အခန်း (၁) မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း
ရွှေတြိဂံဒေသ၌ မြန်မာနိုင်ငံဘက် အခြမ်းသည် မူးယစ်ဆေးဝါး အများစု ထုတ်လုပ်ရာ နေရာဖြစ်ပြီး နိုင်ငံအတွင်း ရောင်းချရုံသာမက နိုင်ငံတကာဈေးကွက်သို့လည်း မှောင်ခိုတင်ပို့ကြပါသည်။ ထိုင်းနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု လုံးဝ ရပ်စဲလိုက်သည့် နိုင်ငံဖြစ်သော်လည်း မူးယစ်ဆေးဝါး ဈေးကွက်၊ ငွေကြေးခဝါချသည့် နေရာ၊ မူးယစ်ဆေးဝါးများကို ကမ္ဘာ၏ အခြားအရပ်ဒေသများ ပို့ဆောင်ရန် ကြားစခန်း အစရှိသည့် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေဆဲ ဖြစ်ပါသည်။ လာအိုသည်လည်း အဓိက ဘိန်းစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံ အဖြစ်မှ ရပ်စဲလိုက်သော်လည်း နိုင်ငံ၏ ဝေးလံခေါင်သီသည့် ဒေသများတွင် မက်သဖက်တမင်း ထုတ်လုပ်သည့် ဓာတ်ခွဲခန်းများ ရှိနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများကို လာအိုမှ တဆင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများမှ တဆင့် ဖြတ်သန်းသွားပါသည်။ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှ ရရှိလာသော ငွေမည်းများကို မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့၏ မြောက်ပိုင်းဒေသတွင် ရှိသော ကာစီနို လောင်းကစားရုံများတွင် ငွေဖြူဖြစ်အောင် ခဝါချကြပါသည်။
မည်သို့လုပ်ကိုင်ကြသနည်း
ရွှေတြိဂံဒေသ၏ မြန်မာနိုင်ငံဘက်အပိုင်းတွင် အဓိကအားဖြင့် မူးယစ်ဆေးဝါး ကုန်သွယ်မှု အပြင် အခြားသော တရားမဝင် ကုန်သွယ်ရေး လုပ်ငန်းများ ရှိပါသည်။ ပါဝင်သူ အမျိုးအစား အများအပြားရှိပြီး သူတို့၏ အခန်းကဏ္ဍများကို အောက်ပါအတိုင်း အဆင့်ဆင့် ဖော်ပြနိုင်ပါသည်−
- တောင်သူများ သည် ဘိန်းစိုက်ပျိုးရန် လပေါင်းများစွာ လုပ်အား စိုက်ထုတ်ရသော်လည်း မဖြစ်စလောက် တပဲခြောက်ပြားသာ ရကြပါသည်။ ၎င်းတို့သည် အများအားဖြင့် ကချင်၊ လားဟူ၊ ဝ၊ လီဆူ၊ ပလောင်၊ အာခါ အစရှိသည့် တောင်ပေါ်နေ လူမျိုးစုများ ဖြစ်ကြသည်။ ထို့အပြင် ကိုးကန့်ဒေသနှင့် မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ တောင်တန်းထူထပ်သော ဒေသများမှ ဆင်းရဲသည့် တရုတ်လူမျိုး တောင်သူများလည်း ဘိန်းစိုက်ကြသည်။ ကချင်ပြည်နယ် ဘက်တွင်လည်း အနည်းငယ် ရှိသည်။ ဝမ်းစာဖုံလှုံရုံသာ ရှိသော်လည်း သူပုန်အဖွဲ့ မျိုးစုံနှင့် မြန်မာစစ်တပ်နှင့် နှီးနွှယ်နေသည့် ပြည်သူ့စစ်များက တောင်းဆိုသည့် “အခွန်များ” ကို ၎င်းတို့က ပေးဆောင်ရသည့် အပြင် ဘိန်းစိုက်ပျိုးမှုကို တိုက်ဖျက်သည့် ဥပဒေအရ ဆောင်ရွက်ဖို့ ဟန်ဖြင့် လာကြသည့် အစိုးရ အရာရှိများကိုလည်း လာဘ်ထိုးကြရသေးသည်။
နိုင်ငံအတော်များများမှ ထောက်လှမ်းရေးအဖွဲ့များသည် မူးယစ်ဆေးဝါး တရားမဝင် ကုန်သွယ်သူများအား သတင်းပေးများအဖြစ် အသုံးပြုကြသည့် ရှည်လျားသည့် အစဉ်အလာ ရှိပါသည်။
- ကုန်သည်များ သည် တောင်သူများထံမှ ဘိန်းများကို ဝယ်ယူကာ သူပုန်နှင့် ပြည်သူ့စစ်များကို အခွန်ပေးဆောင်ကြသည့်သူများ ဖြစ်ကြပြီး အစိုးရထိန်းချုပ်သည့် ဈေးမြို့များတွင် အများ လေးစားလောက်သည့် ဒေသခံ စီးပွားရေးသမားများ အဖြစ် မြင်မြင်ထင်ထင် နေထိုင်ကြသူများ ဖြစ်ကြသည်။ သူတို့က အဝယ်တော်များကို တောင်တန်းများပေါ် စေလွှတ်ကာ ဘိန်းစိမ်းများကို ဝယ်ယူပါသည်။ အမျိုးမျိုးသော လက်နက်ကိုင်အဖွဲ့များကို အသုံးပြုကာ မူးယစ်ဆေးဝါးများကို ထိုင်းနယ်စပ် တလျှောက်ရှိ ဘိန်းချက်စက်ရုံများသို့ ပို့ဆောင်သည်။ ဤကဲ့သို့ ကြားလူအဖြစ် ဆောင်ရွက်ရာတွင် စူပါမားကတ် တခု၊ နေရာအနှံ့ ဖွင့်လှစ်ထားသော ဓာတ်ဆီဆိုင်များ သို့မဟုတ် သာမန်ပွဲရုံများကို ဘန်းပြပြီး တရားဝင် လူသုံးကုန်များကို လက်ကားဖြန့်ဖြူးသူ အဖြစ် ဟန်ဆောင်ထားကြသည်။ ဤကုန်သည်များသည် မြန်မာ၊ ထိုင်း၊ လာအိုနှင့် တရုတ်နိုင်ငံများတွင် အခြေစိုက်နိုင်သည်။ မက်သဖက်တမင်း ကုန်သွယ်မှုတွင်မူ အခြား ရင်းနှီးမြှုပ်နှံသူ အမျိုးအစားများလည်း ပါဝင်လာသည်။ သို့သော် မူးယစ်ဆေးဝါး လုပ်ငန်းများတွင် ၎င်းတို့ပါဝင်ပတ်သက်သည်ကို ဖုံးကွယ်ထားရန်အတွက် သေချာရေရာသည့် တရားဝင် စီးပွားရေး လုပ်ငန်းများလည်း တည်ထောင်ထားကြသည်။
- မြန်မာနိုင်ငံမှ လူမျိုးစုသူပုန်များနှင့် ပြည်သူ့စစ်များ သည် ဘိန်းစိုက်ပျိုးသည့် ဒေသများကို ထိန်းချုပ်ကာ လှုပ်ရှားနေသည့် အဖွဲ့များ ဖြစ်ကြသည့် အလျောက် ဘိန်းစိုက်တောင်သူများနှင့် ဘိန်းကုန်သည်များထံမှ အခွန်ဟု အမည်တပ်ကာ ငွေကြေးများ ကောက်ခံကြသည်။ အခကြေးငွေ ရရှိပါက ဘိန်းစိမ်းများကို ဘိန်းဖြူအဖြစ် ချက်လုပ်သည့် စခန်းများ၊ မက်သဖက်တမင်းနှင့် အခြား ဓာတုဆေးဝါးများ ထုတ်လုပ်သည့် စခန်းများကိုလည်း အကာအကွယ်ပေးကြသည်။ အဆိုပါ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စခန်းများ၏ ပိုင်ရှင် အစစ်အမှန်များသည် များသောအားဖြင့် အပြင်မှ တရားမဝင် အရောင်းအဝယ်လုပ်ကိုင်သူများသာ ဖြစ်ကြပြီး ကျွမ်းကျင် ဓာတုဗေဒ ပညာရှင်များကို ငှားရမ်းကာ မူးယစ်ဆေးဝါးများကို သန့်စင် ထုတ်လုပ်ကြသည်။ ဒေသတွင်းရှိ လူမျိုးစု သူပုန်အဖွဲ့များတွင် နိုင်ငံရေး ရည်မှန်းချက်များ ရှိကြသည် ဖြစ်၍ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် မပါဝင်ပတ်သက်သည့် အဖွဲ့များ ရှိကြသလို အနည်းအကျဉ်း ပါဝင်ပတ်သက်ကြသည့် အဖွဲ့များလည်း ရှိကြသည်။ သို့သော်လည်း အစိုးရ လက်အောက်ခံ ပြည့်သူ့စစ်များ အနေဖြင့် ငွေကြေးရရှိဖို့ တခုတည်းအတွက် ဤလုပ်ငန်းများတွင် ပါဝင်ကြသည်။ အစိုးရကို ဆန့်ကျင်သည့် သူပုန်များကို တိုက်ခိုက်ရန် အတွက် ၁၉၆၀ ပြည့်လွန်နှစ်များတွင် စတင်ဖွဲ့စည်း ၁၉၇၃ ခုနှစ်တွင် ဖျက်သိမ်းခံခဲ့ရသည့် အစိုးရ လက်အောက်ခံ ကာကွယ်ရေးအဖွဲ့များလိုပင် ယခု ပြည်သူ့စစ်များသည်လည်း လူမျိုးစု သူပုန်အဖွဲ့များကို တိုက်ခိုက်ပေးခြင်းအားဖြင့် အပြန်အလှန် အဖြစ် မူးယစ်ဆေးဝါး ကုန်သွယ်ခွင့် ရရှိထားကြသည်။
- နိုင်ငံပေါင်းစုံမှ ထောက်လှမ်းရေးအဖွဲ့များ သည် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်သူများအား သတင်းပေးများ အဖြစ် အသုံးပြုခဲ့သော ရှည်လျားသည့် သမိုင်းကြောင်း ရှိသည်။ အချို့သော စာရေးဆရာများ ရေးသားကြသလို ထောက်လှမ်းရေးအဖွဲ့များက မူးယစ်ဆေးဝါးက ရရှိသည့် ငွေများကို အများမသိအောင် ဖုံးဖုံးဖိဖိလုပ်ရသည့် သူတို့လှုပ်ရှားမှုများ အတွက် အသုံးပြုကြသည်ဟု မဆိုလိုပေ။ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်လွန်နှစ်များတွင် ဖြစ်ပွားခဲ့သည့် အင်ဒိုချိုင်းနား စစ်ပွဲ အတွင်း အမေရိကန်များက တရုတ် ကူမင်တန်များ (၁၉၄၉ ခုနှစ် တရုတ် ပြည်တွင်းစစ်တွင် ရှုံးနိမ့်ခဲ့ပြီး မြန်မာနိုင်ငံ အရှေ့မြောက် ဒေသသို့ ဆုတ်ခွာလာခဲ့ကြသည့် တရုတ် အမျိုးသားရေးဝါဒီ တပ်ဖွဲ့များ) ကို မြန်မာနိုင်ငံ မြောက်ပိုင်း၊ လာအိုနိုင်ငံ မြောက်ပိုင်းနှင့် တရုတ်နိုင်ငံ တောင်ပိုင်း နယ်ခြားဖြတ်ကျော် ထောက်လှမ်းရေး သတင်း စုဆောင်းပေးရန် အသုံးပြုခဲ့ကြသည်။ ယခုအခါ ဤဆက်နွှယ်မှုမျိုး မရှိတော့သော်လည်း ထိုင်းထောက်လှမ်းရေးအဖွဲ့ အနေဖြင့် ရွှေတြိဂံ ဒေသ၏ မြန်မာနိုင်ငံဘက် အခြမ်းက လူအမျိုးမျိုးနှင့် အချိတ်အဆက်များကို ဆက်လက် ထိန်းသိမ်းထားလျက်ရှိသည်။ တရုတ် လုံခြုံရေး အဖွဲ့ကလည်း မြန်မာနိုင်ငံ အတွင်းရှိ လက်နက်ကိုင် အဖွဲ့များကို အသုံးပြုကာ ထောက်လှမ်းရေး သတင်းများ စုဆောင်းခြင်း၊ မြန်မာ့ ပြည်တွင်းရေး အပေါ် ဩဇာလွှမ်းမိုးနိုင်အောင် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက် ရှိသည်။
- မူးယစ်ဆေးဝါး လုပ်ငန်းစုကြီးများ (ဆင်ဒီကိတ်များ) သည် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အခြား နေရာများတွင် အခြေစိုက်ကာ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ထိစပ်နေသည့် မြန်မာနိုင်ငံ နယ်စပ် တလျောက်တွင် ရှိသည့် ဘိန်းဖြူချက်စခန်းများ၊ မက်သဖက်တမင်း ထုတ်လုပ်သည့် စခန်းများ အတွက် ငွေကြေး ထောက်ပံ့သည့် အပြင် ကျွမ်းကျင် ဓာတုဗေဒ ပညာရှင်များကိုလည်း စေလွှတ်ပေးကြပါသည်။ ဤလုပ်ငန်းစုကြီးများသည် ဒေသတွင်းနှင့် နိုင်ငံတကာသို့ မူးယစ်ဆေးဝါးများ ဖြန့်ချိရန်လည်း စီမံခန့်ခွဲကြပါသည်။ သူတို့သည် အချို့သော စာရေးဆရာများ ယုံကြည် သကဲ့သို့ ဟောင်ကောင်၊ မကာအို အခြေစိုက် တရုတ် လျှို့ဝှက် ဒုစရိုက် အဖွဲ့အစည်းများ သို့မဟုတ် ထိုအဖွဲ့အစည်းများ၏ အဆွယ်အပွားများ မဟုတ်ကြပါ။ အမေရိကန် ပြည်ထောင်စု မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန (DEA) က အများသိအောင် ပြောဆိုလေ့ရှိသည့် မူးယစ်ဆေးဝါး ကုန်သွယ်မှု အတော်များများကို ချုပ်ကိုင်ထားသည့် ကုန်သည် အရေအတွက် အနည်းငယ် ရှိသည်ဟူသည့် ယုံကြည်ချက် “ဆရာကြီး” သီအိုရီ သည် လက်တွေ့မကျဘဲ ရုပ်ရှင်ဆန်လျက်ရှိပါသည်။ ရွှေတြိဂံ မူးယစ်ဆေးဝါး ကုန်သွယ်မှု အကြောင်းနှင့် ပတ်သက်၍ ထိပ်တန်း ကျွမ်းကျင်သူ တဦးဖြစ်သည့် ကိုလင် ချင် က မူးယစ်ဆေးဝါး ကွန်ရက်များသည် အလျားလိုက် ဖွဲ့စည်းထားကြပြီး ပုံသေကားကျ မရှိဘဲ အမြဲပြောင်းလဲနေလေ့ရှိကာ သာရာစီးတတ်သည့် သဘောရှိသည်ဟု ထောက်ပြပါသည်။ တရုတ် လျှို့ဝှက် ဒုစရိုက် အဖွဲ့ကြီးများသည် သူတို့ပိုက်နက် ဒေသများအတွင်း၌ မူးယစ်ဆေးဝါးများ ရောင်းချရုံမျှသာ လုပ်နိုင်ကြပြီး ထိုကဲ့သို့သော ကုန်သွယ်ရန်တော့ မလုပ်နိုင်ကြချေ။
- သယ်ယူပို့ဆောင်သူများ သည် မကြာခဏ အဖမ်းဆီးခံရပြီး မီဒီယာများတွင် ဖော်ပြခံရသူများ ဖြစ်သောကြောင့် မူးယစ်ဆေးဝါး လုပ်ငန်းစဉ်တွင် အတွေ့ရ အများဆုံး ကွင်းဆက်များ ဖြစ်ကြသည်။ မူးယစ်ဆေးဝါးများကို တနေရာမှ တနေရာသို့ ပို့ဆောင်ရန် အတွက် ဆင်ဒီကိတ်များက သယ်ယူပို့ဆောင်သူ သို့မဟုတ် “လား” ဟု တင်စား ခေါ်ဝေါ်ခံရသူ တဦးကို ငှားရမ်းလေ့ ရှိသည်။ မီဒီယာများနှင့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက အဆိုပါ သယ်ယူပို့ဆောင်သူများအား “မူးယစ်ဆေးဝါး တရားမဝင် ကုန်ကူးသူများ” အဖြစ် တံဆိပ်တပ်ကြလေ့ရှိသည်။ ဤကဲ့သို့သော အောက်ခြေအဆင့်တွင် လှုပ်ရှားသူများအား ယခုလို တံဆိပ်ကပ်ခြင်းအားဖြင့် ဥပဒေ၏ အထက်တွင် ထိထိရောက်ရောက် လှုပ်ရှားဆောင်ရွက်နိုင်သည့် အင်အားကြီးလှသော ဆင်ဒီကိတ်များအပေါ် အာရုံ မရောက်သလို ဖြစ်စေသည်။
- ဆေးစွဲသူများ သည် မူးယစ်ဆေးဝါးများကို သုံးစွဲသူများ ဖြစ်ကြပြီး ၎င်းတို့၏ မိသားစုဝင်များသည် ဘိန်းစိုက်တောင်သူများ နည်းတူ မူးယစ်ဆေးဝါး လုပ်ငန်း၏ ဆိုးကျိုးကို အများဆုံး ခံစားကြရသူများ ဖြစ်သည်။ ရွှေတြိဂံဒေသတွင် ထုတ်လုပ်သည့် မူးယစ်ဆေးဝါး အများစုကို နိုင်ငံခြား ဈေးကွက်များသို့ တင်ပို့ကြသည် ဆိုကြသော်လည်း ရွှေတြိဂံဒေသ အတွင်းရှိ တောင်ပေါ်နေ လူမျိုးစု ကျေးရွာများတွင်လည်း မူးယစ်ဆေးဝါး အလွဲသုံးမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး ဒေသတွင်း၌ လူမှုပြဿနာများ အလွန့်အလွန် ကြီးထွားနေသည်ကိုမူ အများအားဖြင့် မေ့လျော့နေကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းလိုက်သော်လည်း မူးယစ်ဆေးဝါး ကုန်သွယ်မှုနည်းလမ်းများ၊ လုပ်ဆောင်သည့်နည်းလမ်းများ ပြောင်းလဲသွားခြင်း မရှိပေ။ အလုပ်လုပ်ပုံ အဆင့်ဆင့်မှာလည်း နဂိုအတိုင်းပင် ဖြစ်သည်။
အကြံပြုချက်များနှင့် အသုံးဝင်မည့် အကြောင်းအရာများ Tips and Tools
အရေးကြီးဆုံးသော အချက်မှာ မြေပြင်ပေါ်မှ သတင်းရင်းမြစ်များ ဖြစ်ကြသည့် ဒေသခံ ဂျာနယ်လစ်များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ နိုင်ငံခြားသားနှင့် တိုင်းရင်းသား လုပ်သားများ၊ ကျောင်းဆရာ/ဆရာမများနှင့် အခြား လူထုအခြေပြုလုပ်သားများ အပြင် သတင်းအချက်အလက် ဝေမျှပေးလိုစိတ်ရှိသည့် ဒေသခံ စီးပွားရေးသမားများနှင့် ယုံကြည်စိတ်ချရသည့် ကွန်ရက် တခု တည်ဆောက်ရန် ဖြစ်သည်။ သို့သော် ၎င်းတို့သည် အဆိုပါ ဒေသတွင် နေထိုင် အလုပ်လုပ်နေကြသူများ ဖြစ်သဖြင့် ၎င်းတို့၏ အမည်ကို လျှို့ဝှက်ထားလိုပါက လိုက်လျောပေးရမည် ဖြစ်သည်။ အစိုးရပိုင်း သတင်းရင်းမြစ်များမှ ပေးသည့် သတင်းအချက်အလက်များကိုလည်း အသုံးပြုနိုင်သည်။ ၎င်းတို့က ဂျာနယ်လစ်များအား ရွှေတြိဂံဒေသ မြေအောက် ဒုစရိုက်လောက အတွင်းက အခြေအနေမှန်ကို ထင်ဟပ်စေသည့် အချက်အလက်များ ပြောပြခဲလှသဖြင့် သတိကြီးစွာ ထားရမည် ဖြစ်သည်။ သို့သော်လည်း တခြားသတင်းရင်းမြစ်များမှာ ၎င်းတို့၏ အမည်ရင်းဖြင့် အများသိအောင် ထုတ်ဖော်ပြောဆိုရန် ဝန်လေးတတ်ကြသဖြင့် အစိုးရ တာဝန်ရှိသူများ၏ ပြောဆိုချက်များကို တရားဝင် ပြောဆိုချက်များ အဖြစ် ကိုးကားဖော်ပြရန် အကောင်းဆုံးဖြစ်သည်။
ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် ပတ်သက်သည့် အသုံးဝင်မည့် အကြောင်းအရာများနှင့် သတင်းရင်းမြစ် အချို့ကို အင်တာနက်ပေါ်တွင်လည်း ရရှိနိုင်ပါသည်။ သို့သော်လည်း ၎င်းတို့အားလုံးကို အပြည့်အဝ အားထား၍ မရနိုင်ဘဲ ဒေသခံ သတင်းရင်းမြစ်များက သိထားသည့် အချက်အလက်များနှင့် ပြန်လည် တိုက်ဆိုင် စိစစ်ရန် လိုအပ်ပါလိမ့်မည်။
- ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး အစီရင်ခံစာများကို အင်တာနက်ပေါ် ရရှိနိုင်ပါသည်။
- အမေရိကန်နိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဌာန အစီရင်ခံစာများ ကိုလည်း ကြည့်ရှုနိုင်ပါသည်။ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနတွင်လည်း မြန်မာနိုင်ငံအတွက် သီးသန့် စာမျက်နှာ တခု ရှိပါသည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးတွင်လည်း The US Embassy in Burma also has information on drug enforcement efforts in that country.
- ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်တွင် အခြေစိုက် လွတ်လပ်သည့် အစိုးမဟုတ်သည့် အဖွဲ့အစည်း တခုဖြစ်သည့် သျှမ်းသံတော်ဆင့်သတင်းဌာန ဝက်ဆိုက်တွင်လည်း ယုံကြည် အားထားလောက်ရသည့် သတင်းအချက်အလက်များ ရရှိနိုင်ပါသည်။ သျှမ်းသံတော်ဆင့် သတင်းဌာနသည် ရွှေတြိဂံဒေသတွင်းက အဖြစ်အပျက်များကို စောင့်ကြည့်ကာ မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် ပတ်သက်သည့် အစီရင်ခံစာ အတော်များများ ထုတ်ပြန်ခဲ့ပါသည်။
- နယ်သာလန်မှ ထရန်စ်နေရှင်းနယ် အင်စတီကျု (TNI) သည်လည်း လွတ်လပ်စွာ အစီရင်ခံစာများ ထုတ်ပြန်ခြင်းနှင့် ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် ပတ်သက်သည့် မတူညီသည့် ရှုထောင့်များ ကြောင့် အင်မတန် ပြောင်မြောက်လှသည့် သတင်းရင်းမြစ် တခုဖြစ်သည်။
- မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတ (၁၉၄၈−၁၉၅၂) စဝ်ရွှေသိုက်၏ သားဖြစ်သူ စဝ်စန့်ယောင်ဟွေ (၂၀၀၄ ခုနှစ်တွင် ကွယ်လွန်) ၎င်း၏ အမိမြေအကြောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းသား လူနည်းစုများအကြောင်းအပြင် ဆက်စပ်လျက်ရှိသည့် မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့် နိုင်ငံရေးအကြောင်းများကို ရေးသားခဲ့သည့် ရှမ်းလူမျိုး တဦးဖြစ်သည်။
အသုံးဝင်နိုင်မည့် အခြား စာအုပ်စာတမ်းများ
ကုလသမဂ္ဂမှ ထုတ်ပြန်သည့် တရားဝင် အစီရင်ခံစာများသည် အိမ်ရှင် နိုင်ငံ အစိုးရများ၊ အထူးသဖြင့် မြန်မာနိုင်ငံ အစိုးရက ကောက်ယူထားသည့် အချက်အလက်များ အပေါ် အခြေခံ ရေးသားထားသောကြောင့် အများအားဖြင့် ယုံကြည်အားထားလောက်စရာ မရှိပေ။ ဤကား ပြဿနာကြီး တခုပင် ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ငါးဆယ်လောက်ကတည်းက ရေးသားထုတ်ဝေခဲ့ခြင်း ဖြစ်သော်လည်း အဲဖရက် မက်ကွိုင်၏ “အရှေ့တောင်အာရှမှ ဘိန်းဖြူနိုင်ငံရေး (The Politics of Heroin in Southeast Aisa)” ဆိုသည့် ပြောင်မြောက်လှသော စာအုပ်သည် ရွှေတြိဂံဒေသအကြောင်း ရေးသားကြမည့်သူတိုင်း မဖတ်မဖြစ် ဖတ်သင့်သည့် စာအုပ် တအုပ် ဖြစ်သည်။ မက်ကွိုင်သည် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် နိုင်ငံရေးလောက ဆက်စပ်နေပုံ ပထမဆုံး တင်ပြခဲ့သူဖြစ်ပြီး တရားဥပဒေစိုးမိုးရေး ပြဿနာအဖြစ် ၎င်းက မှတ်ယူခြင်း မရှိချေ။ ၁၉၇၂ က မူလ ထုတ်ဝေခြင်းကို ထပ်မံဖြည့်စွက်ကာ ၁၉၉၁ နှင့် ၂၀၀၃ ခုနှစ်များတွင် “ဘိန်းဖြူနိုင်ငံရေး− ရွှေတြိဂံ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် စီအိုင်အေ ပါဝင်မှု (The Politics of Heroin: CIA Complicity in the Global Drug Trade)” ဟု ထပ်မံထုတ်ဝေခဲ့ပါသည်။
ရစ်ချတ် ဂစ်ဘ်ဆန်နှင့် ဝင်ဟွာချန် ရေးသားပြီး ၂၀၁၁ တွင် ထုတ်ဝေခဲ့သည့် “လျှို့ဝှက်တပ်မတော်၊ ချန်ကေရှိတ်နှင့် ရွှေတြိဂံမှ ဘိန်းဘုရင်များ (The Secret Army: Chiang Kai-shek and Drug Warlords of Golden Triangle” ဆိုသည့် စာအုပ်တွင်လည်း ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှု ကြီးထွားလာပုံနှင့် ပတ်သက်သည့် နောက်ခံအကြောင်းအရာများ ပြည့်ပြည့်စုံစုံ ပါဝင်ပါသည်။
ကိုးကားစရာ အခြား စာအုပ်စာတမ်းများမှာ ဘာတီး(လ်) လင့်တနာ ရေးသားကာ ၁၉၉၄၊ ၁၉၉၉၊ ၂၀၀၃ နှင့် ၂၀၁၁ ခုနှစ်များ တွင် အကြိမ်ကြိမ် ထုတ်ဝေခဲ့ရသည့် ”တော်လှန်ရေးထဲက မြန်မာပြည်− ၁၉၄၈ ကတည်းက စတင်ခဲ့သည့် ဘိန်းနှင့် ပုန်ကန်မှု (Burma in Revolt: Opium and Insurgency Since 1948)” ၊ “သွေးသောက်ညီနောင်များ− အာရှတိုက် ရာဇဝတ်မှု၊ စီးပွားရေးနှင့် နိုင်ငံရေး (Blood Brothers: Crime, Business and Politics in Asia)” (၂၀၀၂၊ ၂၀၀၃ ခုနှစ် အမေရိကန်ပြည်ထောင်စုတွင် ထုတ်ဝေသောအခါ “သွေးသောက်ညီနောင်များ− အာရှတိုက်၏ မြေအောက် ဒုစရိုက်လောက (Blood Brothers: The Criminal Underworld of Asia” ဟု အမည်တပ်ခဲ့သည်)၊ “ရူးသွပ်မှု ကုန်သည်များ− ထိန်းသိမ်း၍ မရနိုင်တော့သော ရွှေတြိဂံဒေသမှ မက်သဖက်သမင်း (Merchants of Madness: The Methamphetamine Explosion in the Golden Triangle)” (၂၀၀၉)၊ “မြန်မာနိုင်ငံမှ ‘ဝ’ နှင့် တရုတ်နိုင်ငံ၏ ကမ္ဘာနှင့်ချီ စိုးမိုးလိုမှု (The Wa of Myanmar and China’s Quest for Global Dominance)” (၂၀၂၁) နှင့် “ရွှေတြိဂံဒေသတွင်း နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး ကုန်သွယ်မှု (Cross-Border Drug Trade in the Golden Triangle)”(၁၉၉၁) တို့ ဖြစ်ကြသည်။
ကိုလင် ချင် ရေးသားသည့် “ရွှေတြိဂံ− အရှေ့တောင်အာရှ မူးယစ်ဆေးဝါး ကုန်သွယ်မှု အတွင်း (The Golden Triangle: Inside Southeast Asia’s Drug Trade)” (၂၀၀၉) နှင့် ကိုလင် ချင် က Sheldon X. Zhang နှင့် ပူးတွဲ ရေးသားသည့် “တရုတ် ဘိန်းဖြူ ကုန်သွယ်မှု− အရှေ့တောင်အာရှနှင့် အတွင်း နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှု (The Chinese Heroin Trade: Cross-Border Drug Trafficking in Southeast Asia and Beyond)” (၂၀၁၅) တို့သည်လည်း မူးယစ်ဆေးဝါး ကုန်သွယ်မှု အကြောင်းနှင့် ၎င်းတို့ အလုပ်လုပ်ပုံအကြောင်းများကို ပညာရှင်များ အနေဖြင့် လေ့လာကာ ရေးသားထားခြင်း ဖြစ်သဖြင့် အင်မတန် ပြောင်မြောက်လှသည့် စာတမ်းများ ဖြစ်ပါသည်။
ပီယာ−အာနိုး ချူဗီနှင့် ဂျိုး မာဇိုးနီယာ တို့ရေးသားသည့် “ယာဘ− မက်သဖက်သမင်း ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှုနှင့် သုံးစွဲမှု (Yaba: Production, Traffic and Consumption of Methamphetamines) (၂၀၀၂) နှင့် ပီယာ−အာနိုး ချူဗီ ရေးသားသည့် “ဘိန်း− ဘိန်းနိုင်ငံရေး၏ မျက်နှာဖုံးကို ခွာချခြင်း (Opium: Uncovering the Politics of the Poppy)” (၂၀၀၉) တို့သည်လည်း ပီယာ−အာနိုး ချူဗီ တည်းဖြတ်သည့် “အရှေ့တောင်အာရှမှ တရားမဝင် ကုန်သွယ်မှုပြမြေပုံ− အရှေ့တောင်အာရှ ကုန်းမကြီး အတွင်း လက်နက်၊ မူးယစ်၊ လူ၊ ရွှေအတုနှင့် သဘာဝ သယံဇာတ တရားမဝင် ကုန်သွယ်မှု (An Atlas of Trafficking in Southeast Asia: The Illegal Trade in Arms, Drugs, People, Counterfeit Goods and Natural Resources in Mainland Southeast Asia)” (၂၀၁၃) ကဲ့သို့ ဖတ်သင့်သည့် စာအုပ်များထဲပါဝင်သည်။
ကုလသမဂ္ဂမှ ထုတ်ပြန်သည့် တရားဝင် အစီရင်ခံစာများသည် အိမ်ရှင် နိုင်ငံ အစိုးရများ၊ အထူးသဖြင့် မြန်မာနိုင်ငံ အစိုးရက ကောက်ယူထားသည့် အချက်အလက်များ အပေါ် အခြေခံ ရေးသားထားသောကြောင့် အများအားဖြင့် ယုံကြည်အားထားလောက်စရာ မရှိပေ။ ဤကား ပြဿနာကြီး တခုပင် ဖြစ်သည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ တစောင်၌ ကချင်ပြည်နယ် အတွင်း လှုပ်ရှားနေသည့် အစိုးရဆန့်ကျင်ရေး သူပုန်အဖွဲ့ ကို နိုင်ငံရေးအရ တိုက်ခိုက်သည့် သဘောဆောင်သော “ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Army-KIA) ထိန်းချုပ်နယ်မြေ အတွင်း၌ [ယမန်နှစ်ထက်] ဘိန်းစိုက်ခင်းများ ပိုမိုများပြားလာသည်” စာသားကို ထည့်သွင်း ဖော်ပြထားသည်။ အမှန်စင်စစ်မှာမူ အဆိုပါ အစီရင်ခံစာတွင် ပါဝင်သည့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးက ကိုယ်တိုင်ရေးဆွဲထားသည့် မြေပုံများတွင်ပင် ကချင်ပြည်နယ် အတွင်းရှိ ဘိန်းစိုက်ခင်းများကို မြန်မာ့တပ်မတော် ကွပ်ကဲမှုအောက်ရှိ ဒေသခံ ပြည်သူ့စစ်များ ထိန်းချုပ်နယ်မြေ အတွင်း၌ရှိကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ ထိုအစီရင်ခံစာကြောင့် နယ်သာလန် အခြေစိုက် လွတ်လပ်သော အစိုးရမဟုတ်သည့်အဖွဲ့အစည်း တခုဖြစ်သည့် ထရန်စ်နေရှင်းနယ် အင်စတီကျု (TNI) က ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးကို ဝေဖန်သည့် ကြေညာချက် တစောင် ထုတ်ပြန်ကာ အဆိုပါ အစီရင်ခံစာကို “အမှန်တရားကို ဖျက်စီးသည့် အစီရင်ခံစာ” အဖြစ် စွပ်စွဲခဲ့သည်။
တချို့နေရာတွင် အမေရိကန်ပြည်ထောင်စု ဒီအီးအေက ယူအန်အိုဒီစီ ထက် ပိုပြီးတော့ စိတ်ချရသေးသည်။ သို့သော် ဒီအီးအေ၏ အစီရင်ခံစာများသည်လည်း မကြာခဏ ဆိုသလို အထင်အမြင်မှားစေသော အကြောင်းအရာများ ဖြစ်ပေါ်စေသည်။ ဥပမာအားဖြင့် အမေရိကန်လုပ် ပခုံးထမ်း လေကြောင်း ကာကွယ်ရေး စနစ် (US-made man-portable air-defense systems – MANPADS) များကို မြန်မာနိုင်ငံ အတွင်းရှိ လူမျိုးစု သူပုန် သုံးဖွဲ့ကို ရောင်းချပေးရာမှာ ပါဝင်ခဲ့သည့် “အုပ်စုဖွဲ့ ရာဇဝတ်ဂိုဏ်း ယာကူဇာ ခေါင်းဆောင်” တဦးနှင့် စစ်မှုထမ်းဟောင်းများ ဖြစ်သည်ဟုဆိုသော ထိုင်းနိုင်ငံသား သုံးဦးတို့ကို ဖမ်းဆီးနိုင်သည့် သက်သေ ကို ၎င်းတို့၏ လျှို့ဝှက်အေးဂျင့်များက ရရှိထားကြောင်း ၂၀၂၂ ခုနှစ် အစောပိုင်းတွင် ဒီအီးအေ က ဆိုပါသည်။ ငွေပေးချေရာမှာ တချို့တဝက်ကို မူးယစ်ဆေးဝါးဖြင့် ပေးချေခဲ့သည်ဟုလည်း ဆိုပါသည်။ သို့သော် ဂျာနယ်လစ်များက စုံစမ်းထောက်လှမ်းကြသောအခါ သူပုန်သုံးဖွဲ့စလုံးက အဆိုပါ အရောင်းအဝယ်ကိစ္စမျိုးကို ကြားပင် မကြားဖူးကြကြောင်း ဆိုပါသည်။ ထို့အပြင် “ယာကူဇာခေါင်းဆောင်ကြီး” ဟု ဆိုသူသည် တိုကျိုမြို့ ဆင်ခြေဖုံးရှိ အတော်အသင့် တိုက်ခန်း တခန်းတွင် နေထိုင်သည့် အောက်တန်းစား လူလိမ် တယောက်သာ ဖြစ်ကြောင်း သိရသည်။ နောက်ဆုံးတွင်မူ ထိုကိစ္စနှင့် ပတ်သက်၍ ပါးစပ်ဖွာသည့် ဂျပန် လူလိမ် တယောက်နှင့် ထိုင်းသုံးယောက်ကို ဒီအီးအေက ဖမ်းဆီးလိုက်ခြင်းဖြင့် အဆုံးသတ်သွားပုံရပြီး ထိုအကြောင်းကို မြန်မာနိုင်ငံက တဦးတယောက်မှ ကြားသိလိုက်ပုံ မရေချေ။ သို့သော်လည်း ဤအမှုကို “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲ” အတွင်း အောင်မြင်မှုကြီးတခု အဖြစ် ဒီအီးအေက အမွှမ်းတင်ခဲ့လေသည်။
လေ့လာစရာ ဥပမာများ
မူးယစ်ဆေးဝါး၊ လက်နက်နှင့် အရှေ့မြောက်ဒေသမှ သတင်းလေးပုဒ်၊ အောက်လွတ် (Outlook) အိန္ဒိယ (၂၀၂၀)
ရွှေတြိဂံမှ မူးယစ်ဆေးဝါးများအား အရှေ့တောင်အာရှသို့ မှောင်ခိုခိုးထုတ်ကြသည်သာမက အနီးအနားရှိ အိန္ဒိယသို့ ရောက်အောင် ပို့ဆောင်ကြပါသည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသရှိ အရုဏာချာပရာဒေ့ရှ်၊ နာဂလန်း၊ မဏိပူရနှင့် မီဇိုရမ် ပြည်နယ်များသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိကြပြီး မူးယစ်ဆေးဝါး စွဲလန်းမှုသည် အဆိုပါပြည်နယ်များ အားလုံးတွင် ကြီးမားသော ပြဿနာ တခု ဖြစ်နေပါသည်။ ပထမတော့ ဘိန်းနှင့် ဘိန်းဖြူ၊ ယခုအခါမှာတော့ မက်သဖက်သမင်း အမျိုးမျိုးနှင့် အခြား ဓာတုဆေးဝါး ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် အိန္ဒိယနိုင်ငံ အပတ်စဉ်ထုတ် အောက်လွတ် ကနေ အရှေ့မြောက်ဒေသတွင်းက မူးယစ်ဆေးတွး ပြဿနာအကြောင်း စုံစမ်းထောက်လှမ်းရေး ဆောင်းပါး တပုဒ် ထည့်သွင်းဖော်ပြလိုက်သည်။ မူးယစ်ဆေးစွဲနေသူများ၊ တက်ကြွလှုပ်ရှားသူများနှင့် တရားဥပဒေစိုးမိုးရေး အရာရှိများအား တွေ့ဆုံမေးမြန်းထားကာ ရေးသားထားသည့် ဆောင်းပါးဖြစ်ပါသည် (အများအားဖြင့် ဖြေဆိုသူများ၏ အမည်ကို ဖော်ပြထားခြင်း မပြုသော်လည်း ဆောင်းပါးမှာ ကောင်းမွန်စွာ မှတ်တမ်းတင်ထားပြီး ယုံကြည်စိတ်ချရလောက်စရာ ဖြစ်ပါသည်)။ ဆောင်းပါးရှင်သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသတွင် မူးယစ်ဆေးဝါး ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါး စွဲလန်းမှု သမိုင်းကြောင်းကို ခြေရာခံပြီး ဒေသခံ သူပုန်အဖွဲ့များ၊ အဆိုပါ ဒေသတွင်းမှ အကျင့်ပျက် စစ်တပ်အရာရှိများနှင့် အစိုးရအရာရှိများ ပါဝင်ပတ်သက်မှုကို ကောက်ကြောင်းဆွဲပြသည်။ အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် အဓိက မှောင်ခိုလမ်းကြောင်းများကို စာရင်းလုပ်ပြထားသည်။ ဤစုံစမ်းထောက်လှမ်းရေး ဆောင်းပါး၏ အားသာချက်မှာ (မဏိပူရ) ဒေသခံ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ တဦးက ဤဆောင်းပါးကို ရေးသားခဲ့ခြင်း ဖြစ်ပြီး အရှေ့မြောက် ပြည်နယ်များရှိ လူမျိုးစုဒေသများတွင် ဖြစ်ပျက်ခဲ့သည့် နမူနာကို ကျန်အိန္ဒိယနိုင်ငံတဝှမ်းလုံးက သိမြင်နိုင်အောင် ဖော်ပြနိုင်ခဲ့ပေသည်။ ဤအကြောင်းကို ရေးသားလိုပါက အရုဏာချာပရာဒေ့ရှ်ပြည်နယ်၏ လူသူအရောက်အပေါက်နည်းသည့် ဒေသများတွင် တရားမဝင် ဘိန်းများစိုက်ပျိုးသည့် အကြောင်းကိုလည်း မမေ့လျော့သင့်ပေ။ (တရားမဝင် စိုက်ပျိုးထုတ်လုပ်သည့် ဘိန်းပမာဏ အတိအကျကို မသိကြသော်လည်း) ဘိန်းစိုက်ပျိုးသည့် ပမာဏ တရိပ်ရိပ် မြင့်တက်နေသည်ဟု သတင်းရင်းမြစ် အတော်များများက ဆိုကြသည်။ အဆိုပါ ဘိန်းအများစုကို ဒေသတွင်းမှာပင် အသုံးပြုကြပုံရပြီး တချို့တဝက်ကိုဖြင့် အိန္ဒိယနိုင်ငံ၏ အခြားဒေသများသို့ ပို့ဆောင်ကြပါသည်။
မြန်မာနိုင်ငံ ဘိန်းကုန်သွယ်မှု နောက်ကွယ်မှ တွန်းအား အစစ်အမှန်များကို ဖော်ထုတ်ခြင်း၊ အေးရှားတိုင်းမ်စ် (၂၀၁၉)
ရွှေတြိဂံဒေသတွင် မြန်မာနိုင်ငံသည် ဘိန်းနှင့် ဘိန်းဖြူ အပြင် အခြား ဓာတုဆေးဝါး အမျိုုးမျိုး ထုတ်လုပ်မှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်လျက် ရှိနေသေးသည်မှာ ယုံမှားဖွယ် မရှိချေ။ သို့သော် မကြာသေးမီကာလ အတွင်း မည်သို့မည်ပုံ တိုးတက်ပြောင်းလဲသွားကြောင်းကို ၂၀၁၉ ခုနှစ် ဧပရယ်လ ၂ ရက်နေ့တွင် အေးရှားတိုင်းမ်က ဖော်ပြလိုက်သည့် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး လုပ်ငန်း အကြောင်း စုံစမ်းထောက်လှမ်း ရေးသားထားသော ဆောင်းပါး တပုဒ်တွင် ဖတ်ရှုရသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ် ကာလအတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချရာ အဓိက ဈေးကွက်ကြီး တခုဖြစ်ကြောင်း အဆိုပါ စုံစမ်းထောက်လှမ်း ရေးသားထားသည့် ဆောင်းပါးတွင် ဖော်ညွှန်းထားသည်။ ဆောင်းပါးရှင်သည် ဈေးနှုန်းဖွဲ့စည်းပုံကို လေ့လာကာ တရုတ်နိုင်ငံ အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုပုံစံ အမျိုးမျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။ တရုတ်နိုင်ငံတွင် လူလတ်တန်းစား အရေအတွက် များပြားလာသည်နှင့်အမျှ ဘိန်းဖြူကို ရွေးချယ်သုံးစွဲခြင်း မပြုကြတော့ပေ။ တရုတ်နိုင်ငံမှ မူးယစ်ဆေးဝါး သုံးစွဲသူများသည် ပါတီပွဲများတွင် အသုံးပြုကြသော ဒေသတွင်း၌ ထုတ်လုပ်သည့် “အိုက်စ်” (မက်သဖက်တမင်း) နှင့် ဖန်တနိုင်း အပြင် တောင်အမေရိကမှ တင်သွင်းလာသည့် ကိုကင်း အစရှိသည့် မူးယစ်ဆေးဝါးများဘက်သို့ လှည့်လာကြသည်။ အကျိုးဆက်အရ မြန်မာနိုင်ငံမှ ဘိန်းတောင်သူများ ဒုက္ခရောက်ကြရပြိး ၎င်းတို့ဘာသာ ရှင်သန်နေထိုင်နိုင်ရေးအတွက် အခြားနည်းလမ်း ဖန်တီးပေးခြင်းများ မရှိပေ (၎င်းတို့သည် ဖွံ့ဖြိုးရေး စီမံကိန်းများ နည်းပါးရာနှင့် ဝေးကွာရာ စစ်မက်ဇုန်အတွင်း နေထိုင်ကြသူများ ဖြစ်သည်။) ချွင်းချက်အနေဖြင့် ကချင်ပြည်နယ် အတွင်း မြန်မာ့တပ်မတော် ကွပ်ကဲမှုအောက်မှ ပြည်သူ့စစ်များ ထိန်းချုပ်နယ်မြေတွင်မူ လျော့နည်းသွားခြင်း မရှိဘဲ ဘိန်းစိုက်ခင်းများ၊ ဘိန်းဖြူထုတ်လုပ်မှုကို ထောက်ကန်ထားပေးဆဲ ဖြစ်သည်။ ထို့အတူ ဘိန်းဖြူစွဲမှုသည်လည်း ကချင်ပြည်နယ်တွင် အထူးသဖြင့် လူငယ်များ အကြားတွင် ပျံ့နှံ့လျက်ရှိသည်။ ဆေးစွဲသူများ တနေ့တခြား များပြားလာသောကြောင့် မူးယစ်ဆေးစွဲမှုသည် ဒေသတွင်း၌ အထူးသဖြင့် စစ်ဒဏ်ခံရသည့် မြန်မာနိုင်ငံ လူနည်းစု တိုင်းရင်းသားများ နေထိုင်ရာ ဒေသများတွင် ကြီးမားသည့် လူမှု ပြဿနာ ဖြစ်လာသည်။
“ရူးသွပ်မှု ကုန်သည်များ− ထိန်းသိမ်း၍ မရနိုင်တော့သော ရွှေတြိဂံဒေသမှ မက်သဖက်သမင်း”၊ ဘာတီး(လ်) လင့်တနာနှင့် မိုက်ကယ် ဘလက် တို့ ရေးသည် (၂၀၀၉)
လာအိုနိုင်ငံသည် မပါဝင်သည့် ရွှေတြိဂံဒေသ မူးယစ်ဆေးဝါး ကုန်သွယ်မှု အတွင်းက လူသိသူသိနည်းပါးလှသည့် ကွင်းဆက်တခု ဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် အင်ဒိုချိုင်းနား စစ်ပွဲ ပြီးဆုံးသွားကတည်းက ဒေသတွင်း မူးယစ်ဆေးဝါး လုပ်ငန်းများ အကြောင်း သတင်းရေးသား ဖော်ပြကြသည့်အခါ လာအိုနိုင်ငံ အကြောင်း ပါလေ့ပါထ မရှိတော့။ အကြောင်းရင်း တခုကား လာအိုနိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်သည့် ဘိန်းပမာဏမှာ လောက်လောက်လားလား မရှိတော့သောကြောင့် ဖြစ်သည်။ ထို့အပြင် ဒေသတွင်း၌ မက်သဖက်တမင်း ထုတ်လုပ်ကြောင်းကိုလည်း သိသူ အင်မတန် နည်းလှသည်။ သို့သော် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် လာအို လုံခြုံရေးတပ်ဖွဲ့များက ထရပ်ကားတစီးကို တားဆီးစစ်ဆေးရာတွင် မက်သဖက်တမင်း ဆေးပြား ၅၅ သန်းနှင့် မက်သဖက်တမင်း ပုံဆောင်ခဲ ၁ ဒသမ ၅ တန်ကို သိမ်းဆည်းရမိခဲ့သည်။ မက်သဖက်တမင်း ပုံဆောင်ခဲ ဆိုသည်မှာ ပေါင်းခံထားပြီး အာနိသင် ပိုမိုပြင်းထန်သည့် မူးယစ်ဆေးဝါး ပုံစံ တမျိုးဖြစ်သည်။ ရွှေတြိဂံဒေသ၏ လာအိုနိုင်ငံဘက် အခြမ်း ဖြစ်သည့် ဘော်ကယောက် ပြည်နယ်၌ပင် တပတ်အတွင်း လာအိုရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးမှု နှစ်ကြိမ်ပြုလုပ်ခဲ့ရာ အမ်ဖက်တမင်း ဆေးပြား ၁၆ သန်း ဖမ်းဆီးရမိခဲ့ပြီးနောက် ယခုလို အချီကြီး ထပ်မံ ဖမ်းဆီးရမိခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ ဖမ်းဆီးရမိသည့်သတင်းအား အရှေ့တောင်အာရှ အတွင်းရှိ မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသော်လည်း မူးယစ်ဆေးဝါးများ ထွက်ပေါ်လာသည့် အရင်းအမြစ်ကို ရှာဖွေရေးသားတင်ပြခြင်း နည်းပါးလှသည်။ စုံစမ်းထောက်လှမ်းရေး ဂျာနယ်လစ် တဦးက အတိအကျ ရေးသားဖော်ထုတ်ချက်အရ အဆိုပါ မူးယစ်ဆေးဝါးများသည် မြန်မာနိုင်ငံအတွင်း ထုတ်လုပ်ပြီး လာအိုနိုင်ငံမှ တဆင့် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ ဈေးကွက်များသို့ တင်ပို့ရန် ဖြစ်ကြောင်း၊ လာအို တရားဥပဒေစိုးမိုးရေး အဖွဲ့များ၏ အရည်အချင်းနှင့် နိုးကြား သတိဝိရိယရှိမှုသည် အိမ်နီးချင်း နိုင်ငံများက တရားဥပဒေ စိုးမိုးရေးအဖွဲ့များထဲ လျော့နည်းနိုင်သည်ဟု ယူဆခြင်းကြောင့် လာအိုနိုင်ငံ လမ်းကြောင်းကို ရွေးချယ်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်လည်း ရွှေတြိဂံဒေသ၏ လာအိုနိုင်ငံဘက် အခြမ်းရှိ ကာစီနို လောင်းကစားရုံ တခု ဖြစ်သည့် ကင်းစ်ရိုမန် အနီးတွင် မက်သဖက်တမင်း ဆေးပြားပေါင်း ၃၃ သန်းကို လာအိုက အကြီးအကျယ် ထပ်မံ ဖမ်းဆီးရမိလိုက်ပြန်သည်။
ဆက်လက်ဖော်ပြပါမည်
ဘာတီး(လ်)လင့်တနာ သည် အာရှတိုက် သမိုင်း၊ နိုင်ငံရေးနှင့် ရာဇဝတ်မှုများ အကြောင်း စာအုပ်ပေါင်း ၂၂ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ ယခုအခါ အေးရှားတိုင်းမ်စ် နှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အရှေ့ဖျားစီးပွားရေးရီဗျူး၊ ဆွီဒင် နေ့စဉ်ထုတ် သတင်းစာ တစောင် ဖြစ်သည့် Svenska Dagbladet နှင့် ယူကေနိုင်ငံ ဂျိန်းအင်ဖော်မေးရှင်းဂရုတို့၏ သတင်းထောက် တယောက် အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။ လင့်တနာ သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မိသားစုနှင့် အတူ နေထိုင်လျက်ရှိသည်။
You may also like these stories:
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်