အခန်း (၅) တောရိုင်းတိရစ္ဆာန် ကုန်ကူးမှု
တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် မြန်မာနယ်စပ်ရှိ တကြိမ်တခါက အိပ်မောကျခဲ့သော မိုင်းလားမြို့သည် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှု၊ လောင်းကစားမှုတို့၏ ဗဟိုချက် တခုဖြစ်လာပြီးနောက် ယခုအခါ တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှု၏ အချက်အခြာ နေရာ တခု ဖြစ်လာပြန်သည်။
ဤအကြောင်းအား တောရိုင်း တိရစ္ဆာန်များနှင့် အပင်များ တရားမဝင် ကုန်သွယ်မှု အကြောင်း ခြေရာခံ ဖော်ထုတ်နေသည့် အန်ဂျီအို အဖွဲ့ တဖွဲ့ဖြစ်သည့် Traffic ထရက်ဖစ် အဖွဲ့က ၂၀၁၇ ခုနှစ် အစောပိုင်းတွင် ပြုစုခဲ့သည့် အစီရင်ခံစာ တစောင်တွင် အသားပေး ဖော်ပြခဲ့သည်။ ထရက်ဖစ် အဖွဲ့က ၎င်းတို့ စုံစမ်းထောက်လှမ်းခဲ့သည့် အချက်အလက်များ အပေါ် အခြေခံ၍ ရွှေတြိဂံဒေသအတွင်း၌ တောရိုင်းတိရစ္ဆာန် ၁၀ မျိုး၏ ပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့် ကုန်ကူးနေကြကြောင်း၊ ၎င်းတို့မှာ ကျားရေ၊ ကျားခြေနှင့် အရိုးများ၊ ဆင်စွယ်၊ သွား၊ အမွှေး၊ အရိုး၊ အမြီးနှင့် နှာမောင်း အစရှိသည့် ဆင်၏ အစိတ်အပိုင်းများ၊ သင်းခွေချပ်၏ အသားနှင့် ကြေးခွံများ၊ ဝက်ဝံများ၊ အထူးသဖြင့် ဝက်ဝံ၏ သည်းခြေ၊ ကြံ့ချို၊ တောဆိတ်၊ အောက်ချင်းငှက်၊ ပြောင်၊ ကျားသစ်ရေနှင့် လိပ်အမျိုးမျိုးတို့ ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထိုသို့ စုံစမ်းထောက်လှမ်းရာတွင် မိုင်းလားမြို့ အထိပင် သွားရောက်ခဲ့ကြသည်။ အဓိကဈေးကွက်မှာ တရုတ်နိုင်ငံဖြစ်ပြီး ကြံ့ချိုကို ကာမအားတိုးဆေး အဖြစ် ယုံကြည်ကြပြီး ဝက်ဝံသည်းခြေနှင့် သင်းခွေချပ်သားကိုမူ စားကောင်းသောက်ဖွယ်အဖြစ် မှတ်ယူကြသည်။ သင်းခွေချပ်ကြေးခွံသည် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တိုင်းရင်းဆေးလောကတွင် ကျော်ကြားလှသည်။ မိုင်းလားတွင် ရောင်းချနေသည့် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများသည် မြန်မာနိုင်ငံမှ လာသည့်အပြင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ (ကြံ့ချိုနှင့် ကျားထွက်ပစ္စည်းများ) နှင့် ဝေးလံလှသည့် အာဖရိကတိုက် (ကြံ့ချိုများ) မှပင် လာပေသည်။
လာအိုနိုင်ငံ ဘော်ကျောက်ပြည်နယ်ရှိ ရွှေတြိဂံ အထူးစီးပွားရေးဇုန် (GTSEZ) တွင်လည်း တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများကို ရောင်းချကြသည်။ သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (EIA) ၏ အဆိုအရ ထိုအထူးစီးပွားရေးဇုန်အတွင်း၌ ဒုစရိုက်သမားများ လုပ်ကိုင်နေသည့် ကျား “မွေးမြူရေးခြံများ” ရှိကြောင်း၊ ကျားများကို သားဖောက် မွေးမြူကာ ရောင်းချကြကြောင်း သိရသည်။ အီးအိုင်အေ ရေးသားခဲ့သည့် ၂၀၁၅ ခုနှစ်ထုတ် အစီရင်ခံစာ တစောင်တွင် “အထူးစီးပွားရေးဇုန်အတွင်း၌ ကာစီနို လောင်းကစားရုံ တရုံ၊ ဟိုတယ်များ၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ၊ သေနတ်ပစ်ကွင်း တကွင်းနှင့် အနှိပ်ခန်းများရှိသည်။ ထို့အပြင် ဧည့်သည်များ အနေဖြင့် ကျား၊ ကျားသစ်၊ ဆင်၊ ကြံ့၊ သင်းခွေချပ်၊ အောက်ချင်းငှက်၊ မြွေနှင့် ဝက်ဝံများ အစရှိသည့် မျိုးတုံးလုလု တိရစ္ဆာန်မျိုးစိတ်ထွက် ပစ္စည်းများကို လွတ်လပ်စွာ ဝယ်ယူနိုင်သည်။ အားလုံးကို အာရှနှင့် အာဖရိကတိုက်တို့မှ မှောင်ခိုခိုးထုတ်လာခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ ငွေကြေးခဝါချမှုနှင့် လူကုန်ကူးမှုများတွင် ပါဝင် ပတ်သက်နေသည့် နိုင်ငံတကာ ဒုစရိုက်ဂိုဏ်းများက ဤတောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှုကို လုပ်ကိုင်ကြသည်။ ရွှေတြိဂံဒေသ အတွင်း တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ ရောင်းဝယ်မှု ပမာဏ အတိအကျကို မသိနိုင်သော်လည်း တကမ္ဘာလုံးနှင့်ချီလျှင် အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံလောက်ရှိသည်ဟု သတင်းများတွင် ဖော်ပြကြသည်။ ဥရောပကော်မရှင်၏ အဆိုအရ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် ရောင်းဝယ်မှုသည် မူးယစ်ဆေးဝါး၊ လက်နက်နှင့် လူကုန်ကူးမှုများပြီးလျှင် စတုတ္တမြောက် အကျိုးအမြတ် အများဆုံး နိုင်ငံဖြတ်ကျော် မှုခင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း သိရပါသည်။ ရွှေတြိဂံဒေသသည် ဥပဒေမဲ့ဒေသ ဖြစ်သည့် အလျောက် ဒေသတွင်းသာမက တကမ္ဘာလုံးတွင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု အကြီးအကျယ် ဖြစ်ထွန်းနေသည့် နေရာတခုဖြစ်နေသည်မှာ ထူးဆန်းလှသည်တော့ မဟုတ်ပေ။
မည်သို့မည်ပုံ အလုပ်လုပ်ကြသနည်း
၂၀၂၁ ခုနှစ် အုပ်စုဖွဲ့ ရာဇဝတ်မှု အလားအလာ တွင် ဖော်ပြထားသည့် အစီရင်ခံစာ တစောင်တွင် ရွှေတြိဂံဒေသအတွင်း တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်း တရားမဝင် ရောင်းဝယ်မှုများ လုပ်ကိုင်ပုံ အကြောင်း အသေးစိတ် ရေးသားထားသည်။ ရွှေတြိဂံဒေသနှင့် ဆက်စပ်နယ်မြေများတွင် ၁၉၈၉ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ပြိုကွဲခြင်း၊ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး ရုတ်ချည်း တိုးတက်လာခြင်း အစရှိသည့် ကြီးမားသည့် အဖြစ်အပျက်များ ဖြစ်ပျက်ပြီးနောက် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်မှုလည်း ကြီးထွားလာခဲ့သည်။ လူတန်းစား အသစ် အဖြစ် တရုတ်လူမျိုး စွန့်စား စီးပွားရှာသူများ ပေါ်ပေါက်လာခဲ့ပြီး စီးပွားရေး အခွင့်အလမ်းများ ရှာဖွေကြခြင်း၏ ရလဒ်လည်း ဖြစ်သည်။ ဗကပ တပ်ဖွဲ့ဟောင်းများသည် မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိပြီးနောက် တရုတ်နယ်စပ်တလျှောက်တွင် ၎င်းတို့ဘာသာ အုပ်ချုပ်သည့် နယ်မြေများ တည်ထောင်ခဲ့ပြီး မူးယစ်ဆေးဝါး ကုန်သွယ်မှုတွင် ပါဝင်ကြသည်။ ဥမဒေနှင့် မညီသည့် အခြားလုပ်ငန်းများကိုလည်း လုပ်နိုင်သည့် အခွင့်အလမ်းများ ရလာသည်။ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ ကုန်ကူးခြင်းသည် အမြတ်အစွန်း အများအပြား ရရှိနိုင်သည့် လုပ်ငန်းများတွင် တခုအပါအဝင် ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် အင်ဗက်စ်မန့် မော်နီတာ (Investment Monitor) က ရွှေတြိဂံ အထူးစီးပွားရေးဇုန် သည် “ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး အထူးစီးပွားရေးဇုန်” ဖြစ်ကြောင်း တံဆိပ်ကပ်လေတော့သည်။
အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်−ရှမ်းပြည်နယ် အရှေ့ပိုင်း (NDAA-ESS) ထိန်းချုပ်ထားသည့် မိုင်းလားသည် အဆိုပါ ကုန်သွယ်မှု၏ ဗဟိုချက်မ ဖြစ်လာသည်။ ထိုအဖွဲ့၏ ခေါင်းဆောင်များသည် နယ်စပ်တဖက်တွင် ရှိကြသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ဒေသခံ အာဏာပိုင်များနှင့် ကောင်းမွန်သည့် အဆက်အသွယ် ရှိသကဲ့သို့ တရုတ်လူမျိုး ဒုစရိုက်အဖွဲ့အစည်းများနှင့်လည်း အဆက်အသွယ် ရှိကြသည်။ တချိန်တည်းတွင် လာအိုနိုင်ငံတွင် ပွင့်လင်းသည့် ဈေးကွက်ကို ဦးတည်သည့် စီးပွားရေး မူဝါဒများ တသီတတန်းကြီး အစပြုခဲ့သည်။ ပုဂ္ဂလိက ကုန်သည်များကို နိုင်ငံပိုင်လုပ်ငန်းများနှင့် ယှဉ်ပြိုင်ခွင့်ပြုခဲ့ပြီး မူဝါဒအသစ်များကြောင့် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးသည် အလျင်အမြန် တိုးတက်ခဲ့သည်။ အုပ်စုဖွဲ့ ဒုစရိုက်မှု အလားအလာ တွင် ဖော်ပြထားသည့် ဆောင်းပါးရှင်များက “ဤသည်မှာ … တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံ မြောက်ပိုင်း၊ မြန်မာနိုင်ငံ အရှေ့ပိုင်းတို့အကြား ရှေးယခင်ကတည်းက အဆက်အသွယ် ရှိခဲ့သည်ကို အားဖြည့်ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် နယ်စပ်ဖြတ်ကျော် မှောင်ခိုလုပ်ငန်းများ ပိုမို အလုပ်ဖြစ်စေသည့်အပြင် ဒုစရိုက်အုပ်စုများ အတွက် ရွှေတြိဂံ နယ်စပ်ဒေသများ အတွင်း တရားမဝင် ဈေးကွက်သစ်များ ဖြန့်ကျက်ရန် အခွင့်အလမ်း ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်နေကြောင်း” ထောက်ပြကြသည်။
ဤကဲ့သို့သော လာအိုစီးပွားရေးပေါ်လစီ အပြောင်းအလဲကြောင့် ၂၀၀၇ ခုနှစ်တွင် ရွှေတြိဂံ အထူးစီးပွားရေးဇုန်ကို တည်ထောင်ခြင်းကို ဦးတည်စေခဲ့သည်။ အထူးစီးပွားရေးဇုန်တွင် ဥပဒေ ကင်းမဲ့လျက် ရှိသည်ကို လူသိများလာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အင်ဗက်စ်မန့်မော်နီတာ က “ကမ္ဘာပေါ်တွင် အဆိုးဝါးဆုံး အထူးစီးပွားရေးဇုန်” ဖြစ်ကြောင်း တံဆိပ်ကပ်လေတော့သည်။ ဤကဲ့သို့ ဖြစ်ရသည့် အဓိက အကြောင်းရင်းမှာ ရွှေတြိဂံအထူးစီးပွားရေးဇုန်မြေကို ဟောင်ကောင်တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ တခုဖြစ်သော ကင်းရိုမန်အုပ်စုအား ငှားရမ်းပေးရန် လာအို အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုအထူးစီးပွားရေးဇုန်သည် လာအိုအစိုးရ၏ စီရင်ပိုင်ခွင့်အောက်တွင် မရှိတော့ပေ။ ၉၉ နှစ်ကြာ မြေငှားရမ်းခွင့်ကို ၂၀၀၇ ခုနှစ်တွင်ချုပ်ဆိုခဲ့ခြင်း ဖြစ်သောကြောင့် ဤစီမံမှုသည် အမြဲတမ်း ငှားရမ်းလိုက်ရသကဲ့သို့ ဖြစ်နေပါသည်။
အဆိုပါ အထူးစီးပွားရေးဇုန် အတွင်းတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ် တခု တည်ဆောက်ရန်အတွက် အစီအမံများရှိကြောင်း ၂၀၂၁ ခုနှစ် ဂျွန်လ ၂၅ ရက်တွင် ထုတ်လွှင့်ခဲ့သည့် လွတ်လပ်သည့်အာရှအသံ (RFA) သတင်းတပုဒ် တွင် ဖော်ပြခဲ့သည်။ ကင်းရိုမန်နှင့် ဆက်စပ်နေပြီး ကာစီနို လောင်းကစားရုံကို အမှန်တကယ် စီမံခန့်ခွဲနေသည့် ကုမ္ပဏီ၏ဥက္ကဋ္ဌသည် လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု အပြင် မူးယစ်ဆေးဝါးနှင့် တောရိုင်းတိရစ္ဆာန်ထွက်ပစ္စည်းများ တရားမဝင် ရောင်းဝယ်မှုများနှင့် ဆက်နွှယ်ကြောင်း” အာအက်ဖ်အေ ကပင် သတင်းဖော်ပြခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ရွှေတြိဂံဒေသ၌ ကျော်ကြားလှသည့် ကင်းရိုမန် ကာစီနို အပါအဝင် ဤစီးပွားရေးကွန်ရက်အား “နိုင်ငံဖြတ်ကျော် ဒုစရိုက်အဖွဲ့အစည်း” (Transnational Criminal Organization-TCO) အဖြစ် အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဌာနကက ကြေညာခဲ့ပြီး ကုမ္ပဏီ ဥက္ကဋ္ဌ အပါအဝင် ဆက်နွှယ်နေသည့် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဟောင်ကောင်ရှိ လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုများ ချမှတ်ခဲ့ကြောင်း ထိုသတင်း၌ပင် ဖော်ပြထားသည်။
တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်ရေး မူလအစနှင့် ဈေးကွက်များ
လူမျိုးစု အခြေပြု ပြစ်မှုများ အကြောင်း သတင်းရေးသားသည့်အခါ လူမျိုးစု တခုလုံးအား ပုတ်ခတ်ခြင်း၊ ဒုစရိုက်သမားများ အဖြစ်သတ်မှတ်ခြင်းများ မပြုလုပ်မိစေရန် အလွန် အရေးကြီးလှပါသည်။ လူမျိုးစုတူသည့် ဒုစရိုက်သမားများသည် တူညီသည့် လူ့အသိုင်းအဝန်းမှ လူအချင်းချင်း အလွယ်တကူ အလုပ်လုပ်နိုင်ကြပြီး ပိုမိုယုံကြည်နိုင်ကြသည်။ ဤကား “လူမျိုးစု အခြေပြု ပြစ်မှု” ဖြစ်သည်။ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ ကိစ္စတွင် ပိုသိသာပေသည်။ တရုတ်လူမျိုး ရာဇဝတ်ဂိုဏ်းများသည် ကမ္ဘာတလွှား ပြန့်နှံ့နေသည့် တရုတ်လူမျိုးများ အပေါ် အခြေခံကာ အရှေ့တောင်အာရှ၊ မြောက်နှင့် တောင် အမေရိကတိုက်တလွှားနှင့် တောင်အာဖရိက အထိပင် ကျယ်ပြန့်စွာ လှုပ်ရှား ဆောင်ရွက်ကြသည်။
တရုတ်ဒုစရိုက်ဂိုဏ်းများသည် တောင်အာဖရိကနိုင်ငံအား ဒေသတွင်း အခြေစိုက်စခန်းအဖြစ် အသုံးပြုကာ ဒေသခံ အဆက်အသွယ်များ အပေါ် အားထားပြီး အာဖရိကတိုက် တောင်ပိုင်းတလွှားမှ တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများကို မိုင်းလား ကဲ့သို့သော နေရာသို့ ပို့ဆောင်ကြသည်။ မိုင်းလားသည် တကမ္ဘာလုံးတွင် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ လွတ်လပ်စွာ ရောင်းဝယ်နိုင်သည့် အနည်းငယ်သာရှိသော နေရာများအနက် တနေရာဖြစ်သည်။ ဤကုန်သွယ်မှုသည် ဒီထက်ပိုမိုရှုပ်ထွေးလှသည်။ Trends in Organized Crime ၏ အဆိုအရ “အုပ်စုဖွဲ့ဒုစရိုက်အုပ်စုများသည် တရားမဝင်လုပ်ငန်းများကို လုပ်ကိုင်ရန် ဒေသခံ ဒုစရိုက်အဖွဲ့များကို ငှားရမ်းထားပုံရသည်။ ဥပမာအားဖြင့် ကျားရေခွံ ရောင်းဝယ်ရေး လုပ်ကိုင်နေသည့် ဒုစရိုက်အဖွဲ့ တခုသည် ကျားခိုးဖမ်းခြင်း၊ ပစ္စည်း အရောင်းမြှင့်တင်ခြင်း၊ ပစ္စည်းပို့ဆောင်ခြင်း အစရှိသည့် လုပ်ငန်းများကို ဒေသခံ ဒုစရိုက်အဖွဲ့များကို အပြတ်ငှာရမ်းလုပ်ကိုင်စေသည်” ဟု သိရသည်။ မိုင်းလားနှင့် ရွှေတြိဂံ အထူးစီးပွားရေးဇုန် တွင် ရောင်းချသည့် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများအား အဓိက ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ အပြင် ဗီယက်နမ်သို့လည်း ခိုးသွင်းကြသည်။ ထိုနိုင်ငံများတွင် “တိုင်းရင်းဆေးဝါး” ဟု အမည်တပ်ကာ ဝယ်ယူမှု မြင့်မားကြသည်။
မကြာသေးခင်က အထူးသဖြင့် ကိုဗစ်နိုင်တင်းကာလ အလွန် ဖြစ်ပေါ်တိုးတက်မှုများကို မဟာဗျူဟာနှင့် အပြည်ပြည်ဆိုင်ရာလေ့လာရေးစင်တာမှ ထုတ်ပြန်သည့် ၂၀၂၁ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ တောရိုင်းတိရစ္ဆာန်များ တရားမဝင် ရောင်းဝယ်မှုကို ဒီဂျစ်တယ်နည်းလမ်းဖြစ်သည့် လမ်းကြောင်းသစ်ဖြင့် ဆောင်ရွက်လာကြပုံ ရှိသဖြင့် အဆိုပါ ပြစ်မှုအား တိုက်ဖျက်ရန် ပိုမိုခက်ခဲသည့်အပြင် ထိုအကြောင်းများကို ဖော်ထုတ်ရေးသားရန်မှာလည်း ပိုမိုခက်ခဲလာပါသည်။
အကြံပြုချက်များနှင့် အသုံးဝင်မည့် အကြောင်းအရာများ
လာအိုနိုင်ငံ ရွှေတြိဂံ အထူးစီးပွားရေးဇုန်ရှိ ကာစီနို လောင်းကစားရုံသို့ ထိုင်းနိုင်ငံ ချင်းဆဲန်ဘက်မှ စပိဘုတ်များဖြင့် မဲခေါင်မြစ်ကို ဖြတ်ကူးကာ အလွယ်တကူ သွားရောက်နိုင်သည်။ (လာအိုနိုင်ငံဘက် အခြမ်းသို့ ရောက်ရှိပါက နိုင်ငံအတော်များများမှ နိုင်ငံသားများအား အမေရိကန်ဒေါ်လာ ၃၀ ခန့်ဖြင့် ရက် ၃၀ ဗီဇာထုတ်ပေးပါသည်။) ဒါပေမယ့် မြန်မာနိုင်ငံ မိုင်းလားကိုတော့ သွားရောက်ဖို့ ပိုခက်ခဲပါသည်။ ယခင်ကဆိုလျှင် မြန်မာနိုင်ငံ အရှေ့ပိုင်း ကျိုင်းတုံမှတဆင့် နိုင်ငံခြားသားများ သွားရောက်နိုင်သော်လည်း မကြာခဏဆိုသလို လမ်းကိုပိတ်ထားလေ့ရှိသည်။ အနောက်နိုင်ငံသားများနဲ့ မတူသည့် အာရှနိုင်ငံသား ခရီးသွားများအနေဖြင့် အစစ်အဆေး သိပ်မရှိလှသဖြင့် သွားရလွယ်ကူပါသည်။ ကျိုင်းတုံသည် အစိုးရ ထိန်းချုပ်သည့် နယ်မြေဖြစ်ပြီး ကျိုင်းတုံနှင့် NDAA-ESS မှ ထိန်းချုပ်သည့် နယ်မြေအကြားတွင် “နယ်နိမိတ်” တခု ရှိသည်။ အဆိုပါ “နယ်နိမိတ်” သို့ ရောက်ရှိလာသူများအား NDAA-ESS နှင့် မြန်မာစစ်တပ်က စစ်သားများက ၎င်းတို့သက်ဆိုင်ရာ အခြမ်းမှ စောင့်ဆိုင်း စစ်ဆေးကြပါသည်။
ရွှေတြိဂံအထူးစီးပွားရေးဇုန်နှင့် မိုင်းလားသို့ သွားရောက်ရာတွင် ဓာတ်ပုံရိုက်ယူသည့်အခါ အထူး သတိထားရပါလိမ့်မည်။ အဆိုပါ နေရာများသည် ရက်စက်သည့် ဒုစရိုက်သမားများ ကြီးစိုးသည့် နေရာဖြစ်သောကြောင့် ၎င်းတို့၏ အလုပ်များကို ချောင်းမြောင်းစပ်စုသည့် နိုင်ငံခြားသား ဂျာနယ်လစ်များအား အန္တရာယ်ပေးရန် ဝန်လေးကြသူများ မဟုတ်ကြောင်း အမှတ်ရပါ။ သို့သော် ကာစီနို လောင်းကစားရုံများ၊ ဈေးများနှင့် ဖျော်ဖြေရေးနေရာများသို့ လှည့်လည်သွားလာရုံမျှဖြင့် ထိုနေရာများသည် မည်သို့ နေရာများ ဖြစ်သည်ကို သိရှိခံစားနိုင်မည် ဖြစ်သည်။
အထက်ဖော်ပြပါ လင့်ခ်များအပြင် အင်တာနက်ပေါ်တွင် ရရှိနိုင်သည့် သတင်းအချက်အလက်များစွာ ရှိသေးသည်။ ရွှေတြိဂံဒေသအတွင်း တောရိုင်းတိရစ္ဆာန်နှင့်ဆိုင်သည့် ပြစ်မှုများ တိုက်ဖျက်ရာတွင် တရားဥပဒေ စိုးမိုးရေး အဖွဲ့ဝင်များအား အထောက်အကူဖြစ်စေရန် အလွန်ပြည့်စုံသည့် တောရိုင်းတိရစ္ဆာန်များ ခွဲခြားရေး လမ်းညွှန် နှင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ အတွင်း ကြောင်မျိုးနွယ် သတ္တဝါကြီးများ ကုန်ကူးမှုနှင့် ပတ်သက်သည့် အသေးစိတ် အစီရင်ခံစာ တစောင် တို့ကို ထရက်ဖစ် အဖွဲ့က ပြုစုထားပါသည်။ ၂၀၂၁ ခုနှစ် အတွင်း ဖရန်တီယာ က ထုတ်ဝေသည့် စာတမ်း တစောင်တွင် ကမ္ဘာ့အကြီးမားဆုံး တောရိုင်းတိရစ္ဆာန်ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍအကြောင်း အကျဉ်းချုပ် ဖော်ပြထားသည်။ သဘာဝပတ်ဝန်းကျင် အရေး အဓိက တင်ဆက်လေ့ရှိသည့် မွန်ဂါဘေး သတင်းဝက်ဆိုက်ကလည်း ရွှေတြိဂံဒေသ တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု အကြောင်းနှင့် ပတ်သက်သည့် အစီရင်ခံစာ အချို့ကို ပြုစုထုတ်ပြန်ထားရာ ဤနေရာ၊ ဤနေရာ နှင့် ဤနေရာ တို့တွင် ဖတ်ရှုနိုင်ပါသည်။ ပထမ အစီရင်ခံစာတွင် ယေဘုယျဆန်ဆန် ဖော်ပြထားပြီး ဒုတိယအစီရင်ခံစာတွင်မူ ကျယ်ကျယ်ပြန့်ပြန့် ရောင်းဝယ်ခံနေရသည့် တိရစ္ဆာန်များ စာရင်းကို ဖော်ပြထားသည်။ နောက်ဆုံး ထုတ်ပြန်ထားသည့် တတိယ အစီရင်ခံချက်တွင် လာအိုနိုင်ငံအတွင်း “အုပ်စုဖွဲ့ ဒုစရိုက်အဖွဲ့ တဖွဲ့က လုပ်ကိုင်နေသည့်” ကျားမွေးမြူရေးခြံကို လျှို့ဝှက်ရိုက်ကူးလာသည့် ဗီဒီယိုပါရှိသည်။
ထိုင်းနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ တရားမဝင် ရောင်းဝယ်နေမှုကို စုံစမ်းထောက်လှမ်းနေသည့် အန်ဂျီအိုအဖွဲ့များ ရှိသည့်အနက် အကောင်းဆုံး သတင်းအချက်အလက် ထုတ်ပြန်နိုင်သည့် အဖွဲ့မှာ ထရက်ဖစ် ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင် စုံစမ်းထောက်လှမ်းရေးအေဂျင်စီ နှင့် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များဆိုင်ရာ ရန်ပုံငွေအဖွဲ့ တို့တွင်လည်း အသုံးဝင်လှသည့် အချက်အလက်များရှိသည်။
လေ့လာရန် ဥပမာများ
မြန်မာအစိုးရက ထိရှလွယ်သည့် ဒေသများသို့ နိုင်ငံခြားသားများ သွားလာရန် ခက်ခဲအောင် မပြုလုပ်မီ ယခင်အခါက ဂျာနယ်လစ် အတော်များများ မိုင်းလားသို့ သွားရောက်လည်ပတ်ခဲ့ကြသည်။ ထိုအချိန်အခါက ရေးသားခဲ့သည့် အပြည့်စုံဆုံး ဆောင်းပါးတပုဒ်ကို ၂၀၁၆ ခုနှစ် ဂျွန်လထုတ် ခရော့စ်ကားရန့် အရှေ့အာရှ သမိုင်းနှင့် ယဉ်ကျေးမှု ရီဗျူး တွင် ဖော်ပြခဲ့သည်။ ဆောင်းပါးရှင်များ ဖြစ်ကြသည့် အလက်ဇန္ဒရိုး ရစ်ပါ နှင့် မာတင် ဆက်ဆာ တို့က မိုင်းလားမြို့၏ သရုပ်သဏ္ဌာန်၊ ၎င်းတွင်ရှိသည့် တရားမဝင် လုပ်ငန်းများ၊ တရုတ်နိုင်ငံနှင့် ထိစပ်လျက်ရှိသည့် မြန်မာနယ်စပ် တလျှောက်တွင် ရှိနေသည့် ယှဉ်ပြိုင်ဘက်မရှိ၊ ဥပဒေကင်းမဲ့သည့် ဒေသ တခု ပေါ်ထွန်းလာသည့် နောက်ခံသမိုင်းကြောင်း စသည်တို့ကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးပြနိုင်ခဲ့သည်။ “မိုင်းလား၏ အောင်မြင်မှုသည် … လောင်းကစားသမားများ၊ မှောင်ခိုသမားများ၊ ကွန်မြူနစ်ဟောင်းများ၊ သူပုန်တပ်ဖွဲ့ခေါင်းဆောင်များနှင့် မူးယစ်ရာဇာများ၏ ကွန်ရက် တခုပေါ်တွင် တည်ရှိနေသည်” ဟု ၎င်းတို့က ရေးသည်။ ဆောင်းပါးရှင်များအနေဖြင့် နယ်စပ်ဒေသ၏ တရုတ်နိုင်ငံဘက်ခြမ်းမှ အကျင့်ပျက် အရာရှိများ အပြင် NDAA-ESS ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသည့်ဒေသ တောင်ဘက်ရှိ မြန်မာအစိုးရ ထိန်းချုပ်ဒေသမှ အကျင့်ပျက် အရာရှိများကိုလည်း အဆိုပါ ကွန်ရက်တွင် ထည့်သွင်းရေးသားနိုင်ပါသေးသည်။
ပြည်ပရောက် မြန်မာများ ထုတ်လွှင့်သည့် မဇ္ဈိမ ဝက်ဆိုက် က ၂၀၂၀ ခုနှစ်တွင် မိုင်းလား အကြောင်း ရှမ်းလူမျိုး တဦးဖြစ်သူ စိုင်းဝမ်းဆိုင် ရေးသားထားပြီး အတော်ကောင်းမွန်သည့် ဆောင်းပါးတပုဒ်ကို ဖော်ပြခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီ မြန်မာပညာရှင်များ ရေးသားခဲ့သည့် လေ့လာမှုများကို ၎င်းဆောင်းပါးတွင် အကျယ်တဝင့် ကိုးကားဖော်ပြခဲ့သည်။ စိုင်းဝမ်းဆိုင် သည် မိုင်းလားတွင် ဖြစ်ပေါ်တိုးတက်လာသည့် အကြောင်းကို အကျဉ်းချုပ် ဖော်ပြထားရုံသာမက မြန်မာနိုင်ငံ မြောက်ဖျား ကချင်ပြည်နယ် အတွင်းရှိ တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်ကူးမှု အကြောင်းကိုလည်း တင်ပြထားသည်။ NDAA-ESS ထိန်းချုပ်ထားသည့် နယ်မြေ အတွင်း ဝင်ရောက်ရန် ခက်ခဲသည့်အလျောက် မိုင်းလား အကြောင်း အချိန်နှင့် တပြေးညီ တင်ဆက်ထားသည့် ဆောင်းပါးများလည်း ထွက်ပေါ်လာခြင်း မရှိတော့ပေ။
မှောင်ခိုသမားများအား ဖမ်းဆီးရရှိသည့် သတင်းများအား နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြနေကြဖြစ်ပြီး အယ်လ်ဂျာဇီးယားက ၂၀၂၂ ခုနှစ် အောက်တိုဘာလ အတွင်း ဖော်ပြခဲ့သည့် သတင်း တပုဒ်သည် နောက်ဆုံး ဥပမာ တခု ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၇၂၅,၀၀၀ ပေါက်ဈေးရှိ ကြံ့ချို အလေးချိန် ၇၀ ကီလိုဂရမ်ကို မှောင်ခိုတင်သွင်းရာမှာ ပါဝင်သည်ဟု စွပ်စွဲခံထားရသည့်အမှုကို ရင်ဆိုင်ရန် အတွက် မလေးရှားနိုင်ငံသား တျိုဘွန်ချင်း အား အမေရိကန်ပြည်ထောင်စု သို့ လွှဲပြောင်းပေးလိုက်သည့် သတင်းဖြစ်သည်။ တျို သည် “အာဖရိကတိုက်မှ ကြံ့ချို၊ ဆင်စွယ်နှင့် သင်းခွေချပ်များကို သယ်ယူပို့ဆောင်ပေးရာတွင် ကျွမ်းကျင်ကြောင်း၊ များသောအားဖြင့် မလေးရှားနှင့် လာအိုနိုင်ငံ တို့ကို ဖြတ်သန်းကာ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ရှိ စားသုံးသူများထံ ပို့ဆောင်ပေးကြောင်း” အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေးဌာနက ဆိုသည်။ ဤအမှုတွင် ရွှေတြိဂံအထူးစီးပွားရေးဇုန်မှ ဂိုဏ်းများ သေချာပေါက် ပါဝင်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် လာအို၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံ တလွှား ဖြန့်ကျက်ထားသည့် ကွန်ရက်များ ရှိသောကြောင့် ဖြစ်သည်။
ရွှေတြိဂံဒေဿရှိ တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုအား ပိတ်ပင်တော့မည် ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဩဂုတ်လတွင်လာအိုအစိုးရက ကြေညာခဲ့သည်။ သို့သော် ၂၀၂၀ ခုနှစ် အတွင်း လိုက်ဖ်ဂိတ် ဝက်ဆိုက်တွင် ဖော်ပြထားသည့် စုံစမ်းထောက်လှမ်းရေး သတင်းတပုဒ်အရ တောင်ရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှုများ ရပ်တံ့သွားခြင်း မရှိသေးဘဲ “တရားမဝင် ကုန်သည်များနှင့် တောရိုင်းတိရစ္ဆာန်လုပ်ငန်း လုပ်ကိုင်ကြသည့် ဒုစရိုက်သမားများသည် လူမှုကွန်ရက်များမှတဆင့်သာ သိုသိုသိပ်သိပ် အရောင်းအဝယ် လုပ်ကြသည့် ပုံစံအဖြစ်သို့သာ ပြောင်းလဲသွားခြင်းဖြစ်သည်။ မက်ဆေ့၊ လူမှုကွန်ရက်နှင့် ငွေပေးချေသည့် တရုတ်နိုင်ငံလုပ် အက်ပ် တခုဖြစ်သည့် ဝီချက် အား တောရိုင်း တိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှုတွင် အသုံးပြုခြင်းမှာ တရိပ်ရိပ်နှင့် တိုးမြင့်လာသည်” ဟု သိရပါသည်။
၂၀၂၂ ခုနှစ် အတွင်း သည်ဒီပလိုမက် တွင် ဖော်ပြထားသည့် ဆောင်းပါး တပုဒ်တွင် အိန္ဒိယနိုင်ငံသည်လည်း ၎င်းတို့ ပြည်တွင်းတွင်မရှိသော မျိုးတုံးလုလု တိရစ္ဆာန်မျိုးစိတ်များ ဝယ်ယူလိုမှု တိုးတက်မြင့်မားလာသော နိုင်ငံ တခု ဖြစ်ကြောင်း ဖော်ပြထားသည်။ ၎င်းတို့ပစ်မှတ်ထားသော တိရစ္ဆာန်များမှ ချင်ပန်ဇီ၊ သင်းခွေချပ်၊ မြွေ၊ ဖွတ် အစရှိသည့် တွားသွားတိရစ္ဆာန်များနှင့် တောကြောင်တို့ ဖြစ်ကြသည်။ ဤတိရစ္ဆာန်များအား မြန်မာနိုင်ငံဘက်မှ အိန္ဒိယနိုင်ငံ အရှေ့မြောက် ပြည်နယ်များ ဖြစ်ကြသည့် မီဇိုရမ်နှင့် မဏိပူရ သို့ မှောင်ခိုတင်သွင်းကြသည်။ ယခုလို မှောင်ခိုတင်သွင်းရာတွင် မြန်မာနိုင်ငံ တောများတွင် မတွေ့ရှိနိုင်သည့် ချင်ပန်ဇီများလည်း ပါဝင်သဖြင့် ကမ္ဘာနှင့် ချိတ်ဆက် အလုပ်လုပ်နေကြသည့် မှောင်ခိုလုပ်ငန်း ဖြစ်ကြောင်း သိနိုင်ပေသည်။ အိန္ဒိယနိုင်ငံ အရှေ့မြောက် ဒေသ ဂူဝါဟာတီ အခြေစိုက် စုံစမ်းထောက်လှမ်းရေး ဂျာနယ်လစ် တဦးဖြစ်သူ ရာဂျစ် ဘတ်တာချာရိယ က “အိန္ဒိယနိုင်ငံက တရားမဝင် တောရိုင်းတိရစ္ဆာန်နှင့် တောရိုင်းထွက် ပစ္စည်းတွေ ထွက်တဲ့နိုင်ငံလည်း ဟုတ်သလို၊ တထောက်နားတဲ့နိုင်ငံလည်း ဟုတ်တယ်။ တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်တဲ့ ထိပ်တန်း နိုင်ငံ ၂၀ မှာ အိန္ဒိယလည်းပါတယ်” ဟု ဆိုပါသည်။
ဆက်လက်ဖော်ပြပါမည်
ဘာတီး(လ်)လင့်တနာ သည် အာရှတိုက် သမိုင်း၊ နိုင်ငံရေးနှင့် ရာဇဝတ်မှုများ အကြောင်း စာအုပ်ပေါင်း ၂၂ အုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။ ယခုအခါ အေးရှားတိုင်းမ်စ် နှင့် အလုပ်လုပ်ကိုင်လျက်ရှိပြီး အရှေ့ဖျားစီးပွားရေးရီဗျူး၊ ဆွီဒင် နေ့စဉ်ထုတ် သတင်းစာ တစောင် ဖြစ်သည့် Svenska Dagbladet နှင့် ယူကေနိုင်ငံ ဂျိန်းအင်ဖော်မေးရှင်းဂရုတို့၏ သတင်းထောက် တယောက် အဖြစ်လည်း လုပ်ကိုင်ခဲ့ဖူးသည်။ လင့်တနာ သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မိသားစုနှင့် အတူ နေထိုင်လျက်ရှိသည်။
You may also like these stories:
ရွှေတြိဂံဒေသတွင်း အုပ်စုဖွဲ့ ရာဇဝတ်မှုများ အကြောင်း စုံစမ်းထောက်လှမ်းခြင်း လမ်းညွှန်
ရွှေတြိဂံဒေသတွင်း မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်ခြင်း
ရွှေတြိဂံ မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် အစိုးရ အရာရှိများ ပါဝင်ပတ်သက်မှု
ရွှေတြိဂံ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေကြေးခဝါချမှု