ငြိမ်းချမ်းရေး တည်ဆောက်ရေး ဘာသာရပ်နဲ့ ပတ်သက်တဲ့ ပါရဂူဘွဲ့သင်တန်းနဲ့ Certificate Course တွေမှာ စာသင်ရုံသက်သက်ထက် အသိအမြင်ချင်း ဖလှယ်ကြ၊ ဆွေးနွေးကြတာက ပိုများပါတယ်။
သင်္ကြန်ကျောင်းပိတ်ရက် မတိုင်ခင် နောက်ဆုံးတပတ်က လုပ်ခဲ့တဲ့ သင်တန်းချိန်မှာ သင်တန်းသားတွေနဲ့အတူ ရုပ်ရှင်ကားတို နှစ်ကားကို ကြည့်ပြီး အသွင်ကူးပြောင်းရေး တရားမျှတမှုဖြစ်စဉ်တွေမှာ သုံးကြတဲ့ လက်စားချေ အပြစ်ပေးတဲ့ပုံစံ (The retributive model) နဲ့ ပြန်လည်သင့်မြတ်ရေး/ထူထောင်ရေးပုံစံ (The restorative model) တွေအကြောင်း အတူတကွ ဆွေးနွေးဖြစ်ကြပါတယ်။
ကြည့်ဖြစ်တဲ့ မှတ်တမ်းရုပ်ရှင်ကားတို နှစ်ကားက DVB Peacock Film Festival က ဆုရ ရုပ်ရှင်ကားတွေ ဖြစ်ပါတယ်။
ပထမ ရုပ်ရှင်ကားတိုကတော့ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်က လက်ထုတ္တောကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်းကို ရှင်သန်ကျန်ခဲ့တဲ့သူတွေက ပြောပြထားတဲ့ “နောက်ထပ် နောက်ထပ်” လို့ အမည်ရတဲ့ ၁၅ မိနစ်စာ မှတ်တမ်းရုပ်ရှင်ကားတိုလေး ဖြစ်ပါတယ်။
စစ်ကောင်စီက ပစ်မှတ်ထားပြီး ထပ်ခါထပ်ခါ အနိုင်ကျင့် နှိပ်စက်ခံနေရတဲ့ ကူကယ်ရာမဲ့ဖြစ်နေတဲ့ လက်ထုတ္တော ရွာသူရွာသားတွေအကြောင်းကို ပထမရုပ်ရှင်မှာ ကြည့်ရပါတယ်။ အစုလိုက်အပြုံလိုက် ပစ်သတ်ခံရစဉ်မှာ သေဆုံးသွားခဲ့ရတဲ့ လက်ထုတ္တောရွာသားတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေက တရားမျှတမှုအကြောင်း တစုံတရာတောင်းဆိုမှု မပြုခဲ့ကြပါဘူး။
စစ်ကောင်စီက ပစ်မှတ်ထားပြီး ထပ်ခါထပ်ခါ အနိုင်ကျင့် နှိပ်စက်ခံနေရတဲ့ ကူကယ်ရာမဲ့ဖြစ်နေတဲ့ လက်ထုတ္တော ရွာသူရွာသားတွေအကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Kenny က ရိုက်ကူးထားတဲ့ ပထမရုပ်ရှင်မှာ ကြည့်ရပါတယ်။ အစုလိုက်အပြုံလိုက် ပစ်သတ်ခံရစဉ်မှာ သေဆုံးသွားခဲ့ရတဲ့ လက်ထုတ္တောရွာသားတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေက တရားမျှတမှုအကြောင်း တစုံတရာတောင်းဆိုမှု မပြုခဲ့ကြပါဘူး။
ဒါပေမယ့် ပစ်သတ်ခံရတဲ့ ရွာသားတွေရဲ့ ခန္ဓာကိုယ်တွေအောက်မှာ ပိနေလို့ (ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပေမယ့်) ကံကောင်းထောက်မစွာ ရှင်သန်ကျန်ခဲ့တဲ့ သူတယောက်က ပြောခဲ့တဲ့ စကားတခွန်းရှိပါတယ်။ “သူတို့ပစ်သတ်ခဲ့တဲ့ အပုံကြီးထဲမှာ ကျနော် အာမခံရဲတယ်၊ တယောက်မှ နိုင်ငံရေးနဲ့ပတ်သက်လို့ မစွက်ဖက်တဲ့ သူတွေချည်း။ တကယ်ရိုးသားတဲ့ ပြည်သူလူထု၊ တောင်သူရိုးရာလုပ်တဲ့သူတွေချည်းပဲ”။
သားမက်နဲ့တကွ ဆွေမျိုးသားချင်းတွေ ဆုံးရှုံးခဲ့ရတဲ့ အဘိုးတယောက်ကတော့ မိန်းမသားတွေသာ အများစုကျန်တော့တဲ့ ရွာငယ်လေးထဲမှာ နေထိုင်ရင်း နေ့စဉ်နဲ့အမျှ စိတ်မလုံခြုံမှု ခံစားနေရပါတယ်။ “သောကစိတ်ရောက်နေတာ၊ သူတို့လာမှာကို ကြောက်နေတာ၊ ဖြစ်ထားမှတော့ ကိုယ်ချင်းစာကြည့်လေ။ ဒီတခါ ကြိမ်းဝါးသွားတာက ပုခက်တွင်းထဲက ကလေးအထိ မကျန်ဘူး အကုန်သတ်မှာတဲ့”။
ဒီမှတ်တမ်းရုပ်ရှင်က ကြည့်ရှုသူတွေရဲ့စိတ်ထဲမှာ လက်ထုတ္တောရွာသားတွေအတွက် လုံခြုံမှုနဲ့တကွ တရားမျှတမှုကို ဘယ်လို ဆောင်ကျဉ်းပေးနိုင်မလဲဆိုတဲ့ မေးခွန်းကို ချန်ထားခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး အသွင်ကူးပြောင်းရေး တရားမျှတမှုဖြစ်စဉ်
အသွင်ကူးပြောင်းရေး တရားမျှတမှုရှာဖွေတဲ့ဖြစ်စဉ်ကို ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ စစ်နိုင်ခဲ့တဲ့ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ်၊ ဆိုဗီယက်ယူနီယံ၊ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုက စခဲ့ပါတယ်။
မဟာမိတ်နိုင်ငံကြီး လေးနိုင်ငံဟာ ဥရောပဝင်ရိုးတန်းနိုင်ငံတွေရဲ့ အဓိက စစ်ရာဇဝတ်ကောင်တွေဖြစ်တဲ့ နာဇီစစ်ခေါင်းဆောင်တွေကို အပြစ်ဒဏ်စီရင်ဖို့ နိုင်ငံတကာစစ်ခုံရုံး (the International Military Tribunal – IMT) တခုကို ဂျာမနီနိုင်ငံ၊ နျူရင်ဘတ်မြို့မှာ ၁၉၄၅ ခုနှစ်မှာ ဖွဲ့ခဲ့ပါတယ်။
လူသိသိပ်မများတဲ့ နောက်ထပ် နိုင်ငံတကာစစ်ခုံရုံး (International Military Tribunal for the Far East – IMTFE) ကိုတော့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ၁၉၄၆ ခုနှစ်က ဖွဲ့ခဲ့ပါတယ်။ အဲဒီ စစ်ခုံရုံးကိုတော့ ကမ္ဘာ့အရှေ့ဖျားက စစ်ရာဇဝတ်ကောင်တွေဖြစ်တဲ့ ဖက်ဆစ် ဂျပန်စစ်ခေါင်းဆောင်တွေကို ပြစ်ဒဏ်စီရင်ဖို့ ဖွဲ့ခဲ့တာဖြစ်ပါတယ်။
နျူရင်ဘတ်စစ်ခုံရုံးက နာဇီထိပ်တန်းစစ်ခေါင်းဆောင် ၁၉ ယောက်ကို ကြိုးမိန့်အပါအဝင် နှစ်ရှည်ထောင်ဒဏ် အများအပြား ချမှတ်ခဲ့သလို တိုကျို စစ်ခုံရုံးကလည်း ဂျပန်နိုင်ငံရေးခေါင်းဆောင် ကိုးယောက်နဲ့ စစ်ခေါင်းဆောင် ၁၈ ယောက်ကို စစ်ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ခဲ့ပြီး သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။
ဒီလုပ်ပုံလုပ်နည်းကိုတော့ စစ်နိုင်တဲ့ မဟာမိတ်နိုင်ငံတွေက စစ်ရှုံးတဲ့ နိုင်ငံတွေအပေါ် လက်စားချေ အပြစ်ပေးတဲ့ပုံစံ ဖြစ်လို့ retributive model လို့ ဆိုကြပါတယ်။
လက်ရှိ မြန်မာပဋိပက္ခနဲ့ လက်စားချေ အပြစ်ပေးတဲ့ပုံစံ
စစ်ကောင်စီကျူးလွန်နေတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်စုတွေပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ဒုတိယကမ္ဘာစစ်ပြီးခါစတုန်းက သုံးခဲ့တဲ့ လက်စားချေအပစ်ပေးတဲ့ပုံစံ (retributive model) မျိုး ကျင့်သုံးအပြစ်ပေးဖို့ မဖြစ်နိုင်ပါဘူး။
စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေက မြန်မာနိုင်ငံသားတွေအပေါ်မှာသာ ကျူးလွန်တာဖြစ်ပြီး နာဇီ ဂျာမနီတို့၊ ဖက်ဆစ် ဂျပန်တို့တုန်းကလို နိုင်ငံဖြတ်ကျော် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတာမျိုး မရှိတဲ့အတွက် အနောက်နိုင်ငံကြီးတွေအနေနဲ့ ဒါမှမဟုတ် လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ တိုက်ရိုက် ဝင်ရောက်စွက်ဖက်လို့ရတဲ့ အခြေအနေတခုမှာ ရှိမနေပါဘူး။ ဒါကြောင့်မို့လည်း နိုင်ငံတကာက မြန်မာပဋိပက္ခကို စဉ်းစားတဲ့အခါမှာ ပြည်တွင်းရေးကိစ္စတခုအနေနဲ့သာ အမြဲစဉ်းစားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီကျူးလွန်တဲ့ ရာဇဝတ်မှုတွေက မြန်မာနိုင်ငံသားတွေအပေါ်မှာသာ ကျူးလွန်တာဖြစ်ပြီး နာဇီ ဂျာမနီတို့၊ ဖက်ဆစ် ဂျပန်တို့တုန်းကလို နိုင်ငံဖြတ်ကျော် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတာမျိုး မရှိတဲ့အတွက် အနောက်နိုင်ငံကြီးတွေအနေနဲ့ ဒါမှမဟုတ် လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ တိုက်ရိုက် ဝင်ရောက်စွက်ဖက်လို့ရတဲ့ အခြေအနေတခုမှာ ရှိမနေပါဘူး။ ဒါကြောင့်မို့လည်း နိုင်ငံတကာက မြန်မာပဋိပက္ခကို စဉ်းစားတဲ့အခါမှာ ပြည်တွင်းရေးကိစ္စတခုအနေနဲ့သာ အမြဲစဉ်းစားပါတယ်။
လက်ရှိအချိန်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) မှာ စွဲဆိုထားတဲ့အမှုကလည်း ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ စွဲချက်တင်ထားတဲ့ အမှုသာဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ ပါဝင်ခြင်း မရှိသေးတာကို တွေ့ရပါတယ်။
စစ်ကောင်စီနဲ့ လက်နက်ကိုင်သူပုန်အဖွဲ့တွေကြားမှာ ဖြစ်ပွားတဲ့ ပဋိပက္ခတွေမှာတော့ လက်စားချေ အပြစ်ပေးတဲ့ပုံစံ (retributive model) ကို ဦးရာလူ (သို့မဟုတ်) စစ်နိုင်တဲ့သူတွေက သုံးကောင်းသုံးနိုင်ပါတယ်။ တရားဥပဒေစိုးမိုးမှု မရှိတဲ့ နယ်မြေတွေမှာတော့ တဖက်နဲ့ တဖက်အကြား retributive model ကို သုံးတာမျိုးတွေ ရှိကောင်းရှိနိုင်တယ် (ဒါမှမဟုတ်) ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ ယူဆရပါတယ်။

၁၉၉၀ နောက်ပိုင်း အသွင်ကူးပြောင်းရေး တရားမျှတမှုဖြစ်စဉ်
နျူရင်ဘတ်နဲ့ တိုကျို စစ်ခုံရုံးတွေမှာ စစ်ရာဇဝတ်ကောင်တွေကို တရားစီရင်ခဲ့တုန်းက ကုလသမဂ္ဂက တိုက်ရိုက် ပါဝင်ပတ်သက်မှု မရှိခဲ့ပါဘူး။ နျူရင်ဘတ် စီရင်ချက်ချပြီး သိပ်မကြာခင်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ပထမအကြိမ် အစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံးရဲ့ ပဋိညာဉ်စာတမ်းပါ အခြေခံမူတွေကို ချမှတ်ခဲ့ပါတယ်။
ဒါပေမယ့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်မှုတားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးအတွက် ၁၉၄၈ ကွန်ဗင်းရှင်းမှာ တောင်းဆိုထားတဲ့အတိုင်း နိုင်ငံတကာ ရာဇဝတ်တရားရုံးတခု ပေါ်ထွန်းရေးကိစ္စဟာ ၁၉၅၄ ခုနှစ် နောက်ပိုင်းမှာ နှစ် ၃၀ လောက်ကြာအောင် ရပ်တန့်နေခဲ့ပါတယ်။
၁၉၄၅ ခုနှစ်နောက်ပိုင်း ဥရောပမှာ ပထမဆုံးဖြစ်ခဲ့တဲ့ ပဋိပက္ခကတော့ ယူဂိုစလပ်စစ်ပွဲလို့ လူသိများတဲ့ ဘောလ်ကန်ဒေသက ပဋိပက္ခတွေ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းအထိ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ယူဂိုစလားဗီးယားနိုင်ငံကို ဖျက်သိမ်းခဲ့ပြီး ဆလိုဗေးနီးယား၊ ခရိုအေးရှား၊ ဘော့စနီးယားနဲ့ ဟာဇီဂိုဗီနား၊ ပြီးတော့ မက်စီဒိုးနားဆိုပြီး သမ္မတနိုင်ငံအသစ်တွေ ပေါ်လာခဲ့ပါတယ်။
နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ပြီး ယူဂိုဆလားဗီးယား ပိုင်နက်အတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားစွဲဆိုဖို့နဲ့ ပတ်သက်ပြီး နိုင်ငံတကာခုံရုံးတခုကို လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် ၈၂၇ နဲ့ တရားဝင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှာ အဖွဲ့ဝင် ၁၅ ဦးရဲ့ အထွေထွေသဘောတူညီချက်နဲ့ ယူဂိုဆလားဗီးယားအတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (the International Criminal Tribunal for the former Yugoslavia – ICTY) ကို ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အလားတူ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံးတွေဖွင့်ပြီး စီရင်ဆုံးဖြတ်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှုတွေကတော့ ယူဂိုစလားဗီးယား၊ ရဝမ်ဒါ၊ စီယာရာလီယွန်၊ ကမ္ဘောဒီးယားနဲ့ လက်ဘနွန် အစရှိတဲ့ နိုင်ငံတွေမှာ ဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခတွေအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ တည်ထောင်ခဲ့တဲ့ နှစ်ကာလတွေနဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ဖော်ပြပါဇယားမှာ တွေ့နိုင်ပါတယ်။
၂၀ ရာစုနဲ့ ၂၁ ရာစုအတွင်း ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံးတွေဖွင့်ဖို့ ကြိုးစားကြတဲ့အခါမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်တွေက အရေးပါတာကို တွေ့ရသလို၊ အဖွဲ့ဝင်တွေ ဆုံးဖြတ်ချက်ချရာမှာ ကြန့်ကြာမှုတွေကြောင့် ပဋိပက္ခဖြစ်နေတဲ့နိုင်ငံတိုင်းမှာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ဖို့ ဝန်မလေးတဲ့ စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲ့တွေကို တွေ့နေရဆဲပါပဲ။
မြန်မာပဋိပက္ခနဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု
မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် အသွင်ကူးပြောင်းရေး တရားမျှတမှုအကြောင်း စာသင်ခန်းထဲမှာ ဆွေးနွေးကြတဲ့အခါ လက်စားချေအပြစ်ပေးတဲ့ဘက်ကို အားသာတဲ့ retributive model နဲ့ ပြန်လည်သင့်မြတ်ရေး / ထူထောင်ရေးဘက်ကို အားသာတဲ့ restorative model နှစ်ခုကြား လွန်ဆွဲမှုတွေ အမြဲလို တွေ့ရပါတယ်။
restorative model နဲ့ပတ်သက်ပြီး စစ်ကောင်စီလက်ထက် အကျဉ်းချခံရပြီးနောက် လွတ်မြောက်လာတဲ့ ရက်ပ်ပါ လူငယ်နှစ်ယောက်အကြောင်း ဒါရိုက်တာ အံ့မော်ဦး ရိုက်ကူးထားတဲ့ “အလင်းနောက်သို့” ဆိုတဲ့ Music TV ဆန်ဆန်ရိုက်ထားတဲ့ မှတ်တမ်းရုပ်ရှင်ကားတိုလေးကို ကြည့်ပြီး စာသင်ခန်းထဲမှာ ဆွေးနွေးဖြစ်ကြပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်မှာပါဝင်သူ ရက်ပ်ပါသမား တယောက်က အကျဉ်းထောင်က ထွက်ပြေးလာခဲ့ပြီးနောက်ပိုင်း အိမ်မှာကျန်ခဲ့တဲ့ သူ့မိဘတွေကို ပျူစောထီးတွေက တရားဥပဒေမဲ့ သတ်ဖြတ်တာခံလိုက်ရတဲ့ မိဘမဲ့ လူငယ်လေးတယောက်ဖြစ်ပြီး ကျန်ဂီတသမားတယောက်ကတော့ စစ်ကောင်စီကို ဆန္ဒပြစဉ်မှာ ပစ်ခတ်ခံရလို့ ခြေတဖက် ဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ သူကတော့ ရက်ပ်ပါတယောက်ဖြစ်တဲ့အပြင် ဒရမ်အတီးသမား တယောက်လည်း ဖြစ်တဲ့အတွက် စင်ပေါ်မှာ ခုန်ပေါက်ဆိုနေတဲ့ ခံစားမှုမျိုးကို နှစ်ခြိုက်တဲ့ ဂီတသမားတယောက်လို့ ဆိုပါတယ်။
ခြေထောက်တဖက် ဆုံးရှုံးလိုက်ရတဲ့ ရက်ပ်ပါ မင်းလွန်ရဲ့ ခံယူချက်က restorative model အတွက် စံထားရလောက်တဲ့ ခံယူချက်တခု ဖြစ်ပါတယ်။ “ငါ ဒီတော်လှန်ရေးအတွက် ပေးဆပ်ပါတယ်၊ စွန့်လွှတ်ရပါတယ်တော့ မဟုတ်ပါဘူးကွာ။ ကိုယ်ဉာဏ်မီသလောက် လုပ်ရင်းကိုင်ရင်းနဲ့ မတော်တဆမှုတခု ဖြစ်သွားတယ်လို့ပဲ ကိုယ့်ကိုယ်ကို ခံယူထားတယ်။”
မင်းလွန်မှာရှိတဲ့ ခံယူချက်မျိုးကို လူတိုင်းမှာ တွေ့နိုင်ဖို့ ခက်ခဲလှပါတယ်။ မင်းလွန်ရဲ့ ခံယူချက်က သူ့ရဲ့ ပုဂ္ဂလိက ခံစားချက်တွေ၊ နာကျည်းမှုတွေကို ကျော်လွန်သွားပါတယ်။ နိုင်ငံရေးအပြောင်းအလဲတခုအတွက် ပါဝင်ကြသူတွေ မြောက်မြားစွာထဲမှာ သူနိုင်တဲ့ဘက်က ပါဝင်တဲ့ လူငယ်တယောက်အနေနဲ့ သူ့ကိုယ်သူ ခံယူထားတာကို တွေ့ရပါတယ်။
“လူဆိုတာက ကိုယ့်ကိုယ်ကို သားကောင်လို့ အရမ်းခံစားလိုက်လို့ရှိရင် သူရဲကောင်းဇာတ် ဝင်သွားတတ်ကြတယ်။ မင်းဒီမှာ အားနည်းသွားပေမယ့် ဒီဘက်မှာ မင်းဘာလုပ်နိုင်သေးလဲဆိုတာ လိုက်ရှာရမှာကွ၊ လူငယ်ဆိုတာ အဲဒါကိုပြောချင်တာ။”
ရက်ပ်ပါ စန်းမင်းပိုင်ကတော့ သူ့မိဘတွေ မတရားသဖြင့် သတ်ဖြတ်ခံလိုက်ရတဲ့ကိစ္စအတွက် ဘယ်သူကမှ ထုတ်ဖော်ပြောဆိုတာတွေ မလုပ်ကြလို့ သူ့သီချင်းတွေကတဆင့် မိဘတွေအကြောင်း ထုတ်ဖော်ပြောကြားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့မိဘတွေကို လူသားချင်းစာနာမှု ကင်းမဲ့စွာ ဥပဒေမဲ့ သတ်ဖြတ်သွားတဲ့ ပျူစောထီးအဖွဲ့ဝင်များနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ သိနိုင်အောင်၊ တာဝန်ရှိ အစိုးရအဖွဲ့ဝင်တွေ သိနိုင်အောင်၊ နောင်လာနောင်သားတွေ သိနိုင်အောင် သူ့သီချင်းတွေကတဆင့် ပြောပြနေတာဖြစ်တယ်လို့ ယူဆရပါတယ်။ ဒါဟာ နစ်နာသူတယောက် လုပ်ပိုင်ခွင့်ရှိတဲ့ထဲက အမှန်တရား ဖော်ထုတ်မှုတခုပဲ ဖြစ်ပါတယ်။
ရက်ပ်ပါ လူငယ်နှစ်ယောက်ဟာ လက်စားချေချင်စိတ်နဲ့ တရားမျှတမှုကိစ္စအကြောင်းကိုလည်း ဆွေးနွေးခဲ့ပါသေးတယ်။
“မင်းရဲ့ ဖားသား (ဖခင်) နဲ့ မားသား (မိခင်) ကို ဒီလို သတ်ပစ်တယ်။ အဲဒါကို မင်း လက်စားချေချင်စိတ်နဲ့ ပြန်သတ်မှာလားပေါ့။ အဲဒီလို မင်းပြန်သတ်ရင် အဲဒီ အသတ်ခံရတဲ့လူတွေရဲ့ သားသမီးတွေက မင်းကို ဘယ်လိုပြန်လုပ်မလဲ၊ သိတယ် မဟုတ်လား၊ ပြောချင်တာက အငြိုးတွေနဲ့ဆိုရင် မပြီးနိုင်တော့ဘူးကွ။ အဲတော့ တရားမျှတမှုကိစ္စတွေကို ပြန်လည် ထူထောင်ရေးကာလမှာ လုပ်ရမယ်ဆိုတဲ့ဟာတွေက သတ်ပစ်ဖို့ ဘာညာ မဟုတ်ဘူး။ အရေးယူရမယ့်ဟာမျိုး” ။
“မင်းရဲ့ ဖားသား (ဖခင်) နဲ့ မားသား (မိခင်) ကို ဒီလို သတ်ပစ်တယ်။ အဲဒါကို မင်း လက်စားချေချင်စိတ်နဲ့ ပြန်သတ်မှာလားပေါ့။ အဲဒီလို မင်းပြန်သတ်ရင် အဲဒီ အသတ်ခံရတဲ့လူတွေရဲ့ သားသမီးတွေက မင်းကို ဘယ်လိုပြန်လုပ်မလဲ၊ သိတယ် မဟုတ်လား၊ ပြောချင်တာက အငြိုးတွေနဲ့ဆိုရင် မပြီးနိုင်တော့ဘူးကွ။ အဲတော့ တရားမျှတမှုကိစ္စတွေကို ပြန်လည် ထူထောင်ရေးကာလမှာ လုပ်ရမယ်ဆိုတဲ့ဟာတွေက သတ်ပစ်ဖို့ ဘာညာ မဟုတ်ဘူး။ အရေးယူရမယ့်ဟာမျိုး” ။
မင်းလွန်နဲ့ စန်းမင်းပိုင်တို့ လိုချင်တဲ့ တရားမျှတမှုက လက်စားချေ အပြစ်ပေးဖို့ မဟုတ်ဘဲ ဥပဒေဘောင်အတွင်းက မျှတတဲ့ တရားစီရင်မှုတခုသာ ဖြစ်တယ်။
သူတို့က မပြီးဆုံးနိုင်တဲ့ ပဋိပက္ခ သံသရာစက်ဝိုင်းကြီးကို ရပ်ပစ်လိုက်ချင်တဲ့ လူငယ်နှစ်ယောက်ဖြစ်တယ်။ သူတို့လိုချင်တဲ့လူ့ဘောင်က ရန်ငြိုးတွေ ပြေပျောက်တဲ့ သင့်မြတ်တဲ့လူ့ဘောင်တခုဆိုတာကို သူတို့သီချင်းတွေကတဆင့်၊ မှတ်တမ်းရုပ်ရှင်ကတဆင့် ရှင်းရှင်းလင်းလင်းသိခဲ့ရပါတယ်။
ဒီမှတ်တမ်းရုပ်ရှင်က ပြန်လည်သင့်မြတ်ရေးနဲ့ ထူထောင်ရေးအတွက် ရှေးရှုရမယ့် တရားဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှုအကြောင်း ကျမတို့ကို သင်ကြားခဲ့ပါတယ်။
နောက်တပုဒ်မှာတော့ တရားဥပဒေစိုးမိုးမှုနဲ့ တရားမျှတမှုအကြောင်း အကျယ်တဝင့် ဆွေးနွေးချင်ပါတယ်။
(မွန်မွန်မြတ်သည် လွတ်လပ်ပြီး အမှီအခိုကင်းသည့် စာရေးဆရာမနှင့် သတင်းစာဆရာမ ဖြစ်သည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ပိုင်ယပ်တက္ကသိုလ်မှ ငြိမ်းချမ်းရေးလေ့လာမှုဆိုင်ရာဋ္ဌာနတွင် သင်ကြားရေးတာဝန် ထမ်းဆောင်လျက်ရှိသည်။)
You may also like these stories:
လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ
အသက်ဘေးကလွတ်မြောက်ခဲ့သူ ပြောပြတဲ့ လက်ထုတ္တောရွာဖြစ်စဉ် (ရုပ်/သံ)
တော်လှန်ရေးက Dehumanization လုပ်သတဲ့လား
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို လက်ယဉ်နေသော စစ်ကောင်စီ
ဘာအပြစ်မှမရှိတဲ့ သူတွေကို အကုန်တန်းစီပြီးသတ်သွားတာ (ရုပ်/သံ)