၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သော ပြင်းထန်သည့် ငလျင်ကပ်ဘေးနှင့် အတိုင်းအတာ ကြီးမားလှသည့် ပျက်စီးဆုံးရှုံးမှုများ၊ သေကြေ ဒဏ်ရာရမှုများ မြန်မာလူထု ကြုံတွေ့ခဲ့ရ၏။ ဤသို့သော အခြေအနေ၌ နိုင်ငံတကာတွင် သဘာဝကပ်ဘေး ကျရောက်သည့်အခါ တိုင်းပြည်နှင့်လူထု ဆိုးဆိုးဝါးဝါး ထိခိုက်မှုကို ထောက်ထားပြီး ပြည်တွင်း၌ နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကို ဖြေရှင်းနိုင်ခဲ့ကြသည့် စံနမူနာများအတိုင်း မြန်မာပြည် နိုင်ငံရေး၊ စစ်ရေးပဋိပက္ခများကို ဖြေရှင်းကြရန် ပြည်တွင်းမှရော ပြည်ပမှပါ အသံထွက်လာသည်။
ဤသို့သောအခြေအနေအောက်တွင် စစ်တပ်၏ သဘောထား မည်သို့ရှိသည်ကို စောကြောကြည့်ပါက ဤသို့ တွေ့ရ၏။ ငလျင်မတိုင်မီ ၂၀၂၄၊ ၂၀၂၅ ခုနှစ်များအတွင်း အခါကြီးရက်ကြီးများ၊ မြန်မာပြည်တွင်ရှိသည့် တိုင်းရင်းသားလူမျိုးများ၏ နှစ်သစ်ကူးနေ့ရက်များ၊ ပြည်နယ်နေ့ရက်များတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သဝဏ်လွှာဆိုသည်များကို အဆက်မပြတ် ပို့နေခဲ့ပြီး အဆိုပါ သဝဏ်လွှာများတွင် ရေးထားသည့် အတွင်းသဘောမှာလည်း အတူတူဆိုသည်ကို တွေ့ရသည်။
နောက်ဆုံးပို့သည့် စစ်ခေါင်းဆောင်၏ သဝဏ်လွှာဆိုသည်မှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့ မွန်ပြည်နယ်နေ့တွင် ပို့သည့် သဝဏ်လွှာဖြစ်သည်။ အခြား သဝဏ်လွှာများနည်းတူ စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီ၏ သဘောထားကို တွေ့ရှိရသကဲ့သို့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ပြောသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မိန့်ခွန်းတွင်လည်း ထိုအချက်များကို အကျယ်ချဲ့၍ ထပ်မံ ပြောဆိုထားသည်ကို တွေ့ရ၏။
ထိုသဝဏ်လွှာများနှင့် စစ်ခေါင်းဆောင်၏ ပြောကြားချက်များမှ စစ်ကောင်စီ သဘောထားကို အောက်ပါအတိုင်း တွေ့ရ၏။
မျက်မှောက်ကာလတွင် နိုင်ငံအခြေအနေမှာ တည်ဆောက်ရေးကို မလုပ်နိုင်ဘဲ တိုင်းဖျက်ပြည်ဖျက်ရန်ကို ကာကွယ်နေရသည် ဆို၏။ ဤအချက်ကိုကြည့်လျှင် စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီသည် တိုင်းပြည်တည်ငြိမ်အောင်၊ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ခြင်းမရှိ ဆိုသည်ကို မလွှဲမရှောင်သာ ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု ဆိုရပါမည်။
ပထမအချက်မှာ မျက်မှောက်ကာလတွင် နိုင်ငံအခြေအနေမှာ တည်ဆောက်ရေးကို မလုပ်နိုင်ဘဲ တိုင်းဖျက်ပြည်ဖျက်ရန်ကို ကာကွယ်နေရသည် ဆို၏။ ဤအချက်ကိုကြည့်လျှင် စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီသည် တိုင်းပြည်တည်ငြိမ်အောင်၊ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ခြင်းမရှိ ဆိုသည်ကို မလွှဲမရှောင်သာ ဝန်ခံလိုက်ခြင်းဖြစ်သည်ဟု ဆိုရပါမည်။
ဒုတိယအချက်အနေဖြင့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ဖြစ်ပေါ်နေသည့်ပဋိပက္ခများနှင့် လက်နက်ကိုင်တိုက်ခိုက်မှုများသည် နိုင်ငံရေးအမြင် မတူညီမှုအပေါ် အခြေခံသကဲ့သို့ တသီးတခြား ရပ်တည်လိုစိတ်နှင့် အတ္တအကျိုးစီးပွားကို ရှေ့တန်းတင်ခြင်းကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ပြင် “အစောပိုင်းတွင် ဆူပူဆန္ဒပြမှုတွေသာ ဖြစ်ပေါ်ခဲ့ပေမဲ့ အဲဒီအချိန်က လွှတ်တော်ကိုယ်စားလှယ်လောင်း အချို့ဟာ နိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ပြဿနာကို ဥပဒေနဲ့အညီ ဖြေရှင်းလိုခြင်း မရှိဘဲ လူထုရဲ့ စိတ်ခံစားချက်ကို အသုံးချပြီး အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာအောင် ဆင်ခြင်တုံတရား ကင်းမဲ့စွာ သွေးထိုးလှုံ့ဆော်ခဲ့ကြတယ်။ အဲဒီကတဆင့် NUG (အမျိုးသားညီညွတ်ရေးအစိုးရ)၊ CRPH (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ) နဲ့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းပြီး နိုင်ငံတဝန်း အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာအောင်၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာအောင် လုပ်ဆောင်ခဲ့တာ တွေ့ရပါမယ်” ဟု မတ်လ ၂၇ ရက်နေ့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထပ်မံပြောဆိုသည်ကို တွေ့ရ၏။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီ၏ သဘောထားသည် တကယ့်ဖြစ်ရပ်မှန်ကို မျက်ကွယ်ပြု လိမ်လည်ထားသည်ကို တွေ့ရ၏။ လက်ရှိ မြန်မာပြည်တွင် လက်နက်ကိုင်ပုန်ကန်များ အရှိန်ကောင်းလာသည်မှာ အဓိက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့၌ စစ်တပ်က အာဏာသိမ်းလိုက်၍ ဖြစ်ပေါ်ခြင်းဖြစ်သည်။
အကယ်၍သာ စစ်တပ်က အာဏာမသိမ်းခဲ့ဘဲ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရ ဖွဲ့စည်းတာဝန်ယူခဲ့လျှင် PDF, ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် နွေဦးလက်နက်ကိုင်အင်အားစုများ ပေါ်ပေါက်လာနိုင်ခြင်း ရှိမည် မဟုတ်သကဲ့သို့ ပြည်နယ်များတွင်လည်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ချင်းဒေသကာကွယ်ရေး တပ်မတော် (CDF)၊ ကရင်နီ ဒီမိုကရက်တစ်တပ်ဦး (KDF) တပ်ဖွဲ့များ ပေါ်ပေါက်လာမည် မဟုတ်ပေ။
လက်နက်ကိုင် ပုန်ကန်တိုက်ခိုက်မည့်သူများ၊ လက်နက်ကိုင်တိုက်ခိုက်ရန် လှုံ့ဆော်သူများသည်ပင် NLD နှင့် NLD ထောက်ခံသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူလူထု၏ ဆန့်ကျင်မှုကို ခံရပေလိမ့်မည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကို တပြည်လုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။ ထို့ဆန့်ကျင်မှုကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်က ခပ်ကြမ်းကြမ်း ပစ်သတ်ပြလိုက်လျှင် ကြောက်ရွံ့ပြီး ငြိမ်သွားလိမ့်မည်ဟု ယူဆခဲ့ကြ၏။

သို့ဖြင့် ဆန္ဒပြသူများအား ပစ်ခတ်နှိမ်နင်းခြင်း၊ “သေရဲတဲ့ကောင် ထွက်ခဲ့” ဟု လမ်းကြိုလမ်းကြားထဲအထိ လိုက်လံ ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးရမိသူများအား စစ်ကြောရေး၌ တရက်၊ နှစ်ရက်အတွင်း ရိုက်နှက်သတ်ဖြတ်ခြင်း စသည့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်စွာ တရားလက်လွတ် ပြုမူများ၏ အကျိုးဆက်အဖြစ် တပြည်လုံးအနှံ့ နွေဦးတော်လှန်ရေး လက်နက်ကိုင်ပုန်ကန်မှုများ အားကောင်းစွာ ပေါ်ပေါက်လာခြင်းဖြစ်၏။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောသကဲ့သို့ လူထုနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ဥပဒေနှင့်အညီ ဖြေရှင်းလိုခြင်း မရှိ၍ ဤနွေဦးလက်နက်ကိုင်တော်လှန်မှု ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာကိစ္စများ၊ မဲမသမာမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်သည် အတည်ဖြစ်သည်ဟု သတ်မှတ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့်ပြဋ္ဌာန်းချက်အား စစ်တပ်က ဖောက်ဖျက်ပြီး အာဏာသိမ်းခဲ့၍ နွေဦး လက်နက်ကိုင်ပုန်ကန်မှု ပေါ်ပေါက်လာခြင်းဖြစ်၏။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောသကဲ့သို့ လူထုနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ဥပဒေနှင့်အညီ ဖြေရှင်းလိုခြင်း မရှိ၍ ဤနွေဦးလက်နက်ကိုင်တော်လှန်မှု ပေါ်ပေါက်လာခြင်း မဟုတ်ပေ။ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာကိစ္စများ၊ မဲမသမာမှုများနှင့် ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်သည် အတည်ဖြစ်သည်ဟု သတ်မှတ်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့်ပြဋ္ဌာန်းချက်အား စစ်တပ်က ဖောက်ဖျက်ပြီး အာဏာသိမ်းခဲ့၍ နွေဦး လက်နက်ကိုင်ပုန်ကန်မှု ပေါ်ပေါက်လာခြင်းဖြစ်၏။
ထို့ပြင် နွေဦး လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ ပေါ်မလာနိုင်ပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များသည် ယခုကဲ့သို့ အင်အား မကောင်းလာနိုင်ပါ။ စစ်တပ်အာဏာသိမ်းမှု မရှိပါက ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသားတပ်ဦး (CNF) စသည့် တိုင်းရင်းသားအဖွဲ့များသည် စစ်ပွဲတွင် ပါဝင်လာမည် မဟုတ်သကဲ့သို့ အားကောင်းမောင်းသန်လည်း ဖြစ်မလာနိုင်ဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဘောင်တွင်း၌ပင် ရှိလိမ့်မည်။
ရှမ်းပြည်တိုးတက်ရေးပါတီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (SSPP နှင့် RCSS) အဖွဲ့နှစ်ခုမှာ စစ်တပ်အာဏာသိမ်းသောကာလတွင်ပင် လက်နက်ကိုင်တိုက်ခိုက်ခြင်း မပြုရာ စစ်တပ်အာဏာ မသိမ်းသည့် ပုံမှန်အချိန်တွင် တိုက်ခိုက်လိမ့်မည် မဟုတ်ပါ။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှာလည်း အပြတ်အသတ် လက်နက်ကိုင်တိုက်ဖွယ် မရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တဖက်ပြုလုပ်ပြီး ထိန်းညှိသွားမည်သာ ဖြစ်သည်။
ထို့အတူ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) တို့ကလည်း လက်နက်ကိုင် တိုက်ခိုက်ဖွယ် မရှိပေ။
သို့ဖြစ်ရာ စစ်တပ် အာဏာမသိမ်းပါကလည်း မုချ လက်နက်ကိုင် တိုက်မည့်အဖွဲ့များမှာ အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မြောက်ပိုင်းသုံးဖွဲ့သာ ရှိမည်ဖြစ်၏။ ထိုသုံးဖွဲ့ လက်နက်ကိုင် တိုက်ခိုက်ပါကလည်း ရှမ်းမြောက်နှင့် ရခိုင် နှစ်နေရာတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က စစ်အင်အားကို လိုအပ်သလောက် စုစည်းအသုံးပြုနိုင်မည်ဖြစ်ရာ ယခုလောက် အောင်မြင်မှုရရန် ခက်ခဲမည်ဖြစ်၏။
ထိုမြောက်ပိုင်းသုံးဖွဲ့အား ပူးပေါင်းမည့် PDF နှင့် နွေဦးအင်အားစုများက ရှိမည် မဟုတ်သဖြင့် ယခုကဲ့သို့ အင်အားကောင်းနိုင်မည် မဟုတ်ပါ။ ထို့ပြင် မြောက်ပိုင်းသုံးဖွဲ့သည် ယခုကဲ့သို့ ပြည်မလူထု၏ ထောက်ခံအားပေးမှု ရနိုင်မည် မဟုတ်ပေ။
သို့ဖြစ်ရာ ယနေ့ မြန်မာပြည်တွင်းစစ်ရှိန် မြင့်တက်နေသည့် အဓိက အကြောင်းအရင်းမှာ စစ်တပ်က ၂၀၂၁ တွင် အာဏာသိမ်းလိုက်ခြင်းက အဓိက အကြောင်းရင်းဖြစ်၏။ ၂၀၂၀ ရွေးကောက်ပွဲက တက်လာသည့် ကိုယ်စားလှယ်များ အစိုးရဖွဲ့စည်းခြင်း၊ ရွေးကောက်ပွဲ မသမာမှုဆိုသည်များကို ၂၀၀၈ အခြေခံဥပဒေပါအတိုင်း ရွေးကောက်ပွဲကော်မရှင်တွင် တိုင်ကြားဖြေရှင်းခြင်း စသည့် ပုံမှန်အတိုင်း သွားမည့်လုပ်ငန်းစဉ်များအား စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်က လက်နက်ကိုင်အကြမ်းဖက် အာဏာသိမ်းပြီး ဖျက်ဆီးပစ်ခြင်း မပြုလုပ်ပါက နွေဦးလက်နက်ကိုင်တော်လှန်ရေးဆိုသည်မှာ ရှိမည်မဟုတ်ပေ။
တတိယအချက်အနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုသည်မှာ နယ်မြေအသီးသီးရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတော် အခြေခံအဆောက်အအုံများနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ပျက်သုဉ်းကာ ဆင်းရဲ ဒုက္ခရောက်နေကြရပါသည်ဟု ဆိုပါသည်။
တကယ်တမ်း ပဋိပက္ခကြီးမြင့်လာသည့်အခါ စစ်တပ်အား ဆန့်ကျင်သူများ၏ အိုးအိမ်ပိုင်ဆိုင်မှုများကို ချိတ်ပိတ် သိမ်းဆည်းခြင်းအား စစ်တပ်က စတင်လုပ်ဆောင်သကဲ့သို့ ပြည်တွင်းစစ်သမိုင်းတွင်လည်း ပထမဆုံး အများအပြား ပြုလုပ်ခြင်းဟု ဆိုရမည်။
လက်နက်ကိုင် တိုက်ခိုက်သည်ဟု မယ်မယ်ရရ ပြော၍မရခင်မှာပင် ထန်တလန်မြို့ကို မြို့လုံးကျွတ် မီးရှို့ဖျက်ဆီးပစ်ခြင်းကို စစ်တပ်က စတင်ခဲ့ခြင်းဖြစ်၏။
နွေဦးတော်လှန်ရေးကာလ လေးနှစ်အတွင်း တပြည်လုံးအနှံ့ရှိ အရပ်သား အိုးအိမ်များသာမက စာသင်ကျောင်း၊ ဆေးရုံ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနှင့် ဗလီစသည့် ဘာသာရေးအဆောက်အအုံများ အပါအဝင် အဆောက်အဦ စုစုပေါင်း ၁ သိန်းကျော်အား စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းတို့ စစ်တပ်က ပြုလုပ်ခဲ့သည့်အပြင် တပြည်လုံးအနှံ့တွင် အရပ်သားများအား အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည့် အထောက်အထားများစွာ ရှိ၏။
ထို့နောက် နွေဦးတော်လှန်ရေးကာလ လေးနှစ်အတွင်း တပြည်လုံးအနှံ့ရှိ အရပ်သား အိုးအိမ်များသာမက စာသင်ကျောင်း၊ ဆေးရုံ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနှင့် ဗလီစသည့် ဘာသာရေးအဆောက်အအုံများ အပါအဝင် အဆောက်အဦ စုစုပေါင်း ၁ သိန်းကျော်အား စစ်ကြောင်းထိုး၍ မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းတို့ စစ်တပ်က ပြုလုပ်ခဲ့သည့်အပြင် တပြည်လုံးအနှံ့တွင် အရပ်သားများအား အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည့် အထောက်အထားများစွာ ရှိ၏။
နွေဦးတော်လှန်ရေးတပ်ဖွဲ့များဘက်မှ အဓိက ဖျက်ဆီးပစ်ခဲ့သည်မှာ စစ်တပ်ပိုင် Mytel ဆက်သွယ်ရေး တာဝါတိုင်များဖြစ်ပြီး ကျန်အစိုးရပိုင်၊ ပုဂ္ဂလိကပိုင် အိုးအိမ်၊ စက်ရုံ၊ အလုပ်ရုံများ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှု မရှိသလောက် ရှားပါသည်။

လူပုဂ္ဂိုလ်အရ အဓိက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်မှာ စစ်တပ်သတင်းပေး ဒလန်၊ အမာခံများဖြစ်ပြီး ဤကိစ္စသာ အငြင်းပွားဖွယ်ရာဟု ဆိုနိုင်ပါသည်။ ဆိုရလျှင် နွေဦးတပ်ဖွဲ့များ၊ တော်လှန်ရေးတပ်ဖွဲ့များဘက်က စစ်တပ်ကဲ့သို့ ရွာလုံးကျွတ်၊ မြို့လုံးကျွတ် မီးရှို့မှုနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ မရှိသလောက် ရှားပါးသည်ဟု ဆိုနိုင်သည်။
စတုတ္ထအချက်အနေဖြင့် အကြမ်းဖက်များ၏ နောက်ကွယ်တွင် ပြည်တွင်းပြည်ပမှ အမျိုးမျိုးသော သွေးထိုးမှုများနှင့် သွေးထိုးလှုံ့ဆော်မှုများ ပါဝင်နေသည်ကိုလည်း နိုင်ငံသားတိုင်း သတိချပ်သင့်ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားရာမှ ဆင်းရဲဒုက္ခများအပေါ် သင်ခန်းစာယူကြရန် အချိန်အခါကျရောက်ပြီဖြစ်ကြောင်း သတိပေးလိုသည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်ကို တွေ့ရ၏။
ယနေ့အချိန်သည် စည်းလုံးညီညွတ်မှု ပျက်ပြားနေသည့်အချိန်ကာလ ဆိုသည်မှာ အမှန်ဖြစ်၏။ ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ဦးသိန်းစိန်အစိုးရ၊ NLD အစိုးရလက်ထက်များတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းစဉ်ဖြင့် စည်းလုံးညီညွတ်ရေး တည်ဆောက်ခဲ့ကြသည်။ အပြည့်အဝ မရခဲ့ကြသော်လည်း အပြန်အလှန် ညှိနှိုင်းမှု၊ ထိန်းကျောင်းမှုများဖြင့် စည်းလုံးညီညွတ်မှုရရန် ကြိုးစားခဲ့ကြသေးသည်။
သို့သော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်မှုများသည် အဆိုပါ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖျက်ဆီးပစ်လိုက်သည်။ တဖက်နှင့်တဖက် အယုံအကြည် လုံးဝကင်းမဲ့သွား၏။ ဤသို့ စည်းလုံးညီညွတ်မှု ပျက်ပြားသွားခြင်းသည် ပြည်တွင်းပြည်ပမှ သွေးထိုးမှုများကြောင့် မဟုတ်ပေ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်က ဖျက်ဆီးပစ်လိုက်၍ ဖြစ်၏။
ဤအကျိုးဆက်အနေဖြင့် မြန်မာပြည်စီးပွားရေး ပြိုကျသွား၏။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွား၏။ ပိတ်ဆို့မှုများ ကြုံရ၏။ အမျိုးသားပြန်လည်သင့်မြတ်ရေး ကာလက ပြည်ပမှ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာသည့် ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သူတို့၏ အရင်းအနှီးများ ပြန်လည် ထွက်ခွာသွား၏။
ထို့ပြင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်မှ အတတ်ပညာရှင်များ၊ အရင်းအနှီးများ ပြည်ပသို့ စီးထွက်သွား၏။ ပြည်ပသို့ ပြောင်းရွှေ့အခြေချကြ၏။ ငွေကြေးတတ်နိုင်သူများက သားသမီးများကို ပြည်ပသို့စေလွှတ်၍ ပညာသင်ကြားစေ၏။
အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်များ ပြည်ပသို့ ထွက်ခွာကြ၏။ ယုတ်စွအဆုံး စစ်တပ်နှင့်ပေါင်း၍ စီးပွားရှာနေကြသော စီးပွားရေးသမားနှင့် စစ်ဗိုလ်ချုပ်များကိုယ်တိုင် ၎င်းတို့၏ ပိုလျှံနေသော စုဆောင်းငွေများအား ပြည်ပသို့ ပို့ဆောင်အပ်နှံကြ၏။ တိုင်းပြည်လည်း စီးပွားရေးအရ အခွံသာ ကျန်တော့၏။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းမီ ဆယ်နှစ်အတွင်း ပြည်ပမှအရင်း အနှီးများနှင့် ပညာရှင်များ ပြည်တွင်းသို့ ဝင်ရောက်လာပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းရှိ အရင်းအနှီးများ၊ ပညာရှင်များသာမက အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်အားလုံး ပြည်ပသို့ ထွက်ခွာသွား၏။ ဤသည်အားလုံးမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းခြင်း၏ အကျိုးဆက်များဖြစ်သည်ကို ငြင်းပယ်၍မရပေ။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းမီ ဆယ်နှစ်အတွင်း ပြည်ပမှအရင်း အနှီးများနှင့် ပညာရှင်များ ပြည်တွင်းသို့ ဝင်ရောက်လာပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းရှိ အရင်းအနှီးများ၊ ပညာရှင်များသာမက အလုပ်လုပ်နိုင်သည့် လူငယ်လူရွယ်အားလုံး ပြည်ပသို့ ထွက်ခွာသွား၏။ ဤသည်အားလုံးမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းခြင်း၏ အကျိုးဆက်များဖြစ်သည်ကို ငြင်းပယ်၍မရပေ။
ဤသို့သော အခြေအနေအောက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်သည် ပကတိအခြေအနေကို မျက်ကွယ်ပြုပြီး ၎င်းတို့ကြောင့် ဖြစ်ပေါ်ခဲ့သည့် ဆိုးဝါးသော အကျိုးဆက်များကို တာဝန်မယူသည့်အပြင် အခြားသူပေါ် အပြစ်ပုံချပြီး ပြဿနာကို ဖြေရှင်း၍မရပေ။
ထို့ပြင် စည်းလုံးညီညွတ်မှုပြိုကွဲပြီး အယုံအကြည် ကင်းမဲ့နေသည့် အခြေအနေကို မျက်ကွယ်ပြုပြီး ပါတီစုံ ဒီမိုကရေစီ လိုချင်လျှင် လက်နက်စွန့်ပြီး ရွေးကောက်ပွဲဝင်ပါဟု ပြောနေခြင်းသည် လက်တွေ့ မကျဘဲ ပြဿနာလည်း မဖြေရှင်းနိုင်ပေ။
လက်ရှိ မြန်မာနိုင်ငံရေး၊ စီးပွားရေးအခြေအနေကို သုံးသပ်ပါက လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည် ဆိုရုံသက်သက် သုံးသပ်၍ မရပေ။ လက်ရှိအခြေအနေမှာ မြန်မာပြည်၏ နယ်မြေအများစုကို စစ်တပ်က ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့်အခြေအနေကို မျက်မှောက်ပြု သုံးသပ်ရန် လိုပေလိမ့်မည်။
လက်ရှိ မြန်မာပြည်တွင် စစ်ကောင်စီနှင့် နီးစပ်သော တရုတ်နှင့် ရုရှားတို့သည်ပင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု ပြုလုပ်နိုင်ခြင်း မရှိသည်မှာ ပိတ်ဆို့မှုကြောင့် မဟုတ်ပေ။ စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီတပ်က ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ လုပ်နိုင်လောက်အောင် တိုင်းပြည်ကို တည်ငြိမ်စွာ ထိန်းသိမ်းမထားနိုင်၍ ဖြစ်၏၊၊
အလားတူပင် စစ်ကောင်စီက ကြွေးကြော်နေသည့် ရွေးကောက်ပွဲဆိုသည်မှာလည်း တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းထားနိုင်ခြင်း မရှိ၍ တိုင်းပြည်၏ သုံးပုံ တပုံခန့်ပင် မရှိသည့် မြို့နယ် ၁၀၀ ခန့်တွင်သာ ပြုလုပ်နိုင်မည်ဟု ဆိုနေသည်ကို တွေ့ရ၏။
လာမည့် တနှစ်အတွင်း စစ်ရေးအခြေအနေများအရ ရွေးကောက်ပွဲ တကယ်လုပ်မည့်အချိန်တွင် စစ်ကောင်စီသည် မြို့နယ် ၁၀၀ ပင် ထိန်းချုပ်ထားနိုင်ဦးမည်လော ဆိုသည်မှာ မသေချာပေ။

သို့ဖြစ်ရာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်လာသည့် စစ်ရေးပဋိပက္ခကို အခြားသူများအား အပြစ်ဖို့ထားပြီး လက်ရှိတိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ခြင်း မရှိသည့်အခြေအနေအား မျက်ကွယ်ပြု၍ စဉ်းစားလုပ်ဆောင်နေသော မင်းအောင်လှိုင်နှင့် စစ်ကောင်စီ၏ ခြေလှမ်းများသည် လက်တွေ့ မြန်မာပြည်ပြဿနာကို ဖြေရှင်းနိုင်ခြင်း ရှိမည်မဟုတ်ပေ။
စစ်ကောင်စီက လက်နက်စွန့်၍ ပါတီစုံရွေးကောက်ပွဲ ဝင်ပါဆိုသည့်အချက်ကို စစ်ကောင်စီနှင့် လက်နက်ကိုင်ပဋိပက္ခ မရှိသည့် SSPP/RCSS, UWSA, NDAA တို့သည်ပင် ပြုလုပ်မည် မဟုတ်ပေရာ ကျန်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများဆိုလျှင် ပို၍ ဝေးပေလိမ့်မည်။
သို့ဆိုပါက ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးတို့ ရှိနိုင်မည် မဟုတ်ဘဲ စစ်ပွဲတို့ ဆက်နေဦးမည် ဖြစ်၏။ တိုင်းပြည်လည်း တည်ငြိမ်မှုရှိမည် မဟုတ်သကဲ့သို့ တိုင်းပြည် တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့သည်လည်း အလှမ်းဝေးနေဦးမည်သာ ဖြစ်၏။
လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီ ရွေးချယ်ထားသည့်လမ်းသည် သူတို့ အာဏာတည်မြဲရေးကိုသာ ရှေးရှုသည့်လမ်း ဖြစ်သည်။ သူတို့၏ အပြစ်ကို ဖုံးကွယ်၍ အခြားသူများကို အပြစ်တင်ထားပြီး လက်တွေ့ မည်သည့်ပြဿနာကိုမှ မဖြေရှင်းနိုင်ဘဲ ပိုမို ပြင်းထန်သည့် စစ်ပွဲဆီသို့သာ ရွေးချယ်ထားသည့်လမ်း ဖြစ်သည်ကို တွေ့ရပေမည်။
သို့ဖြစ်ရာ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီ ရွေးချယ်ထားသည့်လမ်းသည် သူတို့ အာဏာတည်မြဲရေးကိုသာ ရှေးရှုသည့်လမ်း ဖြစ်သည်။ သူတို့၏ အပြစ်ကို ဖုံးကွယ်၍ အခြားသူများကို အပြစ်တင်ထားပြီး လက်တွေ့ မည်သည့်ပြဿနာကိုမှ မဖြေရှင်းနိုင်ဘဲ ပိုမို ပြင်းထန်သည့် စစ်ပွဲဆီသို့သာ ရွေးချယ်ထားသည့်လမ်း ဖြစ်သည်ကို တွေ့ရပေမည်။
ယခုကဲ့သို့ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် မြန်မာပြည်၏ ဒုတိယမြို့တော် မန္တလေးနှင့် မြန်မာပြည် အလယ်ပိုင်းမှ မြို့ကြီးများ အများအပြား ထိခိုက်ပြီး အသက်အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးနေချိန်တွင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီ၏ သဘောထား မပြောင်းလဲပါက မြန်မာပြည်ပြဿနာသည် ပိုမိုဆိုးဝါးလာမည် ဖြစ်ပေသည်။ ပြဿနာ၏ အကြောင်းရင်းကို မဖြေရှင်းနိုင်ပါက မည်သည့် ပြဿနာမှ မဖြေရှင်းနိုင်ပေ။
ငလျင်ဘေးကြောင့် တိုင်းပြည်ကပ်ဆိုက်နေချိန်တွင် မြန်မာပြည်နိုင်ငံ ရေး၊ စစ်ရေး ပဋိပက္ခကို ညှိနိုင်းဖြေရှင်းလိုကြသည့် ပြည်တွင်း ပြည်ပသဘောထားများအား အကောင်အထည်ပေါ်ရန်အတွက် အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း မြန်မာစစ်တပ်၏ သဘောထားပြောင်းလဲမှသာ ဖြစ်နိုင်ပေလိမ့်မည်။ လက်ရှိ ငလျင်ဘေးကယ်ဆယ်ရေးကာလတွင် NUG /PDF က မတ်လ ၃၀ ရက်နေ့တွင်၎င်း၊ မြောက်ပိုင်းသုံးဖွဲ့ ဧပြိလ ၁ ရက်နေ့တွင်ဘ၎င်း ယာယီတဖက်သတ်သတ် အပစ်ရပ်စဲသော်လည်း ဧပြီလ ၁ ရက်နေ့ထိ ယာယီအပစ်ရပ်စဲရေးကိုပင် မပြုလုပ်ဘဲ စစ်ဆက်တိုက်မည်ဟု စစ်ကောင်စီပြောဆိုနေသည်ကို တွေ့ရ၏။
သို့သော်လည်း ဧပြီလ ၂ ရက်နေ့တွင် ဧပြီလ ၂၀ ရက်နေ့ထိ အပစ်ရပ်ကြောင်း စစ်ကောင်စီက ပြောင်းလဲကြေညာသည်။ ဤသို့ကြေညာလာခြင်းသည် နိုင်ငံတကာဖိအားကြောင့်သော်၎င်း၊ ပြည်တွင်း၌ နိုင်ငံရေးအရ လက်ဦးမှု မဲ့သွား၍၎င်း၊ BIMSTEC အစည်းအဝေးတွင် မျက်နှာပမ်းလှစေရန်သော်၎င်း အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်၏။
စစ်ကောင်စီအပစ်ရပ်ကြေညာပြီးနောက် ကချင်နှင့် စစ်ကိုင်းတို့တွင် ဗုံးကြဲမြဲ ကြဲနေသည်။
သို့သော်လည်း အပစ်ရပ်ခြင်းသည် ငလျင် အရေးပေါ်ကယ်ဆယ်ရေးကာလအတွက်သာ ဖြစ်သည်။ အစပြုချက်တခုသာ ရှိသေးသည်။ နောက်ပိုင်း မသေချာသည့် သဘောဖြစ်သည်။
မြန်မာပြည်နိုင်ငံရေးပြသနာကို အမှန်တကယ် ညှိနိုင်းဖြေရှင်းလိုပါက ရှေ့ဆက်လှမ်းရန် ခြေလှမ်းများစွာရှိနေသေးသကဲ့သို့ အဓိက မြန်မာစစ်တပ်အနေနှင့်အခြေအနေမှန်ကို ပြောင်း လဲလက်ခံပြီး လက်ရှိမြန်မာစစ်တပ်၏ တင်းမာသည့်သဘောထားကို ပြောင်းလဲမှသာ ဖြစ်ပေလိမ့်မည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
လေကြောင်းတိုက်ခိုက်မှုများ ရပ်ပါ၊ ငလျင်ကယ်ဆယ်ရေး စစ်အင်အားကို သုံးပါ
ငလျင်နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မြန်မာပြည်သူများ ဘဝပျက်နေသည်
ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား
စစ်ကိုင်းငလျင်ကြီး၊ စစ်ရပ်စဲရေးနဲ့ တဖက်ပိတ် စစ်ကောင်စီ
ငလျင်က မင်းအောင်လှိုင်အတွက် သံတမန်ရေး အမြတ်ထွက်