ဇကွဲစီးရီး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဇကွဲစီးရီး Covering Burma and Southeast Asia Mon, 12 Oct 2026 03:44:43 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png ဇကွဲစီးရီး Archives - ဧရာဝတီ https://burma.irrawaddy.com/tag/ဇကွဲစီးရီး 32 32 နာမည်ကြီး ဇကွဲစီးရီးထဲက ဦးဇော်ဇော်စိုး https://burma.irrawaddy.com/article/2026/10/12/416982.html Mon, 12 Oct 2026 03:44:00 +0000 https://burma.irrawaddy.com/?p=416982 နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဦးဇော်ဇော်စိုးမှာမူ အလွန်လာဘ်စားသူအဖြစ် နာမည်ကြီးသည်။]]>

နေပြည်တော် ဝန်ထမ်းလောကတွင် နာမည်ကြီး ဇကွဲစီးရီးတခု ရှိခဲ့သည်။ အဆိုပါ ဇကွဲစီးရီးမှာ NLD အစိုးရလက်ထက်မှစ၍ နာမည်ကြီးလာသည်ဟုလည်း ဆိုနိုင်ပါသည်။ သူတို့ ၃ ဦးစလုံး၏ နာမည်များအား “ဇ” ကွဲနှင့် စသူများဖြစ်သည့်အတွက် ဇကွဲစီးရီးဟု နာမည်ပေးထားခြင်းဖြစ်သည်။

သူတို့ ၃ ဦးသည်လည်း အလွန်ခင်မင်သော သူငယ်ချင်းများ ဖြစ်ကြပြီး စစ်တက္ကသိုလ် အပတ်စဉ် ၃၇ တွင် အတူတက်ခဲ့ကြသူများလည်း ဖြစ်သည်။

အဆိုပါ ဇကွဲစီးရီး နာမည်ကြီး ၃ ဦးမှာ ဦးဇော်ဌေး၊ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဦးဇော်ဇော်စိုးတို့ ဖြစ်ကြသည်။ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဦးဇော်ဇော်စိုးတို့မှာ တရုတ်နိုင်ငံ Nanjing Army Command College တွင် အတူကျောင်းတက်ခဲ့ကြသေးသည်။

ဦးဇော်ဌေးသည် အစိုးရပြောရေးဆိုခွင့်ရှိသူ ဖြစ်လာပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းသည် စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာသည်။ နှစ်ယောက်လုံး ပြောရေးဆိုခွင့်ရသူများအဖြစ် နာမည်ကြီးကြသည်။ သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဦးဇော်ဇော်စိုးမှာမူ အလွန်လာဘ်စားသူအဖြစ် နာမည်ကြီးလာသည်။

“ဟောင်ကောင်မှာ ကောင်စစ်ဝန် တာဝန်ကျပြီး ချမ်းသာလာတာ၊ လာဘ်စားတာတော့ နာမည်ကြီးပဲ” ဟု သံအမတ်ကြီး ဦးဇော်ဇော်စိုးအကြောင်းကို သိသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်းတဦးက ဆိုသည်။

စစ်တက္ကသိုလ် အပတ်စဉ် ၃၇ ကျောင်းဆင်း ဦးဇော်ဇော်စိုးသည် စစ်တပ်တွင် ဗိုလ်မှူးချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန ကောင်စစ်ဝန်နှင့် ဥပဒေရေးရာဌာနသို့ ညွှန်ကြားရေးမှူးအဆင့်ဖြင့် ပြောင်းလာသူဖြစ်သည်။ ဦးဇော်ဇော်စိုးသည် စစ်တပ်တွင် တာဝန်ထမ်းဆောင်စဉ်က တရုတ်နိုင်ငံ ကျန်းစုပြည်နယ် နန်ကျင်းမြို့တွင် Chinese People’s Liberation Army (CPLA) မှ ဖွင့်လှစ်ထားသော Nanjing Army Command College တွင် တနှစ် ပညာသင်ယူခဲ့သည်။

ထို့အပြင် ဦးဇော်ဇော်စိုးသည် တရုတ်စကားကို ကောင်းမွန်စွာ ပြောတတ်သူဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် တရုတ်ဘက်မှ အဆင့်မြင့်ကိုယ်စားလှယ်များ လာရောက်သည့်အခါ ဦးဇော်ဇော်စိုးသည် တရုတ်စကားပြန် လုပ်ပေးခဲ့ရသည်။ ဦးဇော်ဇော်စိုး စကားပြန်လုပ်သည်ကို တရုတ်ဘက်က မကြိုက်သည့်အတွက် စကားပြန်ပြောင်းပေးရန် တောင်းဆိုခဲ့ဖူးသည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူတဦးက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းလာသော ဦးဇော်ဇော်စိုးသည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဆက်ဆံရေး ကောင်းမွန်သူဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ရောက်ပြီးနောက် ဦးဇော်ဇော်စိုးသည် အစ္စရေးနိုင်ငံသို့ သွားရောက်ကာ သံရုံးဒုတိယအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် အစ္စရေးသံရုံးတွင် သူ၏အထက်အရာရှိနှင့် ဆက်ဆံရေး မကောင်းခဲ့ပေ။ ထို့နောက် ဟောင်ကောင်သို့ ကောင်စစ်ဝန်အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ရသည်။

ဟောင်ကောင်တွင် တာဝန်ထမ်းဆောင်သည့်အချိန်မှ စ၍ ဦးဇော်ဇော်စိုးသည် လာဘ်စားသည့်နေရာတွင် နာမည်ကြီးလာခဲ့သည်။ ထို့နောက် ဦးဇော်ဇော်စိုးသည် ကာကွယ်ရေးဝန်ကြီးဌာနသို့ ပြောင်းခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၅ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ဦးဇော်ဇော်စိုးအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် စစ်ကောင်စီက ခန့်အပ်ခဲ့သည်။

“”အစားကြမ်းတယ်လို့ နာမည်ကြီးတဲ့ ဦးဇော်ဇော်စိုးကို ထိုင်းဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်လိုက်တာကတော့ မိလ္လာကျင်းထဲ လောက်ကျသွားသလို ဖြစ်သွားတာပဲ” ဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ CDM ဝန်ထမ်းတဦးက ဆိုသည်။

ပြည်ပနိုင်ငံများရှိ မြန်မာသံရုံးများတွင် ထိုင်း၊ မလေးရှားနှင့် စင်ကာပူသံရုံးများမှာ လာဘ်လာဘ အများဆုံးဝင်သော နေရာများဖြစ်သည်။ နိုင်ငံကူးလက်မှတ် ပတ်စပို့ ထုတ်ပေးခြင်းကိစ္စများ၊ သက်တမ်းတိုးသည့်ကိစ္စများနှင့် ပြည်ဝင်ခွင့်ဗီဇာကိစ္စများမှာ အလွန်လာဘ်လာဘ ရသော လုပ်ငန်းများဖြစ်သည်။

ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်လာပြီးနောက် နိုင်ငံကူးလက်မှတ်များနှင့် ပတ်သက်သော စည်းကမ်းချက်များ တခုပြီးတခု ထုတ်ပြန်လာခဲ့သည်။ နိုင်ငံကူးလက်မှတ် ပတ်စပို့ ထုတ်ပေးရေးကိစ္စများတွင် စည်းကမ်းချက်အသစ်များ ထုတ်ကာ တင်းကျပ်လာခဲ့သည်။

ယခင်က CI စာအုပ်ရှိသူများအနေဖြင့် CI မှ နိုင်ငံကူးလက်မှတ်သို့ ပြောင်းနိုင်သော်လည်း CI စာအုပ်ရှိသူများအား နိုင်ငံကူးလက်မှတ် ထုတ်မပေးတော့ကြောင်း ထုတ်ပြန်လာခဲ့သည်။ သို့သော် ပွဲစားများမှတဆင့် ပိုက်ဆံပေးလျှင်တော့ လုပ်လို့ရသည်။

ပတ်စပို့ စာအုပ် PV များအား PJ သို့ ပြောင်းမပေးတော့ကြောင်း ထုတ်ပြန်လာသည်။ သို့သော် ပွဲစားမှတဆင့် ပိုက်ဆံပေးလျှင် ပြောင်းလို့ရသည်။

ကမ္ဘာလှည့်ခရီးသွားဗီဇာဖြင့် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သော မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်များအား သက်တမ်းကုန်သည့်အခါ တိုးမပေးတော့ပေ။ ပွဲစားနှင့်လုပ်လျှင် ရသည်။

ပတ်စပို့ သက်တမ်းတိုးသည့်ကိစ္စများသည် နေပြည်တော်သို့ ပြန်ပို့ရမည်ဟု စည်းကမ်းထုတ်ခဲ့သော်လည်း ပိုက်ဆံပေးလျှင် နေပြည်တော် ပြန်ပို့စရာမလိုဘဲ တိုးလို့ရခဲ့သည်။

“သူ့လက်ထက်မှာတော့ ပိုက်ဆံတတ်နိုင်ရင် စာအုပ်ကိစ္စက အဆင်ပြေတယ်။ Blacklist ပါတဲ့သူတောင် ပတ်စပို့ လုပ်လို့ရတယ်” ဟု ပတ်စပို့ အကျိုးဆောင် လုပ်ပေးနေသူတဦးက ဆိုသည်။

တော်လှန်ရေးတွင် ပါဝင်ပြီး နာမည်ကြီးသူများ၊ နာမည်ကြီး CDM များအား စစ်ကောင်စီမှ အမည်ပျက်စာရင်းသွင်းထားကာ သူတို့အား နိုင်ငံကူးလက်မှတ် ပတ်စပို့ ထုတ်မပေးခဲ့ပေ။

သို့သော် သံအမတ်ကြီး ဦးဇော်ဇော်စိုးလက်ထက်တွင် အမည်ပျက်စာရင်းတွင် ပါသူများအနေဖြင့် ပွဲစားများမှ ထိုင်းဘတ်ငွေ တစ်သိန်းခွဲ/နှစ်သိန်းခန့် အကျိုးဆောင်ခယူကာ နိုင်ငံကူးလက်မှတ် ရရှိအောင် လုပ်ပေးခဲ့ကြသည်။

“Blacklist တွေကို ပတ်စပို့ ထုတ်ပေးတဲ့ကိစ္စ ငြိသွားတာလို့ သိထားတယ်။ အစားကြမ်းသွားလို့ နင်သွားတာ ဖြစ်မှာပေါ့” ဟု ထိုင်းနိုင်ငံ မြန်မာသံရုံးနှင့် ချိတ်ဆက်ကာ နိုင်ငံကူးလက်မှတ်များ လုပ်ပေးနေသူ ပွဲစားတဦးက ဆိုသည်။

လက်ရှိအချိန်တွင် သံအမတ်ကြီး ဦးဇော်ဇော်စိုးအား နေပြည်တော်သို့ ပြန်ခေါ်ထားသည်။ သူ၏ အနာဂတ် မည်သို့ဖြစ်မည်ကို မသိရသေးပေ။ သူ၏ အရင် နာမည်ကြီး ဇော်စီးရီးများထဲမှ ဦးဇော်ဌေးသည် အာဏာသိမ်းပြီးနောက် အလုပ်ထွက်စာတင်သည့်အတွက် ဖမ်းဆီးစစ်ဆေးခံရပြီး အလုပ်မှ အနားပေးခံခဲ့ရသည်။ ထို့နောက် ကွယ်လွန်သွားခဲ့သည်။

ဒုတိယ နာမည်ကြီး ဇော်စီးရီးထဲမှ ဗိုလ်ချုပ်ဇော်မင်းထွန်းသည်လည်း တရုတ်နိုင်ငံမှ တားမြစ်ထားသည့် ဒရုန်းဝယ်ယူရာတွင် လာဘ်ငွေယူသည့်အတွက် ရာထူးမှ ဖယ်ရှားခံရပြီး ပင်စင်ပေးခံခဲ့ရသည်။

နာမည်ကြီး ဇော်စီးရီးထဲမှ နောက်ဆုံးကျန်နေသူ သံအမတ်ကြီး ဦးဇော်ဇော်စိုးမှာမူ မည်သို့မည်ပုံ ဖြစ်လာမည်ကို မသိရသေးပေ။ လက်ရှိအချိန်တွင် ထိုင်းနိုင်ငံမှ နေပြည်တော်သို့ ပြန်လည်ခေါ်ဆောင်ထားသည်။

]]>