တူရိယာ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/တူရိယာ Covering Burma and Southeast Asia Sat, 24 Jan 2026 01:02:19 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png တူရိယာ Archives - ဧရာဝတီ https://burma.irrawaddy.com/tag/တူရိယာ 32 32 နီးရိုး ဘုရင် (၂) https://burma.irrawaddy.com/article/2026/01/24/410231.html Sat, 24 Jan 2026 01:00:16 +0000 https://burma.irrawaddy.com/?p=410231 ရောမ အင်ပါယာကြီးမှာလည်း ပြိုတော့မည် တကဲကဲ… ပြည်နယ် အသီးသီးတွင် ပုန်ကန်မှုများ ဖြစ်ပွားနေ… ပုန်ကန်မှုများကို နှိမ်နင်းရန် ရောမလူမျိုးတို့အား စစ်ထဲသို့ ဝင်ရန် တိုက်တွန်းသော်လည်း မည်သူမျှ မဝင်ကြ… ]]>

ယခင်အပတ်မှ အဆက်

နီးရိုးသည် တိရစ္ဆာန်စိတ် ရှိသူ ဖြစ်ရကား တခါတရံ ခြင်္သေ့ရေကို လွှမ်း၍ သော်လည်းကောင်း၊ ဝံပုလွေရေ လွှမ်း၍ သော်လည်းကောင်း လွှမ်းခြုံ၍ လှောင်အိမ်ထဲမှာ အတန်ကြာ နေပြီးလျှင် လှောင်အိမ်ကို ဖွင့်ပေးခိုင်းပြီးနောက် လှောင်အိမ် ထဲမှ ထွက်၍ လက်ပြန်ကြိုး တုပ်ထားသော အရွယ်ငယ်ငယ် မျှသာ ရှိသည့် ကျွန်ကလေးများကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ခုတ်ထစ် ပစ်လေသည်။

တခါတရံလည်း သူ့ကိုယ်သူ အနုပညာသည်ကြီးဟု ထင်မှတ်ကာ တေးသီချင်း၊ တူရိယာ၊ ကဗျာ လင်္ကာများကို သီဆို ရေးစပ်လေသည်။

တခါတရံလည်း ငါးမျှား ထွက်သည်။ တခါတရံလည်း သူ့ကိုယ်သူ အတော်ဆုံး ရထားပြိုင်သမားဟု ထင်သည်။

အားလုံးက သူ့ကို ပထမဆုချည်း ပေးရသည်။

တခါက သူသီချင်း စ၍ ဆိုသောနေ့၌ ငလျင် လှုပ်သည်။ ပရိသတ်သည် ဇာတ်ရုံထဲမှ ထွက်ပြေးချင်ကြသော်လည်း နီးရိုး ဘုရင် ကိုယ်တိုင် တေးဆိုနေသဖြင့် မလှုပ်ရဲကြချေ။

နီးရိုးလည်း ငလျင် လှုပ်မှန်း သိလျက်နှင့် တေးဆုံးအောင် ဆိုသည်။ သူ့တေးအပြီး ပရိသတ် အားလုံး ရုံထဲမှ ထွက်ခွင့် ရကြသည်။

အားလုံး ရုံပြင်သို့ ရောက်သည်နှင့် တပြိုင်နက် ရုံသည်လည်း ငလျင်ကြောင့် ပြိုသွားလေသည်။

ထိုအချင်းအရာကို အကြောင်းပြု၍ ဘုန်းတော်ဘွဲ့ သမားများက နီးရိုး၏ တန်ခိုး ကြီးမားပုံကို ချီးကျူး လျှောက်တင်ကြသည်။

ငလျင် လှုပ်စဉ်က ပရိသတ်သည် ဘုရင်ကို ကြောက်ရွံ့သောကြောင့် မလှုပ်ရဲချေ။ နောက်နောင်လည်း ဤသို့ နှင်နှင် ဖြစ်၏။

နီးရိုး သီချင်း ဆိုသောအခါ မည်သူမျှ ဇာတ်ရုံထဲမှ ထွက်မသွားရ၊ ထွက်သွားလျှင် ကြီးစွာသော မင်းပြစ် မင်းဒဏ် သင့်လေသည်။

ရောမ အင်ပါယာပြ မြေပုံ (AD 116) / Bible History

တခါက မိန်းမတယောက်သည် နီးရိုး သီချင်း ဆိုနေစဉ် မီးဖွားလေသည်။ တချို့မှာ ရုံထဲတွင် မနေချင်သဖြင့် ပြတင်း ပေါက်က ခုန်ချကြသည်။

အပြင်သို့ ရောက်သော်လည်း ကျိုးပဲ့မသွားလျှင် ပြန်ဝင်ရသည်။ ကျိုးပဲ့၍ ဒဏ်ရာ ပြင်းထန်မှသာ ဆေးရုံသို့ ပို့လိုက်ကြသည်။

တခါတရံ ဒဏ်ရာ မပြင်းထန်သော်လည်း သေလေဟန် ဆောင်ရသည်။ သို့မှသာလျှင် သုသာန်သို့ သယ်ဆောင် သွားလေသည်။

ရထားချင်း ပြိုင်ရာတွင်လည်း မည်သူမျှ သူ့ကို အနိုင်မယူရဲချေ။ တခါက သူသည် ရထားပေါ်မှ လွင့်စဉ်၍ ကျန်ခဲ့၏။ သို့ရာတွင် အကဲဖြတ် လူကြီးများကမူ သူ့ကိုပင် ပထမ ပေးကြရသည်။

နီးရိုး၌ မရေမတွက်နိုင်သော မောင်းမ မိဿံများ ရှိသည်။ မိဖုရားကြီး ၃ ယောက် ဆက်၍ ယူသည်။

ပထမ မိဖုရားမှာ သူနှင့် မွေးစား မောင်နှမတော်သည်။ အောက်တေးဗိယား မင်းသမီးကလေးမှာ နီးရိုး၏ ပထွေး ဧကရာဇ် ကလောဒိရပ်၏ မယားပါ သမီး ဖြစ်သည်။
အောက်တေးဗိယား၏ မိခင်မှာ ကာမဂုဏ် အရာတွင် မှတ်တမ်း တင်ရသော မဆယ်လိနား မိဖုရားကြီး ဖြစ်သည်။

အောက်တေးဗိယားမှာ သူ့မိခင် ကဲ့သို့ မဟုတ်ဘဲ အကျင့်စာရိတ္တ ကောင်းမွန်၍ သေသပ် သိမ်မွေ့ပေသည်။ ယင်းသို့သော အခြေအနေမှာ နီးရိုး ကဲ့သို့ ကာမဘီလူး အဖို့ ပျင်းခြောက်ခြောက်နှင့် ငြီးငွေ့စရာ ဖြစ်လေသည်။

နီးရိုး အလိုရှိသူမှာ သူကဲ့သို့ ကာမဂုဏ် အရာ၌ လွန်ကျူးသူ ဖြစ်ရမည်။ ထို့ကြောင့် သူသည် အောက်တေးဗိယား မင်းသမီးလေးကို လည်ညှစ်၍ သတ်ရန် အကြိမ်များစွာ ကြံစည်ခဲ့၏။ မအောင်မြင်ချေ။

နောက်ဆုံး၌ မြုံသည် ဟူသော စွပ်စွဲချက်ဖြင့် ကွာရှင်းလိုက်လေသည်။

နီးရိုးဘုရင်က မီးရှို့ ပြစ်ဒဏ်ပေးနေပုံကို ၁၈၇၆ ခုနှစ်က ရုရှား-ပိုလန် ပန်းချီဆရာ Henryk Siemiradzki ရေးဆွဲထားသော ပန်းချီကား / Wikipedia

တိုင်းသူ ပြည်သားများက မင်းသမီးကလေးကို နှစ်သက် ခင်မင်နေကြသဖြင့် နီးရိုး၏ ဆင်ခြေကို မကျေမနပ် ဖြစ်ကာ ဆူပူကြသည်။

ထိုအခါ နီးရိုးက အောက်တေးဗိယားအား မျောက်မထားသည် ဟူသော စွပ်စွဲချက်ဖြင့် သေဒဏ် ပေးလိုက်လေသည်။

နီးရိုး၏ ဒုတိယ မယားမှာကား သူ့ အကြိုက်ကျသူ ဖြစ်သည်။ ပေါ့ပနားဆာဗိနားသည် အလွန် အိန္ဒြေမဲ့သော နန်းတွင်းသူ တယောက်ပင် ဖြစ်သည်။

နီးရိုးသည် အောက်တေးဗိယား နှင့် ကွာရှင်းပြီး ၁၂ ရက်အကြာတွင် သူ့ကို ယူသည်။ နီးရိုးသည် ဆာဗိနားကို ချစ်ခင် မြတ်နိုးလေသည်။

သို့ရာတွင် မကြာမီ သတ်ပစ်လေသည်။

ဖြစ်ပုံကား ဤသို့တည်း။

ဆာဗိနားက နီးရိုး အဆောင်တော်ကူး နောက်ကျလှချည်လားဟု အပြစ်တင်လိုက်ရာ နီးရိုးက ဒေါသမီး တောက်၍ ဆာဗိနား၏ ဝမ်းဗိုက်ကို တအား ကန်လိုက်လေသည်။

ဆာဗိနားမှာ ကိုယ်ဝန် အရင့်အမာနှင့် ဖြစ်သဖြင့် သေလေတော့သည်။

မိဖုရား အမှတ် ၃ မှာ လင်ရှိမယား ဖြစ်နေသည်။ ထိုပြဿနာကို နီးရိုးက လွယ်ကူစွာ ဖြေရှင်းလိုက်လေသည်။ စတာတိလ မဆယ်လိနား၏ ခင်ပွန်းသည် ခမျာမှာ အကြောင်းမဲ့ အသတ်ခံရလေသည်။

လူသတ်သမား မည်သူ ဖြစ်ကြောင်း သိရသော်လည်း မည်သူမျှ မပြောဝံ့ကြချေ။

နီးရိုး၏ အချစ် ဇာတ်လမ်းများမှာ လူသတ်မှုနှင့်ချည်း အဆုံးသတ်လေသည်။

ရောမမြို့ကြီး မီးလောင်နေပုံကို ၁၇၈၅ ခုနှစ်က ပြင်သစ် ပန်းချီဆရာ Hubert Robert ရေးဆွဲထားသော ပန်းချီကား / Wikipedia

ပေါ့ပနားဆာဗိနား သေဆုံးသွားသည့် အခါ သူ့ ပထမ မယား အောက်တေးဗိယား၏ ဖအေတူ မအေကွဲ ညီမကို လိုချင်သည်။

သို့ရာတွင် ထိုသူငယ်မက ဘုရင်၏ အချီးအမြှင့် မခံလိုဟု ပယ်လိုက်ရာ နီးရိုးသည် သူ့အား သူပုန်ထရန် ကြံစည်သည်ဟု လီဆယ်ပြီးလျှင် သေဒဏ် ပေးလိုက်လေသည်။

ထို့ပြင် နီးရိုးသည် သူ့မိခင် စစ်စစ်ကိုပင် တပ်မက်လေသည်။ သူ့မိခင်မှာလည်း ပျိုရွယ်သေးသဖြင့် စွဲမက်စရာ ဖြစ်လေတော့သည်။

မိခင် အဂရပင်းနား ကလည်း မိဖုရားအဖြစ် မွေ့ပျော်လွန်း၍ သားကိုပင် မြူဆွယ်လေသည်။

တနေ့သော အခါ အဂရပင်းနားသည် အဆောင်တွင် သားဘုရင် မြင်သာအောင် အဝတ်လှစ်နေရာ သားတော်မောင် ရာဂကုမ္မာက မိခင်၏ ချောမွေ့သော ကိုယ်ကာယကို ကြည့်ရင်းပင်-

“ထုံးစံ မရှိဘူး ဆိုတာသာ မဟုတ်ရင်” ဟု ဆိုလိုက်လေသည်။

အာဂရပင်းနားက “မောင်ရင်က ဧကရာဇ်ပဲ။ ထုံးစံ ရှိတာ မရှိတာ မောင်နဲ့ မဆိုင်ပါဘူး။ မောင်လုပ်ချင်တာ ရှိရင် ထုံးစံ ရှိတာပဲ” ဟု ပြောလိုက်လေသည်။

အာဂရပင်းနားသည် မကြာမီပင် နန်းတော်သား လူပျိုကလေး တဦးနှင့် ရည်ငံလေရာ နီးရိုးက သိရှိသဖြင့် လူပျိုတော် သားကလေးအား ပုန်ကန်ရန် ကြံစည်မှုနှင့် ကွပ်မျက်လိုက်လေသည်။

နီးရိုးသည် သူ့မိခင်ကို အရေးပေးမိသဖြင့် အမှားကြီး မှားကြောင်း နောင်တ ရလေသည်။

ထို့ကြောင့် အာဂရပင်းနား အား အဆိပ်ကျွေး သတ်ရန် ကြံစည်လေသည်။ သို့ရာတွင် သူလျှိုကောင်းလှသည့် အာဂရပင်းနားသည် ကြိုတင်သိထားသဖြင့် အဆိပ်ဖြေဆေး အသင့်ထားသောကြောင့် သုံးကြိမ် တိုင်တိုင် မအောင်မြင်ချေ။

နောက်ဆုံး၌ နီးရိုး ကိုယ်တိုင် သူ့မိခင်မယားကို ဓားနှင့် ထိုးသတ်လိုက်လေတော့သည်။ တိုင်းပြည်ကိုကား အာဂရပင်းနား သည် မိမိကိုယ်ကိုမိမိ အဆုံးစီရင်သွားသည် ဟူ၍ ကြေညာလိုက်လေသည်။

နီးရိုး ဘုရင် မွေးဇာတိ အီတလီ နိုင်ငံ Anzio မြို့ရှိ နီးရိုး ရုပ်တု / Wikipedia

တသက်လုံး စည်းစိမ် ခံလာသော နီးရိုးသည် တိုင်းပြည်၏ ဘဏ္ဍာတော် ကုန်ခန်းလာသည် ဆိုသည့် အဖြစ်ကို သိလာလေတော့သည်။

နီးရိုးသည် သူ့လက်ပါးစေ အချို့အား ဉာဏ်ဆင်၍ ကြေးရတတ်များကို ရာဇဝတ်သင့်အောင် တိုက်တွန်းစေပြီးလျှင် ရာဇဝတ် သင့်သူတို့၏ ပစ္စည်းကို ဘဏ္ဍာတော် အဖြစ် သိမ်းယူလိုက်လေသည်။

ယင်းသို့ အဓမ္မ သိမ်းယူလိုက်ခြင်းဖြင့် သူ၏ ကြီးမားသော အသုံးအဖြုန်းကို မကာမိနိုင်ချေ။

ရောမ အင်ပါယာကြီးမှာလည်း ပြိုတော့မည် တကဲကဲ ဖြစ်နေလေသည်။ ပြည်နယ် အသီးသီးတွင် ပုန်ကန်မှုများ ဖြစ်ပွားနေသည်။

ပုန်ကန်မှုများကို နှိမ်နင်းရန် ရောမလူမျိုးတို့အား စစ်ထဲသို့ ဝင်ရန် တိုက်တွန်းသော်လည်း မည်သူမျှ မဝင်ကြချေ။ ရောမ လူမျိုးတို့၌ စစ်စိတ် စစ်သွေး ကင်းမဲ့ ခေါင်းပါးလျက် ရှိလေပြီ။

ဒုက္ခကို ရင်မဆိုင်ရဲသော နီးရိုးသည် ရောက်ရှိလာသော အစီရင်ခံစာများကို မဖတ်ဘဲ မည်သို့မျှ မဖြစ်လေဟန် စည်းစိမ် ခံစားမြဲ ခံစားနေလေသည်။

ယင်းသို့ နေရာမှ ရောမမြို့ကြီးကို လက်ပါးစေတို့အား မီးရှို့စေပြီးလျှင် ဆင်းရဲသားများ ထံမှ အကြီးအကျယ် လုယက်စေသည်။

ဆင်းရဲသားများလည်း မင်းဆိုး မင်းညစ်ကို မုန်းတီးလာကြလေရာကား ညတညတွင် နီးရိုးသည် သန်းခေါင်ယံ နိုးလာသည့် အခါ ကြည့်လိုက်ရာ အစောင့်များ တယောက်မျှ မရှိကြောင်း သိရသဖြင့် အကြောက်ကြီးကြောက်၍ တောပိုင်သို့ ထွက်ပြေး လေသည်။

တောထဲ၌ တိရစ္ဆာန်ပမာ ဆံပင် စုတ်ဖွားနှင့် ရက်အတန်ကြာ နေပြီးနောက် ဖမ်းမိလျှင် အကြီးအကျယ် နှိပ်စက် ခံရပြီးနောက် သေရမည် ဧကန် ဖြစ်ကြောင်း သိရသဖြင့် ၃၁ နှစ် အရွယ်ရှိ နီးရိုးသည် သူ့လည်ပင်းကို ဓားမြှောင်နှင့် ထိုး၍ အဆုံးစီရင် လိုက်လေသည်။ ။

(စာရေးဆရာကြီး တက်တိုး ရေးသားသည့် ဤဆောင်းပါးကို တက်တိုး စာပေက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ လတွင် ထုတ်ဝေသော “ကမ္ဘာ့ ဆိုးပေကြီးများ” သတ္တမအကြိမ် မြန်မာပြန် စာအုပ်မှ ထုတ်နုတ် ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီး တက်တိုး သည် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက် အသက် ၉၀ အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

]]>
ညနေခင်း https://burma.irrawaddy.com/article/2025/05/03/400493.html Sat, 03 May 2025 01:30:51 +0000 https://burma.irrawaddy.com/?p=400493 အဖြူရောင် တိမ်တိုက်တို့ကို နေရောင် ဖျန်းလိုက်သဖြင့် မရမ်းရောင် တလှည့်၊ အဝါရောင် တခါ၊ အပြာရောင် တမျိုး၊ မီးခိုးရောင် တသွယ် တင့်တယ်ဘိတောင်း၊ မြင်ရသူ အပေါင်းမှာ အဘယ်မှာလျှင် နှစ်ထောင်းအားရ တင်းတိမ်နိုင် အံ့နည်း။ ]]>

ယနေ့ကား မောင်လူအေး အဖို့ အလုပ်များသော နေ့ပေတည်း။

နံနက် ၁၀ နာရီမှ စ၍ ရုံးခန်းထဲတွင် ထိုင်နေသည်မှာ ညနေ ၄ နာရီ တိုင်အောင် နေရာမှ မထရသေးချေ။ အကျဉ်းသမား ထက်ပင် ဆိုးနေပေပြီ။

အမှုတွဲများနှင့် ရှုပ်ထွေးနေသောကြောင့် ပေလော။ မဟုတ်ပါ။

နေ့ကား တနင်္ဂနွေနေ့ ဖြစ်၏။

ရိုးရိုးအလုပ် မဟုတ် တန်ရာ။ ရိုးရိုးအလုပ် မဟုတ်လျှင် အဆန်းအလုပ် ဖြစ်ရမည်။ အဘယ်သို့သော အဆန်းအလုပ် ပါနည်း။

မြူနီစီပယ် ရွေးကောက်ပွဲ အတွက် ခဲပြားများကို တံဆိပ်ရိုက်သော အလုပ် ဖြစ်ပါသည်။

ဤရွေးကောက်ပဲ ခေတ်ကြီးထဲတွင် စာရေးကိုလည်း အယုံရ၊ ပြာတာကိုလည်း မယုံရ၊ ကိုယ်တိုင် ကြဲနေရခြင်း ဖြစ်လေသည်။

ဒီမိုကရေစီ ခေတ်ကြီးထဲတွင် ရွေးကောက်ပွဲတွေမှာ မနည်းပြီ။

တော်တော်ကြာ မင်းတိုင်ပင် ရွေးကောက်ပွဲ၊ တော်တော်ကြာ ဒိစတြိတ် ကောင်စီ ရွေးကောက်ပွဲ၊ တော်တော်ကြာ မြူနီစီပယ် ရွေးကောက်ပွဲ၊ တော်တော်ကြာ သူကြီး ရွေးကောက်ပွဲ၊ တော်တော်ကြာ ကျေးရွာ ကော်မတီ ရွေးကောက်ပွဲ၊ နောင်အခါများတွင် မယားယူရာမှာ လင်ယူရာမှာပင် ရွေးကောက်ပွဲ လုပ်ရမလား မသိပေ။

ယခုခေတ်တွင် ရွေးကောက်ပွဲတွေ များသလောက် အလိမ်အကောက်တွေလည်း များလေသည်။

ဤ အလိမ်အကောက်တွေကို ကြောက်လှသော မောင်လူအေးသည် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ တိုင်အောင် တနင်္ဂနွေနေ့တွင် မိမိ၏ ရုံးခန်း အတွင်း၌ အလုပ်များလျက် နေတော့၏။

ခဲပြား ၆၀၀၀ ကျော်ကို တံဆိပ် ရိုက်ရသည်မှာ တော်တော်နှင့် မပြီးနိုင်။ ညနေ ၄ နာရီ ထိုးပြီးမှ အိမ်သို့ ပြန်ရ၏။

အိမ်ပြန်ရောက်၍ လက်ဖက်ရည် သောက်ပြီးလျှင် ခပ်အေးအေး ကလေး အမောဖြေကာ နေရလျှင် ကောင်းပေလိမ့်မည်။ သို့သော် မနေရ။ တောသွားရန် ရှိသေး၏။
စိတ်ပျက်စရာ၊ စိတ်ရှုပ်စရာ လွန်စွာမှပင် ကောင်းလှပေတော့သည်။

သို့သော် “သူ့ဆန်စား ရဲမှ” ဆိုသော စကား အတိုင်း ရွှေ့ဆိုင်းထား၍ မဖြစ်၊ ယနေ့ ညနေပင် သွားရပေမည်။

ရေမိုးချိုး၊ အဝတ်အစားလဲ၊ ပြင်စရာ ရှိသည်ကို ပြင်၊ ထုပ်စရာ ရှိသည်ကို ထုပ်၊ ယူစရာ ရှိသည်ကို ယူ၊ မှာစရာ ရှိသည်ကို မှာပြီးလျှင် နေအိမ်မှ ထွက်ခဲ့လေသတည်း။

နေကား ဝင်တော့မည်။

နေအိမ်နှင့် မြစ်ဆိပ်ကား မဝေးလှ။ ပေ ၂၀၀ ခန့်သာ ရှိပေလိမ့်မည်။ မြစ်ဆိပ်တွင် အဗ္ဗဒူရာမန်၏ သမ္ဗန် စောင့်နေ လေသည်။

သမ္ဗန်ဖြင့် ခရီးသွားခြင်းသည် သင်္ဘောဖြင့် သွားခြင်းထက် ကောင်း၏။ လှေဖြင့် သွားခြင်းထက် သာ၏။ မီးရထားဖြင့် သွားခြင်းထက် နေရာကျ၏။ လေယာဉ်ပျံဖြင့် သွားခြင်းထက် စည်းစိမ် ရှိ၏။

မောင်လူအေးသည် မိမိ၏ တပည့်များဖြင့် သမ္ဗန် ဆိပ်မှ ထွက်လာ၍ မကြာမီပင် “ကျွိ ကျွိ အီး… ဖတ် ဖတ်၊ ကျွိ ကျွိ အီး…ဖတ် ဖတ်” ဆိုသော တူရိယာ အသံကို ကြားရလေတော့သည်။

ထိုအသံကား နာရီ၏ စက်သံ ကဲ့သို့ မနှေး မမြန်၊ မပေါ့ မလေး၊ မှန်လျက် နေ၏။ ဤကဲ့သို့ မှန်လျက် နေခြင်းသည်လျှင် မောင်လူအေး၏ နားအရသာကို တိုးပွားစေ၏။

“ကျွိ ကျွိ အီး…” ကား အဗ္ဗဒူရာမန်၏ တက်သံ ဖြစ်လေသည်။ “ဖတ် ဖတ်” ကား တက်ရေပေါ် ကျသော အသံတည်း။

ကျွိ ကျွိ အီး…ဖတ် ဖတ် အသံကိုပင် တူရိယာ အသံဟူ၍ ဆိုရမည်လားဟု ရယ်မောကောင်း ရယ်မောကြပေလိမ့်မည်။

ဤအသံကို တရံတခါသာ ကြားဖူးကြသော သူတို့၏ နားတွင်ကား ခါးနေပေလိမ့်မည်။ အကြားရ ကပ်နေပေလိမ့်မည်။ နားငြီး နေပေလိမ့်မည်။

ဤအသံကို အဖန်ဖန် ကြားရသော မောင်လူအေး၏ နားထဲတွင်ကား သာယာလျက် နေလေတော့သည်။

တူရိယာ အသံ မည်သည်ကား ကြားရဖန် များမှသာလျှင် သာယာခြင်း အရသာ ပေါ်၏။

ကုလား ဗုံသံကို မြန်မာများ ခံ၍ မရ၊ မြန်မာ ဆိုင်းသံ နှဲသံ တို့ကို အင်္ဂလိပ်များ ကြား၍ မရ၊ တရုတ် နှဲသံ ဆိုင်းသံ တို့ကို ကုလားများ မခံနိုင်၊ တရံတခါသာ ကြားရသောကြောင့် ဖြစ်လေသည်။

ကြားနေကျ ဖြစ်သော မိမိတို့၏ တူရိယာ အသံများကို မူကား နားထောင်၍ မငြီး၊ ကြားပြီးရင်း ကြားချင်ရင်း ဖြစ်၏။

တူရိယာ တမျိုးက အခြား တမျိုးထက် သာသည် ဟူ၍ အဘယ်မှာ ဆိုနိုင်အံ့နည်း။ ကြိုက်ရာ ကောင်းစမြဲ၊ နားရည်ဝရာ ကောင်းစမြဲ ဖြစ်လေသည်။

တူရိယာ အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်း လိုက်ရသည်မှာ အတော်ပင် အချိန်ကုန်သွားလေပြီ။ မောင်လူအေးတို့ စီး၍ သွားကြသော သမ္ဗန် ရှိရာသို့ ပြန်ကြဦးစို့။

သမ္ဗန်ဦးတွင် ထိုင်နေကြသော ၂ ယောက်ကား စာရေး မောင်ဖျန်စိန် နှင့် ပြာတာ မောင်ဘိုးရွှေတို့ ဖြစ်ကြလေသည်။ စကား တခွန်းကိုမျှ မပြောကြ။

မည်သည့် အကြောင်းတွေကို တွေးတောနေကြသည် မသိပေ။

သမ္ဗန်၏ ပဲ့ဘက် အဗ္ဗဒူရာမန်၏ အနားတွင် ထိုင်နေသူကား မောင်လူအေး၏ တပည့် ထွန်းဘေတည်း။ တယောက်တည်း စကားပြောဖော် မရှိသောကြောင့် သူလည်း တခုခုကို စဉ်းစားနေပေလိမ့်မည်။

သမ္ဗန် ဝမ်းထဲ၌ ခင်းထားသော ပက်လက် ကုလားထိုင်ပေါ်တွင် ထိုင်နေသူကား မောင်လူအေး ဖြစ်လေသည်။ သူ၏ လက်ထဲတွင် မကြာမီက ရောက်လာသော အင်္ဂလိပ် စာအုပ် တအုပ်ကို မြင်ရ၏။

ထိုစာအုပ်ကို မဖတ်နိုင်။ ငေးလျက် နေလေသည်။

“ကျွိ ကျွိ အီး… ဖတ်ဖတ်” တူရိယာ၏ မည်သံ၊ ညနေခင်း၏ သာယာသော အခြေအနေ၊ မြစ်ရေ၏ ကြည်လင် ငြိမ်သက်နေသော အချင်းအရာ၊ လေပြည်၏ ဖြည်းညင်းစွာ တိုက်ခတ်နေသော အရသာ တို့ကို ခံစားနေသော မောင်လူအေးကား ထိုစာအုပ် ကို အဘယ်မှာလျှင် ဖတ်ရန် သတိရနိုင်ပါ အံ့နည်း။

နေမင်းလည်း ဝင်လုပြီ ဖြစ်သောကြောင့် နေရာင်ခြည် ရေပြင်ကို ဟပ်သဖြင့် တဖျတ်ဖျတ်နှင့် နေသည်မှာ ရှု၍ မငြီးနိုင်အောင် ဖြစ်၏။

အဖြူရောင် တိမ်တိုက်တို့ကို နေရောင် ဖျန်းလိုက်သဖြင့် မရမ်းရောင် တလှည့်၊ အဝါရောင် တခါ၊ အပြာရောင် တမျိုး၊ မီးခိုးရောင် တသွယ် တင့်တယ်ဘိတောင်း၊ မြင်ရသူ အပေါင်းမှာ အဘယ်မှာလျှင် နှစ်ထောင်းအားရ တင်းတိမ်နိုင်အံ့နည်း။

ထိုအခိုက် ထိုအခါတွင် ဤကမ္ဘာ လောကကြီးကို အေးမြခြင်း ဟူသော ကွန်ချာဖြင့် အုပ်၍ ထားပေ၏။

မည်သူမျှ မကြည်နူးဘဲ မနေနိုင်။ မည်သူမျှ မနှစ်သက်ဘဲ မနေနိုင်။ စိတ်ပူခြင်း၊ စိတ်နောက်ခြင်း၊ စိတ်ရှုတ်ခြင်း တို့ ပျောက်ကင်း ရမည်ပင်။

“ကျွိ ကျွိ အီး.. ဖတ်ဖတ်” တူရိယာ ဆရာကြီး အဗ္ဗဒူရာမန်ပင်လျှင် စိတ်ထဲတွင် ကြည်နူး ရွှင်ပျ၍ နေပေလိမ့်မည်။ စစ်တကောင်းတွင် ကျန်ရစ်ခဲ့ရှာသော ဇနီး ခမျာကို သတိရကာ ပီတိ သောမနဿတွေ ပွား၍ နေပေလိမ့်မည်တကား။

“ကျွိ ကျွိ အီး ဖတ် ဖတ်” “ကျွိ ကျွိ အီး ဖတ် ဖတ်” နှင့် လာရာ လမ်းတလျှောက် ကမ်းခြေတွင် ရေဆင်းချိုးနေကြသော သူတို့ကို အဆက်မပြတ် မြင်၍ သွား၏။

ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ၊ အပျို၊ အအို၊ ကုလား၊ မြန်မာ၊ ဖြူဖြူ၊ မည်းမည်း၊ ပိန်ပိန် ဝဝ၊ မြင့်မြင့်၊ ပုပု၊ အမျိုးမျိုး အစားစား အားလုံးပင် ပျော်ပျော်ရွှင်ရွှင် ရေဆင်းချိုး နေကြလေသည်။

သူတို့တတွေမှာ သီချင်း ဆိုသူဆို၊ စကား များသူများ၊ လိုက်တမ်း ပြေးတမ်း ကစားသူ ကစား။ ရေကူးနေသူတွေ ကလည်း အများ၊ ဂျွမ်းပစ်နေသူတွေ ကလည်း မရှားပေ။

ဤအချိန် ဤအခါ ဤနေရာမျိုးတွင် အဘယ်သူသည် မပျော်ရွှင်ဘဲ နေနိုင်ပါ အံ့နည်း။

ထိုကမ်းခြေတွင် ပျော်ပါးစွာ ရှိနေကြကုန်သော သူတို့၏ စိတ်ထဲသို့ စိတ်ညစ်စရာတွေ မဝင်နိုင်၊ စိတ်ပျက်စရာတွေ မလာနိုင်၊ စိတ်ရှုပ်စရာတွေ မတိုးနိုင်၊ အပြင်ဘက်တွင် ခေတ္တမျှ ငေးမှိုင်ကာ နေကြရရှာပေသည်။

ထိုသူတို့၏ စိတ်အတွင်းသို့ ကြည်လင်ခြင်း စိတ်တို့သာလျှင် ဝင်နိုင်ပေ၏။ ထိုရေချိုး နေသူတို့ကို လွန်လျှင် မြို့ပြင်သို့ ရောက်၏။

“ကျွိ ကျွိ အီး… ဖတ်ဖတ်” ဆရာကြီးကလည်း တကျွိ ကျွိ၊ တအီးအီး၊ တဖတ်ဖတ် နှင့် အတောပင် မသတ်ပြီ။

မကြမီပင် ပဲ၊ ပြောင်း၊ ဆေး၊ မုန်လာ တို့ကို စိုက်ပျိုးထားရာ ယာခင်းများသို့ ရောက်၍ လာ၏။ ကမ်းခြေ သောင်စပ်တွင် စိမ်းစိမ်းလန်းလန်း၊ ရှုမခန်းပေ။

အထက် ကောင်းကင်ပြင်တွင်လည်း တိမ်တိုက် တို့မှာ အမျိုးမျိုး ပြောင်းလဲကာ မျက်လှည့်ပြ နေကြကုန်၏။

ဝါရာမှ နီ၊ နီရာမှ ပြာ၊ ပြာရာမှ မီးခိုးရောင်၊ “တိမ်တောင် သဖွယ် မင်းရေးကျယ်” ဆိုသော ရှေးလူကြီး တို့၏ စကား အတိုင်းပင်တည်း။

အလို ဟိုမှာ ရှုလော့၊ ဆေးတံကြီးကို ခဲကာ၊ လက်ပိုက်လျက် ယာခင်းများကို အားပါးတရ ကြည့်၍ နေပေသည်။ မိမိ၏ ယာခင်းများကို ကြည့်ပြီးလျှင် အားရ၍ မဆုံးနိုင်။ နှစ်သက်၍ မဆုံးနိုင်။ သဘောကျ၍ မဆုံးနိုင်ပြီ။

မိမိ၏ ယာအပြင် မည်သည့် အရာကိုမျှ မခင်မင်။ ထိုယာသမား၏ စိတ်ထဲတွင် မိမိ၏ ယာအပြင် မည်သည့် အရာကိုမျှ မစုံမက်။ မိမိ၏ ယာအပြင် မည်သည့် အရာကိုမျှ မမြတ်နိုးပေ။

နယ်ပိုင် အလုပ်ကို အလိုမရှိ။ အရေးပိုင် အလုပ်ကို မလိုချင်။ မင်းကြီး အလုပ်ကို မနှစ်သက်။ ဘုရင်ခံ အလုပ်ကို မစွဲလမ်း။ ဘုရင်မင်းမြတ် ဖြစ်ရန်ကိုပင် စက်ဆုပ် နေပေလိမ့်မည်။

ပုဂံ တောင်သူကြီးအား တိုင်းပြည်ကို အုပ်ချုပ်၍ မင်းလုပ်ပါမည့် အကြောင်း တောင်းပန်ကြသော အခါ ခွေးမကြီး၏ နို့ကို ခွေးသားကလေးများ ဝိုင်းစို့ကြ သကဲ့သို့ တွဲရရွဲ၊ စီရရီ သီးနေကြသော သခွားခင်းကို ပစ်၍ အဘယ်မှာလျှင် မင်းလုပ်ရပါ အံ့နည်းဟု ငေါက်လိုက်ရာ မှူးမတ်များက ဝိုင်း၍ ထောင်းခါမှ မင်းလုပ်သော တောင်သူကြီးမင်း၏ အကြောင်းကို မောင်လူအေး သတိရမိပေသည်။

ထိုအကြောင်းကို ရာဇဝင် စာအုပ်များတွင် ဖတ်ခဲ့စဉ်က အလွန် အ သော တောင်သူကြီးပါတကား ဟု များများကြီး ကဲ့ရဲ့ မိခဲ့ပေ၏။ ရှုတ်ချ မိခဲ့ပေ၏။ ရယ်မိခဲ့ပေ၏။

ယခုကား မကဲ့ရဲ့၊ မရှုတ်ချ၊ မရယ်လိုပြီ။

တောင်သူကြီးမင်း ဘက်ကပင် ရှေ့နေလိုက်ပေဦးမည်။ ။

၁၂၉၅ ခု၊ ပြာသို့လ။

(စာရေးဆရာကြီး သိပ္ပံမောင်ဝ ရေးသားခဲ့သည့် ဤစာစုကို စာပေဗိမာန်က ၁၉၆၆ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ဝေသော “သိပ္ပံမောင်ဝ၏ ဝတ္ထု ဆောင်းပါးများ” နဝမ အကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၄၂ ခုနှစ် ဇွန်လ ၆ ရက် အသက် ၄၃ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

]]>