[irrawaddy_gallery]
အနုပညာ ပြခန်းထဲ ဝင်လိုက်တာနဲ့ ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ်၊ ပက်စတယ် စသည်ဖြင့် မီဒီယံ တမျိုးတည်းနဲ့ ဖန်တီး တင်ပြတာမျိုးကို မတွေ့ရဘဲ မီဒီယာပေါင်းစုံ သုံးစွဲ ဖန်တီးတင်ပြ ထားတဲ့ အနုပညာ လက်ရာတွေကို တွေ့ရတယ်။
အခုနောက်ပိုင်းမှာ အနုပညာ ပြပွဲတွေကို မီဒီယံတမျိုးတည်း သုံးပြီး ပြသမှုမျိုး တော်တော်လေး ရှားပါးလာပါပြီ။ မီဒီယံ ဆိုတာ အနည်းကိန်း ဖြစ်ပြီး မီဒီယာ ဆိုတာ အများကိန်းကို ညွှန်းပါတယ်။
Artist ၁၃ ဦး ရဲ့ လက်ရာ ၃၉ ခုကို ကြည့်ရင် လက်တကမ်းမှာ ရှိတဲ့ ပစ္စည်းပစ္စယတွေ သုံးပြီး အနုပညာလက်ရာ အဖြစ် ပေါင်းစပ်တင်ပြထားတာ တွေ့ရတယ်။
ရင်နန်းဝေ ရဲ့ Little House အနုပညာ လက်ရာမှာဆိုရင် လူတိုင်း တွေ့နေ မြင်နေကျ အရောင်အမျိုးမျိုး ရှိတဲ့ စာကလေး အိမ်တွေကို လေထဲမှာ ကြိုးနဲ့ ချိတ်ဆွဲ ပြသထားပါတယ်။ စာကလေး အိမ်ကို လူတွေ နိစ္စဓူ၀ တွေ့နေ၊ မြင်နေရပေမယ့် အနုပညာ လက်ရာ တခုအဖြစ် ပုံစံတမျိုးနဲ့ တင်ပြလာတာကို ကြည့်ရင်း … မြို့ပြအိမ်ရာ မွန်းကျပ်မှု၊ အိမ်ရာဈေး မြင့်မားမှု၊ အိမ်ခန်း အငှားဈေး ကြီးမားမှု တွေကိုပါ တဆက်တည်း ထပ်ဆင့် တွေးမြင် ခံစားမိပါတယ်။
Artist စန္ဒီရဲ့ အသူရကာယ်ဘုံမှ လူသားများ ဆိုတဲ့ အနုပညာ လက်ရာမှာတော့ ကဗျာတပုဒ်လည်း ပါဝင်တဲ့ အပြင် ကဗျာဆရာ၊ ပန်းချီဆရာတွေရဲ့ ဘဝဖြစ်တည်ရာနဲ့ ဆက်စပ်ပြီး “ရင်နာစရာ ဆိုတာ ငါတို့ ဘဝတွေထဲမှာ လက်ခံသင့်တဲ့ အမှားပါ” ဆိုပြီး ရေးသား တင်ပြထားပါတယ်။
လူသားဟာ ရရှိပိုင်ဆိုင်ရာ Time & Space (ကာလ၊ ဒေသ) ထဲမှာပဲ နေထိုင်ရတယ်၊ ကာလ၊ ဒေသ ပယောဂရဲ့ ပြုပြင် စီရင်ခြင်း ခံနေရသူများသာ ဖြစ်တယ်၊ လူသားမှာ အမှန်တကယ် ပိုင်ဆိုင်တယ်လို့ ပြောနိုင်တာ ဆိုလို့ မျှော်လင့်ခွင့်လေးပဲ ရှိတယ်၊ သို့မဟုတ် မျှော်လင့်ချက်ပဲ ရှိတယ်။ အဲဒီ မျှော်လင့်ခွင့် (မျှော်လင့်ချက်) ဆိုတာကလည်း ကာလ ဒေသ ပယောဂကြောင့် ပြောင်းလဲသွား၊ ပျက်ပြယ်သွား၊ မှုန်ဝါးသွားတာတွေ ရှိတတ်ပြန်ပါတယ်။ ဒါဟာ မသိမှုနဲ့ သိမှုမှတ်မဲ့ (တနည်းအားဖြင့် အဝိဇ္ဇာ) ကြောင့် မရေမရာတာဆီကို တွန်းပို့၊ စေညွှန်ခြင်းသာ ဖြစ်တယ် … စသည်ဖြင့် ပြပွဲကို ကြည့်ရှုခံစားရင်း အတွေးဆင့်ပွား ခံစားနေမိတယ်။
ဒီလို တင်ပြလာကြတာဟာ အနုပညာ တင်ဆက်မှု အပြောင်းအလဲ တခု၊ အရွေ့ တခုပါပဲ။ မာရှယ်ဒူးရှန့်က ကြွေကမုတ်ကြီး တခုကို အနုပညာ ပြခန်းထဲကို အနုပညာပစ္စည်းအဖြစ် ယူငင် အသုံးပြုခဲ့တာဟာ အနုပညာ တင်ဆက်မှုမှာ ထင်ရှားတဲ့ အပြောင်းအလဲ၊ အရွေ့ရဲ့ သာဓက တခုပဲ မဟုတ်လား။
“ဒီပြပွဲက လွတ်လွတ်လပ်လပ် ဖန်တီးတင်ပြချင်တဲ့ သူတွေ စုပေါင်း ပြသတဲ့ပွဲပါ။ အနုပညာသမား တယောက်အတွက် လွတ်လပ်မှုက ၈၀ ရာခိုင်နှုန်း အရေးပါပါတယ်” လို့ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၂ ကနေ ၂၇ ရက်နေ့အထိ လောကနတ် အနုပညာ ပြခန်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၅ ကြိမ်မြောက် “NEXT WINDOW” New Media Art အနုပညာပြပွဲမှာ Artist မြင့်စံမြင့်က ပြောပါတယ်။
ပြောင်းလဲလာနေပြီလို့ ဆိုတဲ့ နိုင်ငံ အပြောင်းအလဲ ဖြစ်စဉ်ထဲမှာ ပန်းချီ အပါအဝင် ပန်းချီနဲ့ ဆက်စပ်လျှက် ရှိတဲ့ နယ်ပယ်များလည်း ပြောင်းလဲမှုနဲ့ အတူ လိုက်ပါ ပြောင်းလဲနေပြီလား။ ဒီမေးခွန်းက တကယ့်ကို အရေးကြီးတဲ့ မေးခွန်းပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ရေမြင့်ရင် ကြာတင့် ဆိုတဲ့အတိုင်း အနုပညာ ကျယ်ကျယ်ပြန့်ပြန့် ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် နိုင်ငံရေး အခြေအနေ၊ အခါအခွင့်နဲ့ အားပေးမြှင့်တင်ပေးမှုတွေက အချိုးကျကျ ဆက်စပ်၊ ပေါင်းစပ် ပါဝင် နေတာကြောင့်ပါ။
နိုင်ငံတနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာရင် အဲဒီနိုင်ငံရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုနဲ့ တိုင်းတာလို့ မရပါ။ အနုပညာ ဘယ်လောက် ထွန်းကားသလဲ၊ အနုပညာကို ဘယ်လို အားပေးသလဲ ဆိုတာတွေနဲ့သာ တိုင်းတာပါတယ်။
Artist မြင့်စံမြင့် ကတော့ “အခုကျတော့ အခွင့်အလမ်းတွေ ပိုလာပြီလို့ ဆိုရမယ်။ ပြောရရင် အနုပညာ ဖန်တီး တင်ပြမှု အတွက် ရောင်နီသန်းလာပြီလို့ ဆိုရမယ်။ ကိုယ့်အနုပညာ ဖန်တီးမှုအပေါ် ကိုယ့်တာဝန် ကိုယ်ယူလာရတယ်” လို့ ဆိုပါတယ်။
ဒီလို ဖန်တီးလာမှုကို လက်ခံအားပေးမှုကရော ဘယ်လိုပါလိမ့်။
Artist ညိုဝင်းမောင်က “ပရိသတ်က လိုက်လာတယ်၊ လက်ခံလာတယ်လို့ ဆိုနိုင်တယ်။ အရင်က အခုလို ဖန်တီးတင်ပြဖို့ အခွင့်အလမ်းလည်း နည်းပါးသလို လက်ခံအားပေးဖို့ ဆိုတာ အဝေးကြီး။ Artist တွေက ပရိသတ်ကို အတွေးအခေါ်ပိုင်း အရရော၊ မီဒီယာ သုံးစွဲမှုပိုင်း အရရော ရင်းနှီးလာအောင် ဆွဲခေါ်တာလို့လည်း ဆိုရမှာပါ။ New Media Art ဆိုတာ ပြောရရင် လူတိုင်းရဲ့ ဝန်းကျင်နဲ့ ပိုမိုနီးကပ် ထိစပ်လာစေတဲ့ အနုပညာ တင်ဆက်မှုပါပဲ” လို့ ပြောပါတယ်။
သူက ဆက်လက်ပြီး ဖန်တီးသူ Artist တွေအနေနဲ့ ဘယ်လို အခက်အခဲ အတားအဆီးတွေ ရှိနေဦးမယ်ဆိုတာနဲ့ ပတ်သက်လို့ ထင်မြင်ချက် ပေးပါတယ်။
“Artist တွေအနေနဲ့ မီဒီယာ သုံးစွဲမှုမှာ နည်းပညာ အကန့်အသတ် တချို့ ရှိနေဆဲပါ။ ပြခန်းတွေ ရှိလာတယ်၊ လက်ခံ အားပေးမှုတွေ ရှိလာတယ် ဆိုပေမယ့် အကန့်အသတ် တွေကတော့ အများကြီး ရှိနေပါသေးတယ်” လို့ ညိုဝင်းမောင်က ဆက်ပြောပါတယ်။
အရင်က အနုပညာစုဆုံရပ်ဟာ ဥရောပ၊ ပြင်သစ် လို့ဆိုပါတယ်။ အဲဒီမှာ အနုပညာ ဖန်တီးမှု အားကောင်းသလို အားပး မှုလည်း အမြင့်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ၂၀ ရာစု မှာတော့ အနုပညာ စုဆုံရပ်ဟာ ဥရောပကနေ အမေရိကားကို ပြောင်းသွားပါတယ်။ အခု ၂၁ ရာစု နောက်ပိုင်းမှာ အနုပညာ စုဆုံရပ်ဟာ အရှေ့ဘက် အာရှ ဆီ ဦးတည်လာနိုင်တယ်လို့ အနုပညာရှင်တွေက ခန့်မှန်းကြပါတယ်။
ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်တွေကတော့ အာရှမှာ အနုပညာဖန်တီးမှုနဲ့ ပတ်သက်ပြီး အားပေးမှု အများဆုံးပါပဲ။ ဂျပန်နိုင်ငံက ဖုကုအိုက အာရှဓလေ့ဆုဆိုရင် အာရှမှာ အထင်ရှားဆုံးနဲ့ အကြီးကျယ်ဆုံး စာရင်းမှာ ပါပါတယ်။ ဖုကုအိုက မြို့တော်နဲ့ ယောကတော့ပိယ ဖောင်ဒေးရှင်းက ပညာရှင်တွေ၊ စီးပွားရေး သမားတွေ စုပြီး ၁၉၉၀ ကစပြီး ဆုချီးမြှင့် အားပေးတာတွေ နှစ်စဉ် ပြုလုပ်ပေးပါတယ်။ ရည်ရွယ်ချက်က အာရှရဲ့ ထူးခြားတဲ့ ဓလေ့ထုံးစံတွေ မျိုးစုံရှိနေတာကို ထိန်းသိမ်းဖို့၊ ဆက်လက်ရှင်သန် တိုးပွားဖို့ လုပ်နိုင်စွမ်းရှိတဲ့ လူပုဂ္ဂိုလ် တဦးချင်း ဖြစ်စေ၊ အဖွဲ့အစည်း ဖြစ်စေကို ဂုဏ်ပြု ချီးမြှင့်ပေးတာပါ။
၂၀၀၀ ပြည့်နှစ်၊ ၁၁ ကြိမ်မြောက် ဖုကုအိုက အာရှဓလေ့ဆုကို မြန်မာနိုင်ငံက သမိုင်းသုတေသီ ဆရာကြီး ဒေါက်တာ သန်းထွန်း လက်ခံရရှိခဲ့ပါတယ်။
ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဆိုပြီး ပြောဆို ရေးသား ထုတ်လွှင့် နေပေမယ့် အပြော သက်သက်၊ အပြ သက်သက်ထက် လက်တွေ့လုပ်ဆောင် အားပေး မြှင့်တင်ပေးဖို့ လိုနေပါပြီ။
အနုပညာဆိုတာ နိုင်ငံတနိုင်ငံရဲ့ ရတနာသာ မဟုတ်ပါဘူး၊ ကမ္ဘာ့ရတနာလည်း မှန်ပါတယ်။ ဗင်းဆင့်ဗန်ဂိုးတို့၊ ပီကာဆို တို့ဆိုရင် ကမ္ဘာက ပိုင်ဆိုင်တဲ့ ရတနာတွေပါပဲ။
ခေတ် အဆက်ဆက် လန်းပွင့်ခွင့် နည်းပါးခဲ့တဲ့၊ အခွင့်အလမ်း နည်းပါးရုံသာမက တင်းတင်းကျပ်ကျပ် ဖိနှိပ်ခံထားခဲ့ရတဲ့ မြန်မာ့ပန်းချီ အနုပညာ လောကဟာ အခုအခါ အမှန်တကယ် လန်းလန်းစွင့်စွင့် ပွင့်ပေါ်လာဖို့ အခြေအနေ ရရှိပြီလား၊ အဲဒီ အခြေအနေနဲ့ ပြည့်စုံအောင် ဘာတွေ အားပေး မြှင့်တင်ကြမလဲ၊ အပြောင်းအလဲ ပြူတင်းတံခါးတွေ တကယ် ပွင့်ပြီလား ဆိုတာကိုတော့ မေးခွန်းထုတ်စရာ ရှိပါတယ်။
အပြောင်းအလဲတွေနဲ့ အတူ အနုပညာရှင်တွေကတော့ သူတို့ ယုံကြည်ရာ၊ သူတို့ ခံစားရာကို ဖန်တီးတင်ပြ နေပါပြီ။ အသိပညာရှင် အတတ်ပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တခြား တာဝန်ရှိသူတွေ အနေနဲ့ မြန်မာပြည်က အနုပညာ တိုးတက်မှုအတွက် အားပေး မြှင့်တင်နိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြဖို့ အရေးတကြီး လိုနေပြီ ဆိုတဲ့အကြောင်း ပြပွဲမှာ ကြည့်ရှုခံစားရင်း တွေးမိပါတယ်။