ဇွန်လ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ စစ်ကောင်စီသည် သေချာ ဇာတ်တိုက်ထားသည့် အခမ်းအနားတခုကို နေပြည်တော်တွင် ကျင်းပပြီး “ငြိမ်းချမ်းရေးဖိုရမ်” ဟု အမည်ပေးထားသည်။
ထိုဖိုရမ်သည် ငြိမ်းချမ်းရေးနှင့် လုံးဝမဆိုင်ပေ။ အဆိုပါဖိုရမ်သည် မြန်မာပြည်သူများအပေါ် အပြင်းအထန် ရက်စက်ကြမ်းကြုတ်သည့်စစ်ပွဲကို ဖုံးကွယ်ရန် သံသယဖြစ်ဖွယ်လှုပ်ရှားမှုဖြစ်သည့် လိမ်လည်သော အပေါ်ယံ ဟန်ပြသာဖြစ်သည်။
စစ်ကောင်စီသည် ပြည်တွင်းမှ “ဇာတ်ရံများ” နှင့် ရွေးချယ်ထားသည့် နိုင်ငံတကာ သံတမန်တချို့ကို ဖိတ်ခေါ်ပြီး ခမ်းခမ်းနားနား ပြင်ဆင်ထားသည့် ဇာတ်စင်တွင် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးရေး မိန့်ခွန်းများပြောစေကာ တပြိုင်နက်တည်းတွင် မြို့များ၊ ရွာများကို ဗုံးကြဲခြင်းနှင့် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးနေရာများကို ဖျက်ဆီးခြင်း အပါအဝင် အကြောက်တရားဖြစ်စေသည့် ထိုးစစ်များ ပြုလုပ်သည်။
စင်မြင့်တွင် မင်းအောင်လှိုင်နှင့် နောက်လိုက်များသည် “ငြိမ်းချမ်ရေးတံခါးဖွင့်ထားခြင်း”၊ “အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု”၊ “နိုင်ငံရေးလုပ်ငန်းစဉ်”၊ “ဖက်ဒရယ်စနစ်”၊ “လွတ်လပ်မျှတ ကျယ်ပြန့်ပြီး အားလုံးပါဝင်သော ရွေးကောက်ပွဲ”၊ “ရွေးကောက်ပွဲနိုင်သောအစိုးရကို အာဏာလွှဲပေးရန် စစ်တပ်၏ စိတ်အားထက်သန်မှု” စသည်တို့ကို ပြောသည်။
သို့သော် ထိုကိစ္စများ အားလုံးသည် အလိမ်အညာဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်အစစ်အမှန်ကို ဖုံးကွယ်ရန် တွက်ချက်လုပ်ဆောင်သည့် အားထုတ်မှုသာဖြစ်သည်။
ထိုဖိုရမ် ရက်ပိုင်းအတွင်း မင်းအောင်လှိုင်သည် လက်နက်ပိုမိုရရှိရန်နှင့် စစ်အရာရှိများ ဒရုန်းစစ်ရေး လေ့ကျင့်မှု တိုးချဲ့ရန် ဘယ်လာရုစ်သို့ သွားရောက်ပြီး ရုရှားစီးပွားရေးအုပ်စုနှင့် ဆက်ဆံရေး တောင့်တင်းအောင် လုပ်သည်။ သူသည် ရွေးကောက်ပွဲကို မည်သို့လိမ်ပြီး တင်းကျပ်စွာ ထိန်းချုပ်သည်ကို ဘယ်လာရုစ်အာဏာရှင် အလက်ဇန္ဒား လူကာရှန်ကိုထံမှ လေ့လာရန် စိတ်အားထက်သန်နေပုံရသည်။
ထိုဖိုရမ် ရက်ပိုင်းအတွင်း မင်းအောင်လှိုင်သည် လက်နက်ပိုမိုရရှိရန်နှင့် စစ်အရာရှိများ ဒရုန်းစစ်ရေး လေ့ကျင့်မှု တိုးချဲ့ရန် ဘယ်လာရုစ်သို့ သွားရောက်ပြီး ရုရှားစီးပွားရေးအုပ်စုနှင့် ဆက်ဆံရေး တောင့်တင်းအောင် လုပ်သည်။ သူသည် ရွေးကောက်ပွဲကို မည်သို့လိမ်ပြီး တင်းကျပ်စွာ ထိန်းချုပ်သည်ကို ဘယ်လာရုစ်အာဏာရှင် အလက်ဇန္ဒား လူကာရှန်ကိုထံမှ လေ့လာရန် စိတ်အားထက်သန်နေပုံရသည်။
လုပ်ဇာတ်များက ပကတိအခြေအနေကို အရိပ်မည်းထိုးနေ
စစ်ကောင်စီ၏လက်ရှိ သေနင်္ဂဗျူဟာသည် ရှင်းလင်းပြတ်သားသည်။ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ဖက်ဒရယ်စနစ်နှင့် ရွေးကောက်ပွဲများအကြောင်းပြောပြီး စစ်ရှိန်မြှင့်တင်ရေး ဖြစ်သည်။
မြေပြင်တွင် ပကတိအခြေအနေ ပြောင်းလဲခြင်း မရှိပေ။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ ကျေးရွာများကို မြေလှန်မီးရှို့ခြင်းများ၊ သိမ်းကျုံး၍ လေကြောင်းတိုက်ခိုက်မှုများ၊ လူသားချင်းစာနာမှု အကူအညီများကို ပိတ်ဆို့ ခိုးယူမှုများ၊ အရပ်သားများကို အတင်းအကျပ် စစ်သားစုဆောင်းပြီး မလေ့ကျင့်ပေးဘဲ စစ်ထဲထိုးထည့်ကာ လူသားလှိုင်းအဖြစ် မြို့များကို ပြန်လည်သိမ်းပိုက်ရန် ထိုးစစ်များသာဖြစ်သည်။
သို့သော် ဒေသတွင်းမီဒီယာ၊ သံတမန်အသိုက်အဝန်းနှင့် မူဝါဒဆွေးနွေးချက်များတွင် ထိုလုပ်ဇာတ်သည် အပစ်အခတ်ရပ်စဲရေး၊ အားလုံး အကျုံးဝင်သော တွေ့ဆုံဆွေးနွေးရေး၊ ပဋိပက္ခကို အစားထိုးရန် နိုင်ငံရေးလုပ်ငန်းစဉ် လိုအပ်ခြင်း၊ အမြင်ကောင်းသည့် ရွေးကောက်ပွဲ၊ လူသားချင်း စာနာမှုအကူအညီနှင့် တည်ငြိမ်မှု လိုအပ်ခြင်းကိုသာ အာရုံစိုက်နေသည်။
ထိုဆွေးနွေးမှုများသည် မြေပြင်အခြေအနေနှင့် အန္တရာယ်များလောက်အောင် အဆက်အစပ် ကင်းမဲ့နေသည်။ စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများ မည်မျှပြင်းထန်သည်ဖြစ်စေ၊ မည်မျှ ဆက်လက်ပြင်းထန်မည်ဖြစ်စေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို သံတမန်ရေး လိုရာဆွဲတွေးခြင်းက ပုံဖော်သည့် လွှမ်းမိုးသောလုပ်ဇာတ်က လျစ်လျူရှု၊ ဘေးဖယ်ထားသည်။ ထိုလုပ်ဇာတ်သည် ပကတိအခြေအနေကို ဆက်လက် လွှမ်းမိုးနေပြီး မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုကို စစ်တပ်အကျိုးအတွက် ပုံဖျက်နေသည်။
အခြားနည်းဖြင့် တိုက်နေသောစစ်ပွဲ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှုတွင် ရွေးကောက်ခံခေါင်းဆောင်များ ဖမ်းဆီးခံရပြီး ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ဖျက်သိမ်းခံရသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုဖြင့် လပိုင်းအတွင်း ထိန်းချုပ်နိုင်ကာ နိုင်ငံတကာ လက်ခံမှုရမည်ဟု စစ်ကောင်စီက ယူဆခဲ့သည်။
သို့သော် မြန်မာပြည်သူများ ပုန်ကန်ထကြွသည်။ ကနဦးတွင် ထိုလှုပ်ရှားမှုသည် ငြိမ်းချမ်းပြီး နိုင်ငံသားအခွင့်အရေး တိုက်ပွဲဆန်သည်။ စစ်တပ်က သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းဖြင့် တုံ့ပြန်သောအခါ ခုခံတော်လှန်ရေးသည် ဆုံးဖြတ်ချက် ပြတ်သားပြီး ကျယ်ပြန့်သော လွတ်မြောက်ရေးတိုက်ပွဲအဖြစ် ပြောင်းလဲသွားကာ မိမိတို့ခေတ်တွင် သူရဲကောင်းအပီသဆုံး တိုက်ပွဲဖြစ်လာသည်။
ရုရှား၊ တရုတ်၊ ဘယ်လာရုစ်နှင့် အခြားဒေသတွင်းနိုင်ငံများ အကူအညီဖြင့် စစ်ကောင်စီသည် ပြည်သူများကို မီးကုန်ယမ်းကုန် စစ်ပွဲဆင်နေသည်။ သို့သော် စစ်အင်အား မညီမျှသော်လည်း စစ်ကောင်စီသည် နိုင်ငံ၏ ၆၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်မှု ဆုံးရှုံးသည်။
သို့သော် စစ်ကောင်စီသည် ၎င်း၏ ရည်ရွယ်ချက်များကို ပြောင်းလဲခြင်း မရှိပေ။ တော်လှန်ရေးကို ချေမှုန်းမည်၊ လုံးဝ ထိန်းချုပ်မှု ပြန်လည်ရယူမည်၊ စစ်တပ်က ချမှတ်သည့် ဖွဲ့စည်းပုံကို လက်ခံရန် ပြည်သူများကို အကျပ်ကိုင်မည်၊ နိုင်ငံတော်ကို လွှမ်းမိုးပြီး နိုင်ငံတကာ အသိအမှတ်ပြုမှု ရအောင်လုပ်မည် စသည့် ရည်မှန်းချက်များသာ ဖြစ်သည်။
သို့သော် စစ်ကောင်စီသည် ၎င်း၏ ရည်ရွယ်ချက်များကို ပြောင်းလဲခြင်း မရှိပေ။ တော်လှန်ရေးကို ချေမှုန်းမည်၊ လုံးဝ ထိန်းချုပ်မှု ပြန်လည်ရယူမည်၊ စစ်တပ်က ချမှတ်သည့် ဖွဲ့စည်းပုံကို လက်ခံရန် ပြည်သူများကို အကျပ်ကိုင်မည်၊ နိုင်ငံတော်ကို လွှမ်းမိုးပြီး နိုင်ငံတကာ အသိအမှတ်ပြုမှု ရအောင်လုပ်မည် စသည့် ရည်မှန်းချက်များသာ ဖြစ်သည်။
အယောင်ဆောင် ‘ငြိမ်းချမ်းရေးဖိုရမ်’ တွင် မင်းအောင်လှိုင်သည် ထိုရည်မှန်းချက်များကို ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် ရွေးကောက်ပွဲ စကားလုံးများဖြင့် ပြန်လည် တံဆိပ်ကပ်သည်။
လက်ရှိအချိန်တွင် စစ်ကောင်စီသည် စစ်မြေပြင်တွင် အနိုင်ရမည် မဟုတ်ကြောင်း စစ်ကောင်စီသာမက စစ်တပ်အာဏာထိန်းချုပ်မှုကြောင့် အကျိုးခံစားနေသည့် အိမ်နီးချင်းများ သဘောပေါက်သည်။ ထို့ကြောင့်ပင် စစ်ကောင်စီသည် ဖျက်သိမ်းထားသည့် ဦးသိန်းစိန်ခေတ် မြန်မာငြိမ်းချမ်းရေးစင်တာနှင့် မအောင်မြင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ သွေးစုပ်ဖုတ်ကောင်များကို ပြန်လည် အသက်သွင်းပြီး စစ်ရေးရည်မှန်းချက်များကို နိုင်ငံရေးလှည့်ကွက်ဖြင့် အောင်မြင်အောင်လုပ်ရန် ရည်ရွယ်နေသည်။
ဆုပေး ဒဏ်ပေး သေနင်္ဂဗျူဟာ
စစ်ကောင်စီ၏ လက်ရှိနည်းလမ်းတွင် နှစ်လမ်းသွားသာရှိသည်။ ရက်ရက်စက်စက် အကြမ်းဖက်ခြင်းနှင့် နိုင်ငံရေးလှည့်ကွက် လုပ်ဇာတ်တို့သာ ဖြစ်သည်။
တဖက်တွင် စစ်ကောင်စီတပ်သည် ရွာများကို ဆက်လက်မီးရှို့၊ မြို့များကို ဆက်လက်ဗုံးကြဲပြီး အရပ်သားများကို ပစ်မှတ်ထားနေသည်။ ရုရှားနှင့် တရုတ်ထုတ် လေယာဉ်များ၊ ရုရှား၊ တရုတ်နှင့် ဘယ်လာရုစ်ထုတ် ဒရုန်းများကို လွတ်မြောက်ဒေသများမှ စစ်ဘေးရှောင်စခန်းများ၊ ကျောင်းများ၊ ဆေးရုံများကို ဖျက်ဆီးရန် ဆက်လက် အသုံးပြုနေမည်ဖြစ်သည်။ ထိုကိစ္စသည် ရက်စက် ကြမ်းကြုတ်မှု၊ လက်စားချေမှုတို့ဖြင့် ပြုလုပ်သည့် စစ်ဒဏ်ခတ်ခြင်း ဖြစ်သည်။
တချိန်တည်းတွင် စကားပြောကောင်းသည့် စစ်ကောင်စီ ပညာတတ်အစေခံများသည် “ဆုပေးစနစ်” ကို အကောင်အထည် ဖော်နေသည်။ ငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ဖက်ဒရယ်စနစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ရွေးကောက်ပွဲစကားများ မိုးလုံးပြည့် များများ ပြောမည်ဖြစ်သည်။
စစ်တပ်၏ အကြမ်းဖက်မှုနှင့် လုပ်ဇာတ်များ၏ လှည့်စားမှုသည် တူညီသော ဦးတည်ချက်ရှိသည်။ ဒေသတွင်းနှင့် နိုင်ငံတကာ လက်ခံမှုရအောင် လုပ်ရေးသာဖြစ်သည်။ တော်လှန်ရေးအင်အားစုများကို သွေးခွဲပြီး အင်အားချိနဲ့စေခြင်း၊ အတိုက်အခံပါတီအတုများ ပေါ်ပေါက်အောင်လုပ်ပြီး အတိုက်အခံ အစစ်အမှန်များကို ပိတ်ပင်ခြင်းတို့ဖြင့် စစ်ကောင်စီသည် အကန့်အသတ်ရှိသော နေရာများတွင် ရွေးကောက်ပွဲအတုများ ကျင်းပမည်ဖြစ်သည်။ နိုင်ငံပိုင်နက်၏ ၃ ပုံ ၁ ပုံထက် ကျော်မည်မဟုတ်ပေ။ ထို့နောက်တွင် ပြည်ပနိုင်ငံများကို ပုံတူမကူးသည့် “မြန်မာ့နည်း မြန်မာ့ဟန် ဒီမိုကရေစီ” အဖြစ် လုပ်ကြံအောင်ပွဲခံမည် ဖြစ်သည်။
ထိုကိစ္စများအားလုံးသည် မင်အောင်လှိုင် စစ်ဝတ်စုံချွတ်ရန်နှင့် အရပ်သားအတု အခန်းကဏ္ဍ ပြန်ရောက်လာကာ တရားဝင်အစိုးရအယောင်ဆောင် အရေခြုံရန်သာဖြစ်သည်။
စစ်ကောင်စီသည် စစ်ရေးအောင်ပွဲ မရနိုင်သည့်အချိန်တွင် ၎င်း၏ရည်မှန်းချက်မှာ နိုင်ငံရေး ရည်မှန်းချက်ဖြစ်သည်။ မြန်မာဗဟိုအစိုးရအဖြစ် ဒေသတွင်း အသိအမှတ်ပြုမှုကို ကနဦး ရယူပြီးနောက် နိုင်ငံတကာ အသိအမှတ်ပြုမှုရရေး ဖြစ်သည်။
ထိုသို့သော အသိအမှတ်ပြုမှုဖြင့် စစ်ကောင်စီသည် လက်နက်၊ ချေးငွေ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ ပိုမိုလွယ်ကူစွာ ရရှိမည်ဖြစ်သည်။ ထိုရင်းမြစ်များသည် စစ်ပွဲပိုမိုဆင်နွဲရန်နှင့် ၎င်း၏ သူခိုးအုပ်ချုပ်ရေး ပိုမိုနက်ရှိုင်းစေရန် လိုအပ်သော ရင်းမြစ်များဖြစ်သည်။
တော်လှန်ရေးအင်အားစုများ လက်ရှိအချိန်တွင် လုပ်ရမည့်အလုပ်
စစ်ကောင်စီသည် ရွေးကောက်ပွဲအတုကိုသာ ဆက်လက်လုပ်နေမည်ဖြစ်ပြီး အိမ်နီးချင်း အစိုးရများထံမှ ထောက်ခံမှု ဆက်လက်ရနေမည် ဖြစ်သည်။ ယုံကြည်နိုင်ပြီး ညီညွတ်သည့် အခြား ရွေးချယ်စရာတင်ပြရန် မြန်မာ့တော်လှန်ရေးအင်အားစုအတွက် အချိန်ကုန်ဆုံးပြီ ဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မှီခိုအားထားခြင်းသည် လက်တွေ့မကျတော့ပေ။ တော်လှန်ရေး စတင်ပြီးနောက် နိုင်ငံ၏ကြီးမားသော အစိတ်အပိုင်းများ လွတ်မြောက်ပြီး တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း အများစုပါဝင်သည့် လွတ်မြောက်ရေးအင်အားစု အုပ်ချုပ်ရေးအောက် ရောက်လာချိန်တွင် မြန်မာ့ပထဝီနိုင်ငံရေး အခြေခံကျကျ ပြောင်းလဲသွားသည်။ လွန်ခဲ့သောရွေးကောက်ပွဲ၏ တရားဝင်မှု ကုန်ဆုံးသွားသည်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မှီခိုအားထားခြင်းသည် လက်တွေ့မကျတော့ပေ။ တော်လှန်ရေး စတင်ပြီးနောက် နိုင်ငံ၏ကြီးမားသော အစိတ်အပိုင်းများ လွတ်မြောက်ပြီး တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း အများစုပါဝင်သည့် လွတ်မြောက်ရေးအင်အားစု အုပ်ချုပ်ရေးအောက် ရောက်လာချိန်တွင် မြန်မာ့ပထဝီနိုင်ငံရေး အခြေခံကျကျ ပြောင်းလဲသွားသည်။ လွန်ခဲ့သောရွေးကောက်ပွဲ၏ တရားဝင်မှု ကုန်ဆုံးသွားသည်။
လတ်တလော အရေးပေါ်လိုအပ်နေသည်မှာ ရဲရင့်သော သေနင်္ဂဗျူဟာသစ် ဖြစ်သည်။ တော်လှန်ရေး လှုပ်ရှားမှုအတွက် ဒီမိုကရက်တစ် တရားဝင်မှု ပြန်လည်ထူထောင်သည့် သေနင်္ဂဗျူဟာသစ် ဖြစ်သည်။ ထိုကိစ္စကို ဒေသတွင်းနှင့် နိုင်ငံတကာမှ သက်ဆိုင်သူများကို ရွေးချယ်မှုတခုလုပ်ရမည့် လုပ်ငန်းစဉ်မှတဆင့် လုပ်ရမည်ဖြစ်သည်။
စစ်ကောင်စီ ပြုလုပ်သည့် ဗြောင်ကျသော ရွေးကောက်ပွဲအတုကို အသိအမှတ် ပြုမည်လား၊ သို့မဟုတ် ပြည်သူလူထု ထောက်ခံသဘောတူမှု ရနေသည်မှာ အငြင်းပွားစရာမလိုသည့် ပြတ်ပြတ်သားသား တရားဝင်တော်လှန်ရေးအင်အားစုများကို အသိအမှတ်ပြုမည်လားဟု မေးရမည်ဖြစ်သည်။
လွတ်မြောက်ဒေသများအားလုံး၊ အဝေးရောက်နိုင်ငံသားများနှင့် စစ်ကောင်စီထိန်းချုပ်ဒေသများတွင် အွန်လိုင်းမှ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရန်၊ စစ်ကောင်စီက ပြုလုပ်သည့် မဲပေးသူနည်းသော ရွေးကောက်ပွဲအတုနှင့် လုံးဝဆန့်ကျင်သည့် စစ်မှန်သော မဲဆန္ဒရှင် သန်းပေါင်းများစွာက ပေးသည့် တရားဝင်မှုရရန် စာရေးသူ လွန်ခဲ့သော တနှစ်ကျော်က အဆိုပြုခဲ့သည်။ ထိုစဉ်က ထိုအဆိုပြုချက်သည် အာရုံစိုက်မခံရပေ။
ယနေ့တွင် ထိုသို့ ရည်မှန်းချက်ကြီးမားသည့် အားထုတ်မှုသည် နောက်ကျသွားပြီ ဖြစ်သော်လည်း စစ်ရေးအရသာမက နိုင်ငံရေးအရပါ ဆောင်ရွက်ရန် သိပ်နောက်မကျသေးပေ။
တော်လှန်ရေးအင်အားစုများသည် တရားဝင်မှုအုတ်မြစ်သစ်တခုကို အရေးပေါ် တည်ဆောက်ရမည်။ ကမ္ဘာက ယုံကြည်အားထားနိုင်ပြီး အားလုံးအကျုံးဝင်ကာ ထင်သာမြင်သာသော အုတ်မြစ်ဖြစ်သည်။
ရှေ့ဆောင်လမ်းပြဖြစ်သော လုပ်ငန်းများကို ကရင်နီတော်လှန်ရေးအင်အားစုများနှင့် အခြားသူများက လုပ်ဆောင်ထားပြီး ဖြစ်သည်။ ထိုအဖွဲ့များသည် ကျယ်ကျယ်ပြန့်ပြန့် အားလုံးအကျုံးဝင်သည့် အတိုင်ပင်ခံကောင်စီများဖွဲ့ပြီး ထိုအတိုင်ပင်ခံကောင်စီများမှ ကြားကာလ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့ထားသည်။
နောက်ထပ် နှောင့်နှေးမှုမရှိဘဲ လုပ်ရန်လိုသည်မှာ ယာယီ ပူးတွဲညှိနှိုင်းတော်လှန်ရေးအဖွဲ့တခု ဖွဲ့စည်းရေး ဖြစ်သည်။ သို့သော် ထိုအဖွဲ့သည် စစ်ကောင်စီကို တော်လှန်ရေးတွင် တက်ကြွစွာ ဦးဆောင်နေသည့် နိုင်ငံတွင်းမှလူများ၊ လွတ်မြောက်ဒေသမှလူများ ပါဝင်သည့် အဖွဲ့ဖြစ်ရမည်။
ချင်းမိုင် သို့မဟုတ် ကမ္ဘာအနှံ့တွင် ပြန့်ကျဲနေသည်မှာ ကြာပြီဖြစ်သည့် လူများဖြင့် ဖွဲ့ရမည်မဟုတ်ပေ။ ထို ပူးတွဲညှိနှိုင်းတော်လှန်ရေးအဖွဲ့သည် ပြင်ပမှ ပါဝင်ပတ်သက်သူများ စီစဉ်ပေးသည့် အခါအားလျော်စွာ တွေ့ဆုံမှု မဟုတ်ဘဲ နေ့စဉ် အလေးထားပြီး နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာရေးရာတွင် ထိရောက်သော ခေါင်းဆောင်မှုပေးရမည် ဖြစ်သည်။
ထိုအဖွဲ့သည် အောက်ဖော်ပြပါ လုပ်ငန်းစဉ်ဖြင့် ဖွဲ့စည်းသည့် ကြားဖြတ် ဖက်ဒရယ်အမျိုးသား အာဏာပိုင်အဖွဲ့သစ်ကို ဖွဲ့စည်းသည့်အချိန်အထိသာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် ခြောက်လမှ ရှစ်လထက် ပိုမိုမရှည်ကြာပေ။
ညှိနှိုင်းထိုးစစ်များဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတုကို ဟန့်တားရန်၊ နှောင့်နှေးအောင်လုပ်ရန် အချိန် ခြောက်လ ကျန်သေးသည်။ ထိုကိစ္စသည် လွယ်ကူမည် မဟုတ်ပေ။ စစ်ကောင်စီသည် စစ်ပွဲကို လေ့လာထားပြီး လက်နက်သစ်များ၊ နည်ပညာသစ်များနှင့် ရင်းမြစ်များလည်းရှိသည်။ သို့သော် စစ်ဆင်ရေးများကို ညှိနှိုင်းပြီး စစ်မျက်နှာပေါင်းစုံတွင် လုပ်ပါက အောင်မြင်မှုရနိုင်သည်။
ညှိနှိုင်းထိုးစစ်များဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတုကို ဟန့်တားရန်၊ နှောင့်နှေးအောင်လုပ်ရန် အချိန် ခြောက်လ ကျန်သေးသည်။ ထိုကိစ္စသည် လွယ်ကူမည် မဟုတ်ပေ။ စစ်ကောင်စီသည် စစ်ပွဲကို လေ့လာထားပြီး လက်နက်သစ်များ၊ နည်ပညာသစ်များနှင့် ရင်းမြစ်များလည်းရှိသည်။ သို့သော် စစ်ဆင်ရေးများကို ညှိနှိုင်းပြီး စစ်မျက်နှာပေါင်းစုံတွင် လုပ်ပါက အောင်မြင်မှုရနိုင်သည်။
အရေးအကြီးဆုံးမှာ နိုင်ငံတော်အဆင့်၊ ဒေသဆိုင်ရာအဆင့် အတိုင်ပင်ခံကောင်စီများနှင့် ကြားကာလ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းမှု အရှိန်မြှင့်တင်ရန် ထို ခြောက်လကို ပြတ်ပြတ်သားသား၊ တာဝန်သိသိ၊ ရည်မှန်းချက်ရှိရှိ အသုံးချရေး ဖြစ်သည်။
ထိုအဖွဲ့များသည် ခိုင်မာသောလုပ်ပိုင်ခွင့်နှင့် ရှင်းလင်းသော ဒီမိုကရက်တစ် တရားဝင်မှုရှိသည့် ကြားဖြတ် ဖက်ဒရယ်အမျိုးသား အာဏာပိုင်အဖွဲ့သစ် ဖွဲ့စည်းရေးအတွက် အုတ်မြစ်ဖြစ်သင့်ပြီး ထိုရှင်းလင်းသော ဒီမိုကရက်တစ် တရားဝင်မှုသည် စစ်ကောင်စီ ရွေးကောက်ပွဲတု ရလဒ်များက မယှဉ်နိုင်သည့် တရားဝင်မှုမျိုး ဖြစ်သည်။
ထိုသို့လုပ်ရန် ယခုပင် လိုအပ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Igor Blazevic ၏ False Peace, Real War in Myanmar ကို ဘာသာပြန်သည်။ အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။)
You may also like these stories:
စစ်သွေးကြွ မြန်မာဗိုလ်ချုပ်တဦး နော်ဝေ ငြိမ်းချမ်းရေးဖိုရမ်တွင် ပါဝင်
တရုတ်အားကိုး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ပစွက်ဖက်မှုကို ရှုတ်ချ
စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ
နေပြည်တော်က ငြိမ်းချမ်းရေးဖိုရမ် ဘယ်ကိုဦးတည်သလဲ (ရုပ်/သံ)
ငြိမ်းချမ်းရေးဖိုရမ်ကျင်းပနေချိန် စစ်ကောင်စီ ဗုံးလိုက်ကြဲ (ရုပ်/သံ)
တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ကုလသမဂ္ဂ လက်မခံ (ရုပ်/သံ)