အာဆီယံခေါင်းဆောင်များ၏ သီးသန့် သဘောထားကြေညာချက် ထုတ်ပြန်ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ သဘောထားရပ်တည်ချက် ထုတ်ပြန်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ မေလ ၂၈ ရက်နေ့က စာတစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာရဲ့ အပိုဒ် ၅ မှာ “နိုင်ငံ၏ ၈၀ ရာခိုင်နှုန်းနီးပါးအထိ နယ်မြေထိန်းချုပ် စိုးမိုးထားသည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသား တော်လှန်ရေးအင်အားစုများက လက်တွေ့အုပ်ချုပ်နေသည့် နေရာများတွင် တိုက်ရိုက် ချိတ်ဆက်ဆောင်ရွက်ပါရန် အမျိုးသားညီညွတ်ရေးအစိုးရမှ အာဆီယံအား တိုက်တွန်းပါသည်” လို့ ပါဝင်ပါတယ်။
ဒီနေရာမှာ ၈၀ ရာခိုင်နှုန်းလို့ သုံးနှုန်းထားတာဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ နယ်မြေပိုင်စိုးမှုကို အားယူပြီး တော်လှန်ရေးကို အသိအမှတ်ပြု ဆက်ဆံဖို့ တိုက်တွန်းနှိုးဆော်လိုက်တာပါ။ နွေဦးတော်လှန်ရေး လေးနှစ်ကျော် ကာလအတွင်းမှာလည်း ဒီသဘောကို အထပ်ထပ် ပြောဆိုကြ၊ ဂုဏ်ယူဝင့်ကြွား မျှဝေတတ်ကြပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားတဲ့မြို့နယ်တွေကို မြန်မာနိုင်ငံမြေပုံပေါ်မှာ ဖော်ပြတဲ့ပုံတွေက ပြည်တွင်းမှာလည်း လူကြိုက်များလှသလို နိုင်ငံတကာကို တိုက်တွန်းနှိုးဆော်ရာမှာလည်း အရပ်ဘက်အဖွဲ့တွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေက အသုံးပြုတတ်ကြပါတယ်။
ထို့အတူ စစ်ကောင်စီကလည်း သူတို့ဟာ တိုင်းပြည်ကို ထိန်းချုပ်ထားနိုင်ကြောင်း ပြသဖို့အတွက် ဒီနည်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အသုံးပြုတတ်ပါတယ်။ နှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လက်ရှိ စာရင်းတွေအရ မဲဆန္ဒနယ် ၂၆၇ မြို့နယ်မှာ ကျင်းပဖို့ ရှိတယ်လို့ ဇွန်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းကျော်မှာ ရွေးကောက်ပွဲ ကျင်းပသွားမယ်ဆိုတဲ့ သဘောပါ။ ဆိုတော့ စစ်ကောင်စီကလည်း ၈၀ ရာခိုင်နှုန်း၊ NUG နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ၈၀ ရာခိုင်နှုန်းလို့ အသီးသီး ပြောနေကြတဲ့သဘောပါပဲ။
စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းကျော်မှာ ရွေးကောက်ပွဲ ကျင်းပသွားမယ်ဆိုတဲ့ သဘောပါ။ ဆိုတော့ စစ်ကောင်စီကလည်း ၈၀ ရာခိုင်နှုန်း၊ NUG နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း ၈၀ ရာခိုင်နှုန်းလို့ အသီးသီး ပြောနေကြတဲ့သဘောပါပဲ။
ဒီတော့ မေးစရာ ရှိလာတာက ဘယ်သူက မှားနေတာလဲ။ သေချာတာကတော့ စစ်ကောင်စီဟာ ဒီနေ့တိုင်းပြည်ရဲ့ မြေမျက်နှာသွင်ပြင် သုံးပုံ တပုံကိုသာ အပြည့်အဝ ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ ယေဘုယျ ပြောဆိုချက်ကတော့ အနီးစပ်ဆုံး ရှိနိုင်ပါတယ်။

ဒီနေရာမှာ ညာမြဲညာတတ်တဲ့ စစ်ကောင်စီရဲ့ နယ်မြေပိုင်စိုးတယ်ဆိုတဲ့ ပြောဆိုချက်တွေထက် စစ်ကောင်စီလက်ထဲက နယ်မြေတလက်မတိုင်းကို ရအောင်ယူမယ့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေပိုင်စိုးမှု အခြေပြု ပြောဆိုချက်တွေရဲ့ ကောင်းကျိုး ဆိုးပြစ်ကို သုံးသပ်လိုပါတယ်။ နိုင်ငံတကာက ဒီအချက်ကို လက်တွေ့ လက်ခံနေရဲ့လား။
နည်းနာပိုင်းမှာ လွဲနေ
ပထမဆုံး ပြဿနာက နည်းနာပိုင်းပြဿနာပါ။ တိုင်းပြည်နယ်နိမိတ်ဆိုတာ ခေတ်ဟောင်းကလို မြေကြီးတင်မကတော့ဘဲ လေထု (ဝေဟင်) ပါ ထည့်တွက်ဖို့ကိုတော့ တော်လှန်ရေးဘက်တော်သားတွေ ပျက်ကွက်နေကြပါတယ်။ မြေထုကို ပိုင်ထားပေမယ့် လေထုကို မပိုင်ထားသေးပါဘူး။ ဒရုန်းတွေကြောင့် အတိုင်းအတာတခုအထိ လေထုကို အသုံးချနိုင်ပေမယ့် အများကြီး ကွာလှမ်းနေပါသေးတယ်။ မြစ်ချောင်းအင်းအိုင်လောက်ကို ပိုင်စိုးနိုင်ပေမယ့် ပင်လယ်ကမ်းရိုးတန်း ဒေသတွေမှာဆိုရင် ပင်လယ်ပြင် (ရေပြင်) ဟာ တိုက်သင်္ဘောတွေရှိသူကသာ အုပ်စိုးနိုင်ဆဲ ဖြစ်ပါတယ်။
နောက်ထပ် နည်းနာပိုင်း အားနည်းချက်ကတော့ မြိုနယ်အလိုက် တွေးခေါ်ကြတဲ့ကိစ္စပါ။ တချို့က မြို့နယ်ကို အခြေခံပြီး တချို့က ပကတိမြေပြင်ကို ထင်ဟပ်ဖို့ ကြိုးစားကြပါတယ်။ ဥပမာ လက်ရှိ ရခိုင်ပြည်နယ်ရဲ့ မြေထုသက်သက်ကိုပဲ သုံးသပ်မယ်ဆိုရင် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်ကျွန်း ကွက်ကွက်ကလေးသာ ကျန်တော့တာမို့ ၉၅ ရာခိုင်နှုန်းကို သိမ်းပိုက်ထားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ သို့သော် မြို့နယ်ကို အခြေခံလိုက်ရင်တော့ ၈၂ ရာနှုန်းသာ ရသေးတဲ့ သဘောဖြစ်နေပါတယ်။
ပြောင်းပြန်အားဖြင့် ချင်းပြည်နယ်မှာဆိုရင် ချင်းပြည်နယ်ရဲ့ ၈၅ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတယ်လို့ ဆိုပေမယ့် မြို့အားဖြင့် ၆၀ ရာခိုင်နှုန်းလောက်သာ ရသေးတဲ့သဘော ဖြစ်နေပါတယ်။
နယ်မြေတွေ သိမ်းထားနိုင်ရေးဟာ ပန်းတိုင်မဖြစ်သင့်ပါဘူး။ ဒီလိုမဟုတ်ဘဲ နယ်မြေပိုင်စိုးရေး သက်သက်ကို အလေးထားလွန်းလိုက်ရင် တတိုင်းပြည်လုံး အလုံးစုံ၊ အစုံလိုက် အတူတကွ ပြောင်းလဲရေးဆိုတဲ့ပန်းတိုင်ကို မျက်ခြည်ပြတ်သွားနိုင်တဲ့ ဘေးအန္တရာယ်က ရှိလာနိုင်ပါတယ်။ ဒါဟာ နိုင်ငံတကာက ပြောနေတဲ့ မြန်မာပြည် ပြိုကွဲသွားမလားဆိုတဲ့ စိုးရိမ်ချက်ကို ပိုအားကောင်းစေပါလိမ့်မယ်။
သို့ပေမဲ့ ဘယ်လိုပဲ နည်းနာပိုင်း လွဲပါစေ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ စတွက်မယ် ဆိုရင်တော့ ဒါဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုးတက်မှုကို အမှန်တကယ် ပြသနိုင်တာဖြစ်ပါတယ်။ သို့သော် နယ်မြေတွေ သိမ်းထားနိုင်ရေးဟာ ပန်းတိုင်မဖြစ်သင့်ပါဘူး။ ဒီလိုမဟုတ်ဘဲ နယ်မြေပိုင်စိုးရေး သက်သက်ကို အလေးထားလွန်းလိုက်ရင် တတိုင်းပြည်လုံး အလုံးစုံ၊ အစုံလိုက် အတူတကွ ပြောင်းလဲရေးဆိုတဲ့ပန်းတိုင်ကို မျက်ခြည်ပြတ်သွားနိုင်တဲ့ ဘေးအန္တရာယ်က ရှိလာနိုင်ပါတယ်။ ဒါဟာ နိုင်ငံတကာက ပြောနေတဲ့ မြန်မာပြည် ပြိုကွဲသွားမလားဆိုတဲ့ စိုးရိမ်ချက်ကို ပိုအားကောင်းစေပါလိမ့်မယ်။
နယ်မြေပိုင်ရုံနဲ့ တိုင်းပြည်ဖြစ်သလား
ကိုယ့်နယ်မြေကိုယ် ထိန်းချုပ်နိုင်ပြီ၊ အုပ်ချုပ်နိုင်ပြီဆိုရင် ဗဟိုအာဏာကို ဘယ်သူပဲ အုပ်ချုပ်ပါစေ အပေးအယူလုပ်ပြီး ကိုယ့်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ယူလို့ရတာပဲလို့ ဒီနေရာမှာ ဆိုနိုင်စရာရှိပါတယ်။ ဒီထက်ပိုအဆင့်မြင့်ရင်တော့ ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင် နိုင်ငံတခုအထိ တက်လှမ်းနိုင်တာပဲလို့ ပြောနိုင်ပါတယ်။ ဝဒေသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်စစ်တပ်တွေနဲ့ ဘဝကို စိတ်ကူးယဉ်ကြပါတယ်။
ဒါပေမယ့် ဝဟာ နိုင်ငံထဲက နိုင်ငံတခုလိုမျိုး ကျင့်သုံးနေပေမယ့် အစစအရာရာ တရုတ်ကို မှီခိုအားထားနေရတဲ့ ပဏ္ဏာဆက်အဆင့်၊ ရုပ်သေးအဆင့်သာ ဖြစ်နေသေးတာ၊ ဝပြည်သူတွေဟာလည်း နိုင်ငံသားအခွင့်အရေး လွတ်လပ်ခွင့် ဘာမှမရှိတာတွေကိုလည်း မြင်အောင် ကြည့်ဖို့ လိုအပ်ပါတယ်။

လတ်တလောမှာဆိုရင်လည်း ဝနယ်က မူးယစ်ဆေးဝါးကိစ္စကို ထိုင်းအစိုးရက စစ်ကောင်စီကိုသာ လှမ်းပြောပါတယ်။ နိုင်ငံအချင်းချင်း စကားပြောတဲ့သဘောပါပဲ။ ဝဟာ လက်ရှိအခြေအနေကို အခွင့်ကောင်းယူပြီး နိုင်ငံတခု တည်နိုင်တဲ့ အင်အားရှိပေမယ့် နိုင်ငံတကာစနစ်က လက်ခံမယ်ထင်ပါသလား။
နောက်ထပ် စောဒကတက်စရာ တခုကတော့ နယ်စပ်တွေ ပိုင်နေရင် အိမ်နီးနားချင်းတွေက ဆက်ဆံလာမှာပဲလို့ ဆိုခြင်း ဖြစ်ပါတယ်။ အိမ်နီးနားချင်းက နယ်မြေပိုင်စိုးလို့ ဆက်ဆံမယ်ဆိုတာ မှန်ပေမယ့် နိုင်ငံတနိုင်ငံရဲ့ အစိုးရတရပ်လို ဆက်ဆံတာ ဟုတ်ရဲ့လားလို့တော့ မေးစေချင်ပါတယ်။ ဒီလိုပြောလို နိုင်ငံသစ်အိပ်မက်ဟာ မမက်ထိုက်ဘူးလို့ မဆိုလိုပါဘူး။ သို့သော် ဒီအိပ်မက်တွေဟာ မိတ်ဖက် ဗဟိုအစိုးရတရပ် ရှိနေရင် အထိအခိုက် အရှအနာ နည်းနည်းနဲ့ လုပ်လို့ရနိုင်စရာ ရှိပါတယ်။
ကျနော်တို့ တိုင်းပြည်ဟာ “တိုင်းရင်းသား ပြည်သူအားလုံးရဲ့ ရန်သူ” အမှိုက်သရိုက်တွေကို ရှင်းနေကြရတုန်း ဖြစ်ပါတယ်။ “ခြံက ရှင်းနေတုန်း၊ ခြံစည်းရိုး လိုက်ခတ်ချင်” ရင်တော့ တခြား မလိုလားအပ်တဲ့ ပြဿနာတွေနဲ့တင် သံသရာလည်စေမယ့်ဘေးက ရှိနေတာကို သတိချပ်ကြစေချင်ပါတယ်။
ကျနော်တို့ တိုင်းပြည်ဟာ “တိုင်းရင်းသား ပြည်သူအားလုံးရဲ့ ရန်သူ” အမှိုက်သရိုက်တွေကို ရှင်းနေကြရတုန်း ဖြစ်ပါတယ်။ “ခြံက ရှင်းနေတုန်း၊ ခြံစည်းရိုး လိုက်ခတ်ချင်” ရင်တော့ တခြား မလိုလားအပ်တဲ့ ပြဿနာတွေနဲ့တင် သံသရာလည်စေမယ့်ဘေးက ရှိနေတာကို သတိချပ်ကြစေချင်ပါတယ်။ (လက်ရှိတင် ရှမ်းမြောက်က နယ်မြေပိုင်းခြားမှုတွေဟာ စိုးရိမ်စရာ ကောင်းနေပါတယ်။)
နိုင်ငံဖြစ်တည်မှု၏ သက်ရောက်မှု ကျယ်ပြန့်ခြင်း
ဒီလို နယ်မြေထိန်းချုပ်မှုတွေကို ဦးစားပေး ပြောဆိုနေသူတွေဟာ နယ်မြေထိန်းချုပ်နိုင်တာနဲ့ အချုပ်အခြာအာဏာ ပိုင်သွားပြီလို့ ထင်တတ်ကြသူတွေ ရှိပါတယ်။ တချို့ ပိုပြီး ကျဉ်းမြောင်းတဲ့ အမြင်မျိုးမှာဆိုရင် “ကိုယ့်နယ်မြေကိုယ် ပြန်သိမ်းနိုင်ရင် ရပြီ” ဆိုတဲ့ စစ်ဘုရင်ဆန်ဆန် အယူအဆမျိုး ပြောဆိုတတ်ကြပါတယ်။
ဒါပေမယ့် ဒီလိုအမြင်ရှိသူတွေ မေ့နေတတ်ကြတာက နိုင်ငံတနိုင်ငံရဲ့ နယ်နိမိတ်ဟာ လက်ရှိမြေပုံပေါ်မှာ မြင်ရသလောက်သာ ရှိပေမယ့် “နိုင်ငံဖြစ်ခြင်း” ရဲ့ လွှမ်းမိုးသက်ရောက်မှုကတော့ မြန်မာနိုင်ငံသားတွေရှိတဲ့ ကမ္ဘာအရပ်ရပ်ကို လွှမ်းမိုး သက်ရောက်တယ်ဆိုတဲ့ အချက်ပါ။
လက်ရှိ နိုင်ငံတကာစနစ်အရ နိုင်ငံကိုသာ အသိအမှတ်ပြုတယ်၊ အဖွဲ့ဝင်နိုင်ငံများအကြား ကြီးငယ်မရွေး အချုပ်အခြာအာဏာ တန်းတူညီမှု (Sovereignty Equality) အခြေခံမူကို ကျင့်သုံးတယ်ဆိုတဲ့ အခြေခံမှုတွေကြောင့် နိုင်ငံတကာမျက်နှာစာမှာ အရေးပါတဲ့နယ်ပယ်တွေကို ထိန်းချုပ်ထားနိုင်သူသာ အလေးပေး ဆက်ဆံခံရပါတယ်။ ဒါဟာ မြန်မာပြည်သူတွေ မခံချိမခံသာ အမြဲဖြစ်ရတဲ့ကိစ္စလည်း ဖြစ်ပါတယ်။
နိုင်ငံတကာက စစ်ကောင်စီကို အစိုးရလို့ အသိအမှတ်မပြုဘူးလည်းဆိုသေး ဘာဖြစ်လို့ စကားပြောနေရတာလဲ၊ နေရာပေးရတာလဲလို့ မေးလေ့ရှိကြပါတယ်။ အဖြေက ရှင်းပါတယ်။ စစ်ကောင်စီဟာ နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်တွေကို ကိုင်ထားနိုင်သေးတယ်။ နိုင်ငံတကာက သံရုံးတွေကို ထိန်းချုပ်ထားပြီး ကမ္ဘာအရပ်ရပ်က နိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်ကို ထုတ်ပေးခွင့် ရနေသေးတယ်။
နိုင်ငံတကာ ပိတ်ဆို့မှုတွေ ရှိနေလင့်ကစား နိုင်ငံရဲ့ဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးစနစ်တခုလုံးကို ထိန်းချုပ်မောင်းနှင်နေနိုင်သေးတယ်။ ဒါကြောင့်ပဲ သူတို့ကို တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ လက်ရှိအုပ်ချုပ်နေတဲ့ de facto authority လို့ ကင်ပွန်းတပ်ပြီး ဆက်ဆံနေကြရတာပါပဲ။ ဒါဟာ နိုင်ငံတကာစနစ်ရဲ့ အကန့်အသတ်ကြောင့် စစ်ကောင်စီဘက်က အသာရနေတဲ့အချက် ဖြစ်နေပါတယ်။
နိုင်ငံတကာ ပိတ်ဆို့မှုတွေ ရှိနေလင့်ကစား နိုင်ငံရဲ့ဗဟိုဘဏ်နဲ့ ဘဏ္ဍာရေးစနစ်တခုလုံးကို ထိန်းချုပ်မောင်းနှင်နေနိုင်သေးတယ်။ ဒါကြောင့်ပဲ သူတို့ကို တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ လက်ရှိအုပ်ချုပ်နေတဲ့ de facto authority လို့ ကင်ပွန်းတပ်ပြီး ဆက်ဆံနေကြရတာပါပဲ။ ဒါဟာ နိုင်ငံတကာစနစ်ရဲ့ အကန့်အသတ်ကြောင့် စစ်ကောင်စီဘက်က အသာရနေတဲ့အချက် ဖြစ်နေပါတယ်။
အာဆီယံအပါအဝင် စစ်ကောင်စီကို အားပေးအားမြှောက်ပြုတဲ့ နိုင်ငံတွေက “မြန်မာ” နဲ့ ထိတွေ့ ဆက်ဆံရမယ်။ မြန်မာဦးဆောင်တဲ့ (မြန်မာက ပြည်သူတွေ ဦးဆောင်တာလို့ မဆိုလို) ပဋိပက္ခဖြေရှင်းရေးကို အားပေးတယ်ဆိုတဲ့ ယေဘုယျဆန်ဆန် “မြန်မာနိုင်ငံ” ကို ရည်ညွှန်းတဲ့ အသုံးအနှုန်းကို သုံးကြပါတယ်။ ဒါဟာ စစ်ကောင်စီနဲ့ သူတို့ရဲ့ ဆက်ဆံရေးကို နိုင်ငံတကာ သံတမန်စကားလုံးနဲ့ ဖုံးကွယ်လိမ်ညာလိုက်ကြတာပဲ ဖြစ်ပါတယ်။
ဒီလို နိုင်ငံတကာစနစ်ရဲ့ အားနည်းချက်၊ မြန်မာပြည်သူတွေ အားမကိုးရတဲ့အပြင် ဆိုးကျိုးပေးတဲ့ အိမ်နီးနားချင်း နိုင်ငံတချို့ရယ် ပေါင်းမိတဲ့အခါ လွတ်မြောက်နယ်မြေက ပြည်သူတွေဟာ အမှန်တကယ် လွတ်မြောက်သူတွေ ဖြစ်မလာတော့ဘဲ ကိုယ့်နယ်မြေက ထွက်တာနဲ့ တိုင်းတပါးမှာ “တရားမဝင်” ဖြစ်ရင်ဖြစ်၊ ဒါမှမဟုတ် စစ်တပ်ထိန်းချုပ်ထားတဲ့ စနစ်ထဲ မရမက တိုးဝင်ပြီး ခေါင်းငုံံ့ထွက်ရပါတော့တယ်။ ဒီနေရာမှာ ‘ပြည်သူတွေက တိုင်းတပါးကို ကိုယ်လွတ်ရုန်းကြတာကိုး’ လို့ အပြစ်မမြင်စေလိုပါဘူး။ တိုင်းပြည်ပြင်ပကနေ ထောက်ပို့ကူညီနေတဲ့ သန်းချီနေတဲ့ ပြည်သူတွေရှိတာကို မမေ့အပ်လှပါဘူး။
နိုင်ငံဆိုတာ ပြည်သူ
အထက်က အချက်ကို ကောင်းကောင်းသိတဲ့ စစ်ကောင်စီဟာ နယ်မြေထိန်းချုပ်မှုတွေ အားနည်းသွားရင်တောင်မှ “လူ တနည်းအားဖြင့် ပြည်သူ” တွေကို ထိန်းချုပ်ဖို့ အာရုံစိုက်ပါတယ်။ ပထမတချက်က လူဦးရေများတဲ့ မြို့ကြီးတွေကို မရမက ထိန်းထားတာဟာ အခုချိန်အထိတော့ အောင်မြင်နေပါသေးတယ်။ ဒါကြောင့်ပဲ မြို့နယ် ၂၆၇ မြို့နယ်မှာ ရွေးကောက်ပွဲ လုပ်မယ်လို့ လေကျယ်နေနိုင်တာ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းနိုင်ခဲ့တဲ့ မြို့တော်ဖြစ်တဲ့ လားရှိုးဟာလည်း တရုတ်စနက်ကြောင့် စစ်ကောင်စီလက်ထဲ ပြန်ရောက်သွားပါပြီ။ နောက်တချက်ကတော့ လူတွေကို လွတ်မြောက်နယ်မြေမှာ မနေရဲအောင်၊ နေလို့မရအောင် လုပ်ပါတယ်။ ဒါကလည်း သူတို့ ကျွမ်းကျင်လိမ္မာတဲ့ အတတ်ဖြစ်ပါတယ်။
အရပ်သားပြည်သူတွေရှိရာကို လေယာဉ်နဲ့ ဗုံးကြဲတယ်။ ကုန်စည် ဆေးဝါး စီးဆင်းမှု မရမက ပိတ်တယ်။ မြွေပူရာကင်းမှောင့် ဆိုသလို ဘေးနားက အိမ်နီးနားချင်းနိုင်ငံတွေကပါ ကူညီပိတ်ဆို့တယ်။ နိုင်ငံရေး စိတ်ဝင်စားသူ မိတ်ဆွေတယောက်က အခုလို သုံးသပ်ပြတယ်။ “ကျောင်းမဖွင့်ခင် စာသင်ကျောင်းတွေ ဗုံးလိုက်ကြဲတယ်။ NUG က ကျောင်းတွေ ပိတ်လိုက်ရတယ်။ ဒီလိုနဲ့ မြို့ပေါ်က ကျောင်းတွေမှာ ကျောင်းသားတွေ စုပြုံတိုးလာတော့တာပဲ” တဲ့။
ပြည်တွင်းက လူတွေကို ပိတ်ပင်ထိန်းချုပ်သလို ပြည်ပမှာ ရောက်နေတဲ့ သန်းချီတဲ့ မြန်မာပြည်သူတွေကိုလည်း ကောင်းကောင်း ပညာပြ၊ ထိန်းချုပ်ထားနိုင်ပါသေးတယ်။ ဒီနေရာမှာ တော်လှန်ရေးအတွက် ထဲထဲဝင်ဝင်ပါဝင်နေပြီး နိုင်ငံကူးလက်မှတ်ဖြစ်စေ၊ တရားဝင် စာရွက်စာတမ်းဖြစ်စေ ရှိရှိ မရှိရှိ နေနိုင်သူတွေကို မဆိုလိုပါဘူး။ ဒါပေမယ့် သာမန် လုပ်ကိုင်စားသောက်ရတဲ့ သန်းချီတဲ့ ပြည်သူတွေကတော့ တိုင်းတပါးရဲ့ ဥပဒေအောက်မှာ စစ်ကောင်စီက ထုတ်ပေးတဲ့ အထောက်အထားတွေနဲ့မှ နေထိုင်လို့ရပါတယ်။ ဒီအတွက် စစ်ကောင်စီလိုချင်တဲ့ အခွန်ငွေတွေ၊ နိုင်ငံခြားငွေတွေ ဘီလီယံချီပြီး စီးဆင်းသွားပါတော့တယ်။
ဒီလို ပြည်တွင်းက လူတွေကို ပိတ်ပင်ထိန်းချုပ်သလို ပြည်ပမှာ ရောက်နေတဲ့ သန်းချီတဲ့ မြန်မာပြည်သူတွေကိုလည်း ကောင်းကောင်း ပညာပြ၊ ထိန်းချုပ်ထားနိုင်ပါသေးတယ်။ ဒီနေရာမှာ တော်လှန်ရေးအတွက် ထဲထဲဝင်ဝင်ပါဝင်နေပြီး နိုင်ငံကူးလက်မှတ်ဖြစ်စေ၊ တရားဝင် စာရွက်စာတမ်းဖြစ်စေ ရှိရှိ မရှိရှိ နေနိုင်သူတွေကို မဆိုလိုပါဘူး။ ဒါပေမယ့် သာမန် လုပ်ကိုင်စားသောက်ရတဲ့ သန်းချီတဲ့ ပြည်သူတွေကတော့ တိုင်းတပါးရဲ့ ဥပဒေအောက်မှာ စစ်ကောင်စီက ထုတ်ပေးတဲ့ အထောက်အထားတွေနဲ့မှ နေထိုင်လို့ရပါတယ်။ ဒီအတွက် စစ်ကောင်စီလိုချင်တဲ့ အခွန်ငွေတွေ၊ နိုင်ငံခြားငွေတွေ ဘီလီယံချီပြီး စီးဆင်းသွားပါတော့တယ်။ ဒါဟာ လူဦးရေ ထိန်းချုပ်နိုင်ခြင်းရဲ့ အားသာချက် ဖြစ်ပါတယ်။
ရည်ရွယ်ချက် မထိရောက်မှု
နယ်မြေတွေ တစတစ ချဲ့ထွင်လာနိုင်တာကြောင့် နယ်မြေအတွင်းက အရင်းအမြစ်တွေ၊ ဘဏ္ဍာငွေ ရရှိနိုင်တာ၊ လူသားအရင်းအမြစ် ရရှိနိုင်တာ၊ နောက်ထပ် စစ်ရေးအဆင့်တွေအတွက် ပြင်ဆင်လှုပ်ရှားရ ပိုလွယ်ကူတာ စသဖြင့် ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒီလို ကောင်းကျိုးတွေ ရှိပေမယ့် နိုင်ငံတကာက စစ်ကောင်စီနဲ့ မဆက်ဆံတော့ဘဲ တော်လှန်ရေးအင်အားစုတွေနဲ့သာ ဆက်ဆံဖို့အတွက် တိုက်တွန်းနှိုးဆော်တဲ့နေရာမှာတော့ အသုံးမဝင်သလောက်ပါပဲ။
ဒါ့အပြင် ဒီထက်ကြီးတဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ‘ငါတို့တော့ ဟုတ်တုတ်တုတ်ပဲ’ ဆိုတဲ့ ထင်ယောင်မှားမှုကိုလည်း ဖြစ်စေပြီး အလုံးစုံပန်းတိုင်ကို မေ့လျော့သွားမှာမျိုးက စိုးရိမ်စရာ ကောင်းလှပါတယ်။
နိုင်ငံတကာစနစ်ထဲကို စစ်တပ်ဝင်လို့ မရတော့လောက်အောင်၊ တနည်းအားဖြင့် နိုင်ငံဝင်ပေါက် ထွက်ပေါက်တွေ အကုန်လုံး ထိန်းချုပ်ပြီး လှုပ်မရအောင် မထိန်းနိုင်သေးသရွေ့တော့ စစ်ကောင်စီကို အလေးပေးဆက်ဆံမှုတွေက ရှိနေဦးမှာ ဖြစ်တယ်။ ဒီလို ဆက်ဆံနေတဲ့အတွက်ကြောင့် အချိန်ကြာလေ စစ်တပ်ဘက်က အားသာချက်တွေ ရလာလေ ဖြစ်လာနိုင်တယ်ဆိုတာတွေကို သတိချပ်ကြဖို့ နှိုးဆော်လိုက်ချင်ပါတယ်။
(ဒက်စမွန်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အသွင်ကူးပြောင်းရေးကာလ ပြဿနာများကို အထူးပြုသည့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး လေ့လာသူဖြစ်သည်။)
You may also like these stories:
စစ်ကောင်စီ ရွေးကောက်ပွဲ၏ ခါးသီးသော အမှန်တရားများ
ရှမ်းပြည်အာဏာကို ထိန်းချုပ်ထားသော တရုတ်ဩဇာခံ “ဝနီ”
ငလျင်ကပ်ဘေးအလွန် မြန်မာစစ်အုပ်စု၏ နိုင်ငံရေးလှည့်ကွက်များ
မြို့ပေါင်း ၃၅၀ အနက် စစ်ကောင်စီ တရာအောက်သာ ထိန်းချုပ်နိုင်တော့ဟု NUG ဆို