည့် ‘ပြည်ပအားကိုး ပုဆိန်ရိုး’ စကားကို ဂျူနီယာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သွေဖည်၍ ပြည်ပကို အကူအညီ တောင်းနေရသည်နှင့် တူနေသည်။
နိုင်ငံနှင့်ပြည်သူအတွက် စေတနာနှင့် ကြိုတင်ပြင်ဆင် စီမံမထားဘဲ အရေးကြုံမှ အိမ်နီးနားချင်းကို ခြေသလုံးလိုက်ဖက်ခြင်း ဖြစ်သည်။ တချိန်က စစ်ခေါင်းဆောင်များ ပြောလေ့ရှိသည့် ‘ပြည်ပအားကိုး ပုဆိန်ရိုး’ စကားကို ဂျူနီယာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သွေဖည်၍ ပြည်ပကို အကူအညီ တောင်းနေရသည်နှင့် တူနေသည်။
ထိုသို့ ပြည်ပကို အားကိုးသည့် စစ်ခေါင်းဆောင်များသည် ပြည်ပနိုင်ငံများမှ မီဒီယာများကိုမူ အတော် ကြောက်ကြသည် ထင်၏။ မတ်လ ၃၀ ရက် ညပိုင်းက ထွက်ပေါ်ခဲ့သည့် အသံဖိုင်တွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုင်ငံတကာ သတင်းထောက်များ လာရောက်ရန် ခွင့်တောင်းသည့်ကိစ္စနှင့် ပတ်သက်၍ “လာတာ၊ နေတာ၊ တည်းတာ၊ ခိုတာ၊ ထိုင်တာ၊ သွားတာ၊ လာတာ အဆင်မပြေနိုင်ပါဘူး။ ဒါလေးကိုတော့ အားလုံး သိရှိထားစေလိုပါတယ်” ဟု ပြောဆိုထားသည်ကို တွေ့ရသည်။
နိုင်ငံတကာ သတင်းထောက်များကို သတင်းယူခွင့် ပေးလိုက်ပါက စစ်ကောင်စီ၏ မတရားမှုများ၊ စီမံခန့်ခွဲမှု အလွဲများ အပါအဝင် အားနည်းချက်များစွာ ကမ္ဘာတွင် ပျံ့နှံ့သွားမည်ကို ကြောက်ကြသည် ထင်၏။ စစ်ပွဲများ၊ ကပ်ဘေးများတွင် စွန့်စွန့်စားစား သတင်းယူရသည့် သတင်းထောက်များကို နေထိုင်စားသောက်ရေး အကြောင်းပြပြီး သတင်းယူခွင့် ငြင်းပယ်သည်မှာ အတော် ရယ်စရာကောင်းသည်။ စစ်ခေါင်းဆောင်များ၏ ဦးနှောက် မရှိပုံကို ပြသရာလည်းရောက်ခဲ့သည်။
ပြီးခဲ့သည့် မိုးရာသီက ရေဘေးကို ကြည့်လျှင်လည်း အိမ်နီးချင်း ထိုင်းပြည်သူများကဲ့သို့ပင် မြန်မာပြည်သူများလည်း ရေးဘေးကို ခံစားခဲ့ကြရသည်။ ထိုင်းဝန်ကြီးချုပ်က နာရီပိုင်းအတွင်း ရေဘေးသင့်နေရာများကို ရောက်ခဲ့သော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နှစ်ရက်ကြာမှသာ စစ်ရုံးဘေးက နေပြည်တော် ရေဘေးကို သွားကြည့်ခဲ့သည်။
ထိုင်းစစ်တပ်က ရေဘေးသင့် ပြည်သူများကို စစ်ရဟတ်ယာဉ်များသုံးပြီး စားနပ်ရိက္ခာများ ပေးဝေနေချိန် မြန်မာလေတပ်က ပြည်သူများ နေထိုင်ရာနေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယခု ငလျင်ဘေးတွင်လည်း ယခင် ရေဘေးကကဲ့သို့ အဝေဖန် မခံရအောင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လိုက်လံ ကြည့်ရှုစစ်ဆေးပါသည်ဆိုသည့်သဘောနှင့် လိုက်လံ ကြည့်ရှုသည့် မှတ်တမ်းများကို စစ်ကောင်စီဝါဒဖြန့် မီဒီယာများက နာရီပိုင်းအတွင်း ဖော်ပြခဲ့ကြသည်။
ထိုသို့ ဝါဒဖြန့်သတင်းများ ထုတ်ပြန်နေသော်လည်း မကွေး၊ ပဲခူးတိုင်းနှင့် ရှမ်းမြောက် အပါအဝင် ဒေသအချို့မှ အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
ထို့ကြောင့် အစဉ်အဆက် စစ်ခေါင်းဆောင်များအနေဖြင့် တိုင်းပြည်နှင့်လူမျိုး အကျိုးအတွက် တကယ်တမ်း စေတနာ နည်းပါးခဲ့ကြပြီး ကိုယ်ကျိုးကိုသာ ကြည့်ခဲ့ကြကြောင်း တွေ့ရသည်။ သူတို့ထက် ပိုပြီး စီမံခန့်ခွဲနိုင်သူများ ပေါ်ပေါက်လာသည့်အခါတွင်လည်း မုဒိတာ မပွားနိုင်ဘဲ အငြိုးအတေးထားပြီး အခွင့်အရေး ရသည်နှင့် လက်စားချေတတ်ကြသည်။
နိုင်ငံတော်တွင် မမျှော်လင့်နိုင်သည့် ဝမ်းနည်းဖွယ်ရာ သဘာဝဘေးများကိုလည်း စနစ်တကျ ကြိုတင် စီမံခန့်ခွဲ ပြင်ဆင်ထားရမည့်အစား စစ်တပ်၏ အရေးပါမှုကို ပြဖို့အတွက်သာ အသုံးချခဲ့ကြသည်ကို တွေ့ရသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား
စစ်ကိုင်းငလျင်ကြီး၊ စစ်ရပ်စဲရေးနဲ့ တဖက်ပိတ် စစ်ကောင်စီ
ငလျင် ကယ်ဆယ်ရေးများ လုပ်နေချိန် ပေါက်နှင့် နောင်ချိုကို စစ်တပ် ဗုံးကြဲ
“စစ်ကိုင်းငလျင် နောက်ဆုံးရ သေဆုံးစာရင်း”
ငလျင်ဒဏ် ဖိအား မင်းအောင်လှိုင် ဘယ်လောက်တောင့်ခံနိုင်မလဲ (ရုပ်/သံ ဆွေးနွေးခန်း)
ငလျင်ကယ်ဆယ်ရေး ကန့်သတ်ပိတ်ဆို့များ ဖယ်ရှားရန် ပရဟိတအဖွဲ့များ တောင်းဆို