၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်နေ့က စစ်ကောင်စီထိန်းချုပ် မြန်မာ့အလင်းသတင်းစာတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ် အီစ်ကန်ဒဲ အာဇီဇော့ဖ် (Iskander Azizov) ၏ “အမြဲအမှတ်ရနေမယ့် ဒုတိယကမ္ဘာစစ်ကပေးသော သင်ခန်းစာများ” ဆိုသည့် ဆောင်းပါးတပုဒ် ပါလာသည်ကို တွေ့ရ၏။
ဆိုဗီယက်ရုရှား၏ ဒုတိယကမ္ဘာစစ် အောင်နိုင်သည့် နှစ် ၈၀ ပြည့် အခမ်းအနား အထိမ်းအမှတ်အဖြစ် ရေးသည့် ရုရှားသံအမတ်၏ ဆောင်းပါးတွင် ထူးခြားချက်မှာ မြန်မာပြည်နှင့် ပတ်သက်၍ ဖြစ်၏။ “ဥရောပစစ်မြေပြင်မှာ ဆိုဗီယက်တပ်တော်ကြီးရဲ့ စစ်ရေးအောင်မြင်မှုများက ဝင်ရိုးတန်းအင်အားစုနိုင်ငံများရဲ့ စုဖွဲ့မှုကို ချိနဲ့စေပြီး ၁၉၄၄ ခုနှစ်မှာ မြန်မာနိုင်ငံ (ယခင် ဗမာ) အတွင်း ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) တည်ထောင်မှုအတွက် အုတ်မြစ်ချစေနိုင်ခဲ့တယ်။ ဖဆပလ အဖွဲ့ချုပ်ဆိုတာ ၁၉၄၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှာ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို ရွှေရည်စိမ်လွတ်လပ်ရေး ပေးခဲ့အတွက် ဂျပန်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်က လွတ်မြောက်ဖို့ ရည်မှန်းလုပ်ဆောင်တဲ့ လှုပ်ရှားမှုမှာ မျိုးချစ်တပ်ဖွဲ့တွေကို စုစည်းခဲ့တဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်၊ မတ်လမှာ ဗမာအမျိုးသားတပ်မတော် ဦးဆောင်တဲ့ လူထုအုံကြွတော်လှန်မှုကြီးက မြန်မာနိုင်ငံအတွင်းက ဂျပန်တပ်ဖွဲ့တွေကို မလွဲမသွေ ထွက်ခွာသွားစေပါတယ်” ဟူ၍ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။
သူ့အပြောအရဆိုလျှင် မြန်မာပြည်တွင် ဖဆပလ ပေါ်လာခြင်းသည် ဆိုဗီယက်တို့၏ စစ်ရေးအောင်မြင်မှုအရ ဖြစ်နေပေသည်။ မြန်မာများဆိုလေ့ရှိသည့် ‘ညောင်ဦးကမ်းပါးပြို၍ စမ္ပာယ်နဂိုရ်က နွားမပေါင်ကျိုး’ သည်ဆိုသည်ကို ပြေးသတိရမိသကဲ့သို့ ‘နင်မဟုတ်ရင် နင့်အဖေ’ ဆိုသည့် ပုံပြင်ကိုလည်း သွားသတိရမိသည်။ ဖဆပလ၊ ဖက်ဆစ်တော်လှန်ရေးနှင့် ဆိုဗီယက်တပ်နီတော်အောင်ပွဲကို အတင်းဆက်စပ်၍ ဆွဲကပ်ပုံက အောချလောက်သည်ဟု ဆိုရမည်။ ရုရှားသံအမတ်က သမိုင်းကို လိုသလိုပုံဖော်၍ အသုံးချပုံက စိတ်ပျက်ဖွယ်ကောင်းလှပေသည်။
တကယ်တမ်းအားဖြင့် ရှေးဗမာဘုရင်များ လက်ထက်ကတည်းက မြန်မာနှင့်ရုရှားသည် အဆက်အဆံ နည်းပါးခဲ့၏။ မင်းတုန်းမင်း (၁၈၅၃–၁၈၇၈) အုပ်ချုပ်သည့်ကာလက ဗြိတိသျှအင်ပါယာ၏ ဖိအားကြောင့် မြန်မာဘုရင် မင်းတုန်းမင်းသည် နိုင်ငံတကာရှိ အခြားအင်ပါယာများ (အထူးသဖြင့် ပြင်သစ်၊ ရုရှား) နှင့် မဟာမိတ်ဖွဲ့ရန် ကြိုးပမ်းခဲ့သည်။ ထိုနိုင်ငံများအား ဗြိတိသျှ၏ ပြိုင်ဘက်အဖြစ် မြန်မာဘုရင်အနေဖြင့် စိတ်ဝင်စားစရာ ဖြစ်လာသည်။
၁၈၇၃ ခုနှစ်တွင် ရုရှားအင်ပါယာမှ အရှေ့တိုင်းပညာရှင် မစ္စတာ အူပရင် (Uprin) သည် မြန်မာနိုင်ငံသို့ ခရီးသွားရင်း ရောက်ရှိလာခဲ့သည်။ မြန်မာနိုင်ငံက သူ့အား သံအမတ်တဦးအဖြစ် တာဝန်ပေး၍ ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မြို့စားကြီး ဂေါ်ချာကော့ဗ် (Gorchakov) ထံသို့ စာတစောင်ပါးခဲ့၏။
ထိုစာတွင် မြန်မာဘုရင်သည် ရုရှားနှင့် မဟာမိတ်ဖွဲ့ချင်ကြောင်း၊ မြန်မာလူငယ်များ ရုရှား စစ်တက္ကသိုလ်များတွင် ပညာသင်ကြားလိုကြောင်း၊ ကုန်သွယ်ရေးဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်း ဖော်ပြခဲ့သည်ဟု သိရ၏။ ၁၈၇၆ ခုနှစ်တွင် ရုရှားသံတမန် ပီတာ ပါရှင်နို (Peter Pashino) သည် မြန်မာသို့ လာရောက်ခဲ့သည်။ သူသည် မြန်မာဘုရင်နှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံချင်းဆက်ဆံရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။
မြန်မာဘုရင်၏ မဟာမိတ်ဖွဲ့ရေး အကြံအစည်သည် ရုရှားအင်ပါယာဘက်က တုံ့ပြန်မှုများကို ရခဲ့သော်လည်း ရုရှားအင်ပါယာက အိန္ဒိယအနီးနားတွင် ဗြိတိသျှနှင့် တိုက်ပွဲမဖြစ်စေလိုသောကြောင့် မြန်မာအား လိုအပ်သော မဟာမိတ်ဟု သဘောမထားခဲ့ပေ။ ထိုကြောင့် မင်းတုန်းမင်း၏ မဟာမိတ်ဖွဲ့ရေး ကြိုးပမ်းမှုသည် တိကျသော သဘောတူညီချက်တခုအဖြစ် မအောင်မြင်ခဲ့ပေ။
မြန်မာဘုရင်၏ မဟာမိတ်ဖွဲ့ရေး အကြံအစည်သည် ရုရှားအင်ပါယာဘက်က တုံ့ပြန်မှုများကို ရခဲ့သော်လည်း ရုရှားအင်ပါယာက အိန္ဒိယအနီးနားတွင် ဗြိတိသျှနှင့် တိုက်ပွဲမဖြစ်စေလိုသောကြောင့် မြန်မာအား လိုအပ်သော မဟာမိတ်ဟု သဘောမထားခဲ့ပေ။ ထိုကြောင့် မင်းတုန်းမင်း၏ မဟာမိတ်ဖွဲ့ရေး ကြိုးပမ်းမှုသည် တိကျသော သဘောတူညီချက်တခုအဖြစ် မအောင်မြင်ခဲ့ပေ။
ထို့နောက် အင်္ဂလိပ်က မြန်မာပြည်ကို သိမ်းပြီးနောက် မြန်မာပြည်သည် ရုရှားနှင့် သီးသန့်ဆက်ဆံမှု မရှိပါ။ သခင်ခေတ်တွင် နိုင်ငံရေးအရ နိုးကြားမှုများရှိလာပြီး ရုရှား အောက်တိုဘာတော်လှန်ရေးသည် ရှေ့တန်းရောက်သည့် သခင်လူငယ်အချို့အပေါ် ဩဇာသက်ရောက်မှုရှိခဲ့၏။ သို့သော် ရုရှားနှင့် အနေဝေးခြင်း၊ ဆက်သွယ်ရေး ခက်ခဲခြင်းများကြောင့် ရုရှား၏ဩဇာသည် မြန်မာပြည်တွင်း၌ သိသာသည့် သက်ရောက်မှု မရှိခဲ့ပေ။

ဒုတိယကမ္ဘာစစ် စကတည်းက မြန်မာ့နိုင်ငံရေးအင်အားစုများကြားတွင် အင်္ဂလိပ်ရော ဂျပန်ပါ တိုက်ရမည်ဆိုသည့် အစုအဖွဲ့၊ အင်္ဂလိပ်နှင့်ပေါင်း၍ ဂျပန်ကို တိုက်ရမည်ဆိုသည့်အစုအဖွဲ့၊ ဂျပန်နှင့်ပေါင်း၍ အင်္ဂလိပ်ကို တိုက်ရမည်ဆိုသည့် အစုအဖွဲ့ သုံးစုကွဲခဲ့၏။ အစောပိုင်းတွင် ဂျပန်နှင့်ပေါင်းမည့်အစုအဖွဲ့များ အသာစီးရပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နှင့်အတူ ဂျပန်တပ်များ မြန်မာပြည်သို့ ဝင်လာ၏။
မြန်မာပြည်တွင်းသို့ ဂျပန်အုပ်ချုပ်သည့်ကာလက ဂျပန်ဆန့်ကျင်ရေးအတွက် မြန်မာတော်လှန်ရေး အင်အားစုများနှင့် တိုက်ရိုက်ဆက်စပ်သည့် အင်အားစုများမှာ အင်္ဂလိပ်၊ အမေရိကန် မဟာမိတ်အင်အားစုများနှင့် တရုတ်တို့ဖြစ်၏။ အင်္ဂလိပ်၊ အမေရိကန် မဟာမိတ်များထံမှ အကူအညီရခဲ့ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ကြ၏။ လက်တွေ့တွင်လည်း အမေရိကန်တပ်များသည် ၁၉၄၄ နှစ်အတွင်း ကချင်ပြည်နယ်သို့ ထိုးဖောက် ဝင်ရောက်လာပြီး ဖဆပလ၏ ၁၉၄၅ ခုနှစ်၊ မတ်လတော်လှန်ရေးမစမီ ကချင်ပြည်နယ်ကို သိမ်းပိုက်ပြီးဖြစ်သည်။
အင်္ဂလိပ်တပ်များသည်လည်း ၁၉၄၄ ခုနှစ်၊ မတ်လမှ ဇွန်လအထိ ဂျပန်တို့နှင့် ဖြစ်ပွားသည့် အင်ဖာတိုက်ပွဲတွင် အနိုင်ရပြီး မြန်မာပြည်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။ ၁၉၄၅ ခုနှစ်၊ မတ်လ ၃ ရက်နေ့တွင် မိတ္ထီလာကို သိမ်းပိုက်ခဲ့၏။ ထို့နောက် ဖဆပလ၏ မတ်လ တော်လှန်ရေးအင်အားစုများနှင့်ပေါင်း၍ ရန်ကုန်မြို့အား မေလ ၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ဂျပန်လက်နက်ချသဖြင့် စစ်ပွဲ လျင်မြန်စွာ ပြီးသွား၏။
သို့ဖြစ်ရာ မြန်မာ၏ လွတ်လပ်ရေးတိုက်ပွဲဝင်မှုသည်လည်းကောင်း၊ ဖက်ဆစ်တော်လှန်ရေးသည်လည်းကောင်း ရုရှားတို့နှင့် ပတ်သက်ခဲ့ဖူးခြင်း မရှိပါ။ အင်္ဂလိပ်မဟာမိတ်များနှင့် ဆက်စပ်ပြီးနောက် ဖဆပလ ဖွဲ့စည်းခြင်း၊ ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲခြင်းများ ပြုလုပ်လာခြင်း ဖြစ်သည်။
ထို့အတူ “၁၉၄၅ ခုနှစ်၊ မတ်လမှာ ဗမာအမျိုးသားတပ်မတော် ဦးဆောင်တဲ့ လူထုအုံကြွတော်လှန်မှုကြီးက မြန်မာနိုင်ငံအတွင်းက ဂျပန်တပ်ဖွဲ့တွေကို မလွဲမသွေ ထွက်ခွာသွားစေပါတယ်” ဟု ရုရှားသံအမတ်၏ မြန်မာစစ်တပ် အခန်းကဏ္ဍအား အလွန်အကျူး မြှောက်ပင့်ချီးကျူးမှုမှာလည်း လက်တွေ့နှင့် မကိုက်ညီပေ။ လူထုအုံကြွမှုကြီးကို ဦးဆောင်သည်မှာ ဗမာအမျိုးသားတပ်မတော် မဟုတ်ဘဲ ဖဆပလသာလျှင်ဖြစ်သည်။
ထို့ပြင် မတ်လ ၂၇ တော်လှန်ရေးစချိန်တွင် အင်္ဂလိပ်၊ အမေရိကန် မဟာမိတ်များက မြန်မာပြည်တဝက်ခန့် သိမ်းပြီးဖြစ်ရာ ရန်ကုန်သိမ်းသည်အထိ မတ်လတော်လှန်ရေးသည် နှစ်လခန့်သာကြာ မြင့်ခဲ့၏။
မြန်မာပြည် လွတ်လပ်ရေးရပြီးနောက်မှ ရုရှားနှင့်မြန်မာကြား ဆက်ဆံရေးကို ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်မှ စတင်ခဲ့သည်။ ထိုစဉ်က ဆိုဗီယက်ယူနီယံခေတ်၊ ကွန်မြူနစ်ခေတ်ကာလဖြစ်၍ ရုရှားနှင့် မြန်မာပြည်အစိုးရ ဆက်ဆံရေးထက် မြန်မာပြည်တွင်းရှိ ဒီမိုကရက်လှုပ်ရှားသူများ၊ ငြိမ်းချမ်းရေးလှုပ်ရှားသူများ၊ ကျောင်းသားများနှင့် ဆိုဗီယက်ယူနီယံကြား ဆက်ဆံရေး ပိုကောင်းသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးလှုပ်ရှားသူ သခင်ကိုယ်တော်မှိုင်းအား ၁၉၅၄ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် စတာလင်ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့သည်။
၁၉၅၃ ခုနှစ် စတာလင် ကွယ်လွန်ပြီး ခရူးရှက် တက်လာပြီးနောက် ဆိုဗီယက်၌ မူဝါဒအပြောင်းအလဲများ ရှိလာပြီး မြန်မာပြည်နှင့် အစိုးရချင်းဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်မှုရှိလာ၏။ ဖဆပလ အစိုးရ လက်ထက် ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ် ဦးနုသည် ဆိုဗီယက်ယူနီယံသို့ ခရီးစဉ်တရပ် သွားရောက်ခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန် သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့သည်။
ရုရှားနိုင်ငံ၏ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဖြင့် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံကို ၁၉၅၇ ခုနှစ်တွင်လည်းကောင်း၊ ရန်ကုန် ကြို့ကုန်းတွင် စက်မှုတက္ကသိုလ်အဆောက်အဦကို ရုရှားနိုင်ငံ၏ အကူအညီဖြင့် ၁၉၅၈ ခုနှစ်တွင်လည်းကောင်း စတင်တည်ဆောက်ခဲ့ကြပြီး ၁၉၆၁ ခုနှစ်တွင် အသီးသီး ပြီးစီးခဲ့သည်။
ထို့ပြင် ရန်ကုန်မြို့ရှိ အင်းလျားကန်အနီးတွင် တည်ရှိသော အင်းလျားလိတ်ဟိုတယ်ကို ရုရှားနိုင်ငံ၏ အကူအညီဖြင့် ၁၉၅၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး၊ ၁၉၆၂ ခုနှစ်တွင် ပြီးစီးခဲ့သည်။ တောင်ကြီး စဝ်စံထွန်းဆေးရုံ၊ ရန်ကုန် စက်မှုတက္ကသိုလ်နှင့် အင်လျားလိတ်ဟိုတယ်တို့သည် ရုရှားအင်ဂျင်နီယာများ၏ ဒီဇိုင်းဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး မြန်မာ-ရုရှားကြား ဆက်ဆံရေးနှင့် အကူအညီများ လျော့ကျသွားခဲ့၏။ ၁၉၈၈ အာဏာသိမ်းပြီးနောက် ၁၉၉၀၊ ၁၉၉၁ ခုနှစ်မှစ၍ ရုရှားထုတ် စစ်လက်နက် ဝယ်ယူခြင်းနှင့် စစ်ဘက်ဆိုင်ရာ ပညာတော်သင်စေလွှတ်မှုများကို ယနေ့အထိ ပြုလုပ်လာခဲ့၏။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ခြေလှမ်းပြင်နေကြသော်လည်း လောလောဆယ် ကြီးကြီးမားမား မယ်မယ်ရရ ပြစရာမရှိသေးပေ။
ယခု ရုရှားသံအမတ်၏ ဆောင်းပါးတွင် ဒုတိယကမ္ဘာစစ် ဆိုဗီယက်ယူနီယံ၏ ဂျာမနီ နာဇီတော်လှန်ရေးနှင့် မြန်မာတို့၏ ဖက်ဆစ်တော်လှန်ရေးကို မရမက ချိတ်ဆက်ယူပြီးသကာလ မြန်မာစစ်တပ်အခန်းကဏ္ဍကိုလည်း အလွန်အမင်း မြှင့်တင်ပေးခဲ့၏။ ထို့နောက် လက်ရှိ ရုရှားတို့၏ ယူကရိန်း ကျူးကျော်စစ်ပွဲအား ရုရှားတို့၏ နာဇီတော်လှန်ရေးအဖြစ် ပုံဖော်ပြီး မြန်မာစစ်တပ်ကိုလည်း ရုရှားတို့၏ နာဇီဆန့်ကျင်ရေး မဟာမိတ်အဖြစ် အမှုတွဲလိုက်ခြင်း ဖြစ်သည်။
ယခု ရုရှားသံအမတ်၏ ဆောင်းပါးတွင် ဒုတိယကမ္ဘာစစ် ဆိုဗီယက်ယူနီယံ၏ ဂျာမနီ နာဇီတော်လှန်ရေးနှင့် မြန်မာတို့၏ ဖက်ဆစ်တော်လှန်ရေးကို မရမက ချိတ်ဆက်ယူပြီးသကာလ မြန်မာစစ်တပ်အခန်းကဏ္ဍကိုလည်း အလွန်အမင်း မြှင့်တင်ပေးခဲ့၏။ ထို့နောက် လက်ရှိ ရုရှားတို့၏ ယူကရိန်း ကျူးကျော်စစ်ပွဲအား ရုရှားတို့၏ နာဇီတော်လှန်ရေးအဖြစ် ပုံဖော်ပြီး မြန်မာစစ်တပ်ကိုလည်း ရုရှားတို့၏ နာဇီဆန့်ကျင်ရေး မဟာမိတ်အဖြစ် အမှုတွဲလိုက်ခြင်း ဖြစ်သည်။
ရုရှားသံအမတ်သည် ဖဆပလ အစိုးရနှင့် ဆိုဗီယက်ယူနီယံကြား စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ဆိုဗီယက်၏ မြန်မာပြည်အား ပေးအပ်ခဲ့သည့် အကူအညီများကို သိပုံမရသဖြင့် သူ၏ ဆောင်းပါးအတွင်း ထုတ်ဖော်ကြွားဝါမှုပင် မပြုနိုင်ခဲ့ပေ။

ရုရှားနှင့် မြန်မာစစ်တပ်ကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုသာ အလေးထားပြီး မြန်မာနိုင်ငံအား ရုရှား၏ ယူကရိန်းကျူးကျော်မှုကို ထောက်ခံသည့်နိုင်ငံ၊ ရုရှားထံမှ ခေတ်မီစစ်လက်နက်ပစ္စည်း ဝယ်ယူသည့်နိုင်ငံ၊ ယူကရိန်းစစ်ပွဲအတွင်း ရုရှားစစ်တပ်အတွက် သမားရိုးကျ တီအင်တီခဲယမ်းများ ဝယ်ယူရရှိနိုင်သည့် နိုင်ငံအဖြစ်သာ သဘောထား၍ သမိုင်းကို လိမ်ညာပုံဖော်ခဲ့ကြောင်း တွေ့ရ၏။
စစ်ကောင်စီသည် မိမိအာဏာတည်မြဲရေးအတွက် တရုတ်နှင့်ရုရှားအား အားကိုးအားထားပြုနေရသည်ဖြစ်ရာ ထိုနိုင်ငံ သံအမတ်များရေးသည့် ဆောင်းပါးများကို စစ်ကောင်စီထိန်းချုပ် သတင်းစာများတွင် ထည့်သွင်းဖော်ပြပေးနေသည်ကို တွေ့နေရ၏။
၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မာကျား၏ ဆောင်းပါး ထည့်သွင်းဖော်ပြပြီးနောက် ရုရှားသံအမတ် ဆောင်းပါးကို ထပ်မံ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုနိုင်ငံများ၏ အာဘော်များ၊ မူဝါဒများ၊ မှန်ကန်သည်ဆိုသည်ကို ဖော်ပြပေးနေရ၏။
သာမန် ဝါဒဖြန့်ချိချက်များအပြင် ရုရှားသံအမတ်ကဲ့သို့ သမိုင်းကို လိမ်ညာပြီး လိုသလိုပုံဖော်၍ ရေးသားခြင်းများကိုပါ ထည့်သွင်းဖော်ပြနေရသည်မှာ အမှီခိုကင်းသည့်၊ အချုပ်အခြာအာဏာပိုင်သည့် အစိုးရတရပ်အတွက်ဆိုလျှင် လွန်စွာရှက်ဖွယ်ကောင်းသည်ဟု ဆိုရမည်ဖြစ်ပြီး စစ်ကောင်စီ၏ အဆင့်အတန်းကို ဖော်ပြနေသည်ဟု ဆိုရပေမည်။
သာမန် ဝါဒဖြန့်ချိချက်များအပြင် ရုရှားသံအမတ်ကဲ့သို့ သမိုင်းကို လိမ်ညာပြီး လိုသလိုပုံဖော်၍ ရေးသားခြင်းများကိုပါ ထည့်သွင်းဖော်ပြနေရသည်မှာ အမှီခိုကင်းသည့်၊ အချုပ်အခြာအာဏာပိုင်သည့် အစိုးရတရပ်အတွက်ဆိုလျှင် လွန်စွာရှက်ဖွယ်ကောင်းသည်ဟု ဆိုရမည်ဖြစ်ပြီး စစ်ကောင်စီ၏ အဆင့်အတန်းကို ဖော်ပြနေသည်ဟု ဆိုရပေမည်။
ဖဆပလ ခေတ်ကာလ ဆိုဗီယက်ယူနီယံဆိုလျှင်၊ ရုရှားဆိုလျှင် အကောင်းချည်း ပြောလေ့ရှိသည့် ဆိုဗီယက်လိုလားသော နိုင်ငံရေးသမားများ၊ သတင်းစာများလည်း ရှိသည်ဖြစ်ရာ ထိုသူများကို ကြေးမုံသတင်းစာက အရွဲ့တိုက်၍ “ယွတ်ရှတွေ အားကြီးကောင်းတယ်” ဟု သတင်းခေါင်းစဉ်တပ်ပြီး လှောင်ပြောင်သရော်ခဲ့ဖူးသည်။
ယခုလည်း ရုရှားသံအမတ်ဆိုသူက စစ်ကောင်စီသတင်းစာတွင် သမိုင်းကို လိုသလို ပုံဖော်ရေးသားနေသည်ကို ဖော်ပြနေခြင်းကို တွေ့ရသည့် အခါတွင် “ယွတ်ရှတွေ အားကြီးကောင်းတယ်” ဆိုသည့် သတင်းခေါင်းစီးအား ပြန်လည် သတိရမိပါတော့သည်။
(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)
You may also like these stories:
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း
ဆင်ခြောက်ကောင်၊ သောမ ကြွက်မင်းနဲ့ မင်းအောင်လှိုင်ရဲ့ မော်စကိုခရီး
ရုရှား၌ စစ်ရေးပြနေချိန် ထီးခီးနယ်စပ်စခန်းကို KNLA နှင့်ပူးပေါင်းတပ် သိမ်း
သမ္မတ ပူတင်ကို ဗျာဒိတ်တော်လာ မဟာမိတ်လို့ စစ်ခေါင်းဆောင်ပြော (ရုပ်/သံ)
မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကို ရုရှားနဲ့ ဘီလာရုစ် အာဏာရှင်တွေ အားပေး
အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး