ကမ္ဘာပေါ်တွင် အထူးခြားဆုံးသော ပန်းချီပြပွဲကို မတ်လ ၂၉ ရက်နေ့က အမေရိကန်နိုင်ငံ Dallas မြို့တွင် ဖွင့်လှစ်ခဲ့သည်။ အမေရိကန် သမ္မတဟောင်း ဂျော့ဂျ် ဒဗလျူ ဘုရှ် (George W.Bush) က သူ သမ္မတတာဝန် ထမ်းဆောင်စဉ် တွေ့ကြုံ ဆက်ဆံခဲ့ရ သော တခြားနိုင်ငံများမှ ခေါင်းဆောင် ၂ ဒါဇင်ကျော်၏ ပုံတူများကို သူမြင်သည့်အတိုင်း ရေးဆွဲဖော်ပြထားပြီး ခွေးများ၊ ကြောင်များနှင့် ရှုခင်းပုံများကိုလည်း အပျော်တမ်း ပန်းချီဆရာ သမ္မတဟောင်းက ရေးဆွဲ၍ ပြပွဲတွင် ပြသထားခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပထမဆုံး တရားဝင်ပြပွဲ ပြုလုပ်လိုက်ခြင်းသည် တခြား သူများ မသိရှိခဲ့ကြသည့် သူ၏ အလေ့အထ တခုကို လူအများရှေ့ ချပြလိုက်ခြင်းလည်း ဖြစ်သည်။ သူတို့ မိသားစု၏ E-mail များ ဖောက်ထွင်းခံရပြီးနောက် ဘုရှ်၏ အစောပိုင်း လက်ရာများ ဖြစ် သော အကြမ်းထည် ကိုယ်တိုင်ရေး ပုံတူတချို့ အင်တာနက်ပေါ် အတင်ခံခဲ့ ရသည်။ သို့သော်လည်း ယခုပြပွဲသည် သမ္မတဟောင်း က သူ၏ အနုပညာ လက်ရာများကို ပထမဆုံး တရားဝင် ထုတ်ဖော်ပြသခြင်း ဖြစ်သည်။
“ကိုယ်ရေးကိုယ်တာ အကြောင်းအရာတွေ အတွက် ကျနော် အချိန်အများကြီး ပေးခဲ့ပါတယ်၊ ခေါင်းဆောင်တွေနဲ့လည်း မိတ်ဆွေ သူငယ်ချင်းလို နေခဲ့တယ်၊ သူတို့ရုပ်ပုံတွေကို ဆွဲတဲ့အချိန်မှာ သက်သောင့်သက်သာ ခံစားရဖို့ အတွက် သူတို့ရဲ့ မိသားစုတွေ အကြောင်း၊ သူတို့ ကြိုက်တာတွေနဲ့ မကြိုက်တဲ့ ဟာတွေကို ကျနော် လေ့လာခဲ့ပါတယ်”ဟု ဘုရှ်က History ရုပ်သံလိုင်းသို့ ပြောကြားခဲ့ သည်။
လွန်ခဲ့သော ၂ နှစ်ခန့်က မစ္စတာ ဘုရှ်သည် ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဝင်စတန် ချာချီ၏ “Painting as a Pastime” အမည်ရှိ အက်ဆေးကို ဖတ်ပြီးသည့်နောက် ပန်းချီ စတင်ရေးဆွဲခဲ့သည်ဟု သိရသည်။ iPadကိုအသုံးပြု၍ ပုံကြမ်းများ ရေးဆွဲလေ့ကျင့်ပြီး ဒါး လက်စ်မြို့မှ ကျော်ကြားသည့် ပန်းချီဆရာ ဂေးလ်နောဖလိ၏ သင်ခန်းစာများကို သူလေ့လာခဲ့သည်။
သူ၏ အိမ်မွေးတိရစ္ဆာန်များ ပုံကို ရေးဆွဲခြင်းဖြင့် ပန်းချီလေ့ကျင့်ခဲ့ပြီး လက်ရာကောင်းလာသည့် အချိန်တွင် သူ့အကြောင်း NBC ရုပ် သံ လိုင်း၏ “Tonight” အစီအစဉ်တွင် တင်ဆက်ခဲ့သော Jay Leno ၏ ပုံတူကို ရေးဆွဲခဲ့သည်။ ပြီးခဲ့သည့် ဆောင်းဦးရာသီက စ၍ ကမ္ဘာ့ခေါင်းဆောင်များ အပေါ်သို့ သူအာရုံကျခဲ့သည်။
တချို့နေ့များတွင် ဘုရှ်သည် ပန်းချီဆွဲသည့်စင်ရှေ့ ၌ တနေ့ကို ၃ နာရီမှ ၄ နာရီကြာ အထိ ရှိနေတတ်သည်။ ယခင်က ပြတိုက်များကို လုံး၀ စိတ်ဝင်စားခဲ့ခြင်း မရှိဘဲ ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ် မှ Hermitage ပြတိုက်လို နေရာမျိုးကို ပင်လျှင် မိနစ် ၃၀ ခန့်သာ ကမန်းကတန်း အချိန်ပေးခဲ့သူက ယခုအခါ စုတ်ချက်များ၊ အရောင်များကို လေ့လာရန် အတွက် ပန်းချီပြပွဲများတွင် နာရီပေါင်း များစွာကြာသည့်တိုင် ကြည့်ရှုလေ့လာနေပြီ ဖြစ်ကြောင်း ရင်းနှီးသူများကို ပြောပြသည်။
မစ္စတာ ဘုရှ်သည် ပန်းချီရေးဆွဲသည့် ပထမဆုံး သမ္မတ မဟုတ်ပါ။ အမေရိကန်နိုင်ငံ၏ ၁၈ ဦးမြောက် သမ္မတ Ulysses S.Grantသည် West Point စစ်တက္ကသိုလ်တွင် ရှိနေစဉ်က ပန်းချီပညာကိုလေ့လာခဲ့ပြီး ရှုခင်းပုံများနှင့် အနောက်တိုင်း မြင်ကွင်းများကို ရေးဆွဲခဲ့သည်။ ၃၄ ဦးမြောက် အမေရိကန် သမ္မတ ဖြစ်သည့် အိုင်စင်ဟောင်ဝါ သည်လည်း ပန်းချီဆွဲသူ တယောက် ဖြစ် သည်။ သူ့လက်ရာ အများအပြားကို လက်ဆောင်အဖြစ် ပေးပစ်ခဲ့သော်လည်း ပန်းချီကား ၃၂ ကားကို ကန်းဆက်ရှိ သူ၏ စာကြည့် တိုက်တွင် ထိန်းသိမ်းထားသည်။ အမေရိကန် နိုင်ငံ၏ ၃၉ ဦးမြောက် သမ္မတ ဂျင်မီကာတာ သည်လည်း သဘာဝ မြင်ကွင်းများကို ပန်းချီရေးဆွဲသူ ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ရန်ပုံငွေလေလံပွဲ တခုတွင် သူ၏ ပန်းချီကားတချပ် အတွက် အမေရိကန်ဒေါ်လာ ၂၅၀ဝဝဝ ရရှိခဲ့သည်။
ဘုရှ်သည် သူ၏ ဝါသနာအသစ် အပေါ် စိတ်ဝင်စားမှု အများအပြား ရရှိခဲ့သည်။ သူ့ကိုယ်သူ ခေါ်လေ့ရှိသလို “စစ်ပွဲသမ္မတ” တွင် အနုပညာနှင့် ဆိုင်သော အစိတ်အပိုင်းတချို့ ရှိနေခြင်းက အံ့အားသင့်စရာ ဖြစ်သည်။ နောက်ထပ် အံ့အားသင့်စရာမှာ သူ၏ လက်ရာများကို အနုပညာဝေဖန်ရေး သမားတချို့က အထင်ကြီးကြခြင်း ဖြစ်သည်။
“ပန်းချီတွေက ရိုးစင်းပြီး အပျော်တမ်းဆန်ပါတယ်၊ သူ့ကို သမ္မတတယောက် အဖြစ် ကျနော် မှတ်မိနေသလိုမျိုး ပါပဲ”ဟု New York အခြေစိုက် ပန်းချီဆရာတဦး ဖြစ်သည့် ပေါလ်ချန်းက ပြောသည်။
မစ္စတာဘုရှ်နှင့် ယေးလ်တက္ကသိုလ် ကျောင်းနေဖက် ဖြစ်ပြီး သူ၏ ပုံတူကို ဘုရှ်က ၂ ကြိမ်တိုင်တိုင် ရေးဆွဲခဲ့သော ရောဘတ် အေအင်ဒါဆန် ကတော့ “သူ့ရဲ့ ကိုယ်တွင်းက ပန်းချီဗီဇကို ထုတ်ယူဖို့ သူအကြာကြီး ကြိုးစားနေခဲ့ရ ပါတယ်၊ ဒါပေမယ့် သူ့မှာ လုံလောက်တဲ့ စိတ်ဆန္ဒနဲ့ ကြိုးစားမှုရှိခဲ့တာကြောင့် နောက်ဆုံးမှာတော့ ဖော်ထုတ်နိုင်ခဲ့ပါတယ်”ဟု ပြောသည်။
အမေရိကန် သမ္မတဟောင်းက ပုံတူရေးဆွဲခဲ့သည့် ကမ္ဘာ့ခေါင်းဆောင် အများအပြားသည် သူ၏ မိတ်ဆွေများ ဖြစ်ကြသည်။ အတွေးအခေါ် အယူအဆ ကွဲပြားခြားနားမှုများ ရှိသော်လည်း ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲနှင့် ဘုရှ် တို့သည် အနီးကပ်ဆုံး ဖြစ် သည်။ သူတို့ နှစ်ဦးပူးပေါင်း၍ ဆဒမ်ဟူစိန်ကို ဖြုတ်ချခဲ့ကြသည်။ ဘုရှ်က တိုနီဘလဲပုံကို ချစ်ခင် လေးစားမှုများဖြင့် ရေးဆွဲခဲ့သည် ဟု ပြောသည်။
“သူ (တိုနီလဲ) ဟာ သမာသမတ်ရှိသူ တယောက်လို့ ကျနော်က ပြောပြချင်တယ်”ဟုလည်း သူက ဆိုသည်။
သူက မိတ်ဆွေ အဖြစ် သဘောထားပြီး ပုံတူ ရေးဆွဲခဲ့သူများမှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ကိုအိဇုမိ၊ ဂျာမနီနိုင်ငံ အဓိပတိ အိန်ဂျလာမာကယ်လ်၊ ဩစတြေးလျ ဝန်ကြီးချုပ်ဟောင်း ဂျွန်ဟောင်းဝါ့ဒ် နှင့် ပြင်သစ် သမ္မတဟောင်း နီကိုလတ် ဆာကိုဇီတို့ ဖြစ်သည်။ သူလေးစားသူ တချို့မှာ ဒလိုင်လားမား (အရမ်းကို ချစ်ခင်နှစ်လိုဖွယ် ကောင်းသူ တယောက်ပါ၊ ကျနော် သူ့ကို နှစ်လိုဖွယ် ဖြစ်အောင် တတ်နိုင်သမျှ ရေးဆွဲခဲ့ပါတယ် ဟု သူပြောခဲ့ သည်) နှင့် လိုက်ဘေးရီးယား သမ္မတ Ellen Johnson Sirleaf (အောင်မြင်မှု အတွက် ဆုံးဖြတ်ချက် ခိုင်မာသူ တယောက် ဖြစ်ပါတယ်၊ ဒါကြောင့် သူ့ရဲ့ပုံကို အားမာန်ပြည့်ဝတဲ့ အမျိုးသမီးတယောက်ပုံ ဖြစ်အောင် ကျနော် ရေးဆွဲခဲ့ ပါတယ် ဟု သူက ဆိုသည်) တို့ ဖြစ်သည်။
ဘုရှ်နှင့် ရှုပ်ထွေးသော ဆက်ဆံမှုရှိသည့် တခြားသူတို့မှာ အာဖဂန်နစ္စတန် သမ္မတ ဟာမစ်ကာဇိုင်း၊ တရုတ်သမ္မတဟောင်း ကျန်ဇီမင်း ၊ အီတလီ ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီ၊ ပြင်သစ် သမ္မတဟောင်း ယက်ရှိယက်နှင့် ပါကစ္စတန် သမ္မတဟောင်း ပါဗက်ဇ် မူရှာရက်ဖ်တို့ ဖြစ်သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ ဘုရှ် အတွက် မိတ်ဆွေယောင် ဆောင်ထားသည့် ရန်သူ ဖြစ်သည်။ ယခုအချိန်တွင်လည်း ကရိုင်းမီးယားဒေသကို ရုရှားနိုင်ငံ အတွင်း ထည့်သွင်းလိုက်သည့် အတွက် လက်ရှိ အမေရိကန်သမ္မတ အိုဘားမားနှင့် ထိပ်တိုက် တွေ့နေသူ ဖြစ်သည်။ မစ္စတာဘုရှ်နှင့်လည်း ၂၀ဝ၈ ခုနှစ်က ဖြစ်ပွားခဲ့သော ရုရှ – ဂျော်ဂျီယာစစ်ပွဲကြောင့် အချေအတင် ဖြစ်ခဲ့ကြရ သေး သည်။
မိသားစုနှင့် ပတ်သက်၍ သူရေးဆွဲခဲ့သည်မှာ ၎င်း၏ ကိုယ်တိုင်ရေးပုံတူနှင့် အသက် ၈၉ နှစ် အရွယ် ရှိပြီဖြစ်သော ၎င်း၏ ဖခင်၊ ၄၁ ဦးမြောက် အမေရိကန်သမ္မတ အဖြစ်လည်း တာဝန်ထမ်းဆောင် ခဲ့ဖူးသူဂျော့ချ် ဘုရှ်၏ ပါးပြင်နီနီ မျက်လုံးတောက်တောက်နှင့် ပုံတူတို့ ဖြစ်သည်။
မစ္စတာဘုရှ်က သူ၏ ပန်းချီ အနုပညာခရီး သင်ခန်းစာများသည် အမြဲတမ်း လတ်ဆတ်နေလိမ့်မည်ဟု ပြောသည်။
“အသက်ကြီးမှ သင်ရင်လည်း ရနိုင်ပါတယ်၊ ဘဝရဲ့ နောက်ဆုံး အချိန်အထိ ပန်းချီဆွဲသွားဖို့ မျှော်လင့်ထား ပါတယ်၊ ကျနော် အုတ် ဂူထဲကို သွားရတော့မယ့် အချိန်မှာ ကျနော့်ရဲ့ နောက်ဆုံး စုတ်ချက်ဟာ ဘာအရောင်ဖြစ်မလဲ ဆိုတာသိချင်တယ်”ဟု သူက ဆို သည်။
သို့သော်လည်း ထွန်းသစ်စ ပန်းချီဆရာ တယောက် ဖြစ်သည့် ဂျော့ချ် ဒဗလျူ ဘုရှ် အနေဖြင့် သူ၏ ဝါသနာအသစ် အတွက် သူ သင်ယူခဲ့ပြီးဖြစ်သည့် သင်ခန်းစာ တခုမှာ “ကိုယ့်ဇနီးရဲ့ ပုံတူကို မဆွဲပါနဲ့” ဆိုသည့် အချက် ဖြစ်နိုင်ပါသည်။
သမ္မတဟောင်း ပန်းချီဆရာ အတွက် သူ၏ ပထမဆုံးသော ပန်းချီပြပွဲတွင် ကမ္ဘာ့ခေါင်းဆောင်များ၏ ပုံတူ ပန်းချီများ ပြသခဲ့ရာတွင် သံခင်းတမန်ခင်း အရ ကြိုက်နှစ်သက်ကြောင်း ပြောကြားမှုများ ရရှိခဲ့သော်လည်း ဇနီးသည် လော်ရာဘုရှ်၏ ပုံတူနှင့် ပတ်သက်၍မူ ထိုသို့ မဟုတ်ခဲ့ပါ။
“လိုနေတာ တချို့ရှိတယ်” ဟု ဇနီးသည် လော်ရာဘုရှ်က NBC ရုပ်သံလိုင်းက ပြုလုပ်သည့် “Today” အစီအစဉ်တွင် ခင်ပွန်းသည် ရေးဆွဲခဲ့သည့် သူ၏ ပုံတူနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုသည်။ ။