တရုတ်ပေါ်လစီ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/တရုတ်ပေါ်လစီ Covering Burma and Southeast Asia Sat, 17 Oct 2026 04:51:05 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png တရုတ်ပေါ်လစီ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/တရုတ်ပေါ်လစီ 32 32 မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပေါ်လစီ အပြောင်းအလဲရှိနိုင်လား – ၁ https://burma.irrawaddy.com/opinion/viewpoint/2026/10/17/417097.html Sat, 17 Oct 2026 04:51:05 +0000 https://burma.irrawaddy.com/?p=417097 တရုတ်အလိုကျ မင်းအောင်လှိုင်စစ်အုပ်စုက ရွေးကောက်ပွဲပြုလုပ်ခဲ့သော်လည်း ရွေးကောက်ပွဲအပြီး မည်သည့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှ မလုပ်သကဲ့သို့ ပြည်တွင်းစစ်ရပ်စဲရေးလည်း မပြုလုပ်နိုင်ခဲ့ပေ။]]>

တရုတ်တို့၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို မြင်သာသည့်အချက်မှာ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ၏ သဘောထားအဖြစ် ဖော်ပြခဲ့သည့် “စည်းသုံးစည်း” ဆိုသည့် အောက်ပါအချက် ၃ ချက်ဖြစ်သည်။

ပထမအချက်မှာ မြန်မာနိုင်ငံတွင် ပြည်တွင်းမတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ် ဖြစ်ပွား၍မရဟုဆိုသည်။ မြန်မာနိုင်ငံအတွင်း ပိုမိုပြိုကွဲပျက်စီးစေမည့် စစ်မီးများ ကူးစက်လာခြင်း၊ မတည်ငြိမ်ခြင်းကို တရုတ်ဘက်က လက်မခံကြောင်း အသိပေးခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ မြန်မာသည် အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍ မရဟုဆိုသည်။ မြန်မာ့အရေးကို ဖြေရှင်းရာတွင် အာဆီယံ၏ ဘောင်အတွင်းမှသာ ဆက်လက်ရှိနေရမည်ဖြစ်ပြီး အာဆီယံနှင့် လမ်းခွဲ၍မရဟု ဆိုကြပြီး မြန်မာ့အရေးကို အာဆီယံ၏ လုပ်ငန်းစဉ်အတွင်း ဆက်လက်ဖြေရှင်းရန်နှင့် အာဆီယံကို အဓိက ကြားဝင်ညှိနှိုင်းပေးနိုင်သည့် လမ်းကြောင်းအဖြစ် တရုတ်က ထောက်ခံထားသည်ဟု အဓိပ္ပာယ်ဖွင့်ကြ၏။ အချို့ကလည်း မြန်မာပြည် အာဆီယံမှ ထွက်ပြီး အခြားဒေသတွင်းအုပ်စုတခုခု၊ အခြား အုပ်စုတခုခုတွင် ပါဝင်ခြင်းကို တရုတ်တို့ လက်မခံကြောင်း ဖော်ပြခြင်းဖြစ်သည်ဟုလည်း အဓိပ္ပာယ်ဖွင့်ကြ၏။

တတိယအချက်မှာ ပြင်ပအင်အားစုများ ထင်သလို စိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုဟုဆိုပါသည်။ အနောက်အုပ်စု သို့မဟုတ် အခြားပြင်ပနိုင်ငံများက မြန်မာ့အရေးတွင် ဝင်ရောက်စွက်ဖက်ပြီး အမြတ်ထုတ်ခြင်း၊ အခြေစိုက်ရန် ကြိုးပမ်းခြင်းတို့ကို လုံးဝလက်ခံမည်မဟုတ်ကြောင်း အဓိပ္ပာယ်ဖွင့်ကြသည်။ မြန်မာ့အရေး၊ မြန်မာ့ပဋိပက္ခတွင် အနောက်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်စွက်ဖက်လာမည်ကို တရုတ်တို့ စိုးရိမ်ပူပန်မှုကို ဖော်ပြခြင်းလည်းဖြစ်ပုံရ၏။

ချုပ်၍ဆိုရလျှင် မြန်မာပြည်တွင် ပြည်တွင်းစစ်ပိုမိုကျယ်ပြန့် ပြင်းထန်လာပြီး တိုင်းပြည်ပြိုကွဲလုနီးပါး ဗရမ်းဗတာဖြစ်မည့် အခြေအနေ၊ ပြည်ပနိုင်ငံများ၊ အထူးသဖြင့် အနောက်နိုင်ငံများက ဝင်ရောက်စွက်ဖက်မည့် အခြေအနေမျိုး ရောက်သွားပါက တရုတ်အကျိုးစီးပွားများကို ထိခိုက်မည်ဖြစ်၍ တရုတ်အစိုးရအနေနှင့် ထိုအချက်များကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်၏မူဝါဒအဖြစ် အခိုင်အမာ ဖော်ပြခြင်းဖြစ်၏။

မြန်မာစစ်တပ်ကို ဗဟိုပြု ချဉ်းကပ်ပုံ

တရုတ်သည် သူတို့၏ မူဝါဒကို အကောင်အထည်ဖော်ရန် ချဉ်းကပ်သည့်အမြင်မှာ မြန်မာ့အရေး၊ မြန်မာပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာတွင် မြန်မာ့စစ်တပ်ကို ဗဟိုပြုစဉ်းစားသည့်အမြင်ဖြစ်၏။ တရုတ်အစိုးရက ဤအမြင်ကို ၁၉၉၀ ခန့်ကစတင်ကိုင်စွဲသည်။ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကြောင့် မဆလ အစိုးရပြိုကွဲသွားသကဲ့သို့ ၁၉၈၉ ခုနှစ်တွင် တရုတ်ကျောထောက်နောက်ခံပြုထားသည့် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲသွား၏။ တဖက်ကလည်း ၁၉၈၈ အရေးတော်ပုံကြောင့် မဆလ အစိုးရ ပြုတ်သွား၏။ ဒီမိုကရေစီလှုပ်ရှားမှုများ အားကောင်းလာ၏။

သို့ဖြစ်ရာ တရုတ်နယ်စပ်တွင် ဗကပ များကို တိုက်ခိုက်နေသည့် မြန်မာစစ်တပ်အား ဘိန်းနှိမ်နင်းရေးခေါင်းစဉ်အောက်၌ စစ်ရေးအကူအညီပေးနေသည့် အမေရိကအပါ အနောက်နိုင်ငံများနှင့် မြန်မာစစ်တပ် ဇာတ်ခေါင်းကွဲသွား၏။ အနောက်နိုင်ငံများနှင့် ပဋိပက္ခဖြစ်နေသော၊ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုမျိုးစုံခံနေရသော မြန်မာစစ်တပ်သည် တရုတ်နယ်စပ်လုံခြုံရေးအတွက် စိတ်ချရသော အိမ်နီးချင်းနိုင်ငံအစိုးရဖြစ်လာ၏။

ထိုကာလတွင် မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်စပ်၍ နယ်စပ်ကုန်သွယ်ရေးပြုလုပ်ရန် တရုတ်တို့ လိုလားသည်။ မြန်မာစစ်တပ်သည်သာ တပြည်လုံးကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်သည်ဖြစ်ရာ ၁၉၉၀ ခုနှစ်ခန့်မှစ၍ တရုတ်အစိုးရသည် နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ နယ်စပ်လုံခြုံရေးအရ တရုတ်အကျိုးစီးပွားပေါ် ရှေ့ရှု၍ မြန်မာပြည်နှင့်ပတ်သက်လျှင် မြန်မာစစ်တပ်ကို ဗဟိုပြုစဉ်းစားသည့်အမြင်ဖြင့် မြန်မာပြည်ပြဿနာကို ချဉ်းကပ်ဖြေရှင်းရန် ဆုံးဖြတ်ချက်ချခဲ့၏။ မြန်မာစစ်တပ် မည်မျှဆိုးသွမ်းသည်ဖြစ်စေ တရုတ်အကျိုးစီးပွားအခြေပြု၍လည်းကောင်း၊ အနောက်တိုင်းနှင့် ပဋိပက္ခဖြစ်နေသည့် အခြေအနေပေါ် အခြေပြု၍လည်းကောင်း၊ မြန်မာပြည်တည်ငြိမ်အောင် ထိန်းချုပ်နိုင်သည့်အခြေအနေပေါ် အခြေပြု၍လည်းကောင်း လက်တွေ့ရလဒ်ပေါ် အခြေပြု၍ မြန်မာစစ်တပ်ကို ဗဟိုပြုစဉ်းစားခဲ့၏။

၂၀၁၀ ခန့်မှစ၍ ပညာရှင်ဆိုသူများက မြန်မာငြိမ်းချမ်းရေးနှင့်ပတ်သက်၍၊ မြန်မာပြည် ပဋိပက္ခများကို ဖြေရှင်းရေးနှင့်ပတ်သက်၍ မြန်မာစစ်တပ်ကို ဗဟိုပြုစဉ်းစားသည့်အမြင်ကို ကျယ်ကျယ်လောင်လောင် ထုတ်ဖော်ပြောဆိုခဲ့ကြသော်လည်း တရုတ်တို့က ထုတ်ဖော်ကြေညာခြင်းမပြုဘဲ ၁၉၉၀ ခန့်ကတည်းက လက်တွေ့ကျင့်သုံးခဲ့ကြ၏။

၂၀၀၃/၂၀၀၄ ခုနှစ်များတွင် တရုတ်သမ္မတ ဟူကျင့်တောင်က မလ္လကာရေလက်ကြားကို အင်အားကြီးနိုင်ငံအချို့က ထိန်းချုပ်ရန် ကြိုးပမ်းနေမှုနှင့် တရုတ်၏ စွမ်းအင်လုံခြုံရေးဆိုင်ရာ အန္တရာယ်များကို စတင်ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံ၏ ရေနံတင်သွင်းမှုနှင့် စွမ်းအင်လုံခြုံရေးအတွက် မလ္လကာရေလက်ကြားကို အလွန်အမင်းမှီခိုနေရခြင်းအပေါ် စိုးရိမ်မှုကို ရည်ညွှန်းသည့် မလ္လကာရေလက်ကြား အကြပ်အတည်းဆိုသည်ကို စတင်သုံးနှုန်းခဲ့၏။

တရုတ်စွမ်းအင်လုံခြုံရေးအတွက် မလ္လကာရေလက်ကြားကို ဖြတ်စရာမလိုသည့် ရေနံပိုက်လိုင်းကို မြန်မာပြည်ကို ဖြတ်ပြီး တည်ဆောက်နိုင်ခဲ့၏။ တည်ဆောက်ခွင့်ပြုခဲ့သည့် မြန်မာစစ်တပ်နှင့် တရုတ်အစိုးရကြား ဆက်ဆံရေးပိုမိုကောင်းမွန်ခဲ့၏။ အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းအား မလ္လကာ ရေလက်ကြားကို ဖြတ်စရာမလိုဘဲ နှစ်စဉ် တန်ချိန် ၂၂ သန်းခန့်၊ စည်ပေါင်း သန်း ၁၆၀ ခန့်၊ လက်ရှိ ပေါက်ဈေးနှင့်ဆိုလျှင် အမေရိကန် ဒေါ်လာ ၁၆ ဘီလီယံတန်ဖိုးရှိ ရေနံအား မြန်မာပြည်ဖြတ်၍ တရုတ်ပြည်ကို ပို့ခွင့်ရနေ၏။ သို့ဖြစ်ရာ ခွင့်ပြုခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်သန်းရွှေအား တရုတ်တို့၏ မိတ်ဆွေဟောင်းအဖြစ် အသိအမှတ်ပြုခဲ့သကဲ့သို့ မြန်မာစစ်တပ်ကို ဗဟိုပြုစဉ်းစားသည့် တရုတ်အစိုးရအမြင် ပိုမိုခိုင်မာခဲ့၏။

လက်ရှိ မြန်မာဆိုင်ရာ တရုတ်ပေါ်လစီနှင့် လက်တွေ့ရလဒ်

လက်ရှိကာလ တရုတ်တို့၏ မြန်မာဆိုင်ရာမူဝါဒ အကောင်အထည်ဖော်ရန် မြန်မာစစ်တပ်ကို ဗဟိုပြုစဉ်းစားသည့်အမြင်ပေါ် အခြေခံ၍ တရုတ်ပေါ်လစီကို ချမှတ်သည်။ တရုတ်တို့၏ မြန်မာပေါ်လစီမှာ မြန်မာစစ်တပ်ကို အဓိကထားဆက်ဆံပြီး တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များကို မဖြစ်မနေ ဆက်ဆံရသည့် အရံအဖွဲ့များအဖြစ် သဘောထား၏။ သို့သော် တရုတ်နယ်စပ်နှင့်ဝေးသည့် တိုင်းရင်းသားအဖွဲ့များ၊ နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် NUG/PDF နှင့် နွေဦးတော်လှန်ရေးအင်အားစုများကို အလေးထား ထည့်သွင်းတွက်ချက်ထားမှု မပြုခဲ့ပေ။ ထို့ကြောင့် ၂၀၂၄ ခုနှစ် လားရှိုးကျပြီး မြန်မာစစ်တပ်ပြိုကွဲနေချိန်တွင် မြန်မာစစ်တပ်ကို ပြိုလဲမခံဘဲ အသက်ဆက်ပေးထားခြင်းဖြစ်၏။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပေါ်လစီ၏ အောင်မြင်မှုကို ပြသပါဟုဆိုလျှင် စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်၍ အသွင်ပြောင်းခြင်းသည် ပထမအချက်ဖြစ်၏။ ဒုတိယအချက်မှာ အာဆီယံနိုင်ငံများမှ မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံလာခြင်းဖြစ်၏။ ဤသို့ထိတွေ့ဆက်ဆံလာခြင်းသည် ကုန်သွယ်ရေးအကျိုးအမြတ်ရရှိရန်၊ တရားမဝင် ဝင်ရောက်သည့် မြန်မာနိုင်ငံသားပြဿနာကို ဖြေရှင်းရန်၊ မူးယစ်ဆေးဝါးနှင့် ငွေလိမ်ဂိုဏ်းများပြဿနာကို ဖြေရှင်းရန်ဟူသည့် အာဆီယံနိုင်ငံများ၏ ရည်ရွယ်ချက်များအပြင် အာဆီယံနိုင်ငံများပေါ် သက်ရောက်သည့် တရုတ်၏ နိုင်ငံရေး၊ စီးပွားရေးဩဇာနှင့်လည်း သက်ဆိုင်၏။

ကိုယ်ကျင့်တရားဆိုင်ရာ မူဝါဒများကို လိုက်နာစောင့်ထိန်းခြင်းထက် မိမိနိုင်ငံ၏ အကျိုးစီးပွားဟု ယူဆရသည့်အရာကို မြှင့်တင်ရန် ဦးတည်သော နိုင်ငံခြားရေးမူဝါဒစနစ် ကျင့်သုံးသည့် လက်တွေ့နိုင်ငံရေးသည် တရုတ်သာမက အမေရိကန်ပါ ကျင့်သုံးနေသည့်ကာလတွင် အာဆီယံနိုင်ငံများတွင်ပါ ထိုအယူအဆ အားကောင်းလာသည်ဟု ဆိုရမည်။ လက်တွေ့တွင် ထိုအယူအဆကို ဖုံးကွယ်ထားကြပြီး စစ်အာဏာရှင်များကို ဝိုင်းဖယ်ထားသည့် ပေါ်လစီအစား ထိတွေ့ဆက်ဆံပြီး တွန်းအားပေးသင့်သည်ဆိုသည့် ပေါ်လစီအား ကျင့်သုံးသင့်သည်ဟု ဆိုလေ့ရှိကြ၏။

သို့သော် မြန်မာပြည်၏ အဓိကပြဿနာမှာ စစ်ရှိန်လျော့မသွားခြင်းဖြစ်၏။ တရုတ်အလိုကျ မင်းအောင်လှိုင်စစ်အုပ်စုက ရွေးကောက်ပွဲပြုလုပ်ခဲ့သော်လည်း ရွေးကောက်ပွဲအပြီး မည်သည့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှ မလုပ်သကဲ့သို့ ပြည်တွင်းစစ်ရပ်စဲရေးလည်း မပြုလုပ်နိုင်ခဲ့ပေ။ စစ်ရှိန်မြှင့်ပြီး လေကြောင်းတိုက်ခိုက်မှုများ တိုးလုပ်လာခဲ့၏။ စစ်ပွဲအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပါအဝင် စစ်ရာဇဝတ်မှုများစွာ ပိုမိုကျူးလွန်လာခဲ့သည်ကို တွေ့နေရ၏။

မင်းအောင်လှိုင်စစ်အုပ်စုသည် ဦးသိန်းစိန်အစိုးရကဲ့သို့ မည်သည့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုမှ ပြုလုပ်ခြင်းမရှိရာ ပြည်တွင်းနိုင်ငံရေးတင်းမာမှုကို လျှော့ချနိုင်ခြင်းမရှိပေ။ ငြိမ်းချမ်းရေးဆိုရာတွင်လည်း အားလုံးပါဝင်ရေးကို စစ်အုပ်စုက လက်မခံနိုင်သဖြင့် အလုပ်မဖြစ်ပေ။ အားလုံးပါဝင်ရေးကို ငြင်းပယ်ခြင်းသည် တော်လှန်ရေးအင်အားစုများအား ဖြိုခွဲရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု မှတ်ယူထားကြရာ စစ်အုပ်စုအား ပို၍ အယုံအကြည်မဲ့လာ၏။ ၂၀၁၅ ခန့်က မြောက်ပိုင်းသုံးဖွဲ့ကို ဆွေးနွေးရန် ငြင်းပယ်ခဲ့သည့် စစ်အုပ်စု၏အမှားကို ယခုလည်း ထပ်၍မှားနေဆဲဖြစ်၏။

လက်တွေ့ တွေ့နေရသည့် စစ်အုပ်စု၏ ခြေလှမ်းမှာ နိုင်ငံရေးအရ ဖြေရှင်းရန်မဟုတ်ပေ။ စစ်ရေးအရ တိုက်ခိုက်ပြီး ဆုံးရှုံးနယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် ဖြစ်၏။ တရုတ်၏ ကူညီမှုကြောင့် ရှမ်းမြောက်တွင် အပစ်ရပ်သည့်အပြင် ပြင်ဦးလွင်နှင့် မန္တလေးကို ခြိမ်းခြောက်နေသည့် နယ်မြေများ ပြန်ရလိုက်၏။ ရှမ်းမြောက်ရှိ မြို့တချို့အား ပြန်လည်စွန့်လွှတ်ရသည့် အကျိုးဆက်ကြောင့် တချို့မြို့များသည်လည်း တနွယ်ငင်၊ တစင်ပါ စွန့်လွှတ်ခဲ့ရခြင်းဖြစ်၏။ ရှမ်းမြောက်မှ မြန်မာစစ်တပ်၏ တပ်မ ၇ ခုခန့်ကို အခြားနယ်မြေများသို့ ပို့နိုင်လာသည်။ တပ်သားသစ် အဓမ္မစုဆောင်းမှုကြောင့် တပ်သားသစ် တစ်သိန်းကျော် စုဆောင်းနိုင်လာ၏။

သို့ဖြစ်ရာ တရုတ်အစိုးရက မင်းအောင်လှိုင်စစ်အုပ်စုကို ဗြောင်အတိအလင်း ကျောထောက်နောက်ခံပြုသည့် ၂၀၂၄ ဩဂုတ်မှ ယခုအထိ ၂ နှစ်ကျော်ကာလအတွင်း စစ်အုပ်စုသည် တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ခဲ့သည့် မြို့ပေါင်းတစ်ရာကျော်အနက်မှ မြို့ ၂၁ မြို့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။ သို့သော် မြို့ပေါင်း ၈၀ ကျော် ပြန်သိမ်းပိုက်ရန် ကျန်သေး၏။ စစ်အုပ်စုသည် ရွေးကောက်ပွဲပြီးကတည်းက စစ်ရှိန်မြှင့်ခဲ့သော်လည်း ၂၀၂၆ ထဲတွင် စစ်အုပ်စု စစ်ရေးအောင်မြင်မှုရလဒ်မှာ နှေးကွေးလာ၏။ မြို့တချို့ ပြန်လည်သိမ်းနိုင်သော်လည်း ကျယ်ပြန့်သော ကျေးလက်ဒေသနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်ရန် ခက်ခဲနေဆဲဖြစ်၏။

မင်းအောင်လှိုင်စစ်အုပ်စုသည် တပ်သားသစ်များ ဖြည့်တင်းနိုင်သော်လည်း အတင်းအဓမ္မစုဆောင်းထားခြင်း၊ အချိန်ယူလေ့ကျင့်ထားမှုမရှိခြင်း၊ အတွေ့အကြုံမရှိခြင်းတို့ကြောင့် စစ်အုပ်စုတပ်သည် တိုက်စိတ်ခိုက်စိတ်ရော တိုက်ရည်ခိုက်ရည်ပါ မရှိပေ။ ဤပြဿနာကို ဖြေရှင်းရန် လေကြောင်းပစ်ကူကို တိုးမြှင့်သုံးနေသော်လည်း အရပ်သားသေဆုံးမှုသာ တိုးလာသည်။ မျှော်မှန်းသည့် အောင်မြင်မှုမရပေ။ စစ်သားသစ်ပေါ်တာဆွဲခြင်းကြောင့် လူငယ်များ ပြည်ပသို့ ထွက်ပြေးနေကြရ၏။ ပဋိပက္ခများ ပိုတိုးပြီး တိုင်းပြည် ပို၍ မတည်မငြိမ်ဖြစ်လာ၏။

ရွေးကောက်ပွဲအပြီး မြန်မာပြည်အနှံ့တွင် စစ်ပွဲသည် ပိုမိုပြင်းထန်လာသည်။ ပြည်နယ်နှင့်တိုင်းအနှံ့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်အုပ်စု ထိုးစစ်များ ထင်တိုင်းမပေါက်သည်ကို မြင်ရ၏။ စစ်အုပ်စု အလွယ်တကူ မနိုင်နိုင်သည်မှာ သေချာသလောက်ဖြစ်ပြီး စစ်ပွဲသည် ကြာမြင့်မည်မှာ အသေအချာဖြစ်၏။ ထို့ပြင် ငြိမ်းချမ်းရေးဟု ပါးစပ်ကပြောနေသော်လည်း လက်တွေ့တွင် လေကြောင်းအကြီးအကျယ် အသုံးပြုပြီး ထိုးစစ်ဆင်နေသည့်၊ စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်သော မင်းအောင်လှိုင်စစ်အုပ်စုအား တော်လှန်ရေးတပ်ဖွဲ့များက အယုံအကြည်မရှိကြသဖြင့် ငြိမ်းချမ်းရေးရရန် ဖြစ်နိုင်ခြေ လွန်စွာနည်းပါး၏။

တရုတ်၏ မူဝါဒဦးတည်ချက်မှာ မြန်မာပြည်တည်ငြိမ်ရေးဖြစ်၏။ ဤမူဝါဒ အောင်မြင်စေရန်အတွက် မြန်မာစစ်တပ်က အခြေအနေကို ထိန်းသိမ်းနိုင်မည်ဟု ယူဆပြီး စစ်ရှုံးနေသည့် မြန်မာစစ်တပ်အား ကူညီပေးခြင်းကို သူ၏ ပေါ်လစီခြေလှမ်းအဖြစ် ဆောင်ရွက်ခဲ့၏။

လက်တွေ့တွင် စစ်အုပ်စုအား တရုတ်တို့ အသက်ဆက်ပေးခဲ့သော်လည်း စစ်ပွဲပိုမိုကျယ်ပြန့်လာနေပြီး ပိုမိုပြင်းထန်လာနေ၏။ စစ်အုပ်စု၏ ရပ်တည်ချက်သည် ငြိမ်းချမ်းရေးရရန် အလှမ်းဝေးနေဆဲဖြစ်ပြီး တိုင်းပြည်မတည်မငြိမ် ဖြစ်နေမည်ဖြစ်ရာ တရုတ်တို့၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ၏ အဓိကရည်မှန်းချက် မအောင်မြင်ဟု ဆိုရမည်။

ဆက်ရန်

]]>