ဤလမ်းညွှန်အား ဘာတီး(လ်)လင့်တနာ က ရေးသားပြီး နီကိုလီယာ အပေါ့စတိုလို၊ ရိ ရစ်ချတ်ဆန် နှင့် အလက်ဇာ ဗန် ဆစ်ကယ် တို့က တည်းဖြတ်ပါသည်။ သရုပ်ဖော်ပုံများသည် နိုဂျာဒေါင်း ဘွန်ပရာဆတ် ၏ လက်ရာဖြစ်သည်။
နိဒါန်း
မြန်မာ၊ ထိုင်းနှင့် လာအို သုံးနိုင်ငံ နယ်နိမိတ် ဆုံရာနေရာ ဖြစ်သည့် ရွှေတြိဂံဒေသနှင့် ပတ်သက်၍ ယုံတမ်းဒဏ္ဍာရီကြီး သုံးခု ရှိပါသည်။ ပထမ တခုမှာ ဤဒေသ၏ အမည်မှာ ရွှေနှင့် ပတ်သက်နေ သယောင်ယာင် ရှိပါသည်။ အမှန်တကယ်လည်း ဤဒေသမှ ထွက်ရှိသည့် မူးယစ်ဆေးဝါးများကို ရွှေဖြင့် ပေးချေရလေ့ရှိပါသည်။ ဒုတိယ တခုမှာ အရှေ့တောင်အာရှ၏ ဘိန်းကုန်သွယ်မှုသည် သမိုင်းနှင့်ချီ နက်ရှိုင်းစွာ တည်ရှိနေပြီး ဘိန်းပင်များကို စိုက်ပျိုးလာကြသည်မှာလည်း ရာစုနှစ်နှင့်ချီနေသည်ဆိုသည့် အကြောင်း ဖြစ်ပါသည်။ တတိယ “လူဆိုးများ” (မှောင်ခိုသမားများနှင့် ၎င်းတို့၏ ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ဖော်ကိုင်ဖက်များ) နှင့် “ဇာတ်လိုက်များ” (နိုင်ငံတကာနှင့် ဒေသတွင်း ဥပဒေစိုးမိုးရေးအဖွဲ့များသည် ဘိန်းကုန်သွယ်ရေး ရပ်တန့်သွားရန်နှင့် နောက်ကွယ်မှ ရာဇဝတ်ကောင်များကို ဖမ်းဆီးနိုင်ရန် အလို့ငှာ ၎င်းတို့ အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိသည်) အကြား စစ်ပွဲ တခု ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည် ဆိုသည့် အကြောင်းပင် ဖြစ်ပါသည်။ သို့သော်လည်း မြေပြင်တွင်မူ ဤထူးခြားချက်များမှာ ရှင်းရှင်းလင်းလင်း မရှိလှချေ။
GIJN ၏ ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်တွင် အကြောင်းအရာ အစုံအလင် ပါရှိပါသည်။
ရွှေတြိဂံ ဟူသည့် အမည်သည် လူအများယုံကြည်ထားသကဲ့သို့ အရှေ့တောင်အာရှက ဘိန်းထွက်ရှိရာ ဒေသ၏ ရှေးခေတ်ကတည်းက တွင်သည့် အမည်ဟောင်း မဟုတ်ပေ။ ၁၉၇၁ ခုနှစ် ဂျူလိုင်လ ၂၄ ရက်ထုတ် အာရှတိုက်၏ နာမည်ကျော် အရှေ့ဖျားစီးပွားရေးရီဗျူး အပတ်စဉ်ထုတ် မဂ္ဂဇင်း (ယခုအခါ ဆက်လက် ထုတ်ဝေခြင်း မပြုတော့) တွင် မျက်နှာဖုံးတွင် “ထူးဆန်းထွေလာ ဘိန်းကမ္ဘာ” ဆိုသည့် ခေါင်းစဉ်ဖြင့် ရေးသားထားသော ဆောင်းပါးတပုဒ်တွင် ဤအမည်ကို စတင် ပုံနှိပ်ဖော်ပြခဲ့ခြင်းသာ ဖြစ်ပါသည်။ ထိုဆောင်းပါးကို အမေရိကန်နိုင်ငံသား စာရေးဆရာ၊ သမိုင်းပညာရှင်၊ ဂျာနယ်လစ် ဖြစ်သည့် တီ ဒီ အယ်မန် က ရေးသားခဲ့ခြင်း ဖြစ်သည်။ ဘိန်းအများစုကို တချိန်က အမေရိကန် စွပ်စွဲသလို တရုတ်နိုင်ငံမှာ စိုက်ပျိုးတာ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ အရှေ့မြောက်ဒေသကနေ ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် လာအိုနိုင်ငံ အနောက်မြောက်ပိုင်း အထိ ကျယ်ပြန့်သည့် “ရွှေတြိဂံ” ဒေသတွင် စိုက်ပျိုးတာသာ ဖြစ်ကြောင်း ထိုအချိန်က အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မာရှယ် ဂရင်းက ပြောဆိုသည့် စကားကို ဖော်ပြထားသည်။ အမေရိကန်အစိုးရက တရုတ်အစိုးရနှင့် ပုလဲပနံသင့်အောင် ကြိုးပမ်းနေသည့် ထိုအချိန်ကာလတွင် ဂရင်း၏ ပြောဆိုချက်နှင့် အယ်မန်၏ ဆောင်းပါးတို့လည်း တိုက်တိုက်ဆိုင်ဆိုင် ပေါ်ထွက်လာခဲ့သည်။ ထို့အပြင် နောက်လတွင် နစ်ဆင်က တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်မှာဖြစ်ကြောင်းလည်း ကြေညာထားလေသည်။
နောက်ကွယ်တွင် မည်သို့သော အကြောင်းများ ရှိစေကာမူ လူအများစု၏ စိတ်အာရုံကိုလည်း အတော်လေး ဖမ်းစားထားနိုင်သလို ဘိန်းကုန်သွယ်မှု၏ ဥပဒေကင်းမဲ့သည့် သဘောသဘာဝကိုလည်း အမှတ်ရစေသည်။ နှစ်အနည်းငယ် အတွင်းမှာပင် ရွှေတြိဂံသည် အရှေ့တောင်အာရှ၏ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် ပြဿနာအားလုံး၏ သင်္ကေတ ဖြစ်လာသည်။ အင်္ဂလိပ် အက္ခရာ အကြီး “G” နှင့် “T” လို့လည်း ရေးကြသည်။ ရွှေတြိဂံကို တရုတ်ဘာသာဖြင့် (ကျင်းဆန်းကျောင်)၊ ထိုင်းဘာသာဖြင့် (ဆမ်လျမ်ထောင်းခမ်း) ဟူ၍ ခေါ်ကြသည်။ အဘယ်ကြောင့် ဆိုသည်ကို အလွယ်တကူ နားလည်နိုင်ပေသည်။ ဤဒေသတွင် ငွေကြေး နှစ်မျိုးနှစ်စားသာ အစဉ်တည်တံ့လျက်ရှိသည်။ ထိုနှစ်မျိုးမှာ မူးယစ်ဆေးဝါးနှင့် ရွှေ တို့သာ ဖြစ်ကြသည်။ ယခင်ကဆိုရင် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဘိန်းခင်းများမှ ဘိန်းစိမ်းများကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် မျက်နှာချင်းဆိုင်က နယ်စပ်မြို့ ဖြစ်သည့် တာချီလိတ်မြို့သို့ အစောင့်အကြပ် အင်အားကြီးကြီးမားမားပါသည့် လားဝန်တင်တန်းဖြင့် သယ်ထုတ်လာကြသည်။ တာချီလိတ်တွင်ပင် ထိုင်း၊ လာအိုနှင့် တခြားနိုင်ငံများမှ လာကြသည့် ဘိန်းအဝယ်တော်များထံ ရောင်းချကြသည်။ ရွှေချောင်းများဖြင့်သာ ငွေချေကြသည်။ ရွှေဖြင့် ဘိန်းကို ဝယ်ယူရသည့် အဖြစ်သည် ထိုဒေသ၏ အမည် တွင်လာပုံပင် ဖြစ်ပေသည်။
ရွှေတြိဂံဒေသသည် နယ်နိမိတ် အတိအကျ မရှိဘဲ နိုင်ငံအတော်များများကို လွှမ်းခြုံထားသည့် အတွက် မည်ရွေ့မည်မျှ ကျယ်ဝန်းသည်ဟု အတိအကျဆိုရန် မဖြစ်နိုင်ပေ။ ခန့်မှန်းချေအားဖြင့် စတုရန်း ကီလိုမီတာ ၂၀၀,၀၀၀ ခန့် (၇၇,၂၂၀ စတုရန်းမိုင်ခန့်) ရှိနိုင်ပြီး ယူကေနိုင်ငံ အကျယ်အဝန်းထက် အနည်းငယ် သေးငယ်သည်ဟု ဆိုနိုင်ပါလိမ့်မည်။ မြေမျက်နှာပြင် ကြမ်းတမ်းကာ တောင်ထူထပ်ပြီး လူဦးရေ ကျဲပါးသည့် ဒေသ ဖြစ်သည်။ လူဦးရေ ခြောက်သန်းမှ ခုနစ်သန်းခန့်ထက် မပိုနိုင်ဘဲ လူနည်းစု လူမျိုးစုများဖြစ်သည်။ အများအားဖြင့် တောင်ပေါ်နေ လူမျိုးစုဖြစ်ကြသော်လည်း မြစ်ဝှမ်းများမှာ နေထိုင်ကြသည့် လူမျိုးစုများလည်း ရှိသည်။ ရွှေတြိဂံဒေသ၏ မြန်မာနိုင်ငံဘက် အခြမ်းသည် အကျယ်ဝန်းဆုံးနှင့် အဆင်းရဲဆုံးဒေသဖြစ်ပြီး ဘိန်းကို အမြဲတမ်းနှင့် အများဆုံး စိုက်ပျိုးသည့် ဒေသလည်း ဖြစ်သည်။ ထိုင်းနိုင်ငံဘက် အခြမ်းသည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး အများအားဖြင့် မြို့ပြပုံစံ ဖြစ်နေကြပြီ။ ဘိန်းစိုက်ပျိုးထုတ်လုပ်ခြင်းလည်း မရှိတော့ပေ။ လာအိုနိုင်ငံတွင်မူ ဘိန်းစိုက်ပျိုးထုတ်လုပ်သူများ ရှိနေဆဲဖြစ်သော်လည်း ယခင်ကလို မများပြားတော့ပေ။
ယနေ့ခေတ် မြန်မာနိုင်ငံနှင့် မကြာသေးခင် ကာလအထိ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ဘိန်းစိုက်ပျိုးသည့် တောင်တန်းသားများသည် ဆန်စပါး စိုက်ပျိုးရန် မဖြစ်နိုင်သည့် မြင့်မားသော တောင်ပေါ်တွင် နေထိုင်ကြသည်။ ထို့ကြောင့် တောင်ခြေမြေနိမ့်ဒေသမှ ဆန်နှင့် အခြားပစ္စည်းများ ဝယ်ယူရန်အတွက် ငွေဖြစ်နိုင်သည့် သီးနှံအပေါ် မှီခိုအားထားကြရသည်။ သို့သော် အများထင်ကြသကဲ့သို့ ဘိန်းသည် ရွှေတြိဂံဒေသတွင် ငွေဖြစ်နိုင်သည့် အဓိက သီးနှံ အဖြစ် အမြဲ တည်ရှိနေခြင်း မဟုတ်။ ဘိန်းရောင်းချခြင်းနှင့် သုံးစွဲခြင်းသည် တရားမဝင်ဟု အမြဲတမ်း သတ်မှတ်ထားသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက အရှေ့တောင်အာရှ နိုင်ငံများ အားလုံးတွင် ဘိန်းလုပ်ငန်းကို အစိုးကသာလျှင် လက်ဝါးကြီးအုပ် လုပ်ကိုင်သည်။ ယနေ့ခေတ် ဆေးလိပ်နှင့် အရက်လုပ်ငန်းများအား လက်ဝါးကြီးအုပ် ထိန်းချုပ်ပုံနှင့် ခြားနားမှု မရှိပါ။
၁၉ ရာစုအတွင်း၌ပင် ဗြိတိသျှတို့သည့် တရုတ်နိုင်ငံနှင့် ၁၈၃၉−၁၈၄၂ တွင် တကြိမ်၊ ၁၈၅၆−၁၈၆၀ တွင် တကြိမ်ဖြင့် ဘိန်းစစ်ပွဲ နှစ်ကြိမ်တိုင်တိုင် ဆင်နွှဲခဲ့ပြီး ဟောင်ကောင်ကို သိမ်းယူခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံမှ ဘိန်းများ အတွက် တရုတ်နိုင်ငံတွင် ဈေးကွက်ဖွင့်နိုင်ခဲ့သည်။ အိန္ဒိယတိုက်ငယ်၏ အရှေ့ဘက်ပိုင်းဖြစ်သည့် ဘင်္ဂလားပြည်နယ်နှင့် အခြားဒေသများရှိ ကျယ်ပြန့်လှသည့် ဘိန်းခင်းများကို ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီက ထိန်းချုပ်ထားသည်။ ထိုခေတ်က ဘင်္ဂလားပြည်နယ်သည် ယနေ့ခေတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် တို့ ဖြစ်ကြသည်။ အိန္ဒိယနိုင်ငံ ကာကတ္တား (ယနေ့ခေတ် ကိုလ်ကတ္တား)၊ ဘုံဘေ (ယနေ့ခေတ် မွန်ဘိုင်) နှင့် အခြားမြို့ကြီးများတွင် ဘိန်းသိုလှောင်ရုံများ ရှိသည်။ မြန်မာနိုင်ငံတွင်လည်း ဘိန်းအနည်းငယ် ထုတ်လုပ်နိုင်သည်။ ဒုတိယကမ္ဘာစစ် မတိုင်မီက ရှမ်းပြည် တောင်တန်းဒေသများ (ယနေ့ခေတ် ရွှေတြိဂံဒေသ၏ မြန်မာနိုင်ငံဘက် အခြမ်း) တွင် စိုက်ပျိုးကာ တနှစ်လျှင် တန် ၃၀ ခန့်ထွက်သည်။ ဘိန်းခွန်သည် ရှမ်းစော်ဘွားများအတွက် ဝင်ငွေရပေါက်ရလမ်း တခုဖြစ်သည်။ ကိုလိုနီ အာဏာပိုင်များသည် ၁၉၁၀ ဘိန်းအက်ဥပဒေနှင့် နောက်ပိုင်းတွင် ပြဋ္ဌာန်းသည့် ၁၉၃၈ ဘိန်းစည်းမျဉ်းများဖြင့် ဘိန်းကုန်သွယ်မှုကို တင်းကြပ်စွာ ချုပ်ကိုင်ထားသည်။
ယိုးဒယား (ယခု ထိုင်းနိုင်ငံ) သည် ဥရောပနိုင်ငံများ၏ လက်အောက်ခံအဖြစ် ကျရောက်ဖူးခြင်း မရှိပေ။ သို့သော်လည်း အိမ်နီးချင်းနိုင်ငံများက နိုင်ငံခြားအုပ်ချုပ်သူများ ချုပ်ကိုင်သည့် ဘိန်းကုန်သွယ်ရေး ဘေးဆိုးကြီးမှ ကင်းလွတ်နိုင်ခြင်း မရှိပါ။ ယိုးဒယားဘုရင် မောင်းကွတ် (စတုတ္ထမြောက် ရာမမင်း) သည် ဘိန်းသုံးစွဲမှုကို ပိတ်ပင်ရန် ကြိုးပမ်းခဲ့ဖူးသော်လည်း ဗြိတိသျှတို့၏ ဖိအားပေးမှုကို အညံ့ခံလိုက်ရပြီး ၁၈၅၂ ခုနှစ်တွင် အိန္ဒိယမှ ဘိန်းအမြောက်အမြား စတင်တင်သွင်းခဲ့ရသည်။ မောင်းကွတ်ဘုရင်သည် ဘုရင်ပိုင်ဘိန်းလုပ်ငန်း တခုကို တည်ထောင်ပြီး ကြွယ်ဝချမ်းသာသည့် တရုတ်လူမျိုး ကုန်သည်ကြီး အများစု ဖြစ်သည့် နိုင်ငံတွင်းက လုပ်ငန်းရှင်များအား ဘိန်းလုပ်ကိုင်ခွင့်များ ချပေးခဲ့သည်။ ဘိန်း၊ ထီ၊ လောင်းကစားနှင့် အရက် လုပ်ကိုင်ခွင့်များကို မည်သူမဆို လျှောက်ထားနိုင်သည်။ ၁၉ ရာစုအကုန်ကာလတွင် အဆိုပါ လက်ဝါးကြီးအုပ်ထားသည့် လုပ်ငန်းများမှ ရရှိသော အခွန်အတုတ်များသည် ယိုးဒယားအစိုးရ ဝင်ငွေ၏ ၄၀ မှ ၅၀ ရာခိုင်နှုန်းအထိ ရှိသည်ကို တွေ့ရပါသည်။
အစောပိုင်းကာလတွင် ပြင်သစ်တို့ကလည်း အင်ဒိုချိုင်းနားကို သိမ်းပိုက်သည့် စရိတ်ကာမိရန် အတွက် ဘိန်းလုပ်ငန်းဘက်ကို ဦးလှည့်ခဲ့ဖူးသည်။ အာဖဂန်နစ်စတန်နှင့် အိန္ဒိယမှ ဘိန်းများကို အဆိုပါဒေသသို့ တင်သွင်းခဲ့ပြီး ပြင်သစ်၏ ဘိန်းလုပ်ငန်း အားလုံးကို အစိုးရက စီမံခန့်ခွဲသော တစ်ဦးတည်းပိုင် ဘိန်းလုပ်ငန်းဖြစ်သည့် Régie de l’opium ဟုခေါ်သော တန်ခိုးထွားသည့် အေဂျင်စီအောက်တွင် စုစည်းထားသည်။ ရရှိသည့်အမြတ်မှာ များပြားလှပြီး အရောင်းအဝယ်လည်း ဖြစ်ထွန်းလှပေသည်။ ၁၉၀၀ ပြည့်နှစ်ခန့်တွင် ပြင်သစ်ပိုင် အင်ဒိုချိုင်းနား အစိုးရ ဝင်ငွေ၏ ထက်ဝက်ကျော်သည် ဘိန်းမှ ရရှိသည့် အခွန်အတုတ်များသာ ဖြစ်သည်။ ၁၉၃၀ တွင်မူ အင်ဒိုချိုင်းနားတွင် လိုင်စင်ရ ဘိန်းခန်းပေါင်း ၃၅၀၀ ရှိ၍ အရွယ်ရောက် အမျိုးသား ၁၅၀၀ လျှင် ဘိန်းခန်း တခန်းနှုန်းပင် ဖြစ်လေသည်။ အရှေ့အိန္ဒိယကျွန်းစု (ယနေ့ခေတ် အင်ဒိုနီးရှားနိုင်ငံ) ရှိ ဒတ်ချ်တို့သည်လည်း တူရကီနိုင်ငံနှင့် ပါရှားနိုင်ငံ (ယနေ့ခေတ် အီရန်နိုင်ငံ) မှ ဘိန်းများကို အလားတူ တင်သွင်းလုပ်ကိုင်ခဲ့သည်။
၁၉၄၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရရှိခြင်းသည် ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး တိုက်ကြီးရှိ ကိုလိုနီ အုပ်စိုးမှုကို ချုပ်ငြိမ်းသွားစေသည့် လမ်းစဖြစ်သည့် အလျောက် ဒုတိယကမ္ဘာစစ်ကြီးသည် အာရှတိုက်၏ နိုင်ငံရေးမြေပုံကို ပြောင်းလဲပစ်လိုက်ရုံသာမက အရှေ့တောင်အာရှ၏ ဘိန်းကုန်သွယ်ရေးကိုပါ အကြီးအကျယ် ထိခိုက်စေပါသည်။ အိန္ဒိယနှင့် အနောက်အာရှဘက်မှ လာသည့် ပင်လယ်ရေကြောင်းသည် စစ်ကြီးကြောင့် မလုံခြုံတော့သည့်အတွက် ပြင်သစ်တို့သည် တုံကင် အနောက်မြောက်ဘက် (ယနေ့ ဗီယက်နမ် အနောက်မြောက် ဒေသ) နှင့် လာအိုရှိ တောင်ပေါ်ဒေသများတွင် ဘိန်းစိုက်ပျိုးရန် အားပေးခဲ့သည်။ ဘိန်းကို အကြီးအကျယ် ထုတ်လုပ်သည့် နိုင်ငံ မဖြစ်ခဲ့ဖူးသည့် ထိုင်းနိုင်ငံတွင်လည်း နိုင်ငံ၏ မြောက်ပိုင်းတွင် ဘိန်းကို တိုးချဲ့ စိုက်ပျိုးလာသည်ကို တွေ့ရသည်။
ခေတ်ဟောင်း ကိုလိုနီအစိုးရများကလည်း ဘိန်းကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းကို တဖြည်းဖြည်းနှင့် စွန့်လွှတ်လာကြသည်။ အိန္ဒိယနိုင်ငံတွင် ဘိန်းကို ဆက်လက် ထုတ်လုပ်နေသော်လည်း ဆေးဘက်ဆိုင်ရာ အသုံးပြုရန် အတွက် မော်ဖင်းနှင့် အခြားဆေးဝါးများကိုသာ ထုတ်လုပ်ရန်အတွက် စိုက်ပျိုးခြင်းသာ ဖြစ်သောကြောင့် ထုတ်လုပ်သည့် ပမာဏများစွာ လျော့နည်းသွားသည်။ အခြားနည်းလမ်းဖြင့် ဘိန်းသုံးစွဲမှုများသည် ရာဇဝတ်သင့်ပြီး တရားဝင်မှု နည်းပါးလှသည်။ အကျင့်ပျက်ခြစားမှုသည် အဓိက ပြဿနာဖြစ်ပြီး ပြည်တွင်းပြဿနာများကလည်း အထူးသဖြင့် မြန်မာနိုင်ငံတွင် ဘိန်းထုတ်လုပ်မှု ပိုမိုတိုးတက်လာရန် တွန်းအားပေးခဲ့သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့ တရုတ် အမျိုးသားရေးဝါဒီ ကူမင်တန်တပ်များ ကျူးကျော်ဝင်ရောက်လာခြင်းသည် အလှည့်အပြောင်းကြီး ဖြစ်ခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်တွင်းစစ်၌ ရှုံးနိမ့်ခဲ့သည့် တရုတ်အမျိုးသားရေးဝါဒီတပ်ဖွဲ့များသည့် မြန်မာနိုင်ငံ အရှေ့မြောက်ဘက်ခြမ်း ဝေးလံသည့် ဒေသများသို့ ဆုတ်ခွာလာခဲ့ကြပြီး လျှို့ဝှက်စစ်စခန်းများ တသီတတန်းကြီး တည်ဆောက်ခဲ့ကြသည်။ ရည်ရွယ်ချက်ကတော့ မော်စီတုန်း၏ ကွန်မြူနစ်လက်အောက် ကျရောက်သွားသည့် တရုတ်နိုင်ငံကို ပြန်လည်သိမ်းပိုက်ရန် ဖြစ်သည်။ ကူမင်တန်များ ဘိန်းကုန်သွယ်မှုတွင် ပါဝင်လာခြင်းနှင့် ပတ်သက်၍ နာမည်ကျော် ကူမင်တန် ဗိုလ်ချုပ်များထဲမှ တဦးဖြစ်သည့် တွမ့်ရှီးဝင် က “ကျုပ်တို့ အနေနဲ့ ကွန်မြူနစ် မကောင်းဆိုးဝါးတွေကို ဆက်တိုက်ရမယ်။ ဒီလိုတိုက်တဲ့အခါ စစ်တပ်ရှိရမယ်။ စစ်တပ်မှာလည်း လက်နက်ရှိရမယ်။ လက်နက်တွေဝယ်ဖို့ ဆိုတာ ငွေရှိရမယ်။ ဒီတောင်တန်းတွေပေါ်မှာ ငွေဖြစ်နိုင်တာ ဆိုလို့ ဘိန်းပဲရှိတယ်” ဟု ပွင့်ပွင့်လင်းလင်း ရှင်းပြခဲ့ဖူးသည်။
ရွှေတြိဂံဒေသသည် ကမ္ဘာပေါ်ရှိ အမျိုးမျိုးသော တရားမဝင်လုပ်ငန်းများ အားလုံး၏ ဗဟိုချက်မများထဲမှ တခု ဖြစ်နေသည်။
ဤပြောဆိုချက်သည် ရှမ်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့ အများအပြား – ဗဟိုအာဏာပိုင်များကို ဆန့်ကျင်ရန် အတွက် ၁၉၅၀ ပြည့်လွန်နှစ်များ ကတည်းက လက်နက်ကိုင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များနှင့် မြန်မာအစိုးရ တပ်မတော်အပါအဝင် ဒေသခံ ပြည်သူ့စစ်တပ်ဖွဲ့များ – ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှု၏ ရှုပ်ထွေးသော နိုင်ငံရေးထဲ ပါဝင်ပတ်သက်လာသည့် အကြောင်းကို နိမိတ်ဖတ်သကဲ့သို့ ဖြစ်နေပေသည်။
ကူမင်တန်များက တောင်ပေါ်နေ လူမျိုးစု တောင်သူများကို ဘိန်းပိုမိုစိုက်ပျိုးရန် မက်လုံးပေးခဲ့သည်။ နောက်ပိုင်းတွင် တောင်သူများ ဘိန်းပိုမိုစိုက်ပျိုးရန် ဖိအားပေးသည့် အနေဖြင့် ကူမင်တန်များက ဘိန်းခွန် အဆမတန် ကောက်ခံခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်လယ်ပိုင်းတွင် ရွှေတြိဂံဒေသ၏ မြန်မာနိုင်ငံဘက် အခြမ်းတွင် ဘိန်းထုတ်လုပ်မှု ၁၀ ဆ၊ အဆ ၂၀ အထိ ထိုးတက်လာခဲ့ပြီး တနှစ်လျှင် တန်ချိန် ၃၀၀ မှ ၆၀၀ အထိ ထွက်ခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်းမှ စစ်ပွဲကြောင့် မြေနိမ့်ဒေသ ဈေးကွက်များသို့ သွားရောက် ရောင်းချရန် စိုက်ပျိုးနေကြ ငွေဖြစ် သီးနှံများ ဖြစ်ကြသည့် လက်ဖက် သို့မဟုတ် ဆေးရွက်ကြီးများ စိုက်ပျိုးရန်မှာ အလွန်အမင်း စွန့်စားရာကျပေသည်။ ကုန်သည်များက ရွာအရောက် ဘိန်းစိမ်းများကို လာဝယ်သောကြောင့် ဘိန်းကိုသာ လုံခြုံစိတ်ချစွာ စိုက်ပျိုးနေပြီဖြစ်သည်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု အပြီး မြန်မာနိုင်ငံ၏ စီးပွားရေးလည်း ပြိုလဲသွားခဲ့သည်။ ဆုံးဝါးလှသော မူဝါဒဖြစ်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကိုလည်း စတင်ခဲ့သည်။ ရှမ်းနှင့် အခြားသူပုန်များအား တိုက်ခိုက်ရန် အတွက် မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းက ဒေသခံ ကာကွယ်ရေးအဖွဲ့များကို ၁၉၆၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကာကွယ်ရေးအဖွဲ့များသည် သူပုန်များကို တိုက်ခိုက်ရသည့်အတွက် အပေးအယူ အဖြစ် ရှမ်းပြည်နယ် အတွင်းရှိ အစိုးရထိန်းချုပ်ရာ လမ်းမကြီးများ၊ မြို့များ အားလုံးကို ဖြတ်သန်းသွားလာပြီး ဘိန်းမှောင်ခိုလုပ်ခွင့် ရထားကြသည်။ ဤအခြေအနေတွင် သူပုန်နှိမ်နင်းရေးအတွက် ရန်ကုန်ရှိ ဗဟိုဘဏ္ဍာတိုက်တွင်းမှ ငွေများဖြင့် ထောက်ပံ့ရန် ခက်ခဲနေသောကြောင့် ဘိန်းကုန်သွယ်ခွင့်ပေးထားခြင်းဖြင့် ကာကွယ်ရေးအဖွဲ့များသည် ကိုယ့်စားရိတ်ကိုယ်ရှာကာ ရပ်တည်နိုင်ကြလိမ့်မည်ဟု မြန်မာအစိုးရက မျှော်လင့်ထားသည်။ ထို့ကြောင့် ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် အတော်များများ ချမ်းသာ ကြွယ်ဝလာကြသည်။ ရွှေတြိဂံဒေသ၏ နာမည်ကျော် ဘိန်းဘုရင်များ ဖြစ်ကြသည့် လော်စစ်ဟန်နှင့် ကျန်းချီဖူ (နောက်ပိုင်းတွင် ခွန်ဆာ ဟူသည့် အမည်ဖြင့် ကျော်ကြားသည်) တို့သည် ထိုအချိန်က အစိုးရ လက်အောက်ခံ ကာကွယ်ရေး အဖွဲ့ ခေါင်းဆောင်များအဖြစ် ဘိန်းလုပ်ငန်းကို စတင်ခဲ့ကြသည်။ လော်စစ်ဟန် က ဘိန်းစိုက်ပျိုးသည့် ကိုးကန့်ဒေသတွင် အခြေပြုကာ ခွန်ဆာ က မြန်မာစစ်တပ် အခြေစိုက်သည့် တန့်ယန်းမြို့ အနီးက ဘိန်းစိုက်ပျိုးသည့် လွယ်မော် တောင်ကြောတွင် အခြေပြုသည်။
ဒေသတွင်းနှင့် ကမ္ဘာတဝှမ်းတွင် ဘိန်းဝယ်လိုအားနှင့် ဘိန်းမှ တဆင့်ထုတ်လုပ်သည့် ဘိန်းဖြူ ဝယ်လိုအား လျော့နည်းလာသည့်အလျောက် ယနေ့ခေတ် ရွှေတြိဂံဒေသ၏ ဘိန်းထုတ်လုပ်မှုသည်လည်း လျော့နည်းလာခဲ့ရသည်။ ထို့ကြောင့် ဆင်းရဲလှသည့် တောင်ပေါ်လူမျိုးစု ဘိန်းစိုက်တောင်သူများကိုသာ ထိခိုက်စေပြီး ၎င်းတို့၏ ဝင်ငွေလည်း ဆုံးရှုံးခဲ့ရသည်။ ဘိန်းဘုရင်များမှာမူ မက်သဖက်တမင်း (ဒေသတွင်းတွင်မူ ထိုင်းဘာသာဖြင့် “ရူးသွပ်စေသည့်ဆေး” ဟု အဓိပ္ပာယ်ရသည့် ယာဘ ဟုသာ လူသိများသည်) နှင့် အခြား ဖန်တီးထုတ်လုပ်ရသည့် မူးယစ်ဆေးဝါးများဘက်သို့ ခြေဦးလှည့်သွားကြသည်။ ၎င်းမူးယစ်ဆေးဝါးများ ထုတ်လုပ်ရန်အတွက် ဓာတုပစ္စည်းများသာ လိုအပ်ပြီး ဈေးကွက်အသစ်မှာလည်း အသင့်ဖြစ်နေပြီး ဖြစ်သည်။ ရွှေတြိဂံဒေသ၏ မြန်မာနိုင်ငံဘက်အခြမ်းတွင် ဥပဒေ ဆိတ်သုဉ်းနေမှုကြောင့် လူကုန်ကူးမှု၊ တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု၊ မြေရှားသတ္တု တူးဖော်မှုနှင့် ရှေးဟောင်းပစ္စည်း မှောင်ခို အစရှိသည့် တခြားသော တရားမဝင် လှုပ်ရှားမှုများ၏ ဗဟိုချက်မ တခု ဖြစ်လာသည်။ အတော်အသင့် ကောင်းမွန်သော် သေနတ်များကို ရွှေတြိဂံဒေသအတွင်းရှိ စက်ရုံများ၊ အလုပ်ရုံများတွင်ပင် ထုတ်လုပ်ကာ အရှေ့တောင်အာရှ အတွင်းရှိ သူပုန်များ၊ ရာဇဝတ်ဂိုဏ်းများသို့ ရောင်းချလျက်ရှိကြသည်။ လာအိုနိုင်ငံ မြောက်ပိုင်း အပြင် ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် မြန်မာနိုင်ငံ နယ်စပ်တလျှောက်တွင် ကာစီနို လောင်းကစားရုံ ၂၀ ထက်မနည်း တည်ဆောက်ထားပြီး ဖြစ်သည်။ ထိုနေရာများကို ငွေကြေးခဝါချဖို့အတွက် အသုံးပြုကြသည်။
တနည်းအားဖြင့် ရွှေတြိဂံဒေသသည် ကမ္ဘာ့ပေါ်ရှိ အမျိုးမျိုးသော တရားမဝင်လုပ်ငန်းများ အားလုံး၏ ဗဟိုချက်မများထဲမှ တခု ဖြစ်နေသည်။ ဒီဒေသအတွင်းရှိ လျှို့ဝှက် အမှောင်ကမ္ဘာ စီးပွားရေး အပြင် ၎င်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းများတွင် လည်ပတ်နေသည့် ငွေပမာဏသည် တနှစ်လျှင် အမေရိကန် ဒေါ်လာ ဘီလီယံနှင့်ချီ ရှိပေသည်။
ရွှေတြိဂံဒေသတွင် “မူးယစ်ဆေး တိုက်ဖျက်ရေးစစ်ပွဲ” တခု ရှိသည်ဟု ထင်စရာ ဖြစ်လာသည်။ “မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲ” ဆိုသည့် ဝေါဟာရသည် ၁၉၇၁ ဂျွန်လ အတွင်း ကျင်းပခဲ့ပြီး မူးယစ်ဆေး အလွဲသုံးစွဲမှုကို “ပြည်သူ့ရန်သူ နံပါတ်တစ်” အဖြစ် ထိုအချိန်က သမ္မတ ရစ်ချက် နစ်ဆင် က ကြေညာခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ တခုနောက်ပိုင်း မီဒီယာများအကြား ရေပန်းစားခဲ့သည့် ဝေါဟာရ ဖြစ်သည်။ အခုထိလည်း ထိုစစ်ပွဲကို ဆင်နွှဲနေဆဲ ဖြစ်သည်။
သိုသော် ရွှေတြိဂံဒေသ မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲသည် နိုင်ငံတကာအဖွဲ့အစည်းများက ပြင်မကမ္ဘာကို ယုံကြည်စေချင်သလို ရှင်းလင်းပြတ်သားမှု မရှိပေ။ မြန်မာနိုင်ငံမှ လူမျိုးစု တော်လှန်ပုန်ကန်မှုသည် လည်းကောင်း၊ အစိုးရဘက်မှ ပုန်ကန်မှုနှိမ်နင်းရေး အစီအမံများသည်လည်းကောင်း မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် နီးကပ်စွာ ဆက်နွှယ်လျက် ရှိနေသည်။ ၁၉၇၃ ခုနှစ်တွင် ကာကွယ်ရေးအဖွဲ့များအား ဖျက်သိမ်းလိုက်သော်လည်း အစိုးရက ပြည်သူ့စစ်တပ်ဖွဲ့များကို အသစ်ထပ်မံ ဖွဲ့စည်းခဲ့သည်။ ပြည်သူ့စစ်များသည် ကာကွယ်ရေးများ၏ နေရာကိုယူကာ တရားဥပဒေအရ တားမြစ်ထားသည့် ပြစ်မှုမကင်းသည့် အလုပ်များစွာကို လုပ်ကိုင်ခဲ့ကြသည်။ နိုင်ငံတကာ ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်ရမည့် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံများရှိ ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအတွင်း၌ အကျင့်ပျက်ခြစားမှု အကြီးအကျယ်ပျံ့နှံ့ သောင်းကြမ်းလျက်ရှိသည်။ ထို့ကြောင့် အစိုးရတာဝန်ရှိသူများ ကုန်သွယ်မှုတွင် ပတ်သက်နေသည့် အကြောင်းကို နိုင်ငံခြား ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ အစီရင်ခံစာတွင် ဖော်ပြခဲလှပြီး ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ အစီရင်ခံစာတွင် လုံးဝ ဖော်ပြခဲ့ဖူးခြင်း မရှိပေ။
ရွှေတြိဂံဒေသအတွင်းရှိ မူးယစ်ဆေးဝါးနှင့် အခြား ကုန်ပစ္စည်း ကုန်သွယ်မှု အကြောင်းများကို ရေးသားမည် ဆိုပါက နောက်ခံ သမိုင်းကြောင်းကို လေ့လာရန် အရေးကြီးသည်။
ထို့အပြင် ရွှေတြိဂံဒေသ ဘိန်းကုန်သွယ်မှု၏ ရှေ့ဆောင်ဖြစ်သည့် ကူမင်တန်တို့သည် အမေရိကန် ပြည်ထောင်စု၊ ထိုင်း၊ ထိုင်ဝမ် အစရှိသည့် နိုင်ငံများမှ သူလျှိုအဖွဲ့အစည်းများနှင့် နီးကပ်စွာ လုပ်ကိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ထောက်လှမ်းရေး လုပ်ငန်းများတွင် အသုံးဝင်နေသရွေ့ ကူမင်တန် အရာရှိများ တရားမဝင် လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခဲ့သည်ကို မမြင်ချင်ဟန်ပြုထားကြပေသည်။ ယနေ့ခေတ်တွင်လည်း တရုတ်နိုင်ငံ ရွှေတြိဂံဒေသမှ မူးယစ်ဆေးဝါး မှောင်ခိုများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိနေသည်။ အကြောင်းပြချက် အတူတူပင် ဖြစ်သည်။ “မူးယစ်ဆေး တိုက်ဖျက်ရေး စစ်ပွဲ” ၏ နောက်ဆုံးရလဒ်မှာ ဖမ်းဆီးခံရသူများဖြစ်ပြီး အများစုမှာ မူးယစ်ဆေးဝါးများအား တနေရာမှ တနေရာသို့ သယ်ယူပို့ဆောင်သူများသာ ဖြစ်ကြပြီး အလွယ်တကူ အစားထိုးနိုင်သူများသာ ဖြစ်ကြသည်။ ဘိန်းရာဇာကြီးများ အဖမ်းခံရသည်မှာ ရှားရှားပါးပါးသာဖြစ်သည်။ သူတို့အနေဖြင့် အစိုးရနှင့် အပေးအယူလုပ်နိုင်ရန် စီမံကြသည်။ လော်စစ်ဟန်နှင့် ခွန်ဆာ တို့သည် သူတို့၏ နောက်ဆုံးနေ့ရက်များကို မြို့တော်ဟောင်းဖြစ်သည့် ရန်ကုန်တွင် စည်းစိမ်ချမ်းသာဖြင့် နေထိုင်ကာ ကြွယ်ပိုးကြွယ်ဝ စီးပွားရေးသမားများ အဖြစ် အဆုံးသတ်သွားနိုင်ကြသည်။
ဒေသတွင်းရှိ တရားမဝင် ဈေးကွက်များ၊ ချမ်းသာကြွယ်ဝသည့် သမိုင်းကြောင်း၊ စိတ်ဝင်စား စွဲမက်ဖွယ်ကောင်းသည့် ယဉ်ကျေးမှုများကြောင့် ရွှေတြိဂံဒေသသည် ကမ္ဘာတဝှမ်းမှ ဂျာနယ်လစ်များကို ဆယ်စုနှစ်များစွာကြာအောင် ဆွဲဆောင်နိုင်ခဲ့သည်။ မှုခင်း သတင်းထောက် တဦး၏ ကင်မရာမှန်ဘီလူးမှ တဆင့် ဤဒေသ၏ စိတ်ဝင်စားစရာကောင်းလှသည့် အမျိုးမျိုးသော ဇာတ်ကြောင်းများကို မြင်တွေ့နိုင်သည်။ သို့သော် မြေအောက်ကမ္ဘာ ဈေးကွက်များမှ ဖြစ်ရပ်မှန် အချက်အလက်များ ရရှိရန် အလွန်ခက်ခဲသောကြောင့် ဂျာနယ်လစ်များ အနေဖြင့် သတိသမ္ပဇဉ်ကြီးကြီးဖြင့် အဆိုပါ သတင်းများကို ချဉ်းကပ်သင့်သည်။
အမြဲမှတ်သားထားသင့်သည့် အကြံပေးချက်အချို့မှာမူ−
ရွှေတြိဂံဒေသ အတွင်းရှိ မူးယစ်ဆေးဝါးနှင့် အခြား ကုန်ပစ္စည်း ကုန်သွယ်မှု အကြောင်းများကို ရေးသားမည် ဆိုပါက နောက်ခံ သမိုင်းကြောင်းကို လေ့လာရန် အရေးကြီးသည်။ အများက ယုံကြည်ထင်မှတ်ထားသလို လုံးဝ မရှင်းလင်းပါဘူး။ တရားဝင်ရော၊ တရားမဝင်ရော၊ ကြားသမားတွေရော အပါအဝင် ပါဝင်ပတ်သက်သူတွေ အများကြီးဖြစ်ပါသည်။ ထို့ကြောင့် ဂျာနယ်လစ်များအနေဖြင့် သတိကြိးကြီးထားကာ ဓမ္မဓိဋ္ဌာန်ကျကျနှင့် အကြောင်းအရာကို ချဲ့ကားခြင်းမပြုဘဲ ဆောင်ရွက်ရပါမည်။ နောက်ဆုံးအချက်မှာမူ ဒေသတွင်း တရားမဝင် လုပ်ငန်းများကို လုပ်ကိုင်သူ အများစုမှာ သူတို့နိုင်ငံများတွင် လူအများ လုံးဝလေးစားကြရသည့် စီးပွားရေးသမားများ သို့မဟုတ် အစိုးရ အာဏာပိုင်များ ဖြစ်နေကြသဖြင့် ဖော်ထုတ်ရေးသားချက် တခုခုက ၎င်းတို့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေပါက တရားစွဲကြမည့်လူများသာ ဖြစ်ပါသည်။ ထို့ကြောင့် တရားတဘောင် ရင်ဆိုင်ရမည့် အလားအလာကိုလည်း ထည့်သွင်းစဉ်းစားသင့်ကာ မည်သို့ပင် အရေးကြီးသော သတင်းတိုင်းကို ထုတ်ဝေခြင်း မပြုမီ ရှေ့နေရှေ့ရပ်များနှင့် တိုင်ပင်စိစစ်သင့်ပေသည်။
ဆက်လက်ဖော်ပြပါမည်
ဘာတီး(လ်)လင့်တနာ သည် အာရှတိုက် သမိုင်း၊ နိုင်ငံရေးနှင့် ရာဇဝတ်မှုများ အကြောင်း စာအုပ်ပေါင်း ၂၂ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ ယခုအခါ အေးရှားတိုင်းမ်စ် နှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အရှေ့ဖျားစီးပွားရေးရီဗျူး၊ ဆွီဒင် နေ့စဉ်ထုတ် သတင်းစာ တစောင် ဖြစ်သည့် Svenska Dagbladet နှင့် ယူကေနိုင်ငံ ဂျိန်းအင်ဖော်မေးရှင်းဂရုတို့၏ သတင်းထောက် တယောက် အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။ လင့်တနာ သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မိသားစုနှင့် အတူ နေထိုင်လျက်ရှိသည်။