မကြာခင်လများအတွင်းက လူမှုအဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ တော်လှန်ရေးအသိုင်းအဝိုင်းတွေထဲက လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အမြတ်ထုတ်မှု၊ လှည့်ဖြားမှု၊ ခြိမ်းခြောက် အကျပ်ကိုင်မှု၊ အကြမ်းဖက်မှုတွေကို ခံစားခဲ့ကြရတဲ့ မိန်းမငယ်လေးတွေဟာ သူတို့ရဲ့ အတွေ့အကြုံတွေကို ရဲရဲရင့်ရင့် ဖွင့်ပြောလာကြပါတယ်။
သူတို့အပေါ် ကျူးလွန်သူများဟာ သာမန် လူတွေတော့ မဟုတ်ကြပါဘူး၊ လူ့အခွင့်အရေး စောင့်ရှောက်ကာကွယ်သူ၊ လူနည်းစုအရေး ကျွမ်းကျင်သူတွေ၊ ပညာရေးအဖွဲ့အစည်းက ပညာတတ်တွေ၊ သုတေသီတွေ ပါဝင်သလို လူသိများကြသူတွေလည်း ပါဝင်ကြပါတယ်။
ဒီအမျိုးသမီးငယ်တွေဟာ သူတို့ ခံစားရတဲ့ မတရားစော်ကားမှုတွေကို ထုတ်ဖော်ပြောဆိုကြတယ်ဆိုတာ လွယ်ကူတာတော့ မဟုတ်ပါဘူး။ တရားစီရင်ရေးမဏ္ဍိုင် အားမကောင်းတဲ့ အခြေအနေမျိုးမှာ သူတို့အတွက် ရွေးချယ်စရာဟာ အများပြည်သူသိအောင် လူမှုကွန်ရက်မီဒီယာတွေကနေတဆင့်၊ အမျိုးသမီးအခွင့်အရေး စောင့်ရှောက်ကာကွယ်ပေးကြတဲ့ အဖွဲ့အစည်းတချို့ကနေတဆင့်သာ ထုတ်ပြောရတာပါ။
တရားဥပဒေအရ အရေးယူပေးနိုင်ခြင်း၊ အကာအကွယ်ပြုနိုင်ခြင်း မရှိတဲ့အခါ “မမှီဝဲနဲ့ ကင်းအောင်နေ” ဆိုတဲ့ ဝိုင်းကျဉ်တဲ့ လူမှုရေးပြစ်ဒဏ် (social punishment) ပဲ လုပ်ကြဖို့ နှိုးဆော်နိုင်ပါတယ်။ တွေးကြည့်ပါနော်၊ ကိုယ့်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်၊ စော်ကား၊ အကြမ်းဖက်နေသူကို ထိုက်တန်တဲ့ပြစ်ဒဏ်အတွက် တရားစီရင်ရေးက မပေးနိုင်တဲ့အခါ အနိမ့်ဆုံးအဆင့် ဒီလူ … ဒီလူတွေသည် ဒီလို အကျင့်ရှိပါတယ်၊ ဝေးဝေးရှောင်ကြပါလို့ပဲ ပြောနိုင်ပါတယ်။

ဘာ့ကြောင့်လဲ၊ အဲဒီလူတွေဟာ လူရိုသေ ရှင်ရိုသေ အဖွဲ့အစည်းတွေထောင်၊ ဦးဆောင်ဦးရွက် နေရာတွေယူထားပြီး ဂေါပကများလို အကြည်ညိုခံတွေ ဆက်ဖြစ်နေဆဲမို့လို့ပေါ့။
နစ်နာသူဘက်က ရပ်တည်သူတွေ နည်းပါးချိန်မှာ ကျူးလွန်သူတွေဘက်က ရပ်တည်သူတွေကတော့ မနည်းလှပါဘူး။ စာတတ်ပေတတ် အသိုင်းအဝိုင်း၊ လူသိများအသိုင်းအဝိုင်းက ဖြစ်နေကြလေတော့ ပညာရှင်ဆိုသူများကိုယ်တိုင် လူရှေ့ထွက် မီဒီယာပလက်ဖောင်းကို သုံးပြီးတောင် အကာအကွယ်ပေးကြပါတယ်။
မကြာသေးမီကတော့ မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP) ကနေ ဒေါက်တာ စိုင်းလတ်က ‘လူမှုပြစ်ဒဏ်၊ လူမှုတရားမျှတရေးနှင့် လူအုပ်စုလိုက် စုန်းဖမ်းဓလေ့’ ဆိုပြီး ရေးပါတယ်။ သူက ပြစ်မှုကျူးလွန်သူများကို ပြန်လည်ပြုပြင်ခွင့်၊ သုံးသပ်ခွင့်မပေးဘဲ “စိတ်ဆိုးနေတဲ့လူအုပ်ဟာ နေ့ချင်းညချင်း စုန်းဖမ်းသူတွေ ဖြစ်လာပြီး တရားမျှတရေး တစုံလုံးကို အဆိပ်အတောက်ဖြစ်လိမ့်မယ်။ တရားမျှတရေးကို ပြန်ပြီး ရန်မူလာပါလိမ့်မယ်” လို့ ရေးသားခဲ့ပါတယ်။
လူတယောက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အုပ်စုလိုက် စွပ်စွဲမှုတွေနဲ့ လုပ်ထုံးလုပ်နည်း အကန့်အသတ်မဲ့တဲ့ လူမှုတရားမျှတမှု ရှာဖွေရေးတွေဟာ တရားမျှတမှုကို ထိခိုက်စေပါတယ်လို့ ဆိုပါတယ်။ ကျမအဖို့တော့ ကျိုးကြောင်းဆီလျော်သယောင်ယောင် အထင်မှားစေတဲ့ အရေးသားမျိုး၊ တရားမျှတမှုကို သေးသိမ်စေပြီး နစ်နာသူတွေ နောက်ထပ် ထုတ်ဖော်ပြောဆိုခြင်း မပြုရအောင်၊ သြဇာရှိသူ၊ ပါဝါရှိသူများကို အကာအကွယ်ပေးချင်တဲ့ ပုံဖော်မှုမျိုးပဲလို့ မြင်မိပါတယ်။

စုန်းဖမ်းပွဲ မဟုတ်ပါ
လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေကို တိုင်ကြားကြတဲ့အခါ “စုန်းဖမ်းပွဲ” လုပ်တာပဲလို့ သုံးနှုန်းလိုက်တာဟာ သမိုင်းကြောင်းအရပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရပဲဖြစ်ဖြစ် အင်မတန် မလျော်ကန်တဲ့ စကားလုံးဖြစ်ပါတယ်။ အတိတ်က မဟာဖိုဝါဒကြီးစိုးတဲ့ ရွှေထီးဆောင်းခဲ့စဉ်ကာလက အတွေးအမြင်မျိုးကို သုံးပြီး လက်ရှိ ပြစ်မှုကျူးလွန်သူတွေကို သေးသိမ်အောင်၊ တရားမဝင်အောင်၊ လူအုပ်ကြီးနဲ့ မြင်မြင်ရာ တရားခံရှာနေတာပဲလို့ စွပ်စွဲတဲ့ အသုံးအနှုန်းသာ ဖြစ်ပါတယ်။
တကယ်တမ်းမှာတော့ အဲဒီ နစ်နာသူများဟာ သြဇာအာဏာရှိသူကို အကာအကွယ်ပေး၊ နစ်နာသူကို အသံတိတ်စေတဲ့ စနစ်ဆိုး၊ အသိုင်းအဝိုင်းဆိုးကြီးထဲမှာ တရားမျှတမှုနဲ့ တာဝန်ခံမှုကို ရှာဖွေနေတာပဲ ဖြစ်ပါတယ်။ လက်စားချေဖို့ မဟုတ်ပါဘူး။ နစ်နာသူတွေဟာ လူမှုကွန်ရက်မီဒီယာမှာ ကျမတို့/ကျနော်တို့ ဒီလို အရှက်တကွဲ အလုပ်ခံရပါတယ်ရှင်/ခင်ဗျာလို့ ထုတ်ပြောရတာ သာယာချမ်းမြေ့စရာ မကောင်းပါဘူး။ ဂုဏ်ယူစရာလည်း မဟုတ်ပါဘူး။

တရားဝင်တိုင်ကြားတဲ့ နည်းလမ်းတွေ အလုပ်မဖြစ်လို့၊ အရေးယူပေးမယ့်သူ မရှိလို့၊ ကျူးလွန်သူရဲ့ ရန်ကနေ အကာအကွယ်ပေးမယ့် ယန္တရားတွေ မရှိလို့ပါ။ အဖွဲ့အစည်းတွေက အပြစ်ကျူးလွန်ထားသူတွေကို အရေးယူရမယ့်အစား အကာအကွယ်ပေးနေတဲ့အခါ လူမှုရေးပြစ်ဒဏ်ကိုပဲ အားကိုးရပါတယ်ဆိုတာ နိုင်ငံတကာ ဥပမာတွေ အများကြီးရှိပါတယ်။
နစ်နာသူ ဗဟိုပြုရမယ်၊ ကျူးလွန်သူကို အကာအကွယ်မပေးရဘူး
နစ်နာသူတွေကို ထိရောက်တဲ့ အကာအကွယ်၊ စောင့်ရှောက်မှုနဲ့ နှစ်သိမ့်မှု မပေးနိုင်ဘဲနဲ့ ကျူးလွန်သူကိုပဲ “မင်းကိုမင်း ပြန်သုံးသပ်၊ အမှားတွေကနေ သင်ခန်းစာယူ နောက် မဖြစ်စေနဲ့နော်” လို့ တိုးတိုးတိတ်တိတ် လုပ်တာမျိုးဟာ တရားမျှတမှု ဖော်ဆောင်ခြင်း (restorative justice) မဟုတ်ပါ။ နစ်နာသူရဲ့ ဂုဏ်သိက္ခာကို ချနင်းခြင်းသက်သက်သာ ဖြစ်တယ်။
တရားမျှတမှု ဖော်ဆောင်ခြင်းဟာ ငြိမ်ခံခြင်းမဟုတ်၊ တိတ်ဆိတ်နေခြင်း မဟုတ်ဘူး။ ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်ဆောင်ရွက်မှု၊ တာဝန်ယူမှု၊ မိမိအမှားကို ရိုးသားစွာ ဝန်ခံမှုတွေပါ။ ပါဝါ မညီမျှရင်၊ ယုံကြည်မှုမရှိရင် လုပ်လို့မရပါဘူး။
ဒီလိုဖြစ်စဉ်မျိုး အခုမှဖြစ်တာ မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်က ဟေတီနိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ Oxfam sexual abuse အမှုမှာဆိုရင် ရာထူးကြီးဝန်ထမ်းဖြစ်တဲ့အတွက် တိုးတိုးတိတ်တိတ် နေရာရွှေ့ခိုင်းလိုက်တယ်။ တိုင်ကြားသူတွေကို အသံတိတ်အောင် လုပ်ကြတယ်။
ကွန်ဂိုနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်သားတချို့ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုမှာလည်း အဖွဲ့အစည်းရဲ့သိက္ခာကို ဆယ်ဖို့ အသည်းအသန် ကြိုးစားခဲ့ကြတယ်။
မြန်မာပြည်တွင်းက အမှုတွေမှာလည်း အဖွဲ့အစည်းတွေဟာ သူတို့ နာမည်ဂုဏ်သတင်းကို ဆယ်ဖို့ ကြိုးစားရင်း နစ်နာသူတွေကို ဝိုင်းထိုးချကြဖူးတယ်။
အဲဒီကိစ္စတွေမှာ နစ်နာသူတွေဟာ လူမှုကွန်ရက်မီဒီယာကို အသုံးပြုပြီး သူတို့နစ်နာမှုကို ဖော်ထုတ်ပြီး တရားမျှတမှု ရှာဖွေခဲ့ကြရတာပါ။ သူတို့ရဲ့ နောက်ဆုံး ကောက်ရိုးမျှင်ဟာ လူထုခုံရုံးဖြစ်နေတာက အဖွဲ့အစည်းတွေနဲ့ တရားဥပေဒစိုးမိုးရေး ညံ့တာကြောင့်လို့ ပြောပါရစေ။ ဒါကို ပညာရှင်အမည်ခံပုဂ္ဂိုလ်များက ‘စုန်းဖမ်းပွဲ’ အမည်တပ်တာ အံ့သြစရာပါပဲ။

နာမည်ဂုဏ်သတင်း ထိပါးခြင်း
နစ်နာသူရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို လျစ်လျူရှုပြီး ကျူးလွန်သူရဲ့ နာမည်ဂုဏ်သတင်းကို ထိပါးစေတယ်လို့ စွပ်စွဲမှုဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းထုတ်စရာပါပဲ။ သူ့ဆောင်းပါးထဲမှာတော့ “ကျူးလွန်သူဘက်က တာဝန်ယူ/တာဝန်ခံရေးအတွက် သိသင့်သိထိုက်သူတွေကို အသိပေးရေးနဲ့ သူ့ ပုဂ္ဂိုလ်ရေးရာ လုံခြုံမှု (privacy) ထိန်းသိမ်းရေး” လို့ သုံးသွားပါတယ်။
လိင်ပိုင်းဆိုင်ရာ စော်ကားမှုဟာ ပြစ်မှုကျူးလွန်တာပါ၊ ခြေချော်လက်ချော် မှားမိတာ မဟုတ်ပါဘူး။ နာမည်ဂုဏ်သတင်းကို ပြန်တည်ဆောက်လို့ ရနိုင်ပေမယ့် နစ်နာသူခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာ၊ သိက္ခာကျဆင်းမှု၊ လူမှုဆက်ဆံရေးအရ ထိခိုက်မှုတွေကို လွယ်လွယ်ကူကူ ပြန်မကုစားနိုင်ပါဘူး။
ကျူးလွန်သူတွေရဲ့ နာမည်ဂုဏ်သတင်းကို အလေးထားသင့်တယ်ဆိုတဲ့ စကားဟာ နစ်နာသူများရဲ့ အဖြစ်အပျက်တွေကို ထပ်မံ စော်ကားတာပါပဲ။ အထူးသဖြင့် ဒီလိုစကားလုံးမျိုးကို ပညာတတ်တယောက်က စာထက်အက္ခရာတင်ပြီး မီဒီယာတခုကို အသုံးပြုပြီး ပြောတာ ကို အံ့အားသင့်မိတယ်။
လူ့အခွင့်အရေးကို တန်ဖိုးထားပါတယ်၊ လူ့အခွင့်အရေးအတွက် အလုပ်လုပ်နေပါတယ်ဆိုတဲ့ လူတွေက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု၊ စော်ကားမှုတွေ လုပ်နေတာဟာ လူ့အခွင့်အရေးဆိုတဲ့ အခြေခံမူဝါဒကို ပြက်ရယ်ပြုလိုက်တာပါပဲ။
သူတို့ဘာသာသူတို့ တဖွဖွပြောပြီး နာမည်ဂုဏ်သတင်း တည်ဆောက်လာကြတဲ့ လူ့အခွင့်အရေးဆိုတဲ့ စကားလုံးကို မြောင်းထဲပစ်ချလိုက်တာပါပဲ။ ဒါဟာ ဥပဒေချိုးဖောက်မှု သက်သက်မဟုတ်ဘဲ ကျင့်ဝတ်သိက္ခာမဲ့ခြင်း၊ ကျင့်ဝတ်သိက္ခာ အရေခြုံခြင်းပါ။
လူအုပ်စုကြီး၏ တရားစီရင်မှု
လူမှုကွန်ရက်မီဒီယာမှာ အားနည်းချက်တွေ ရှိပါတယ်။ ပျံ့နှံ့သွားပြီဆိုရင် ထိန်းချုပ်မရနိုင်တော့ဘူး။ လူတွေကို အလွယ်တကူ နာမည်ဖျက်နိုင်တယ်၊ အမှန်နဲ့အမှားကို ခွဲခြားဖို့ခက်တယ်။ တာဝန်ခံမှုနဲ့ လက်စားချေမှုကို ရောထွေးသွားစေနိုင်တယ်။
ဒါပေမယ့် အားကိုးအားထားစရာ အဖွဲ့အစည်းနဲ့ တရားဥပဒေ မရှိတဲ့အခါ လူထုကို သတင်းအချက်အလက် ပေးတာ၊ ကြိုတင်တားဆီး ကာကွယ်မှုပြုစေနိုင်တာတွေကို လူမှုကွန်ရက်ကပဲ လုပ်ပေးနေတာပါ။ အခြေခံ လူတန်းစားအတွက်၊ သာမန်လူထုအတွက် အားကိုးအားထားပြုရာ ပလက်ဖောင်းဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။

သို့သော် အင်စတီကျူးရှင်းကြီးများရဲ့ ပါဝါကို အသုံးပြုပြီး တဖက်သတ် တရားထူနေတဲ့ လူယုတ်မာများကို ဖော်ထုတ်နိုင်တဲ့ တခုတည်းသော ပလက်ဖောင်းဖြစ်တယ်ဆိုတာလည်း သတိပြုရပါမယ်။
‘နစ်နာသူ ဗဟိုပြုပါ’ ဆိုတာ ပြောရတာလွယ်ပါတယ်၊ လုပ်ကြဖို့ ခက်ပါတယ်။
၁) အသင်းအဖွဲ့တိုင်းမှာ လွတ်လပ်စွာ၊ လွယ်ကူစွာ၊ လုံခြုံစွာ တိုင်ကြားနိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပြီလား။
၂) နစ်နာမှုတွေကို ဖြေရှင်းပေးနိုင်မယ့် ပွင့်လင်းမြင်သာမှုရှိတဲ့ အရေးယူမှု နည်းလမ်းတွေရှိပြီလား။
၃) ပါဝင်ပတ်သက်သူများရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံမှု၊ ဂုဏ်သိက္ခာနဲ့အညီ ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတွေရှိပြီလား။
၄) တရားမျှတမှု တောင်းဆိုလာတဲ့အခါ၊ သူတို့ဖြစ်စဉ်ကို ထုတ်ပြောကြတဲ့အခါ လက်စားချေတာလား၊ နာမည်ဖျက်ချင်လို့ လျှောက်ပြောနေတာလားဆိုပြီး ထုတ်ဖော်ပြောဆိုသူတွေကို တံဆိပ်ကပ်နေကြတုန်းပဲလား။
၅) ထုတ်ဖော်ပြောဆိုလာသူတွေကို “တော်လှန်ရေးကို မထိခိုက်စေနဲ့၊ တော်လှန်ရေးမှာ ပါတဲ့သူတွေကို သက်သက် နာမည်ဖျက်ပြီး တော်လှန်ရေးကို နှေးအောင်လုပ်တာ” ဆိုပြီး တားဆီးနေတုန်းပဲလား။
ကုလသမဂ္ဂ ရာဇဝတ်မှု ကျူးလွန်ခံရသူများနှင့် မလျော်သြဇာသုံးစွဲ၍ အနိုင်ကျင့်ခံရသူများအတွက် တရားမျှတမှု ဖော်ဆောင်ရေးဆိုင်ရာ အခြေခံမူဝါဒများ ကြေညာစာတမ်း (the UN Declaration of Basic Principles of Justice for Victims of Crime and Abuse of Power) မှာ နစ်နာသူများရဲ့ သတင်းအချက်အလက် ရပိုင်ခွင့်၊ ပူးပေါင်းပါဝင်ခွင့်၊ အကာအကွယ် ရပိုင်ခွင့်နဲ့ နစ်နာမှုများကို ကုစားခွင့်တွေ အသေအချာ ဖော်ပြထားပါတယ်။ လူတဦးတယောက် စိတ်သာယာစေဖို့ တခြားသူများရဲ့ အခွင့်အရေးကို ချိုးဖောက်ခွင့် လုံးဝ (လုံးဝ) မရှိပါ။
ဒါဟာ ‘စုန်းဖမ်းပွဲ’ မဟုတ်ပါ။ အမျိုးသမီးများအနေနဲ့ သူတို့ ဘဝ၊ နစ်နာမှုတွေကို ထုတ်ဖော်ပြောဆိုတဲ့ အသံဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတာ ကြက်တူရွေး နှုတ်တိုက်ရွတ်တဲ့ ကဗျာမဟုတ်ပါ။ သူတို့အသံတွေကို မကြားယောင်ပြုတာ၊ သေးသိမ်စေတာဟာ နစ်နာသူများကို စော်ကားတာတင်မဟုတ်၊ တရားမျှတမှုကိုပါ အိုးမည်းသုတ်ခြင်း ဖြစ်ပါတယ်လို့ ထပ်လောင်း ပြောပါရစေ။

(ဇာခြည်ညိမ်းသည် ပဋိပက္ခဒဏ်ခံရသော ဒေသများတွင် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်း၊ လူထုပညာပေးနှင့် ကျားမရေးရာ တရားမျှတမှု တို့ကို ပညာပေးလုပ်ငန်းများဆောင်ရွက်နေသကဲ့သို့ ထိုနယ်ပယ်များကို အထူးပြုထားလေ့လာနေသော သုတေသီတဦးဖြစ်သည်။)
You may also like these stories:
အမျိုးသမီးဖြစ်လို့ ပိုပြောသတဲ့လား
အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာ) ကို လူ့အခွင့်အရေးဆိုင်ရာဆု ချီးမြှင့်
အမျိုးသမီး အခွင့်အရေး အမျိုးသားများလည်း ပူးပေါင်းကာကွယ်ကြ
အမျိုးသမီးများ အခွင့်အရေးနှင့် အညီ တာဝန်ယူရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
လှူတဲ့ ကူတဲ့အခါ အမျိုးသမီးတွေအတွက် ထည့်စဉ်းစားပေးစေချင်
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် မြန်မာအမျိုးသမီး ထောင်ချီ ဖမ်းဆီးခံထားရ